News @ M-Media
Tag: Arsenal
  • အာဆင်ဝင်းဂါး၏ ဇာတ်သိမ်းခန်း နီးလာပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း ပြော
    အာဆင်ဝင်းဂါး၏ ဇာတ်သိမ်းခန်း နီးလာပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း ပြော
    မတ် ၁၇၊ ၂၀၁၆
    M-Media
    winger 2
    – ချန်ပီယံလိဂ်မှ အာဆင်နယ်အသင်း ထွက်ခွာခဲ့ရပြီးနောက် အာဆင်ဝင်းဂါး၏ ဇာတ်သိမ်းခန်းမှာ နီးကပ်လာပြီဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန် ရွိုက်က ပြောကြားလိုက်သည်။
    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ အိမ်ကွင်းတွင် ဘာစီလိုနာအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်မှာ ယနေ့မနက်က ကစားခဲ့သည့် ဒုတိယအကျော့တွင်လည်း ၃ ဂိုး ၁ ဂိုးဖြင့် ထပ်ရှုံးခဲ့ပြီး FA ဖလားတွင် ၀က်ဖို့ဒ်အား ရှုံးနိမ့်ကာ ထွက်ခဲ့ရပြီးနောက်ပိုင်း တစ်ပတ်အတွင်း အဓိကပြိုင်ပွဲတစ်ခုမှ ထပ်မံ ထွက်ခွာခဲ့ရခြင်းလည်း ဖြစ်သည်။
    “တကယ်လို့များ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ကို မရဘူးဆိုရင် သူ (၀င်းဂါး) ဟာ နွေရာသီနောက်ပိုင်း အသင်းမှာ ဆက်ရှိနေမလားဆိုတာ ကျွန်တော် အသေအချာ မပြောနိုင်ပါဘူး။ အဆင့် ၃၊ အဆင့် ၄ နေရာနဲ့ ဆက်ပြီး ရာသီသိမ်းမယ်ဆိုရင် ဘာဖြစ်မလဲဆိုတာကို ကျွန်တော် မပြောတတ်ပါဘူး။ အထူးသဖြင့် လက်စတာနဲ့ စပါးတို့က အပေါ်ရောက်နေပြီး အာဆင်နယ်က ချန်ပီယံလိဂ်နဲ့ FA က ထွက်ရတဲ့ ဒီလိုအခြေအနေမျိုးမှာပေါ့ဗျာ။ အခုအချိန်မှာ အခြေအနေက ပြောင်းသွားပါပြီ။ သူ့ကို ရှိနေစေချင်တဲ့သူထက် ထွက်သွားစေချင်တဲ့သူက ပိုများနေပါတယ်” ဟု ရွိုက်က ပြောကြားခဲ့သည်။
    သို့သော်လည်း အသင်း၏မအောင်မြင်မှုအတွက် ၀င်းဂါးတစ်ဦးတည်းကိုသာ အပြစ်တင်၍ မရကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref : Goal
  • မိမိမရှိပါက အာဆင်နယ်မှာ ယခုအခြေအနေမျိုးတွင် မရှိနိုင်ဟု အာဆင်ဝင်းဂါးပြော
    မိမိမရှိပါက အာဆင်နယ်မှာ ယခုအခြေအနေမျိုးတွင် မရှိနိုင်ဟု အာဆင်ဝင်းဂါးပြော
    မတ် ၁၆၊ ၂၀၁၆
    M-Media
    winger
    – အာဆင်နယ်အသင်းကို မည်သည့် အကူအညီ၊ မည်သည့်ငွေကြေးထောက်ပံ့မှုမှ မရှိဘဲ တည်ဆောက်လာခဲ့ခြင်းဖြစ်ပြီး မိမိမရှိပါက ယနေ့အခြေအနေသို့ ရောက်ရှိနိုင်မည်မဟုတ်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    တနင်္ဂနွေနေ့က ၀က်ဖို့ဒ်အသင်းအား အိမ်ကွင်း၌ရှုံးနိမ့်ကာ FA ဖလားမှ ထွက်ခွာခဲ့ရပြီးနောက်ပိုင်တွင် ၀င်းဂါးအပေါ် ဖိအားများ မြင့်တက်လာခဲ့ပြီး နှုတ်ထွက်ရန် တောင်းဆိုမှုများလည်း ရှိလာခဲ့သည်။ အာဆင်နယ်မှာ ယနေ့ညတွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် အဝေးကွင်းတွင် ဘာစီလိုနာနှင့် သွာရောက်ကစားရမည်ဖြစ်ပြီး နောက်တစ်ဆင့်တက်ရေးအတွက် အနည်းဆုံး ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိရမည်ဖြစ်သည်။
