News @ M-Media

Tag: Afghanistan

  • တာလီဘန်က လေယာဉ်ပစ်ချခဲ့သည်ဆိုသည့်သတင်း အမေရိကန်ငြင်း

    တာလီဘန်က လေယာဉ်ပစ်ချခဲ့သည်ဆိုသည့်သတင်း အမေရိကန်ငြင်း

    ဇန်နဝါရီ ၂၈၊ ၂၀၂၀
    M-Media

    -အာဖဂန်နစ္စတန်မှာ မနေ့က လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်ဆိုတာကို အမေရိကန်စစ်တပ်က အတည်ပြုခဲ့ပေမယ့် တာလီဘန်က ပစ်ချတယ်ဆိုတဲ့ သတင်းကိုတော့ ငြင်းဆိုခဲ့ပါတယ်။

    အမေရိကန်စစ်လေယာဉ် Bombardier E-11A ဟာ နိုင်ငံအလယ်ပိုင်း ဂဇ်နီပြည်နယ်မှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါသွားသူ ၅ ဦးစလုံး သေဆုံးခဲ့ပါတယ်။ တာလီဘန်အဖွဲ့က လေယာဉ်ပေါ်မှာ အမေရိကန်စစ်တပ်က အဆင့်မြင့်အရာရှိတွေ လိုက်ပါလာပြီး မိမိတို့က ပစ်ချလိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆန်နီ လက်ဂျက်က လေယာဉ်ပျက်ကျတာကို အတည်ပြုခဲ့ပေမယ့် ရန်သူက ပစ်ချလို့ ပျက်ကျတဲ့လက္ခဏာမျိုး မတွေ့ရဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ ပျက်ကျရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း သူက ဆိုပါတယ်။

    ၁၈ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ရေး အမေရိကန်နဲ့ တာလီဘန်တို့ဟာ ပြီးခဲ့တဲ့လအနည်းက ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်ခဲ့ပေမယ့် စက်တင်ဘာနဲ့ ဒီဇင်ဘာလ‌တွေမှာ အာဖဂန်က အမေရိကန်စစ်ဖက်ပစ်မှတ်တွေကို တာလီဘန်က တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂ ကြိမ်လောက် ဆွေးနွေးမှု ပျက်ပြယ်ခဲ့ပါတယ်။ တာလီဘန်ဟာ အမေရိကန်ပစ်မှတ်တွေကို ပြီးခဲ့တဲ့လအနည်းငယ်အတွင်း တိုးမြှင့်တိုက်ခိုက်လာပါတယ်။

    Ref: Aljazeera

  • စစ်ပွဲကြောင့် ကလေးများထိခိုက်မှု ၁၀ နှစ်အတွင်း ၃ ဆမြင့်တက်

    စစ်ပွဲကြောင့် ကလေးများထိခိုက်မှု ၁၀ နှစ်အတွင်း ၃ ဆမြင့်တက်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    ဆီးရီးယားမှ စစ်ဘေးသင့် ကလေးငယ်များ

    -ပဋိပက္ခတွေဖြစ်ပွားရာဒေသတွေမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကလေးငယ်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုဟာ ၃ ဆအထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

    စစ်ပွဲအတွင်း ကလေးငယ်တွေအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ သတ်ဖြတ်တာ၊ ကိုယ်လက်အင်္ဂါ ထိခိုက်စေတာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ ပြန်ပေးဆွဲတာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ငြင်းပယ်တာ၊ တိုက်ပွဲတွေမှာ ပါဝင်ဖို့ လူသစ်စုဆောင်းတာ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်တာတွေ ပါဝင်ပါတယ်။

    ၂၀၁၀ ခုနှစ်နောက်ပိုင်း ကမ္ဘာတစ်ဝှမ်း ကလေးငယ်တွေအပေါ် ချိုးဖောက်မှုအရေအတွက်ဟာ ၁၇၀၀၀၀ ကျော် ရှိလာပြီး တစ်နေ့ကို ချိုးဖောက်မှုပေါင်း ၄၅ ခုကျော် ဖြစ်ပွားနေတာဖြစ်ပါတယ်။

