News @ M-Media
Tag: 969
  • တောင်ဥက္ကလာပက တရားပွဲမှ အကြမ်းဖက်ရန် ပြင်ဆင်နေသည့် သတင်းများ အွန်လိုင်းတွင် ပြန့်နှံနေသော်လည်း အောက်ခြေတွင် ယခုထိတည်ငြိမ်နေ
    ဖေဖော်ဝါရီ ၉ ၂၀၁၄
    M-Media
    တောင်ဥက္ကလာက တရားပွဲ အစ္စလာမ် ဆန့်ကျင်ရေး ဦးစားပေးဟော၊ အကြမ်းဖက်ရန် ပြင်ဆင်နေသည့် သတင်းများ အွန်လိုင်းတွင် ပြန့်နှံနေသော်လည်း မြို့နယ် အတွင်း အခြေအနေ ယခု အချိန်ထိ တည်ငြိမ်နေဟုသိရ
    M-Media(for web)PNC
    – ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် တရားပွဲကျင်းပရာမှ တုတ်၊ ဓားများကိုင်ဆောင်ကာ အကြမ်းဖက်ရန် ပြင်ဆင်နေသည်ဆိုသော သတင်းများ ဆိုရှယ်မီဒီယာ စာမျက်နှာတွင် ပျံနှံလျက်ရှိသော်လည်း တောင်ဥက္ကလာပမြို့နယ်အတွင်း အခြေအနေမှာ ယခုအချိန်ထိ တည်ငြိမ်လျက်ရှိကြောင်း M-Media က စုံးစမ်းသိရှိရသည်။
    တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက်၌ ကျင်းပသော တရားပွဲတွင် တရားနာယူရန် လာရောက်ကြသော ပရိတ်သတ်များမှ လူ ၃၀၀ ခန့်က တုတ်၊ ဓားများကိုင်ဆောင်ကာ အကြမ်းဖက်ရန် ကြံစည်နေကြသည်ဟု သတင်းများ ယနေ့ညနေတွင် အင်တာနက် စာမျက်နှာတွင်း ပေါ်ထွက်လာခဲ့ပြီး အွန်လိုင်း အသုံးပြုသူများအကြား ပျံ့နှံ့ခဲ့သည်။
    ထို့ကြောင့် M-Media မှ စုံစမ်းကြည့်ခဲ့ရာ ထိုရပ်ကွက်၌ လွန်ခဲ့သည့် ၅ ရက်ခန့်ကတည်းက တရားပွဲကျင်းပနေခဲ့ပြီး ယနေ့မှာ နောက်ဆုံးနေ့ဖြစ်ကြောင်း၊ တရားပွဲများတွင် အစ္စလာမ် ဘာသာဝင်များအပေါ် လွဲမှားသည့် အမြင်များကိုသာ အသားပေးဟောပြောနေခဲ့ပြီး၊ ယနေ့မှာ နောက်ဆုံးနေ့ ဖြစ်သည့် အတွက် ပြဿနာများမဖြစ်ပွားစေရန် အစ္စလာမ်ဘာသာဝင်များက မိမိတို့၏ ဈေးဆိုင်များကို စောစီးစွာပိတ်သိမ်းခဲ့ကြကြောင်း၊ တာဝန်ရှိသူများကလည်း တရားပွဲကျင်းပရေး ကော်မတီသို့သွားရောက်ကာ အခြားဘာသာဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် ပြောဆိုမှုများ မပြုလုပ်ရန်နှင့် ဗုဒ္ဓဘာသာ၏ တရားစစ် တရားမှန်များ ကိုသာ ဟောပြောရန် မေတ္တာ ရပ်ခံခဲ့ကြောင်း၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန် လုံခြုံရေးများကိုလည်း ချထားကြောင်း တောင်ဥက္ကလာပတွင်နေထိုင်သည့် အစ္စလာမ် ဘာသာဝင်တစ်ဦးက ပြောကြားခဲ့သည်။
    တောင်ဥက္ကလာပ မြို့နယ်အတွင်း အခြေအနေမှာ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့နေသကဲ့သို့ မဟုတ်ဘဲ ယခုအချိန်ထိ တည်ငြိမ်လျက် ရှိနေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းပြီး နောက်ပိုင်း ဘာသာရေးကို အခြေခံသည့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့ပြီး၊ နိုင်ငံအနှံ ကျင်းပသော ၉၆၉ တရားပွဲများတွင် နိုင်ငံသား အစ္စလာမ် ဘာသာဝင်များအပေါ် စွပ်စွဲမှုများ၊ ရိုင်းစိုင်းစွာ စော်ကားပြောဆိုမှုများလည်း များစွာရှိလာခဲ့သည်။ သို့သော်လည်း အစိုးရအနေဖြင့် တိုင်းပြည်အတွင်းရှိနေသည့် ပြည်သူများ အကြား စိတ်ဝမ်းကွဲစေကာ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ထိပါးစေနိုင်သည့် ထိုအပြုအမူများအား ယခုအချိန်အထိ ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်နိုင်ခြင်းမရှိချေ။
  • ၉၆၉ သီချင်းတွေ ဖွင့်ခွင့်ပိတ်လိုက်ရင် ထန်းကုန်းမှာလို ဗလီတွေ ကြေကုန်မယ်ဟု ဦးဝီရသူပြော
    ဇန်န၀ါရီလ ၂၅
    M-Media
    သတင်း – ဆူးထက်
    P1010007
    ၉၆၉ ဦးဆောင် ဆရာတော် အမျိုးသားရေး ၀ါဒီ ဓမ္မကထိက ဦးဝိစိတ္တာ ဘိဝံသ၊ ဦးဝီရသူ (မစိုးရိမ်ကျောင်းတိုက်) နှင့် ငြိမ်းချမ်းရေး နှင့် ချစ်ကြည်ရေး သံတမန် ကွန်ယက်တို့ ပူးတွဲကျင်းပသည့် သံသယ ကင်းရှင်းရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး အခမ်းအနားကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဇန်န၀ါရီလ ၂၃ ရက်နေ့က နေ့လည် ၁နာရီမှ ညနေ ၃နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားတွင် အစ္စလာမ် ဘာသာဝင်များမှ မေးမြန်းခြင်း အစီအစဉ်တွင် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးမှ ၀ီရသူအား မေးခွန်း လေးခု မေးမြန်းခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။  M-Media မှ ကြားတွေ့ခဲ့ရသော အဆိုအပါအမေးအဖြကို စာဖတ်ပရိတ်သတ်အတွက် တင်ဆက်လိုက်ပေးလိုက်ပါတယ်။
    မေးခွန်း (၁)    ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး ရှေ့ဆက် အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရန် ဆရာတော်အနေနဲ့ ဘာသာနှစ်ခု စလုံးကို ဘာများ မိန့်ကြားလိုပါသလဲ။
    ဦးဝီရသူဖြေ။    ။”နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေးကို လိုချင်ရင် တိုင်းရင်သား လက္ခဏာ ပြည့်စုံအောင်နေပါ။ နိုင်ငံခြားကနေ ခိုးဝင်လာလာ၊ ဗြောင်ဝင်လာလာ ဘယ်လိုပုံစံနဲ့ ၀င်ဝင် ဦးဇင်းတို့ အပိုင်း မဟုတ်ဘူး အစိုးရအပိုင်း။ ဦးဇင်းတို့ ကတော့ ဒီနိုင်ငံထဲမှာ ဘယ်လိုပုံစံနဲ့ ရောက်လာရောက်လာ နိုင်ငံသား ဖြစ်ရင် နိုင်ငံသား လက္ခဏာနဲ့ ပြည့်စုံအောင် နေရင် ကြည်ဖြူမယ်။ နံပါတ် (၁) အဖြေက ငြိမ်းချမ်းစွာ အတူနေဖို့ မငြိမ်းချမ်းဘူး ဆိုတာ နိုင်ငံသား တိုင်းရင်းသား လက္ခဏာနဲ့ မပြည့်စုံသူတွေက ဒီဘက်က ဒေသခံ ပြည်သူတွေနဲ့ သဟဇတ ဖြစ်အောင် မနေနိုင်လို့ မငြိမ်းချမ်းတာ”
    မေးခွန်း (၂)။    ။ သံဃာတော် ဆရာတော်တွေဟာ သာမာန် လူဝတ်ကြောင်ထက် ပိုပြီး နှုးညံ့ သိမ်မွေ့ကြသူ လို့ ထင်ပါတယ်။ဒါကြောင့် ပဋိပက္ခတွေ (အကြမ်းဖက်) မှုတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေအတွက် ဘယ်လိုများ ခံစားရပါသလဲ။
