News @ M-Media

Tag: Afghanistan

  • အာဖဂန်တောင်ပိုင်းတွင် တာလီဘန်က အနည်းဆုံး လူ ၄၀ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်

    အာဖဂန်တောင်ပိုင်းတွင် တာလီဘန်က အနည်းဆုံး လူ ၄၀ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်

    ဩဂုတ် ၃၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်က ခရိုင်တစ်ခုကို သိမ်းပိုက်စဉ်အတွင်း တာလီဘန်အဖွဲ့ဟာ အနည်းဆုံး လူ ၄၀ လောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ အာဖဂန် လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေ အာဖဂန်က အပြီးသတ်ဆုတ်ခွာနေတဲ့ ပြီးခဲ့တဲ့လတွေကစလို့ တာလီဘန်အဖွဲ့ဟာ နိုင်ငံအတွင်းက နယ်မြေတွေကို တစ်စတစ်စ သိမ်းယူလာခဲ့တာပါ။

    ကန်ဒါဟာပြည်နယ်က စပင်ဘိုလ်ဒက်ခရိုင်ကို ပြီးခဲ့တဲ့လက သိမ်းပိုက်စဉ်အတွင်း အရင်က အစိုးရအဖွဲ့ဝင်ဟောင်းတွေ၊ လက်ရှိ အစိုးရတာဝန် ထမ်းဆောင်နေတဲ့သူတွေ အနည်းဆုံး လူ ၄၀ လောက်ကို တာလီဘန်က လက်စားချေ သတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ခံရသူတွေဟာ တိုက်ပွဲနဲ့ ဘာမှ မသက်ဆိုင်သူတွေဖြစ်တယ်လို့ အာဖဂန်လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

    ဒီထုတ်ပြန်ချက်အပြီးမှာ အမေရိကန်နဲ့ ယူကေတို့က တာလီဘန်အဖွဲ့ကို ရှုတ်ချခဲ့ပါတယ်။

    “တာလီဘန်တွေဟာ လက်စားချေတဲ့အနေနဲ့ ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါသတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ပါတယ်။ သူတို့လက်အောက်က တိုက်ခိုက်ရေးသမားတွေရဲ့ လုပ်ရပ်အတွက် တာလီဘန်ခေါင်းဆောင်ပိုင်းက တာဝန်ခံရမှာဖြစ်ပါတယ်။ ကိုယ်လူ့တွေကို အခုတောင် မထိန်းနိုင်ဘူးဆိုရင် နောက်ပိုင်း အုပ်ချုပ်ရေးမှာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” လို့ အမေရိကန်နဲ့ ယူကေသံရုံးတို့က မနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ဒိုဟာခြေစိုက် တာလီဘန် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဝင် ဆူဟေးလ် ရှာဟင်က ဒီသတင်းဟာ အခြေအမြင်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ စတင်ထွက်ခဲ့တဲ့ မေလအလယ်ပိုင်းကတည်းက တာလီဘန်အဖွဲ့ဟာ အခွင့်ကောင်းယူကာ နယ်မြေတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ လက်ရှိမှာတော့ ပြည်နယ်မြို့တော် ၃ ခုကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။

    Ref: Aljazeera

  • တပ်ဖွဲ့များ ရုတ်တရုတ်ဆုတ်ခွာသည့် အမေရိကန်ကို အာဖဂန်သမ္မတ ပြစ်တင်

    တပ်ဖွဲ့များ ရုတ်တရုတ်ဆုတ်ခွာသည့် အမေရိကန်ကို အာဖဂန်သမ္မတ ပြစ်တင်


    ဩဂုတ် ၂၊ ၂၀၂၁

    M-Media 

    -အာဖဂန်မှာ လုံခြုံရေးအခြေအနေ ဆိုးရွားလာတာဟာ အမေရိကန်က သူတို့တပ်တွေ ဆုတ်ခွာဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တာကြောင့်ဖြစ်တယ်လို့ အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီက ပြစ်တင်ပြောဆိုလိုက်ပါတယ်။ 

    အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ အာဖဂန်ကနေ ဆုတ်ခွာနေတဲ့အချိန် တာလီဘန်က တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ကာ ​နယ်မြေတွေ သိမ်းပိုက်လာပြီး မြို့ကြီးတွေကို ခြိမ်းခြောက်တဲ့အထိ ဖြစ်လာပါတယ်။ 

    ဒီကနေ့ လွှတ်တော်တွင်း လုံခြုံရေးအစီအမံကို တင်ပြရာမှာ လက်ရှိမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို ၆ လအတွင်း အပြည့်အ၀ ထိန်းချုပ်နိုင်လိမ့်မယ်လို့ သမ္မတ ဂါနီက ပြောဆိုခဲ့ပြီး အမေရိကန်ရဲ့ ထောက်ခံမှုကို အပြည့်အ၀ ရရှိထားတယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေက ဆုံးဖြတ်ချက်ကို အလျင်စလိုချလိုက်လို့ဖြစ်ပါတယ်”

    တပ်တွေ အလျင်အမြန်ဆုတ်ခွာရင် နောက်ဆက်တွဲဆိုးကျိုး ဖြစ်လာနိုင်တယ်ဆိုတာ အမေရိကန်ကို သတိပေးခဲ့တယ်လို့လည်း ဂါနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    သမ္မတဂါနီရဲ့ တင်ပြမှုအပြီးမှာ အာဖဂန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ခုစလုံးက ဂါနီရဲ့ လုံခြုံရေးအစီအမံကို အပြည့်အ၀ထောက်ခံကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

    တာလီဘန်က ဂါနီရဲ့ ပြောကြားမှုတွေဟာ အဓိပ္ပါယ်မရှိတဲ့ ပြောကြားမှုတွေဖြစ်ပြီး ဂါနီရဲ့အချိန် ကုန်ဆုံးတော့မယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အာဖဂန်ရှိ အဓိကလေတပ်စခန်းမှ အမေရိကန် ဆုတ်ခွာ

    အာဖဂန်ရှိ အဓိကလေတပ်စခန်းမှ အမေရိကန် ဆုတ်ခွာ

    ဇူလိုင် ၃၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်က အဓိက စစ်စခန်းတစ်ခုဖြစ်တဲ့ ဘာဂရမ် လေတပ်စခန်းကနေ တပ်ဖွဲ့ဝင်တွေအားလုံး ဆုတ်ခွာသွားပြီလို့ အမေရိကန်က ကာကွယ်ရေးဌာနက အတည်ပြု ပြောဆိုပါတယ်။

    နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့တဲ့ အာဖဂန်စစ်ပွဲမှာ ဘာဂရမ် လေတပ်စခန်းဟာ အလ်-ကိုင်းဒါနဲ့ တာလီဘန်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ မဟာဗျူဟာမြောက်ပြီး အရေးပါတဲ့ စခန်းတစ်ခု ဖြစ်ခဲ့ပါတယ်။

    အမေရိကန် ကာကွယ်ရေးဌာနရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက စခန်းမှာရှိနေတဲ့ အမေရိကန်နဲ့ နေတိုးအဖွဲ့ စစ်သားတွေအားလုံး ဆုတ်ခွာသွားပြီး စခန်းကို အာဖဂန်တပ်ဖွဲ့တွေလက်ထဲ လွှဲပြောင်းပေးခဲ့တယ်လို့ မနေ့က ပြောဆိုခဲ့ပါတယ်။

    မြို့တော် ကဘူးလ် မြောက်ပိုင်းမှာရှိတဲ့ ဘာဂရမ် လေတပ်စခန်းကို အမေရိကန်တပ်ဖွဲ့ဝင် ၁ သိန်းလောက် လာရောက် တာဝန်ထမ်းဆောင်ခဲ့တာပါ။ အာဖဂန်မှာ နောက်ဆုံးကျန်နေတဲ့ စစ်သည်အင်အားကို အခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ နောက်ဆုံးထား ပြန်ခေါ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားထားပါတယ်။

