News @ M-Media

Tag: Afghanistan

  • အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်း တာလီဘန်က တိုက်ခိုက်မှုများ ပြုလုပ်

    အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်း တာလီဘန်က တိုက်ခိုက်မှုများ ပြုလုပ်

    စက်တင်ဘာ ၂၂၊ ၂၀၂၀
    M-Media

    -တာလီဘန်အဖွဲ့နဲ့ အာဖဂန်အစိုးရတို့ကြား ဆွေးနွေးမှုတွေ စတင်ခဲ့တဲ့ပြီး စက်တင်ဘာ ၁၂ ရက်နေ့နောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လုံခြုံရေးတပ်ဖွဲ့ဝင် ၅၇ ဦး သေဆုံးခဲ့ပါတယ်။

    တနင်္ဂနွေနေ့ညက နိုင်ငံအလယ်ပိုင်း ​အူရူဇ်ဂန်ပြည်နယ်မှာ တာလီဘန်တွေက စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးခဲ့ပါတယ်။ ဘဂ်လန်၊ တက်ဟာရ်၊ ဟဲလ်မန်၊ ကာပီဆာ၊ ဘော့လ်ခ်၊ မိုင်ဒန်ဝါရ်ဒက်၊ ကွန်ဒွဇ် စတဲ့ ပြည်နယ်တွေမှာလည်း တာလီဘန်တွေက အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီး တာရစ် အာရီယန်က နိုင်ငံတစ်ဝှမ်းမှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ သီတင်း ၂ပတ်အတွင်း အရပ်သား ၉၈ ဦး သေဆုံးခဲ့ပြီး၊ ၂၃၀ ဒဏ်ရာရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး တာလီဘန်အဖွဲ့ဝင် ၈၀ လောက်သေဆုံးတယ်လို့လည်း အာဖဂန်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ တာလီဘန်ကတော့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ထုတ်မပြောသေးပါဘူး။

    ကာတာနိုင်ငံ ဒိုဟာမြို့မှာ အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့အကြား ဆွေးနွေးမှုတွေပြုလုပ်လာတာ ၁၀ ရက် ကြာမြင့်ပြီဖြစ်ပေမယ့် ​တိုးတက်မှုအနည်းငယ်သာ ရှိနေပါတယ်။

    Ref: Aljazeera

  • အာဖဂန်အစိုးရနှင့် တာလီဘန်တို့ သမိုင်းဝင်ဆွေးနွေးမှု စတင်

    အာဖဂန်အစိုးရနှင့် တာလီဘန်တို့ သမိုင်းဝင်ဆွေးနွေးမှု စတင်

    စက်တင်ဘာ ၁၃၊ ၂၀၂၀
    M-Media

    ဆွေးနွေးပွဲ တက်ရောက်လာသည့် တာလီဘန်အဖွဲ့

    -နှစ်ပေါင်း ၂၀ နီးပါး ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကို အဆုံးသတ်နိုင်ရေး အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တိုရဲ့ သမိုင်းဝင်ဆွေးနွေးမှုကို မနေ့က ကာတာနိုင်ငံ ဒိုဟာမြို့မှာ စတင်ခဲ့ပါတယ်။

    ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းကို အာဖဂန် အမျိုးသားရင်ကြားစေ့ရေးကောင်စီ ဥက္ကဌ အဘ်ဒူလာ အဘ်ဒူလာ၊ တာလီဘန် ဒုတိယခေါင်းဆောင် မွလ္လာ ဂါနီ ဘရာဒါနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုတို့က ပြောကြားခဲ့ပါတယ်။

    အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ ပထမဆုံး မျက်နှာချင်းဆိုင် ဆွေးနွေးမှုကို လာမယ့် တနင်္လာနေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