    ဦးဝီရသူဖြေ။    ။”ဦးဇင်းတို့ လိုချင်တာက ကိုယ့်ကလည်း သူ့ကို ထိခိုက်နစ်နာအောင် မလုပ်နဲ့၊ ကိုယ့်ကိုလည်း သူတစ်ပါးထိခိုက်နစ်နာအောင် မလုပ်နိုင်ဖို့ အတွက် အခုထဲက ကာကွယ်တာ။ ဒါကြောင့်မို့ နှစ်ဦးနှစ်ဖက် နစ်နာ ဆုံးရှုံးသွားတဲ့ မည်သည့် ဒုက္ခသည် မဆို ဦးဇင်းတို့ တတွေက စာနာမှု အပြည့်ရှိပါတယ်”ဟု ဆိုသည်။
    မေးခွန်း (၃)    ။    ။အခု စာရေးဆရာ မောင်သွေးချွန်တို့ အယ်ဒီတာ လုပ်ပြီး ထုတ်ဝေဖြန့်ချီနေတဲ့ အောင်ဇေယျတု စတဲ့ စာစောင်တွေဟာ ထုတ်လိုက်တိုင်း အစ္စလာမ်ဘာသာအပေါ် တဖက်သတ် စွပ်စွဲပြီး မုန်းတီးရေး စာတွေ၊ ဆောင်းပါးတွေကို ရေးနေတာကို တွေ့ရပါတယ်။ ဒီလို ရေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေအတွက် ဘယ်လိုများ အကျိုးများ ရရှိနိုင်ပါသလဲ။
    မေးခွန်း (၄)    ။    ။အဲဒီစာစောင်တွေမှာရော အစ္စလာမ် ဘာသာဝင်တွေက ပြန်လည် ဖြေရှင်းတာမျိုး ထည့်ပေးသင့်တယ်လို့ ဆရာတော်အနေနဲ့ မြင်ပါသလား။
    ဦးဝီရသူဖြေ။    ။” ဦးဇင်း Facebook မှာ မုဒိန်းမှုတွေ ဆိုရင် နာမည် တိုက်ရိုက်ရေးတယ်။ နှစ်ဦးနှစ်ဖက် စလုံးကို လိပ်စာ အပြည့်ထည့်တယ်။ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်တွေပါ ထည့်ပြီး အဲဒီလို အချက်အလက် ခိုင်မာရင် ဦးဇင်း နာမည်နဲ့ တိုက်ရိုက်ရေးတဲ့ အတွက် ပြည်သူလူထု အကုန်လက်ခံတယ်။
    အဲဒီလို အချက်အလက်မှန်မှန် ကန်ကန်ရေးတဲ့ မည့်သည့် ဂျာနယ်မဆို မွတ်စလင်မ် ဂျာနယ်လည်း လက်ခံတယ်။ ဒါပေမယ့် အချက်အလက်လည်း ဘယ်ဆီနေမှန်း မသိဘူး။ ရင်ထဲက ခံစားချက်တွေကို ရေးထားတဲ့ စာတွေ တွေ့ရတယ်။ ပြည်တွင်းစာစောင်တွေကို ရေးထားတဲ့ စာတွေ တွေ့ရတယ်။ ပြည်တွင်း စာစောင်တစ်ခု ဆိုရင် ၀ီရသူ အကြမ်းဖက်၊ ၀ီရသူ အစွန်းရောက်၊ ၀ီရသူ လူသတ်သမား၊ ၀ီရသူ တရားခံ အထောက်အထားမဲ့တဲ့  သက်သေမဲ့တဲ့ စာတွေကို မည်သည့် ဂျာနယ်တွေမှ မရေးစေချင်ပါဘူး။ အထောက်အထား ရှိရှိရေးမယ်ဆိုရင် ဦးဇင်းတို့ မှားတဲ့ အကြောင်း ထောက်ပြပါ။ လက်ခံတယ်။
    အဲလိုရေးတဲ့ အတွက်ကြောင့် ဦးဇင်းတို့ ဘက်မှာ နောင်ကြဉ်စရာ၊ နောင် ရှောင်စရာတွေ၊ သင်ခန်းစာ ယူစရာတွေ၊ ကိုယ့်လူကိုယ် ဆုံးမစရာ အချက်အလက်တွေ တိုးပွားလာတာပေါ့။
    အဲဒီလိုပဲ မွတ်စလင်မ်ဂျာနယ်တွေက ရေးရင် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရေးပါ။ ဦးဇင်းတို့တတွေလည်း ရေးလို့ရှိရင် အထောက်အထား အပြည့်အစုံနဲ့ ရေးပါမယ်။
    အထောက်အထား မပြည့်စုံတဲ့ မည်သည့် ဂျာနယ်၊ မဂ္ဂဇင်းမဆို နစ်နာတဲ့ သူတွေက တရားစွဲကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟုဆိုသည်။
    ဆက်လက်၍ အခမ်းအနားမှူး ဦးသန်းတင်မှ လမ်းတွေလမ်းတွေမှာ တရားပွဲတွေ၊ အလှူမဏမ်တွေမှာ သွေးအေးနေလို့ မနေသင့်ပြီ ဒို့တွေ နိုးကြားဖို့ အချိန်တန်ပြီလို့ အခွေတွေကို မဖွင့်ပေးဖို့ တပည့်တော်အနေနဲ့ မေတ္တာရပ်ခံ ခဲ့သည့်အပေါ်ဦးဇင်း ၀ီရသူမှ အောက်ပါအတိုင်း ဖြေကြားခဲ့သည်။
    “ဒီသီချင်းမှာ မွတ်စလင်မ်ဆိုတာ ပါလား၊ ၇၈၆ ဆိုတာ ပါလား၊ အစ္စလာမ်ဘာသာဝင်ဆိုတာ ပါလား၊ ကုလား ဆိုတာ ပါလား ဒကာကြီးတို့ ဘာသာ၊ ဒကာကြီးတို့ လူမျိုးကို ဘယ်လို ထိခိုက်လဲ၊ တိုက်ခိုက်သလဲ အဲဒါတွေ မပါဘဲနဲ့ ဦးဇင်းတို့က အမိန့်အာဏာနဲ့ ဒီသီချင်းကို ရုတ်သိမ်းရင် ဦးဇင်းနဲ့ ပြည်သူနဲ့ ပဋိပက္ခ ဖြစ်မှာပေါ့။ သူပြောတဲ့ စကားက ဘောင်ဝင်တယ်။ ဒါကြောင့် ဒီသီချင်းတွေကို လွတ်လွတ်လပ်လပ် သူတို့တွေ ပေါက်ကွဲနိုင်အောင် ဖွင့်တာကို ခွင့်ပြုတယ်။
    ဒီသီချင်းကို သူတို့တွေ ခံစားမှ၊ သူတို့ တွေရဲ့ ရင်ထဲက အစိုင်အခဲတွေက ကြေသွားတာ။ တကယ်လို့သာ ဒီသီချင်းတောင်မှ ဖွင့်ခွင့်မရဘူးဆိုရင် သူတို့ရင်ထဲမှာ အစိုင်အခဲတွေ ဖြစ်နေပြီး ထန်းကုန်းလို ဗလီတွေ ကြေကုန်မယ်” ဟုဖြေကြားခဲ့သည်။
  • ဘာသာရေး သဘောထား သေးသိမ်ခဲ့သော ၂၀၁၃ ခုနှစ် မြန်မာပြည် (ဘာသာပြန်- ဆောင်းပါး)
    ဇန်နဝါရီ ၃၊ ၂၀၁၄
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်
    WirathuBurma1-621x321
    (Photo-AP) ပြဿနာသံဃာ ဦးဝီရသူ
    ယမန်နှစ်ကို မြန်မာပြည်ရှိ မွတ်စ်လင် ဆန့်ကျင်ရေးဆိုင်ရာ ဘာသာရေးတင်းမာသည့် နှစ်တစ်နှစ်အဖြစ် မြင်တွေ့ခဲ့ရလေပြီ။ယင်းသို့ဖြစ်အောင် အသံ အကျယ်လောင်ဆုံး မီးမွှေးမှိုင်းတိုက်ခဲ့သူမှာ အစွန်းရောက်သံဃာ ဦးဝီရသူ ဖြစ်လေ၏။
    ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်၌ ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာ မွတ်စ်လင် လူနည်းစုအကြားရှိ တင်းမာမှုမှသည် အကြမ်းဖက်မှုသို့ ပေါက်ကွဲ ထွက်လာရာဝယ် ပြဿနာများ စတင်ပွင့်အံလာခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်နှင့်အောက်တိုဘာလအတွင်း လူပေါင်း ၁၉၂ ဦးမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုဖြင့် အသတ်ခံရသည်။
    ၂၀၁၃ ခုနှစ်တွင် တိုက်ခိုက်မှုများ တိုးပွားလာသည့်အပြင် ရိုဟင်ဂျာမွတ်စ်လင်များသာမက၊ ကျောထောက်နောက်ခံ မတူညီသော အခြားမွတ်စ်လင်မ်များရှိရာ ဒေသများထံ ပျံ့နှံ့လာပြီး မွတ်စ်လင် အားလုံး ပစ်မှတ်များ ဖြစ်လာသည်။
    ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော မွတ်စ်လင် များအပေါ်အကြမ်းဖက်မှုအစီခံရင်ခံစာ၌ လူ့အခွင့်အရေးကျွမ်းကျင်ပညာရှင်နှင့် ကလောင်ရှင်များ အဖွဲ့ Physicians for Human Rights (PHR) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Bill Davis က  “ မြန်မာပြည်က ကြောက်စရာ အကြမ်းဖက်လှိုင်းကြီးဟာ ရိုဟင်ဂျာကို ကျော်လွန်ပြီး နိုင်ငံတစ်ဝှန်း မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတွေအထိ ပျံနှံ့ပြီး အကြီးအကျယ်ပျက်စီးနစ်နာစေခဲ့တယ် ” ဟု ဆိုထားသည်။
    အဆိုးဆုံးဖြစ်ရပ်ကို ကြုံဆုံခဲ့ရသည်မှာ မွတ်စ်လင် လူဦးရေ အတော်အတန်များပြားသည့် မြန်မာပြည်အလယ်ပိုင်းမှ မိတ္ထီလာမြို့ပင်။ ၂၀၁၃ ခုနှစ် မတ်လ ၂၆ မှ ၂၉ ရက်အတွင်းက ဖြစ်သည်။ မွတ်စ်လင်ပိုင်ရွှေဆိုင်တစ်ခု၌ ၀န်ထမ်းအမျိုးသမီးတစ်ဦးနှင့် အရောင်းအ၀ယ်လာလုပ်သော ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး အချင်းများရာမှ စတင်ခဲ့သည်။ ဒေါသထွက်နေသည့် လူအုပ်ကြီး စုရုံးရောက်ရှိလာပြီး ရဲတပ်ဖွဲ့မှလည်း ဆိုင်ရှင်နှင့်ဝန်ထမ်းတို့အား ဖမ်းချုပ်လိုက်သည်။
    သို့ဖြင့် အခြေအနေတည်ငြိမ်သွား သယောင်ရှိသော်လည်း အရောင်းအ၀ယ်လာလုပ်သည့် အမျိုးသမီးသေဆုံးသွားသည်ဟု လုပ်ကြံ သတင်း ပြန့်သွားခဲ့၏။ ထိုအခါ သံဃာများ အပါအ၀င် လူအုပ်ကြီးတစ်ခုသည် ရွှေဆိုင်သို့ ကမူးရှုးထိုး ရောက်လာကြလေသည်။ ယင်းလူအုပ်သည် ရဲတပ်ဖွဲ့ဝင်များထက် ပမာဏ များပြားနေသည်။ ၄င်းတို့အနေဖြင့် ဆိုင်ကို ဖျက်ဆီးနိုင်၏၊ သို့သော် ထိုသို့ပြုမူပြီးနောက် လူစုခွဲရမည်ဟု ရဲတပ်ဖွဲ့ဝင်များက ထိုသူတို့အား တောင်းဆိုခဲ့သည်။ လူအုပ်ကြီးက ဆိုင်ကို ဖျက်ဆီး၍ ပစ္စည်းများဝင်ယူကြကာ အနီးအနားရှိ မွတ်စ်လင် ဈေးဆိုင်များစွာကိုလည်း သောင်းကျန်း ဖျက်ဆီးလိုက်လေသည်။
    ဤသတင်းပြန့်သွားသည့်အခါ လူတစ်ထောင်ထက် မနည်းသော လူရမ်းကားအုပ်စု ရောက်ရှိလာပြီး သောင်းကျန်းမှုဇာတ်လမ်း စတင်ခဲ့သည်။ အကြမ်းဖက်မှုမှာ နှစ်ရက် တိုင်တိုင်ဖြစ်ပွားလျက် မန္တလေးတိုင်းရှိဒေသများထံသို့လည်း ကူးစက်သွား၏။
    အဆုံးသတ်လေလျှင် မဒ်ရာဆာ ခေါ် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ ဆရာ ၄ ဦး နှင့် ကျောင်းသား ၂၀ ကျော် အပါအ၀င် လူ ၄၀ ကျော် သတ်ဖြတ်ခံရသည်။ ဆက်လက်ပြီး မွတ်စ်လင်  အိမ်ခြေပေါင်း ၁၅၀၀ နှင့် မိတ္ထီလာရှိ ဗလီ ၁၃ လုံးအနက် ၁၂ လုံး ဖျက်ဆီးခံရသည်။ ထိုနေ့ရက်များ မတိုင်မီက မွတ်စ်လင် အိမ်များကို မှုတ်ဆေးများဖြင့် ၇၈၆ နံပါတ်အား ပုံဖော်ပက်ဖျန်းခဲ့ကြောင်း၊ ၄င်းမှာ တိုက်ခိုက်ရမည့်အိမ်ခြေများအဖြစ် ရည်ညွှန်းခြင်းဖြစ်ကြောင်း PHR အစီရင်ခံစာ သုတေသီများထံ ပြောပြခဲ့ကြသည်။
    အကြမ်းဖက်ဖြစ်စဉ်နောက်ဝယ် မွတ်စ်လင် ၁၆ ဦးကို ထောင်ဒဏ် ၂ နှစ်မှ တစ်သက်တစ်ကျွန်း အထိလည်းကောင်း၊ ဗုဒ္ဓဘာသာဝင် ၂၈ ဦးကို ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိလည်းကောင်း အသီးသီး ချမှတ်လိုက်သည်။
    ရခိုင်ပြည်နယ်ပြင်ပ၌ ဤသည်မှာ အကြီးမားဆုံးမွတ်စ်လင် ဆန့်ကျင်ရေးလုပ်ရပ်ဖြစ်၏။ သို့တစေ နိုင်ငံ့နေရာအနှံ့အပြားတွင် မွတ်စ်လင် ဆန့်ကျင်ရေး အကြမ်းဖက်မှု အခြားဖြစ်စဉ်များကိုလည်း ၂၀၁၃ ခုနှစ်တစ်လျှောက်လုံး တွေ့မြင်ရပေသည်။
    ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ မွတ်စ်လင် ကျောင်းတစ်ကျောင်းနှင့်ဈေးဆိုင်များအား ဖျက်ဆီးလိုက်ကြသည်။ ကျောင်း၏ခေါင်မိုးပြုပြင်ရန် ခွင့်ပြုချက် ရရှိပြီးနောက် ဆောင်ရွက်ရာတွင် ကျောင်းဆောင်ကို ဗလီဝတ်ကျောင်းအဖြစ် အသွင်ပြောင်းသည်ဟု လွဲမှားစွာယူဆကြသော လူတစ်စုမှ ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
    ဧပြီလ ၃၀ ရက်တွင် ရန်ကုန်တိုင်း၊ ဥက္ကံ၌ မွတ်စ်လင် အမျိုးသမီးတစ်ဦးက ဆွမ်းခံကြွလာသော ကိုရင်ငယ်အား မတော်တဆတိုက်မိပြီး ၄င်း၏သပိတ်ကျကွဲသွားခဲ့၏။ သူမအား ထိန်းသိမ်းပြီးသည့်နောက် မွတ်စ်လင် တို့သည် လက်တုန့်ပြန်ရန် လူစုနေသည်ဟူသော ကောလဟလ ပျံ့နှံ့လေသည်။ ထိုအခါ လူဦးရေ ၂၀၀ မှ ၃၀၀ ရှိ ဗုဒ္ဓဘာသာဝင် လူအုပ်များသည် လက်ဦးမှုရယူရန် ဆုံးဖြတ်၍ အနီးဝန်းကျင်ဒေသများမှ မွတ်စ်လင် ရွာများကို တိုက်ခိုက်ခြင်း၊ နေအိမ်နှင့် ဗလီဝတ်ကျောင်းတို့ကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။ အနည်းဆုံး လူတစ်ဦး သတ်ဖြတ်ခံလိုက်ရသည်။
    မေလ ၄ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်၌ ဗုဒ္ဓဘာသာဝင် ၃၀ ပါလူအုပ်က မွတ်စ်လင်မ်ပိုင် နေရာသုံးခုရှိ အိမ်ရာနှင့်ဆိုင်ခန်းများအား အကြောင်းမဲ့တိုက်ခိုက်ခဲ့ကြပြန်သည်။
    ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ မေလ ၂၈ နှင့် ၂၉ ရက်တွင်လည်း အကြမ်းဖက်မှု ဖြစ်ပေါ်လာရာ ဗလီဝတ်ကျောင်းတစ်လုံးအား မီးရှို့ခဲ့ကြသည်။ မွတ်စ်လင် အမျိုးသားတစ်ဦးသည် ဓာတ်ဆီရောင်းသောအမျိုးသမီးတစ်ဦးအား ဓာတ်ဆီဖြင့် ပက်လောင်းမီးရှို့လိုက်သည့်သတင်းနောက်ပိုင်း ယင်းသို့ ဖြစ်ပွားခဲ့ရသည်။ ဂျာနယ်လစ်များ နှင့် လူမှုကယ်ဆယ်ရေးလုပ်သားများသည်ပင် ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခံရသည်ဟု ဆိုကြသည်။ ထိုကျူးလွန်သူအား ထောင်ဒဏ် ၂၆ နှစ် ချမှတ်စီရင်လိုက်ကြောင်း သိရသည်။
    မေလ ၂၉ ရက်တွင် ပဲခူးတိုင်းရှိမြို့ငယ်လေးတစ်မြို့တွင်လည်း သမီးယောက်ဖနှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့သည်။ တစ်ဦးမှာ မွတ်စ်လင် ဖြစ်ပြီး နောက်တစ်ဦးမှာ ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သူ ဒဏ်ရာ အနာတရဖြစ်ခဲ့ပြီး နှစ်ဦးစလုံးကို ရဲဌာနသို့ ပို့ဆောင်ခဲ့သည်။ သို့သော် လူရမ်းကားအုပ်စု တစ်စုရောက်ရှိစုရုံးလာပြီး မွတ်စ်လင် ဖြစ်သူအား အပြင်းထန်ဆုံး စီရင်ချက်ချရန် တောင်းဆိုပြီးနောက် ဗလီတစ်လုံးနှင့် ဘာသာရေး စာသင်ကျောင်း တစ်ဆောင်အား ဖျက်ဆီးလိုက်သည်။