    UNICEF အမှုဆောင်ဒါရိုက်တာ ဟင်နရီယက်တာ ဖိုရီက ကမ္ဘာတစ်ဝှမ်း ပဋိပက္ခတွေဟာ ပိုမိုရှည်ကြာကာ၊ သွေးထွက်သံယိုမှုတွေ ပိုများလာပြီး၊ ကလေးငယ်တွေလည်း ပိုမိုသေကြေလာကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    “စစ်ပွဲမှာ ပါဝင်နေကြတဲ့သူတွေဟာ ‘ကလေးငယ်တွေကို ကာကွယ်ပေးရေး’ ဆိုတဲ့ စစ်ပွဲရဲ့ အခြေခံအကျဆုံး စည်းမျဉ်းကို မလိုက်နာကြတာကြောင့် ကလေးငယ်တွေအပေါ် တိုက်ခိုက်မှုတွေဟာ မြင့်တက်လာပါတယ်”

    ကလေးငယ်တွေအပေါ် အကြမ်းဖက်မှု တော်တော်များများကို သတင်းမရဘူးလို့လည်း UNICEF က ဆိုပါတယ်။

    ၂၀၁၈ ခုနှစ်အတွင်း ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ ကလေးငယ်တွေ တိုက်ခိုက်ခံရမှု အရေအတွက်ဟာ ၂၄၀၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်ကထက် ၃ ဆ မြင့်တက်လာတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှု ထက်ဝက်လောက်မှာ သေဆုံးတာ၊ ကိုယ်လက်အင်္ဂါချို့တဲ့တာတွေ ဖြစ်ပွားခဲ့ပါတယ်။

    စစ်ပွဲကြောင့် ထိခိုက်ပျက်ဆီးမှုဖြစ်ပွားတဲ့ နိုင်ငံအရေအတွက်ဟာ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးကို ရောက်လာတယ်လို့လည်း UNICEF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ဆီးရီးယား၊ ယီမင်နဲ့ အာဖဂန်နစ္စတန်တို့က ကလေးငယ်တွေဟာ အလွန်အမင်း အန္တရာယ်ရှိတဲ့ အနေအထားကို ကြုံတွေ့ခဲ့ရပါတယ်။

    UNICEF ကတော့ စစ်ပွဲတွေမှာ ပါဝင်တဲ့သူတွေ အနေနဲ့ ကလေးငယ်တွေအပေါ် ကျူးလွန်မှုတွေကို ရပ်တန့်ဖို့၊ အရပ်သားတွေရဲ့ အဆောက်အဦးတွေကို ရှောင်ကျဉ်တိုက်ခိုက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • အာဖဂန်စစ်ပွဲရပ်ရေး အမေရိကန်နှင့် တာလီဘန်တို့ ပြန်လည်ဆွေးနွေး

    အာဖဂန်စစ်ပွဲရပ်ရေး အမေရိကန်နှင့် တာလီဘန်တို့ ပြန်လည်ဆွေးနွေး

    ဒီဇင်ဘာ ၈၊ ၂၀၁၉
    M-Media

    -အမေရိကန်နဲ့ တာလီဘန်တို့ဟာ မနေ့က ကာတာနိုင်ငံ မြို့တော်ဒိုဟာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၃ လကြာ ရပ်တန့်နေတဲ့ ဆွေးနွေးမှုကို ပြန်လည်စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    သမ္မတ ဒေါ်နယ်ထရမ့်ဟာ တာလီဘန်နဲ့ ဆွေးနွေးမှုကို စက်တက်ဘာမှာ ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန် ငြိမ်းချမ်းရေးကိုစားလှယ် ဇာလ်မေ ခါလီလ်ဇဒ်နဲ့ တာလီဘန်တာဝန်ရှိသူတို့ရဲ့ မနေ့က ဆွေးနွေးမှုဟာ အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား ဆွေးနွေးမှုတွေ လုပ်ဆောင်ကာ ၁၈ နှစ်တာကြာမြင့်နေပြီဖြစ်တဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး လမ်းပွင့်သွားမယ်လို့ မျှော်လင့်နေကြပါတယ်။

    အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆွေးနွေးမှုမှာ အကြမ်းဖက်မှုလျော့ကျရေးကို အဓိကထားပြီး အာဖဂန်ကနိုင်ငံရေးအဖွဲ့တွေအကြား ဆွေးနွေးနိုင်ရေး၊ အပစ်ရပ်ရေးတွေအထိ ဦးတည်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်အစိုးရဟာ အမေရိကန်ရဲ့ ရုပ်သေးရုပ်ဖြစ်တယ်ဆိုကာ တာလီဘန်က တိုက်ရိုက်ဆွေးနွေးဖို့ ငြင်းဆိုထားတာပါ။ အမေရိကန်ကိုယ်စားလှယ် ခါလီဇဒ်ဟာ တာလီဘန်နဲ့ မနေ့က ဆွေးနွေးမှုမလုပ်ခင် အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီနဲ့ ပြီးခဲ့ရက်ပိုင်းမှာ ဆွေးနွေးခဲ့ပါတယ်။

    ဆွေးနွေးမှုတွေ ပြုလုပ်နေပမယ့် တာလီဘန်ဟာ အဖဂန်နိုင်ငံတစ်ဝှမ်းမှာ နေ့စဉ်ဆိုသလို တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

    Ref: Aljazeera

  • ဘေဂျင်းမှ အာဖဂန်ဆွေးနွေးပွဲ တာလီဘန်တက်မည်

    ဘေဂျင်းမှ အာဖဂန်ဆွေးနွေးပွဲ တာလီဘန်တက်မည်

    အောက်တိုဘာ ၂၃၊ ၂၀၁၉
    M-Media

    -ဘေဂျင်းမှာ ၂ ရက်တာပြုလုပ်မယ့် အာဖဂန်အရေး ဆွေးနွေးညှိနှိုင်းပွဲကို တက်ရောက်ဖို့အတွက် တရုတ်အစိုးရက တာလီဘန်အဖွဲ့ကို ဖိတ်ကြားလိုက်ပါတယ်။

    အောက်တိုဘာ ၂၉၊ ၃၀ မှာ ပြုလုပ်မယ့် အဲဒီဆွေးနွေးပွဲကို အာဖဂန်စစ်ပွဲနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

    တာလီဘန်အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဆူဟေးလ် ရှာဟင်က တာလီဘန်ကို ပူးပေါင်းတည်ထောင်သူ မူလာ အဘ်ဒူလ် ဂါနီ ဘာရာဒါဟာ ဒိုဟာမှာ တရုတ်သံတမန်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ တာလီဘန်ဟာ ဒိုဟာမှာ ရုံးခန်းဖွင့်ထားတာပါ။

    ၁၈ နှစ်ကြာဖြစ်ပွားနေတဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ တာလီဘန်တို့ရဲ့ ဆွေးနွေးမှုဟာ ပြီးခဲ့တဲ့လမှာ ပြိုလဲသွားခဲ့ပြီးတဲ့နောက် အာဖဂန်အရေးမှာ တရုတ်က ကြားဝင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ ရုပ်သေးရုပ်ဖြစ်တယ်လို့ဆိုတာ အာဖဂန်အစိုးရနဲ့ ဆွေးနွေးမှုလုပ်ဖို့ တာလီဘန်က ငြင်းဆိုထားပြီး ဆွေးနွေးမှုမှာ အာဖဂန်အစိုးရတာဝန်ရှိသူတွေက အရပ်သားအဖြစ်သာ တက်ရောက်ခွင့်ရပါတယ်။