    အလ်ဒူလာက မိမိတို့ အတူလက်တွဲပြီး ရိုးရိုးသားသားနဲ့ ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်မယ်ဆိုရင် လက်ရှိ တိုင်းပြည်အဖြစ်ဆိုးနေမှု အဆုံးသတ်သွားလိမ့်မယ်လို့ ပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ အပစ်ရပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    တာလီဘန်ဒုတိယခေါင်းဆောင် ဘရာဒါက မိမိတို့အနေနဲ့ အာဖဂန်ကို လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ခုအဖြစ် မြင်ချင်ကြောင်း၊ အစ္စလာမ့် ရရှီအာစနစ်ကို ကျင့်သုံးဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အနာဂတ်နိုင်ငံရေးစနစ်ကို ပြည်တွင်းအဖွဲ့တွေကသာ ရွေးချယ်ရမှာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အခုအခွင့်အလမ်းကို အသုံးချဖို့ တိုက်တွန်းခဲ့ပါတယ်။

    ​အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား ဆွေးနွေးမှုကို မတ်လကတည်းက ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အကျဉ်းသားလဲလှယ်ရေးကိစ္စမှာ ညှိနှိုင်းလို့မရတာကြောင့် နှောင့်နှေးခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ်မှာတော့ အကျဉ်းသားလဲလှယ်ရေး ပြီးဆုံးခဲ့ပါတယ်။

    အာဖဂန်အစိုးရရဲ့ ညှိနှိုင်းရေးအဖွဲ့မှာ အမျိုးသမီးကိုယ်စားလှယ် ၅ ဦး ပါဝင်ပြီး ဆွေးနွေးပွဲအတွင်း အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကိစ္စတွေကို တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။ အာဖဂန်အစိုးရက ဒီမိုကရက်တစ် နိုင်ငံရေးစနစ်ကို ထောက်ခံပြီး တာလီဘန်ကတော့ တိုင်းပြည်အုပ်ချုပ်ရေးမှာ သူတို့ရဲ့ အစ္စလာမ့်ရှရီအာစနစ်ကို ထည့်သွင်းချင်နေတာ ဖြစ်ပါတယ်။

    ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အာဖဂန်နစ္စတန်ကို အုပ်စိုးမှုအတွင်း တာလီဘန်အဖွဲ့ဟာ ပြင်းထန်တဲ့ ရှရီအာစနစ်ကို ကျင့်သုံးခဲ့ပြီး အဲဒီအထဲမှာ အမျိုးသမီးတွေကို ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့်၊ နိုင်ငံရေးမှာပါဝင်ခွင့် ပိတ်ပင်တာ၊ အမျိုးသားအဖော်မပါဘဲနဲ့ အမျိုးသမီးတွေ အိမ်အပြင်မထွက်ရဆိုတဲ့ အမိန့်မျိုး ထုတ်တာတွေ ပါဝင်ပါတယ်။

    ဒါပေမယ့် အခုအချိန်မှာတော့ အရင်လောက်မတင်းကျပ်တဲ့ ရှရီအာစနစ်မျိုး ကျင့်သုံးဖို့ ရည်ရွယ်ထားတယ်လို့ တာလီဘန်က အရိပ်အမြွက် ထုတ်ဖော်ပြောဆိုထားပါတယ်။