    ဇွန်လ ၃၀ ရက်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးကို မွတ်စ်လင်မ်ဟုယူဆရသူ အမျိုးသား တစ်ဦး သို့မဟုတ် နှစ်ဦးက ဗလက္ကာရပြုခဲ့သည်ဟု ဆိုသည်။ လူ ၅၀ ခန့်ရှိသော အုပ်စုသည် ရဲစခန်းပြင်ပ၌ စုရုံးသောင်းကျန်းခဲ့သည်။ ၄င်းနောက် ဆက်လက်၍ မွတ်စ်လင်အိမ်ခြေများစွာကိုဖျက်ဆီးကာ မွတ်စ်လင်မ်သုံးဦးကိုလည်း တိုက်ခိုက်ခဲ့ကြသည်။ နောက်တစ်နေ့တွင် နောက်ထပ်မွတ်စ်လင်မ်အိမ်တစ်လုံးကို မီးရှို့ခဲ့ပြန်၏။ စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၂ ရက်နေ့အထိ မွတ်စ်လင်မ်များကို ဗုဒ္ဓဘာသာဝင်လူရမ်းကားအုပ်စုများ ဆက်တိုက်သတ်ဖြတ်သော အကြမ်းဖက်မှုများသည် သံတွဲ၌ ဖြစ်ပွားခဲ့သည်။
    ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သရက်တောဘုန်းကြီးကျောင်းမှ သံဃာများသည် သြဂုတ်လ ၂၀ ရက် နှင့် ၂၃ ရက် တိုက်ခိုက်မှုတွင် ပါဝင်ကြောင်း သတင်းများရရှိခဲ့သည်။
    သြဂုတ်လ ၂၄ ရက်တွင် စစ်ကိုင်းတိုင်း၊ ထန်းကုန်းရွာ၌ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို မွတ်စ်လင် အမျိုးသား သုံးဦးမှ ဗလက္ကာရပြုကျင့်သည်ဟု ကောလဟလ သတင်း ပြန့်ကားလေသည်။ ရဲစခန်းအနီးတွင် လူအုပ်များစုရုံးလာကြပြီး ညနေပိုင်း၌ အနီးအနားရှိရွာသားများပူးပေါင်းပါဝင်လာကြသည့်နောက် မွတ်စ်လင်မ်တို့အား စတင် တိုက်ခိုက်ပါတော့သည်။ မွတ်စ်လင် တို့၏ အိမ်ရာ ၄၆ လုံး၊ ဆိုင် ၁၂ ဆိုင်နှင့် ဆန်စက်တစ်ခု မီးရှို့ခံရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်တို့မှာ ရပ်ကြည့်လျက်သာရှိခဲ့ကြောင်း သတင်းများက ဆိုသည်။
    “ မွတ်စ်လင်မ်ဆန့်ကျင်ရေးကိစ္စများအပါအ၀င် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှုများသည် ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ပြီး လူပေါင်း နှစ်သိန်းခွဲ ၀န်းကျင်ကို နေရပ်စွန့်ခွာခြင်းဖြစ်စေခဲ့သလို – မြောက်များစွာသော ဗလီများ၊ ဆယ်ဂဏန်းမျှသော ဘုန်းတော်ကြီးကျောင်းများ၊ အိမ်ခြေပေါင်း တစ်သောင်းကျော် ပျက်စီးမှုအကျိုးဆက် ဖြစ်စေခဲ့သည် ” ဟု PHR အစီရင်ခံစာ၌ ဖော်ပြသည်။
    ရဲတပ်ဖွဲ့ဝင်တို့၏ တုန့်ပြန်ဆောင်ရွက်မှုများမှာလည်း ဝေဖန်ရှုတ်ချခံထားရသည်။ မိတ္ထီလာအရေး၌ ရဲတပ်ဖွဲ့ဝင်တို့ကို မဆိုစလောက်သာတွေ့ရပြီး အခြေအနေအားထိန်းချုပ်ရန် လုံးလုံးလျားလျား လက်လွတ်စပယ် နေခဲ့ကြသည်။
    International Crisis Group ၏ အစီရင်ခံစာက ၂၀၁၂ ခုနှစ် လက်ပံတောင်းကြေးနီတူးဖော်ရေးစီမံကိန်း ဆန္ဒပြကန့်ကွက်မှုတွင် ရဟန်းတော်တစ်စုအပါအ၀င် ဆန္ဒပြသူများအား မီးလောင်ဗုံးဖြင့်  ဆိုးရွားစွာတုန့်ပြန်သည့် လုပ်ရပ်ဖြစ်ပွားပြီးသည့်နောက် ရဲတပ်ဖွဲ့ဝင်များအပေါ် ပြင်းပြင်း ထန်ထန်ဝေဖန် ရှုတ်ချမှုများ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့်လည်း ရဲတပ်ဖွဲ့ဝင်များအနေနှင့် ဖိဖိစီးစီးကိုင်တွယ်ရန် စိတ်လက် မပါသည့်နှယ် ဖြစ်ကောင်းဖြစ်နိုင်ပေမည် ဟု ဆိုထား၏။
    မိတ္ထီလာ နှင့် လားရှိုးတွင် အဖြစ်ဆိုးများကြုံတွေ့ပြီးချိန်မှ စ၍ ရဲတပ်ဖွဲ့ဝင်များမှ ပိုမိုမြန်ဆန်ထိရောက်စွာ တုန့်ပြန်ကိုင်တွယ်လာကြသဖြင့် အုပ်စုဖွဲ့ အကြမ်းဖက်မှုများသည် ရက်ပေါင်း များစွာ မဖြစ်တော့ပဲ နာရီပိုင်းမျှသာ ကြာညောင်းခဲ့သည့်အပြင် အသေ အပျောက်အပျက်အစီးလည်း နည်းပါးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
    အကြမ်းဖက်မှုနှင့်မီးရှို့မှုများ၌ လူအချို့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ တရားစွဲဆိုထားသည်။ အစပိုင်းတွင် မွတ်စ်လင် များကိုသာ ဖမ်းဆီးလိမ့်မည်ဟု စိုးရိမ်မှုများ ရှိနေခဲ့သော်လည်း လက်တွေ့၌ ဖမ်းဆီးရုံးတင်ခဲ့သည့် ဗုဒ္ဓဘာသာဝင် အရေအတွက်မှာ မွတ်စ်လင်မ်တို့ထက် အရေအတွက် များပြားခဲ့ပေသည်။ ဇူလိုင်လ ၂၅ ရက်တွင် မိတ္ထီလာအရေးအတွင်း လူသတ်မှု၊ စော်ကားမှု၊ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြောင်း သံဃာနှစ်ဦးအပါအ၀င် ဗုဒ္ဓဘာသာဝင် ၂၅ ဦးအား စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။
    မန္တလေးအခြေစိုက် ဦးဝီရသူ ဦးဆောင်သော ၉၆၉ ဗုဒ္ဓဘာသာလှုပ်ရှားမှု ရေပန်းစား အရှိန်မြင့်တက်လာခြင်းကလည်း မွတ်စ်လင် ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်အောင် တွန်းအားပေးခြင်းကြောင့်ဖြစ်ကြောင်း ပြစ်တင်ဝေဖန်မှုရှိနေသည်။
    မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုံ့ဆော်မှုကြောင့် ဦးဝီရသူမှာ ၂၀၀၃ မှ ၂၀၁၂ ခုနှစ်အထိ ထောင်နန်းစံခဲ့သည်။
    ဗုဒ္ဓဘုရားဂုဏ်တော် ၉ ပါး၊ ဓမ္မဂုဏ်တော် ၆ ပါး နှင့် သံဃာ့ဂုဏ်တော် ၉ ပါးတို့ကို ၉၆၉ နံပါတ်အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းလှုပ်ရှားမှုမှာ ငြိမ်းချမ်းရေး တိုးမြှင့်ရန်ဖြစ်သည်ဟု အယုံသွင်းခဲ့ကြသည်။
    အဖြစ်မှန်၌မူ ၉၆၉ အဖွဲ့သည် အစွန်းရောက် လူမျိုးကြီးဝါဒဖော်ဆောင်ရေး လှုပ်ရှားမှုသာဖြစ်နေပြီး၊ မွတ်စ်လင်မ်တို့သည် တိုင်းပြည်ကို သိမ်းပိုက်ရန်ကြံစည်နေသည်ဟု ကြမ်းတမ်းသော စွပ်စွဲမှုများအား ဖန်တီးထားခဲ့သည်။