    ဘာဂရမ်လေတပ်စခန်း လွှဲပြောင်းရယူပွဲအခမ်းအနားကို အာဖဂန်အစိုးရက ဒီကနေ့မှာ ကျင်းပဖို့ ရှိနေပါတယ်။

    အာဖဂန်မှာရှိနေတဲ့ ဥရောပတပ်ဖွဲ့​ဝင်အများစုဟာ ဆုတ်ခွာသွားပြီ ဖြစ်ပါတယ်။ အမေရိကန်က​ ကဘူးလ်မှာရှိတဲ့ သံရုံးကို ကာကွယ်ဖို့အတွက် တပ်ဖွဲ့ဝင် ၆၅၀၀ ကိုသာ ထားရှိမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အာဖဂန်ရှိ ဒုတိယအကြီးဆုံးဆည်ကို တာလီဘန်က သိမ်းပိုက်

    အာဖဂန်ရှိ ဒုတိယအကြီးဆုံးဆည်ကို တာလီဘန်က သိမ်းပိုက်

    မေ ၇၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်က အမေရိကန်တပ်တွေ စတင်ထွက်ခွာနေတဲ့အချိန် နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ဆည် Dahla Dam ကို တာလီဘန်တွေက သိမ်းပိုက်လိုက်ပါတယ်။

    ကန်ဒါဟာဒေသမှာရှိတဲ့ အဲဒီဆည်ကနေ ဒေသတွင်းက လယ်ယာတွေ၊ လူတွေအတွက် စိုက်ပျိုးရး၊ သောက်သုံးရေ ပေးနေတာဖြစ်ပါတယ်။ တာလီဘန်တွေဟာ ဒီဆည်ရရှိရေး တိုက်ခိုက်နေတာ သီတင်းပတ်အနည်းငယ် ကြာနေပါပြီ။

    တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ကာရီ ယူစွဖ် အဟ်မဒီက ဆည်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စစ်ကူတောင်းခဲ့ပေမယ့် ဆည်ကိုတော့ ပြန်မရခဲ့ဘူးလို့ အာဖဂန်အစိုးရ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

    ကန်ဒါဟာပြည်နယ်နဲ့ကပ်ရပ် ဟဲလ်မန်းပြည်နယ်မှာလည်း တာလီဘန်က တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

    Dahla ဆည်ဟာ လွန်ခဲ့တဲ့ နှစ် ၇၀ အရင်က အမေရိကန်ကနေ ဆောက်ပေးထားတာဖြစ်ပြီး ကန်ဒါဟာပြည်နယ်က ခရိုင် ၇ ခုကို ရေပေးဝေဖို့ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ဆည်ရဲ့ ရေသိုလှောင်မှု တိုးချဲ့မယ့် စီမံကိန်း ဖော်ဆောင်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ကန်ဒေါ်လာ သန်း ၃၅၀ ထုတ်ချေး ထားပါတယ်။

    နှစ်ပေါင်း ၂၀ နီးပါး တပ်စွဲထားတဲ့ အမေရိကန်တပ်တွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားကာ အာဖဂန်နစ္စတန်ကနေ ရုပ်သိမ်းမှာဖြစ်ပြီး ပြီးခဲ့တဲ့လမှာ စတင် ဆုတ်ခွာခဲ့ကြပါတယ်။

    အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့် သိသာတဲ့ တိုးတက်မှုမျိုး မရသေးပါဘူး။

    Ref: Alarabiya

  • တာလီဘန်ကိစ္စ ပြန်သုံးသပ်မည့် ဘိုင်ဒန်အစိုးရကို အာဖဂန်နစ္စတန် ကြိုဆို

    တာလီဘန်ကိစ္စ ပြန်သုံးသပ်မည့် ဘိုင်ဒန်အစိုးရကို အာဖဂန်နစ္စတန် ကြိုဆို

    ဇန်နဝါရီ ၂၄၊ ၂၀၂၁
    M-Media

    -ထရမ့်လက်ထက် တာလီဘန်နဲ့ ရရှိထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ပြန်လည်ဆန်းစစ်သွားမယ်ဆိုတဲ့ ကန်အစိုးရသစ်ရဲ့ အစီအစဉ်ကို ကြိုဆိုတယ်လို့ အာဖဂန်အစိုးရက ပြောပါတယ်။