    Ref: Aljazeera

  • တာလီဘန်ကို ဆုကြေးပေး၍ ကန်တပ်ဖွဲ့များကို ရုရှားက သတ်ခိုင်းဟု သတင်းထွက်

    တာလီဘန်ကို ဆုကြေးပေး၍ ကန်တပ်ဖွဲ့များကို ရုရှားက သတ်ခိုင်းဟု သတင်းထွက်

    ဇူလိုင် ၂၊ ၂၀၂၀
    M-Media

    -ရုရှားဟာ အာဖဂန်နစ္စတန်က တာလီဘန်၊ အခြားအစွန်းရောက်အဖွဲ့တွေနဲ့ အချိတ် အဆက်ရှိပြီး တာလီဘန်တွေကို ဆုကြေးပေးကာ အမေရိကန်နဲ့ ယူကေတပ်ဖွဲ့ဝင်ကို သတ်ဖြတ်ခိုင်းတာတွေအထိ ရှိနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တာလီဘန်နဲ့ ရုရှားတို့ ပတ်သက်မှု ရှိနေတယ်လို့ အမေရိကန်ဟာ အရင်ကတည်းက စွပ်စွဲထားတာပါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၀ မေလအထိ အာဖဂန်က အခြေအနေကို ဖော်ပြထားတဲ့ မနေ့က အစီရင်ခံစာမှာတော့ ပိုပြီး အသေးစိတ်ကျကျ ရေးသားထားပါတယ်။

    ဩဇာတိုးမြှင့်ဖို့၊ အမေရိကန်တပ်ဖွဲ့တွေ အမြန်ထွက်သွားဖို့၊ ဒီလိုထွက်သွားပြီးတဲ့နောက်ပိုင်း ကြုံလာရမယ့် လုံခြုံရေးပြဿနာတွေကို ဖြေရှင်းဖို့ ရုရှားအစိုးရဟာ အာဖဂန် ဗဟိုအစိုးရ၊ ဒေသအစိုးရတွေအပြင် တာလီဘန်အဖွဲ့နဲ့ပါ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    ရုရှားကတော့ တာလီဘန်နဲ့ ဆက်သွယ်မှုမရှိဘူးလို့ တရားဝင် ငြင်းထားပါတယ်။

    ရုရှားစစ်ထောက်လှမ်းရေးဌာန GRU ဟာ တာလီဘန်တွေကို ဆုကြေးပေးပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေကို သတ်ခိုင်းခဲ့တယ်လို့ ပင်တဂွန်ရဲ့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပြီး ဒီအချက်ကြောင့် အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းမှာ ထရမ့်အစိုးရကို ဝေဖန်မှုတွေလည်း ရှိလာပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက သူတို့အစိုးရဟာ ဒီကိစ္စကို တိတိကျကျနဲ့ မှန်မှန်ကန်ကန် တုန့်ပြန်ခဲ့တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်နဲ့ တာလီဘန်တို့အကြား အပစ်ရပ်ရေး သဘောတူညီမှုရခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း အာဖဂန်မှာ တိုက်ခိုက်မှုတွေ မြင့်တက်လာတာကို ပင်တဂွန်ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ သဘောတူညီချက်အရ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် တာလီဘန်ကလည်း တိုက်ခိုက်မှုတွေ လျှော့ချကာ နိုင်ငံရေးအဖွဲ့တွေနဲ့ ဆွေးနွေးမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။

    Ref: CNN

  • အာဖဂန်ဗလီတစ်လုံးသို့ သေနတ်သမားများ ဝင်ရောက်ပစ်ခတ် ၇ ဦးသေဆုံး

    အာဖဂန်ဗလီတစ်လုံးသို့ သေနတ်သမားများ ဝင်ရောက်ပစ်ခတ် ၇ ဦးသေဆုံး

    မေ ၂၀၊ ၂၀၂၀
    M-Media

    -အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ပါရ်ဝမ်ပြည်နယ်က ဗလီတစ်လုံးမှာ မနေ့က သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။

    ​ဥပုသ်ထွက်အပြီး ဝတ်ပြုဆု​တောင်းနေချိန်မှာ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုမှာ သေနတ်သမား ဘယ်နှစ်ဦး ပါဝင်လဲဆိုတာကို အတိအကျ မသိရသေးသလို ကျူးလွန်သူတွေကိုလည်း ဖမ်းမမိသေးပါဘူး။

    အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ဒီတိုက်ခိုက်မှုကို တာလီဘန်အဖွဲ့က လုပ်ဆောင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး တာလီဘန်ကတော့ ဒီပြောကြားမှုကို ငြင်းဆိုပါတယ်။