    နိုင်ငံ့လူဦးရေ ၅ ရာခိုင်နှုန်းမျှသာရှိသော မွတ်စ်လင်မ်တို့က နိုင်ငံ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ရှိနေသော လူများစုဗုဒ္ဓဘာသာဝင်များကို အန္တရာယ်ပေးခြိမ်းခြောက်နေသည် ဟူသော ယိုးစွပ်မှုများလည်း အပါအ၀င်ဖြစ်၏။ သို့သာမကသေး ဂျိဟာ့ဒ်ကို တိတ်တိတ်ပုန်း ဖန်တီးမည့်သူများသည် လည်းကောင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ထိမ်းမြားခြင်းဖြင့် ဘာသာပြောင်းစေသူအား ငွေကြေးထောက်ပံ့ပေး ကမ်းသည့် အစီအစဉ်သည် လည်းကောင်း ရှိနေသည်ဟုလည်း ဆိုကြကုန်သည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် ဦးဝီရသူသည် ဘာသာကွဲများ ထိမ်းမြားရေးကို ပိတ်ပင်မည့် ဥပဒေ တစ်ရပ်ဖြစ်လာရန် နှိုးဆော်ခဲ့၏။
    ၉၆၉ အဖွဲ့သည် မွတ်စ်လင်မ်တို့၏ စီးပွားရေးကို သပိတ်မှောက်ရန်၊ မိမိတို့၏ ကျားကန်မှုကို အခြေပြုသည့် ၉၆၉ နံပါတ်ကပ်၍ မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင် အဖြစ်ဖော်ကျူးထားသော သူတို့၏ စီးပွားရေး လုပ်ငန်းများကိုသာ အားပေးကြရန် တွန်းအားပေးလျက်ရှိသည်။ မိမိတို့၏ပင်ကိုယ်အမြင် မည်သို့ပင်ရှိနေစေကာမူ ဗုဒ္ဓဘာသာဝင် စီးပွားရေး လုပ်ငန်းရှင် အများအပြားတို့သည် ၄င်းနံပါတ်ကို ထုတ်ဖော်ပြသထားကြ၏။ အချို့မှာ ၉၆၉ ဂိုဏ်းသားတို့၏ အငြိုးထားမှုအား ကြောက်ရွံခြင်းကြောင့်လည်းကောင်း၊ အချို့မှာ ယင်းသို မပြသပါက စီးပွားရေးထိခိုက်မည်ကို စိုးရွံ့ခြင်းကြောင့် လည်းကောင်း လိုက်လျောနေရပေသည်။
    မွတ်စ်လင်မ်တို့နှင့် ရောင်းဝယ်မှုပြုလုပ်မိသော ဗုဒ္ဓဘာသာဝင် အချို့ကို ၉၆၉ ဂိုဏ်းသားတို့၏ နှိပ်စက်မှုရှိကြောင်းပင်လျှင် သတင်းများ ထွက်ရှိလာခဲ့၏။
    ၉၆၉ အဖွဲ့သည် ၄င်းတို့၏ သဘောထားကို ထင်ဟပ်စေသော လက်ကမ်း စာစောင်များ၊ ဒီဗီဒီများကို ကျယ်ပြန့်စွာ ဖြန့်ချိထားကြသည်။ ထိုအဖွဲ့အားထောက်ခံသည့် ရဟန်း သံဃာတို့သည်လည်း (မ)တရားပွဲများ၊ ဟောပြောမှုများဖြင့် တိုင်းပြည်ကို အစိပ်စိပ်အမြွာမြွာ ဆွဲဖြဲလျက်ရှိကြသည်။
    လတ်လတ်ဆတ်ဆတ် သာဓက တစ်ရပ်မှာ ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ၉၆၉ ဂိုဏ်းဝင် ဘုန်းကြီး ၇ ဦးတို့သည် ၉၆၉ ဂိုဏ်း၏သဘောထားဖြန့်ချိရန် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနမှ ဖော်ပြခဲ့သည်။ ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာ ဆန့်ကျင်ရေးအကြမ်းဖက်မှု စတင်ပေါက်ဖွားရာဒေသဖြစ်၏။
    ၉၆၉ ဂိုဏ်းသည် မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်ပွားရန် ကြံဆောင်ခဲ့သည် မဟုတ်ဟု ဦးဝီရသူမှ ငြင်းဆိုထားသော်လည်း၊ မိမိတို့သည် မွတ်စ်လင်မ်တို့၏ ဇာတိမှန်ကို ဖြန့်ချိခြင်းကြောင့် မွတ်စ်လင်မ်တို့အပေါ် များစွာသော ဗမာလူမျိုးတို့က မုန်းတီးစိတ်ဝင်ခဲ့ခြင်း ဖြစ်မည် ဟူ၍ သူ့စကားထဲမှ ယင်းသဘောထား တစ်စွန်းတစ်စကို တွေ့ရလေသည်။
    ၉၆၉ ဂိုဏ်းသည် ဗုဒ္ဓဓမ္မ ရင်းမြစ်များစွာနှင့် ဆန့်ကျင်နေသည့်တိုင်အောင် ထိုအဖွဲ့အား ဆန့်ကျင်ပြောဆိုဝံ့သူဟူ၍ မဆိုစလောက်မျှသာ ရှိကြ၏။ ယင်းသို့ဖြစ်ရခြင်းမှာ ၄င်းဂိုဏ်းသားတို့သည် အစ္စလာမ်သာသနာ အပေါ်တိုက်ခိုက်ရေးထက် ဘာသာသာသနာတည်တံ့ရေးအလို့ငှာ ဗုဒ္ဓဘာသာဝင်များသွေးစည်းရေးကို ဖော်ဆောင်နေပါသည်ဟု ကြွေးကြော်ကာ မိမိတို့ကိုယ်ကို ဘာသာရေး ကိုင်းရှိုင်းလွန်းသောဗုဒ္ဓဘာသာဝင်များအဖြစ် အရောင်ခြယ်ပြကြသည်။ ထိုရောအခါ လူထုတို့သည် မိမိတို့၏ဗုဒ္ဓဘာသာကို မိမိတို့ ဖာသာဝေဖန် တိုက်ခိုက်သကဲ့သို့ဖြစ်သွားမည်ကိုစိုးကြောက်သဖြင့် ထိုဂိုဏ်းနှင့်ဆန့်ကျင်သောအသံ မထွက်ဝံ့ကြခြင်းပင်။
    ဦးဝီရသူ၏ထင်ပေါ်မှု နှင့် မြန်မာနိုင်ငံ အ၀ှန်းရှိ မွတ်စ်လင် မ်ဆန့်ကျင်ရေး ကမ်ပိန်း၏နောက်ကွယ်၌ နိုင်ငံတော် အဆင့် အာဏာပိုင်များ ရှိနေသည်ဟု ဗမာလူမျိုး ဒေါက်တာမောင်ဇာနည်က ဇွန်လတွင် ပြောဆိုခဲ့သည်။
    ဦးဝီရသူနှင့် ၉၆၉ဂိုဏ်းတို့၏ မှိုင်းတိုက် ထိုးဆွမှုများတွင် နိုင်ငံအာဏာပိုင်များမှ အားပေး ရပ်တည်ထားခြင်း မရှိကြောင်းကိုလည်း သေချာရေရာသော သက်သေသာဓကများလည်း မရှိပြန်ချေ။
    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် ထိုဂိုဏ်းအား ဆန့်ကျင်သည့်စကား ပြောမထွက်လာခဲ့ပါ။ ဤသည်မှာ သူမအား ရပ်တည်ထောက်ခံပေးနေသော ၉၆၉ ဂိုဏ်းသားများ (၀ါ) မွတ်စ်လင်မ် ဆန့်ကျင်ရေးသမားများနှင့် အချေအတင်ဖြစ်ခြင်းမှ ရှောင်လွှဲလိုသည့် သူမ၏နိုင်ငံရေးသဘောထားဖြစ်မည်ဟု များစွာသောသူတို့မှ ယုံကြည်ထားသည်။
    မြန်မာမွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ ယင်းလုပ်ရပ်ဆိုးများကို တာဝန်ယူဖြေရှင်းခြင်း ကင်းမဲ့နေမှုများနှင့် ပတ်သက်၍ စိုးရိမ်သောကရောက်နေကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မရှင်နာမင်းကြီး Navi Pillay က ဇွန်လအတွင်း ထုတ်ဖော်ပြောကြားခဲ့၏။
    ကျွန်ုပ်တို့၏အမြင်အရ ၂၀၁၄ ခုနှစ်၌ အပြောင်းအလဲမှာ ဆင့်ပါးစပ်နှမ်းပက် သလောက်မျှသာ ဖြစ်လျက် မြန်မာမွတ်စ်လင်တို့ အပေါ်ဖိနှိပ်ခြင်းမှာ ရှေ့ဆက်နေဦးမည်သာတည်း။
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    Mark Inkey ၏ သုံးသပ်ချက်သတင်းဆောင်းပါး “2013: A year of religious intolerance in Burma” ကို  မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]
  • ခိုက်ရန်ဖြစ်ပွားမှုကို အကြောင်းပြုကာ တိုက်ကြီးတွင် ဆူပူ၊ ဖျက်ဆီးမှုများ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့
    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media
    ကိုလေး
    Taik Kyi,Yangon
    ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုကို အကြောင်းပြုကာ ဆူပူ၊ ဖျက်ဆီးမှုများ ဖန်တီးရန် ကြိုးပမ်းမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟုသိရသည်။
    ယမန်နေ့ ည ၈ နာရီခန့်တွင် ဘူတာရပ်ကွက် စံပြ (၂) လမ်း (ဒို့ရွှေနီလမ်း) ရှိ ကွမ်းယာဆိုင်တစ်ဆိုင်မှ ဆယ်ကျော်သက် အစ္စလာမ်ဘာသာဝင် အမျိုးသမီးငယ်အား ဗုဒ္ဓဘာသာဝင် လူငယ်တစ်ဦးက ကာအိနြေ္ဒပျက်ပြားစေမည့် စကားလုံးများဖြင့် စနောက်ခဲ့ပြီး၊ ထိုကဲ့သို့ စနောက်မှုအား မကျေနပ်သောကြောင့် အမျိုးသမီးငယ်၏ အစ်ကိုနှစ်ဦးထိုလူငယ်အား ၀ိုင်းဝန်းထိုးကြိတ်မှုများပြုလုပ်ခဲ့ကြသည်။
    ထို့နောက် ရပ်ကွက်ရှိတာဝန်ရှိသူများက ပြစ်မှုကျူးလွန်သူများနှင့် ထိုဗုဒ္ဓဘာသာဝင် လူငယ်တို့အား အုပ်ချုပ်ရေးရုံးသို့ ခေါ်ဆောင်သွားပြီး နှစ်ဦးနှစ်ဘက် ကျေအေးမှုများ ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။ သို့သော်လည်း အခင်းဖြစ်ပွားပြီး သိပ်မကြာခင်မှာပင် အနီးအနားရှိ ရွာများမှ လူတစ်ရာကျော်က ထိုပြဿနာအား အကြောင်းပြကာ စုဝေးရောက်ရှိလာပြီး နိုင်ငံတော်သီချင်းများ အော်ဆိုခဲ့ကြကြောင်း၊  ဖျက်ဆီးမှုများ ပြုလုပ်ရန် လှုံဆော်ကြိုးပမ်းမှုများ လုပ်ဆောင်လာသောကြောင့် ရပ်မိ၊ ရပ်ဖ တစ်ချို့နှင့် ဘုန်းတော်ကြီးတစ်ချို့က ဥပဒေကြောင်း အရ ဖြေရှင်းရန် ဖျောင်းဖြပြောဆိုခဲ့ကြသည်။
    ထို့နောက် ခရိုင် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများလည်း လာရောက်ခဲ့ကြပြီး၊ အကြမ်းဖက်မှုများ ပြုလုပ်မည့် မည်သူ့ကိုမဆို ဖမ်းဆီးကာ ဥပဒေအတိုင်း အရေးယူမည်ဟု ပြောကြားခဲ့ပြီးနောက် အကြမ်းဖက်မှုများ ပြုလုပ်ရန် စုဝေးရောက်ရှိလာသည့် အဆိုပါ လူအုပ်ကြီးမှာ ပြန်လည်ထွက်ခွာသွားကြသည်။ ထို့နောက် ပြစ်မှုကျူးလွန်သူ နှစ်ဦးအား ခရိုင် တာဝန်ရှိသူများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
    ယခုအချိန်တွင် အခင်းဖြစ်ပွားခဲ့သည့် ဘူတာရုံရပ်ကွက်မှာ တည်ငြိမ်အေးချမ်းလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်အချို့ကလည်း ရပ်ကွက် လုံခြုံရေးအတွက် စောင့်ကြပ်ပေးနေသည်ဟု ထိုရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင်တစ်ဦးက M-Media သို့ ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က ၀ံသာနုရက္ခိတ စိတ်ရှိစေရန်ဟု ခေါင်းစဉ်တပ်၍ မွတ်စလင်မ် မုန်းတီးရေးဖြစ်စေမည့် စာရွက်များကို လိုက်လံဖြန့်ဝေ၍ ဘာသာရေးအရ  ပဋိပက္ခမှုများ တိုးပွားလာအောင် ၉၆၉ အဖွဲ့ဝင်များမှ လှုံ့ဆော်မှုများ တိုက်ကြီးမြို့တွင် ဖြစ်ပွားခဲ့ပါသည်။
    ယခုနှစ်အပိုင်းအတွင်းဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာဝင်များအား ပစ်မှတ်ထားသော အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုများမှာ၊ နိုင်ငံသား တစ်ချို့တွင် ရာဇ၀တ်မှုများကို ဥပဒေအတိုင်း လူသားဆန်ဆန်ဖြေရှင်းရမည် ဆိုသော အသိနည်းခြင်း၊ အုပ်ချူပ်ရေး အာဏာပိုင်များမှ  ပဋိပက္ခ ထိန်းသိမ်းမှုညံ့ဖျင်းခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် နိုင်ငံရေးအရ အမြတ်ထုတ်လိုသူ တစ်ချို့၏ အကွက်ကျကျ ဖန်တီးမှုများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု ပြည်တွင်း၊ ပြည်ပမှ လေ့လာသူများက ထောက်ပြပြောဆိုကြသည်။
  • တောင်ကြီးမြို့ ၉၆၉ တရားပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို တိုက်ခိုက် လှုံ့ဆော်စာများ တရားဝင်ဝေငှ
    ဒီဇင်ဘာ ၇ ၊ ၂၀၁၃
    M-Media
    နန်းနွယ်နီနိုင် (တောင်ကြီး)
    2013-12-07 16.02.29
    ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်ညဥ့်၊ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက်၌ ဓမ္မရောင်စဉ်အဖွဲ့မှ ကြီးမှူးကျင်းပသော တရားပွဲတွင် အညတရဘိက္ခူ (မဟာဓမ္မာစရိယ)အမည်ဖြင့် ရေးသားထားသော “ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ကျွန်ုပ်တို့၏အနာဂတ်များ” စာရွက်စာတမ်းများအား တရားနာရန် လာရောက်သူများကို ကြောင်း သိရသည်။
    အညတရဘိက္ခူ (မဟာဓမ္မာစရိယ)အမည်ဖြင့် ရေးသားထားသော “ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ကျွန်ုပ်တို့၏အနာဂတ်များ” စာရွက်စာတမ်းအတွင်း ပါရှိသည့်စာသားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ကျွန်ုပ်တို့၏အနာဂတ်များ
    ————————————————————–
    ၂၀၁၅ ခုနှစ်မှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်တယ်လို့ ပြောလိုက်ပါပြီ။ အရင်အခြေအနေအတိုင်းဆို သူမ သမ္မတဖြစ်မှာကို အားလုံးက လိုလားနေကြတာပါ။ ဒီအထဲမှာ ရဟန်းသံဃာတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခြေအနေတွေက ပြောင်းလဲသွားပါပြီ။ သူမ သမ္မတ ဖြစ်မယ်မဖြစ်ဘူးဆိုတာကိုတော့ သံဃာတော်တစ်ပါးအနေနဲ့ ဘာမှမပြောတတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ သံဃာတော်တွေ ဘာကို တွေးနေမလဲဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို သိစေချင်ပါတယ်။