    ထရမ့်အစိုးရနဲ့ တာလီဘန်တို့ လျှို့ဝှက်ဆွေးနွေးပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ရရှိခဲ့တဲ့ ဒီသဘောတူညီချက်မှာ အမေရိကန်တပ်ဖွဲ့တွေကို ၂၀၂၁ ခုနှစ် မေလ နောက်ဆုံးထားကာ အာဖဂန်ကနေ ဆုတ်ခွာပေးမယ်ဆိုတဲ့အချက် ပါဝင်ပြီး အပြန်အလှန်အားဖြင့် တာလီဘန်က တိုက်ခိုက်မှုတွေလျှော့ချကာ အာဖဂန်အစိုးရနဲ့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။

    ဒီသဘောတူညီချက်ကြောင့် အာဖဂန်အစိုးရဟာ တာလီဘန်အကျဉ်းသား ထောင်ချီ လွှတ်ပေးခဲ့ရပြီး နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေလည်း ပြန်လည်မြင့်တက်လာတဲ့အတွက်အာဖဂန်အစိုးရနဲ့ အမေရိကန်တို့အကြား မကျေမလည်မှုတွေ ရှိလာပါတယ်။

    သမ္မတသစ်ဘိုင်ဒန်ရဲ့ နိုင်ငံတော်လုံးခြုံရေးအကြံပေး ဂျိတ် ဆူလီဘန်က ဒီသဘောတူညီချက်ကို ပြန်လည်သုံးသပ်သွားမယ်လို့ အာဖဂန်အစိုးရကို မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “၂၀၂၀ ဖေဖော်ဝါရီက အမေရိကန်-တာလီဘန် သဘောတူညီချက်ကို ပြန်လည်သုံးသပ်မယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ အစီအစဉ်ကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒီသဘောတူညီချက်ဟာ အာဖဂန်က အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးဆိုတဲ့ ရည်ရွယ်ချက်ကို အထောက်အကူ မဖြစ်သလို အာဖဂန်တွေအလိုရှိတဲ့ အပစ်ရပ်ရေးကိုလည်း မဆောင်ကျဉ်းပေးနိုင်ပါဘူး။ တာလီဘန်တွေဟာ ကတိအတိုင်း မဆောင်ရွက်ပါဘူး” လို့ အာဖဂန်အစိုးရရဲ့ ဒုတိယပြည်ထဲရေးဝန်ကြီး ဆာဒစ် ဆာဒစ်ကီက ပြောကြားခဲ့ပါတယ်။

    မနေ့က အမေရိကန်အစိုးရသစ်နဲ့ ဆွေးနွေးမှုအတွင်း အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရက်တစ် အာဖဂန်နစ္စတန်နိုင်ငံဖြစ်လာရေး၊ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ရရှိခဲ့တဲ့ တိုးတက်မှုတွေကို ထိန်းသိမ်းရေး ဆွေးနွေးခဲ့ပြီး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ ဒေသတွင်းစေ့စပ်ဆွေးနွေးရေး စတဲ့ကိစ္စတွေကို အမေရိန်ကနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့တယ်လိုအာဖဂန်အစိုးရ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

    တာလီဘန်ကတော့ အစိုးရဟောင်းရဲ့ သဘောတူညီချက်အတိုင်း ကန်အစိုးရသစ်က လိုက်နာဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    ဒီသဘောတူညီချက်ရပြီးနောက်ပိုင်း တာလီဘန်ဟာ အမေရိကန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေ မလုပ်တော့ဘူးလို့ ထရမ့်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

    Ref : Arab News