    ​အမေရိကန်စစ်တပ်များ ထွက်သွားရေး၊ အပြန်အလှန်အားဖြင့် တာလီဘန်က တိုက်ခိုက်မှုလျော့ချရေးဆိုတဲ့ သဘောတူညီချက်တစ်ခု အမေရိကန်နဲ့ တာလီဘန်တို့အကြား ရရှိခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နောက်ပိုင်း အာဖဂန်မှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး ဒီအတွက် ကုလသမဂ္ဂက သတိပေးထားပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း ကဘူးလ်မြို့က သားဖွားဆေးရုံတစ်ခုကို သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် မွေးကင်းစ ကလေးငယ်တွေအပါအဝင် ၂၄ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • ရမ်ဇာန်တွင် အပစ်ရပ်ရေး အာဖဂန်အစိုးရ၏ ကမ်းလှမ်းမှုကို တာလီဘန် ပယ်ချ

    ရမ်ဇာန်တွင် အပစ်ရပ်ရေး အာဖဂန်အစိုးရ၏ ကမ်းလှမ်းမှုကို တာလီဘန် ပယ်ချ

    ဧပြီ ၂၅၊ ၂၀၂၀
    M-Media

    -ရမ်ဇာန်ဥပုသ်လမှာ အပစ်ရပ်ရေး အာဖဂန်အစိုးရရဲ့ မေတ္တာရပ်ခံမှုကို တာလီဘန်အဖွဲ့က ပယ်ချလိုက်ပြီး ဒီတောင်းဆိုချက်ဟာ လက်တွေ့မကြဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    ဖေဖော်ဝါရီလက အမေရိကန်နဲ့ တာလီဘန်တို့အကြား သဘောတူညီချက်တစ်ခု ရခဲ့ပြီးတဲ့နောက် ၁၈ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ အာဖဂန်စစ်ပွဲအဆုံးသတ်ရေး မျှော်လင့်ချက် မြင့်တက်လာခဲ့တာပါ။ သဘောတူညီချက်အရ အာဖဂန်က နိုင်ငံခြားတပ်ဖွဲ့တွေ ထွက်သွားရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် တာလီဘန်ကလည်း တိုက်ခိုက်မှုတွေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီသဘောတူညီချက် နောက်ပိုင်းမှာ တာလီဘန်က နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အခုတစ်ပတ်အတွင်းမှာ ပိုမိုအရှိန်မြင့်လာခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကို များသောအားဖြင့် မြို့ငယ်တွေ၊ ကျေးလက်ဒေသတွေမှာ လုပ်ဆောင်တာပါ။ မြို့ကြီးတွေကို မတိုက်ခိုက်ဖို့အတွက် တာလီဘန်ဟာ အမေရိကန်နဲ့ သဘောတူထားပါတယ်။

    သမ္မတ အက်ရှ်ရက်ဖ် ဂါနီက ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှု တားဆီးရေးကို ပိုမို အာရုံစိုက်နိုင်ဖို့အတွက် ရမ်ဇန်ဥပုသ်လအတွင်းမှာ အပစ်ရပ်ဖို့ တာလီဘန်ကိုအဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။

    တာလီဘန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူဟေးလ် ရှာဟင်က အလားအလာရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မှသာ အပစ်ရပ်ရေး ဖြစ်နိုင်မယ်လို့ ကြာသာပတေးနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    တိုက်ခိုက်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဟာ အကျဉ်းသားလဲလှယ်ရေး နှောင့်နှေးနေမှု ဖြစ်တယ်လို့လည်း ရှာဟင်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အာဖဂန်နစ္စတန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ၁၃၀၀ ကျော်ရှိနေပါတယ်။ ဒါပေမယ့် ​အားနည်းတဲ့ကျန်းမာရေးစနစ်ရဲ့ နောက်ဆက်တွဲ စစ်ဆေးနိုင်မှု နည်းတာကြောင့် အမှန်တကယ် ကူးစက်သူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။

    Ref: Aljazeera