    အမှန်တကယ် သံဃာတော်တွေ တွေးနေတာကတော့ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် မဲနိုင်လို့ အာဏာရပြီး သမ္မတဖြစ်လာခဲ့ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့အခြေအနေ ဘယ်လိုရှိမလဲ ? ဆိုတာပါပဲ။ တကယ်ဆို ဒီအတွေးကို စတွေးဖြစ်ခဲ့ကြတာလည်း မကြာသေးပါဘူး။ အရင်တုန်းကတော့ သံဃာတော်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အကြွင်းမဲ့ထောက်ခံသူတွေပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတွက် သံဃာတော်တွေ အသက်ပေးခဲ့ကြတယ်ဆိုတာ ရွှေဝါရောင်တော်လှန်ရေးက သာဓကပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သံဃာတော်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။ ဒါတွေဖြစ်တာ ဘယ်သူ့ကြောင့်ပါလဲ ? ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါပဲ။
    ဆရာတော် ဦးဘိစိတ္တာဘိဝံသ(၀ီရသူ)က ခွပ်ဒေါင်းကနေ မွတ်ဒေါင်း ဖြစ်သွားပြီလို့ တရားဟောလိုက်တဲ့အချိန်မှာ အစ္စလာမ်နဲ့မူဆလင်တွေ လွှမ်းမိုးနေတဲ့ မိမိတို့ပါတီကို မပြုပြင်ဘဲ NLD ပါတီဝင်တွေဟာ ဦးဝီရသူကို ရန်သူကြီးတစ်ယောက်လို အဆက်မပြတ် တိုက်ခိုက်လာတော့တာပါပဲ။
    ဒီတိုက်ခိုက်မှုဟာ နောက်ပိုင်းကြတော့ သံဃာတော်အားလုံးကို တိုက်ခိုက်တဲ့ပုံစံမျိုး အသွင်ဆောင်ပြီး NLD ပါတီဝင်တွေက သံဃာတော်တွေရဲ့ဂုဏ်ကျေးဇူးမဲ့ကို ဗုဒ္ဓဘာသာတစ်ယောက်နဲ့ မတူလောက်အောင်ကိုသံဃာတော်တွေအပေါ်ကို တိုက်ခိုက်လာခဲ့ပါတယ်။ ဒီအချိန်မှာ သံဃာထုဘက်က
    မနေနိုင်တော့လို့ ပြည်တွင်းပြည်ပမှာရှိတဲ့ သံဃာတော်တွေပါ NLD နဲ့တိုက်တဲ့တိုက်ပွဲမှာ ပါဝင်လာခဲ့ကြတာပေါ့။
    ဒီတိုက်ပွဲကို အရှိန်မြှင့်ပေးလိုက်တာကတော့ “မျိုးစောင့်ဥပဒေ” ကိစ္စပါ။ မှော်ဘီသံဃာ့အစည်းအဝေးမှာ ဦးဝီရသူက “အမျိုးစောင့်ဥပဒေ” တင်သွင်းမယ်လို့ မီဒီယာတွေမှာဖော်ပြပြီး၊ အမျိုးသမီးတွေရဲ့ ထင်မြင်ယူဆချက်(opinion) ကို မီဒီယာတွေ မေးမြန်းကြတဲ့အခါ ဒေါ်ဇီးကွက်၊ ဒ်ါဇင်မာအောင်နှင့်
    ဒေါ်အောင်ဆန်းစုကြည်တို့က တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြတယ်။
    “လူ့အခွင့်အရေးချိုးဖောက်တယ်” လို့ ပြောခဲ့ကြတာပါ။ ဒီအခါမှာတော့ နှစ်ဖက် (Online) တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့တယ်။ NLD က ခွန်ဒီးယမ် ခေါ် မေဇင်အေးရဲ့ ဗုဒ္ဓဘာသာအပေါ် တိုက်ခိုက်မှုတွေက ဗုဒ္ဓဘာသာတွေက လက်ခံနိုင်စရာအဆင့်ကို ကျော်လွန်ခဲ့ပါတယ်။
    တစ်ချိန်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မေဇင်အေးတို့ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ပုံတွေ အင်တာနက်မှာ ပျံ့နှံ့လာတဲ့အခါမှာတော့ NLD က ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို ရှုတ်ချအပုပ်ချတဲ့နေရာမှာဒေါ်အောင်ဆန်းစုကြည်ကပါ အလိုတူအလိုပါ လုပ်ခဲ့တယ်လို့ သံဃာတော်တွေက
    ယုံကြည်လာကြပါတယ်။ အဲ့ဒီမှာပဲ သံဃာတော်တွေက သူတို့ ဗုဒ္ဓဘာသာရဲ့အနာဂတ်ကို စတင်စဉ်းစားလာခဲ့ကြတာပါ။ အကယ်၍ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခဲ့ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာအတွက် ဘယ်လောက်အာမခံချက် ရှိနိုင်မလဲ ? ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို မေးချင်တာပါ။ အဲဒီလို ဘာလို့ မေးရတာလဲဆိုရင် – ယနေ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်က သံဃာတော်တွေနဲ့ဗုဒ္ဓဘာသာကို အကာအကွယ်ပေးတဲ့စကား (လုံးဝ) မပြောသေးပါဘူး။ ဒါပေမယ့် မူဆလင်နဲ့အစ္စလာမ်ကို အကာအကွယ်ပေးတဲ့စကားကို
    သွယ်ဝိုက်ပြီးပြောနေတယ်လို့ သံဃာတော်တွေက ယူဆနေကြတာပါ။
    ဒီအယူအဆဟာ Time မဂ္ဂဇင်းက ဦးဝီရသူအပါအ၀င် သံဃာတော်တွေနဲ့ မြန်မာဗုဒ္ဓဘာသာတွေကို (The Face of Buddhist Terror)  ဆိုတဲ့ မျက်နှာဖုံးဆောင်းပါး ပါလာချိန်မှာ ပိုပြီးတော့ ခိုင်မာစေခဲ့ပါတယ်။ ဒီ (The Face of Buddhist Terror)ဆောင်းပါးနဲ့ပတ်သက်ပြီး သမ္မတရုံးအပါအ၀င် မြန်မာမီဒီယာအများစုက Time မဂ္ဂဇင်းကို ကန့်ကွက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်အမည်ခံထားပါလျက် ဗုဒ္ဓဘာသာအတွက် မည်သည့်ကာကွယ်ပြောဆိုမှုများ တစ်ခုမျှ မလုပ်သည့်အပြင် NLD ပါတီဝင်တွေက Time မဂ္ဂဇင်းကိုကန့်ကွက်တဲ့ campaign ကို ရှုတ်ချခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာဘက်ကနေ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို အစ္စလာမ်တွေရဲ့ လွှမ်းမိုးမှုကြောင့်လို့ ယူဆနေကြတာပါ။
    ရှင်းရှင်းပြောရရင် အာဏာတောင်မရသေးဘူး။ သံဃာကို အာခံချင်နေပြီ။ အာဏာသာရရင် သံဃာတော်တွေကို ဟာလာလုပ်ပစ်မလားတောင် မသိဘူးလို့ ပြောနေကြပါပြီ။ ဒါက ဘာကိုပြသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တွေအပေါ် အစ္စလာမ်တွေရဲ့ လွှမ်းမိုးမှုရှိနေတာကို ပြတာပါပဲ။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေက ရဟန်းသံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာအပေါ် လျစ်လျူရှုနေတာကို ပြနေတယ်လို့ သံဃာတော်တွေက ခံစားနေရပါတယ်။ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ OIC နဲ့ အဆက်အသွယ်ရှိနေပါတယ်။ OIC ရုံးခွဲ
    မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မရခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ OIC ရုံးခွဲဖွင့်လှစ်ခွင့်ကို ဒေါ်အောင်ဆန်းစုကြည်က ကျိန်းသေပေါက် ပေးလိမ့်မယ်လို့ ထင်နေပါတယ်။
    Final communique of the OIC contact Group on Myanmar Muslim Rohingya Minory ဆိုတဲ့ OIC နောက်ဆုံးကြေညာချက် အပိုဒ်ရေ(g)မှာ Muslim opinion leaders and NGOs should convey their views to their counterparts in Myanmar, first and foremost to Ms. Aung San Suu Kyi, chairperson of the National League for Democracy လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ OIC ပတ်သက်မှုကို အတိအလင်း ဖော်ပြထားပါတယ်။ OIC ဆိုတာ မြန်မာလူမျိုးတွေအတွက် လုံးဝမဟုတ်ပါဘူး။ ဘင်္ဂါလီနဲ့ အစ္စလာမ် အကျိုးစီးပွား သက်သက်မျှသာပါ။