    အခု ဘေဂျင်းဆွေးနွေးပွဲမှာလည်း ဒီအချက်ကိုအခြေခံသွားမယ်လို့ ရှာဟင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ သမ္မတ အက်ရှ်ရက်ဖ်ဂါနီ ဦးဆောင်တဲ့ အာဖဂန်အစိုးရက ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

    အာဖဂန်ပြည်တွင်းအုပ်စုတွေ ဆွေးနွေးမှုကို ဖေဖော်ဝါရီလက ရုရှားနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး၊ ဇူလိုင်လက ကာတာမှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာတော့ အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်အဖွဲ့ စုစုပေါင်း ၆၀ လောက် တက်ရောက်ခဲ့ပါတယ်။

    Ref: Aljazeera

  • အာဖဂန်နစ္စတန်ရှိ ဗလီတစ်လုံး ဗုံးခွဲခံရ၊ ၆၂ ဦးသေဆုံး

    အာဖဂန်နစ္စတန်ရှိ ဗလီတစ်လုံး ဗုံးခွဲခံရ၊ ၆၂ ဦးသေဆုံး

    အောက်တိုဘာ ၁၉၊ ၂၀၁၉
    M-Media

    တိုက်ခိုက်မှုပြီးနောက် မြင်ကွင်း

    -အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းက ဗလီဝတ်ကျောင်းတော်တစ်လုံး မနေ့က ဗုံးခွဲတိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး ဝတ်ပြုသူ ၆၂ ဦးသေဆုံးခဲ့ပါတယ်။

    နန်ဂါဟာပြည်နယ် ဟက်စ်ကာမိုင်နာ ခရိုင်က ဗလီတစ်လုံးမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းနေစဉ်အတွင်း ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဗလီတစ်ခုလုံး ပြိုကျပျက်ဆီးခဲ့ပါတယ်။ အသေခံဗုံးခွဲမှုလား၊ အခြားနည်းလမ်းတစ်ခုနဲ့ ဖောက်ခွဲမှုလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ခိုယာနီက စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူကတော့ အနည်းဆုံး ၃၆ ဦး ရှိပါတယ်။

    အာဖဂန်အစိုးရက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး တာလီဘန်နဲ့ သူတို့ရဲ့ အပေါင်းအပါတွေဟာ ဝတ်ပြုဆုတောင်းနေစဉ်အတွင်းမှာတောင် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေကာ ဒါတွေဟာ စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်လဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အာဖဂန်နစ္စတန် အရှေ့ပိုင်းဟာ တာလီဘန်နဲ့ IS အကြမ်းဖက်အဖွဲ့တို့ အဓိကလှုပ်ရှားရာဒေသ ဖြစ်ပါတယ်။

    တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇဗီဟွလ္လာ မူဂျာဟစ်က ဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    အရပ်သားသေဆုံးမှု စံချိန်တင်

    ၂၀၀၁ ခုနှစ်မှာ အမေရိကန်က ကျူးကျော်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စတင်ခဲ့တဲ့ ၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲမှာ အရပ်သားသေဆုံးမှုဟာ အခုနှစ်မှာ စံချိန်တင်ပမာဏအထိ ရောက်ရှိလာတယ်လို့ ကုလက ‌ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အာဖဂန်ဆိုင်ရာ ကိုယ်စားလှယ် တာဒါမီချီ ယာမာမိုတိုက အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်လာတာကိုကြည့်ရင်၊ ပဋိပက္ခမှာ ပါဝင်သူတွေအနေနဲ့ အရပ်သားတွေကို ကာကွယ်ပေးရေး ပိုပြီး အာရုံထား ဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာကို ပြသနေတယ်လို့ ‌ပြောကြားခဲ့ပါတယ်။

    Ref: The Guardian