    ၁၉၈၂ နိုင်ငံသားဥပဒေကို နိုင်ငံတကာအဆင့်နဲ့အညီဖြစ်အောင် ပြင်မယ်လို့ ပြောနေတာတွေဟာ သူအကာအကွယ်ပေးနေတဲ့ ဘင်္ဂါလီတွေကိုယ်တိုင်ကတော့ နိုင်ငံတကာအဆင့်နဲ့ညီအောင် နေနိုင်စွမ်းမရှိဘဲနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကိုတော့ နိုင်ငံတကာအဆင့်နဲ့ညီအောင် ပြင်မယ်ဆိုတော့ သေချာပါတယ်၊ ဒီပြင်ဆင်မှုဟာ ဗုဒ္ဓဘာသာအတွက်လည်း မဟုတ်ဘူး၊ မြန်မာပြည်သူတွေအတွက်လည်း မဟုတ်ဘူး၊ ဘင်္ဂါလီတွေအတွက်သက်သက်၊ အစ္စလာမ်တွေအတွက်သက်သက်ပဲ။ အာဏာမရသေးတဲ့ခုလိုအချိန်မျိုးမှာတောင် ဒီဥပဒေကို ပြင်မယ်တကဲကဲလုပ်နေရင် အာဏာသာရသွားလို့ကတော့ ကျိန်းသေပေါက်ပြင်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီရဲ့အဓိကနေရာမှာ အစ္စလာမ်ဘာသာဝင်တွေ နေရာယူထားရုံတင်မကဘဲ အခြား NLD ပါတီဝင်တွေအပေါ်မှာလည်း အစ္စလာမ်ဘာသာဝင်တွေက
    လွှမ်းမိုးနေပါပြီ။ ယခုဆိုရင် လွှတ်တော်ထဲမှာ အစ္စလာမ်ဘာသာဝင်အမတ်သုံးဦးရှိပါတယ်။ အကယ်၍ NLD ပါတီကသာ ရွေးကောက်ပွဲမှာ အနိုင်ရသွားရင် အစ္စလာမ်ဘာသာဝင်အမတ် အယောက် ၃၀ လောက် ဖြစ်သွားလိမ့်မယ်လို့ သံဃာတော်တွေက တွက်ထားပါတယ်။ အဲ့ဒီလို တကယ်ဖြစ်ခဲ့ရင် သူတို့အစ္စလာမ်ဘာသာဝင်တွေဟာ ၀န်ကြီးဝန်လေးအမတ်နေရာတွေ ရလာပြီး ဒေါ်အောင်ဆန်းစုကြည်အားကိုးနဲ့ သခင်အားရကျွန်ပါးဝပြီး ဥပဒေဘောင်အတွင်းကတစ်မျိုး၊ ဥပဒေပြင်ပကတစ်ဖုံ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာကို ဒုက္ခပေးလိမ့်မယ်လို့ ယူဆနေကြပါပြီ။ ဒီအယူအဆဟာ အကြောင်းမဲ့ (Groundless) မဟုတ်ဘူးဆိုတာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့က ပိုပြီးသိပါလိမ့်မယ်။
    ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ အန္တရာယ်လို့ သံဃာတော်တွေနဲ့ဗုဒ္ဓဘာသာဝင်ပြည်သူတွေက မြင်လာရင်တော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို မဲမပေးနိုင်အောင် မဲမရအောင် သံဃာတော်တွေမက ပြည်သူတွေကပါ လှုပ်ရှားလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ခေါင်းဆောင်သမ္မတလုပ်ချင်တဲ့သူဟာ ဘယ်သူဖြစ်ဖြစ် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ အကျိုးစီးပွား တစ်နည်းအားဖြင့် အမျိုးဘာသာသာသနာရဲ့ အကျိုးစီးပွားကို အာမခံချက် ပေးနိုင်မယ့်သူဖြစ်ရပါမယ်။ အမျိုးဘာသာသာသနာအတွက် အာမခံချက်မပေးနိုင်တဲ့ အဘယ်ပုဂ္ဂိုလ်မှ မြန်မာနိုင်ငံမှာ ခေါင်းဆောင်သမ္မတ မဖြစ်သင့်ပါဘူး။
    ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ အနာဂတ် ဘယ်လိုဖြစ်မယ်ထင်ပါသလဲ ? ….။ ကောင်းတဲ့အနာဂတ်လား ?…။ မကောင်းတဲ့အနာဂတ်လား ?…။ တကယ်ဆို သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာပြည်သူတွေ လိုချင်တာက ဒီမိုကရေစီဖြစ်ထွန်းပြီး ဗုဒ္ဓဘာသာပြန့်ပွားတဲ့ ဗုဒ္ဓဘာသာဒီမိုကရေစီ နိုင်ငံတော်ကြီးပါ။ ဒါပေမယ့် ဒီမိုကရေစီ ခေါင်းဆောင်က အစ္စလာမ်ကို မျက်နှာသာပေးတဲ့အခါမှာ ဗုဒ္ဓဘာသာပြည်သူတွေက အစ္စလာမ်လွှမ်းမိုးမဲ့ ဒီမိုကရေစီနိုင်ငံကို သွားမဲ့အစား ဗုဒ္ဓဘာသာလွှမ်းမိုးတဲ့ အာဏာရှင်နိုင်ငံကို ပြန်သွားမယ်လို့တောင် ပြောနေကြပါပြီ။ ယခုအချိန်မှာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာပြည်သူတွေ အတွက်တော့ ဆုပ်လည်းစူး၊ စားလည်းရူး၊ (between the devil and the deep blue) ဖြစ်နေပါပြီ။ အားငယ်နေစရာ မလိုပါဘူး။ အဆုံးအဖြတ်ပေးမှာက ဗုဒ္ဓဘာသာပြည်သူတွေပါ။ ရဟန်းသံဃာတွေကတော့ တိုက်ရိုက်ရွေးချယ်လို့မရပါဘူး။ ပြည်သူတွေမှာသာ တိုက်ရိုက်ရွေးချယ်ခွင့် ရှိတာပါ။ ဒါကြောင့် မိမိတို့ပြည်သူတွေအနေနဲ့ ရွေးချယ်မမှားဖို့လိုပါတယ်။ ပြည်သူတွေ ရွေးချယ်မှားရင် ပြည်သူတွေတင် ဒုက္ခခံစားရမှာ မဟုတ်ဘူး။ ပြည်သူတွေကိုးကွယ်နေတဲ့ သံဃာတော်တွေပါ ဒီဆိုးကျိုးကို ခံစားရမှာပါ။
    ဒါကြောင့် ပြည်သူတွေရဲ့ ရွေးချယ်မှုက အရေးကြီးတယ်ဆိုတာ ပြည်သူတွေကိုယ်တိုင် သိထားဖို့လိုပါတယ်။ အဓိကတော့ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ (တစ်နည်းအားဖြင့်) အမျိုးဘာသာသာသနာရဲ့အကျိုးစီးပွားကို အာမခံနိုင်မည့် ခေါင်းဆောင်သမ္မတကိုသာ ရွေးချယ်ပါလို့
    အလေးအနက်တိုက်တွန်းလိုက်ပါရစေ။
    အချုပ်အားဖြင့် ပြောရရင် …
    * ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လို့ OIC ရုံးခွဲဖွင့်ခွင့်ပြုခဲ့မယ်ဆိုရင် …
    * ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို ပြင်ဆင်ခဲ့မယ်ဆိုရင် …
    * NLD ပါတီတွင်းမှာရှိတဲ့ မူဆလင် အစ္စလာမ်တွေကို မဖယ်ထုတ်ခဲ့ဖူးဆိုရင် …
    * NLD ပါတီကို မူဆလင် အစ္စလာမ်တွေက ဆက်လက်လွှမ်းမိုးနေမယ်ဆိုရင် …
    * ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဘင်္ဂါလီမူဆလင် အစ္စလာမ်ဘာသာကို ဆက်လက်အကာအကွယ်ပေးနေမယ်ဆိုရင် …
    * ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီက သံဃာတော်များနဲ့ဗုဒ္ဓဘာသာတွေကို အကာအကွယ်ပေးဖို့ ဆက်လက်ပျက်ကွက်နေမယ်ဆိုရင် …
    နောက်ပိုင်းသံဃာတော်များရဲ့ဘ၀နဲ့ဗုဒ္ဓဘာသာရဲ့ အနာဂတ်ကတော့ လှပလိမ့်မယ်လို့ မထင်။
    အညတရဘိက္ခူ (မဟာဓမ္မာစရိယ)