    “ကျွန်တော်နဲ့ပတ်သက်တဲ့ သတင်းတွေအတွက် ကျွန်တော့်မှာ ဘာသံသယမှ မရှိပါဘူး။ ဒီအသင်းကို အပြင်က ဘယ်လို ရင်းမြစ်မျိုးမှမရှိဘဲ ကြိုးစားပမ်းစားနဲ့ ကျွန်တော် တည်ဆောက်ခဲ့တာပါ။ ကျွန်တော် စရောက်တဲ့အချိန်က အခြေအနေနဲ့ လက်ရှိအခြေအနေကို နှိုင်းယှဉ်ကြည့်ရင် အသင်းဟာ တိုးတက်တယ်ဆိုတာကို တွေ့မြင်ရမှာပါ။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အကူအညီမှ မပါဘဲနဲ့ပေါ့။ ဘယ်သူကမှလည်း တစ်ပြားတစ်ချပ် ထောက်ပံ့ခဲ့တာ မရှိပါဘူး။ အခုအချိန်မှာ ကျွန်တော် စရောက်ကာစထက်ပိုပြီး လှုံ့ဆော်မှုတွေ ရှိနေပါတယ်။ ကျွန်တော့်ကတော့ ဖိအားတွေ၊ တာဝန်တွေက အသင်း ရှေ့ဆက်တိုးတက်စေဖို့အတွက်ပဲဖြစ်တယ်လို့ ခံယူပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Goal
  • နည်းပြထိုင်ခုံလှုပ်နေသည်ဆိုသည့် သတင်းမှာ ဟာသသဇာတ်လမ်းဖြစ်သည်ဟု ၀င်းဂါးပြော
    နည်းပြထိုင်ခုံလှုပ်နေသည်ဆိုသည့် သတင်းမှာ ဟာသသဇာတ်လမ်းဖြစ်သည်ဟု ၀င်းဂါးပြော
    မတ် ၁၄၊ ၂၀၁၆
    M-Media
    winter
    – ၀က်ဖို့ဒ်အား ရှုံးနိမ့်ကာ FA ဖလားမှ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ပေါ်ထွက်လာသည့် ကောလဟာလများအတွက် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဝေဖန်လိုက်ပြီး မိမိ၏နေရာအတွက် မသေမချာဖြစ်နေသည်ဆိုသည့် သတင်းမှာ ဟာသဇာတ်လမ်းတစ်ခုသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အာဆင်နယ်၏ ၃ နှစ်ဆက်တိုက် FA ဖလားဆွတ်ခူးနိုင်မည့် အိပ်မက်မှာ ယမန်နေ့က အီမရိတ်ကွင်းတွင် ကစားခဲ့သည့် ကွာတားဖိုင်နယ်တွင် ၀က်ဖို့ဒ်အား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပျက်ပြယ်သွားခဲ့သည်။ ပရီးမီးယားလိဂ် ပြီးဆုံးရန် ၉ ပွဲအလိုတွင် အာဆင်နယ်မှာ ထိပ်ဆုံးမှ လက်စတာနှင့် ၈ မှတ်ကွာဟနေပြီး၊ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမကျော့တွင် ဘာစီလိုနာအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားသောကြောင့် အာဆင်နယ်မှာ ဖလားလက်မဲ့ရာသီကို ရင်ဆိုင်ရဖွယ် ရှိနေသည်။
    ထို့ကြောင့် ၀င်းဂါးအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
    “ဒါတွေက ဟာသဇာတ်လမ်းတစ်ခုပါပဲ။ ကျွန်တော်တို့ တစ်ပွဲရှုံးခဲ့တယ်။ အဲဒီအတွက် ၀မ်းနည်းမိပြီး နောက်တစ်ပွဲအတွက် အာရုံစိုက်ချင်ပါတယ်။ သမိုင်းမှာလည်း အာဆင်နယ်က ပွဲတွေ ရှုံးခဲ့ဖူးပါတယ်။ အနာဂတ်မှာလည်း ဆက်ရှုံးနေအုံးမှာပါ။ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ ဒါကို ကျော်ဖြတ်ရမှာဖြစ်ပြီး နောက်တစ်ပွဲကို ယုံကြည်မှုအပြည့်နဲ့ ပြင်ဆင်ရမှာပါ။ (ဘာစီလိုနာနဲ့ပွဲမှာ) ကျွန်တော်တို့ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ချင်တယ်။ အင်မတန် တောင့်တင်းတဲ့အသင်းကို ကျွန်တော်တို့ ယှဉ်ရမယ်ဆိုတာ သိပါတယ်။ အာရုံစူးစိုက်မှုရှိပြီး အကောင်းဆုံးတုံ့ပြန်ဖို့ အရေးကြီးပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    အာဆင်နယ်မှာ ယခုတစ်ပတ်အတွင်း ဘာစီလိုနာနှင့် နျူးကမ့်၌ ချန်ပီယံလိဂ် ဒုတိယကျော့ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    Ref: Goal
  • ပရိတ်သတ်များ၏ဆန္ဒကို ဖြည့်ဆည်းပေးရန်မလွယ်ဟု အာဆင်ဝင်းဂါးပြော
    ပရိတ်သတ်များ၏ဆန္ဒကို ဖြည့်ဆည်းပေးရန်မလွယ်ဟု အာဆင်ဝင်းဂါးပြော
    မတ် ၁၃၊ ၂၀၁၆
    M-Media
    arsenal 1
    – အာဆင်နယ်ပရိတ်သတ်များ၏ အတောမသတ်နိုင်သော အောင်မြင်မှု ဆာလောင်စိတ်အား ဖြည့်ဆည်းရန် ခက်ခဲပြီး၊ အသင်း၏ အောင်မြင်မှုများကလည်း မည်သည့်အခါမှ လုံလောက်မည်မဟုတ်ဟု အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အာဆင်နယ်မှာ ပရီးမီးယားလိဂ်၌ တတိယနေရာတွင် ရှိနေကာ၊ ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်းအဆင့်ကို ရောက်ရှိနေသည်။ FA ဖလားတွင်မူ ကွာတားဖိုင်နယ်သို့ ရောက်ရှိနေပြီး ယနေ့တွင် ၀က်ဖို့ဒ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ထို့ကြောင့် FA ဖလားအား ၃ နှစ်ဆက်တိုက် ရရှိရန် အလားအလာကောင်းနေသည်။
    သို့သော်လည်း ပရိတ်သတ်များကမူ အာဆင်နယ်၏ ပြည်တွင်းစွမ်းဆောင်ရည်ကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ အာဆင်ဝင်းဂါးအား အသင်းမှ ထွက်ခွာစေချင်ကြသည်။
    “(ပရိတ်သတ်တွေရဲ့ ဆန္ဒက) ဘယ်တော့မှဖြည့်ဆည်းလို့ လောက်မှာမဟုတ်ပါဘူး။ ဖလားအားလုံးကို မရသမျှ ဒီလိုပဲဖြစ်နေမှာပါ။ ကျွန်တော် ဘာဖလားမှမရတဲ့အခါ – ‘မင်းတို့ FA ဖလားလေးတောင် ရအောင်မယူနိုင်ဘူး’ လို့ ပြောကြပါတယ်။ လူတွေဟာ အမြဲတမ်း ပိုပိုလိုချင်နေကြတာပါ။ ဒါပေမယ့် အာဆင်နယ်သမိုင်းကိုကြည့်ရင် ကျွန်တော်တို့ဟာ အခြားအသင်းတွေထက် ပိုပြီး FA ဖလားကို ရခဲ့တာပါ။ ၁၂ ကြိမ်ရခဲ့ပြီး အဲဒီထဲက ၆ ကြိမ်ဟာ ကျွန်တော်ကိုင်တွယ်တဲ့အချိန်မှာ ရခဲ့တာပါ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိအနေဖြင့် ခေတ်သစ်ဘောလုံးလောက၏ မျှော်လင့်ချက်များကို နားလည်ကြောင်း၊ ပြိုင်ပွဲအားလုံးတွင် အနိုင်ရရန် ဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • မန်ယူမှာ အာဆင်နယ်ကဲ့သို့ အဆင့် ၄ ဖြင့်ကျေနပ်ရသည့် အသင်းမျိုး မဖြစ်သင့်ဟု စခိုးလ်ပြော
    မန်ယူမှာ အာဆင်နယ်ကဲ့သို့ အဆင့် ၄ ဖြင့်ကျေနပ်ရသည့် အသင်းမျိုး မဖြစ်သင့်ဟု စခိုးလ်ပြော
    မတ် ၁၁၊ ၂၀၁၆
    M-Media
    man u
    – မန်ယူအသင်းနေဖြင့် အာဆင်နယ်ကဲ့သို့ နှစ်တိုင်း ချန်ပီယံလိဂ် ၀င်ခွင့်နေရာရယူကာ အောင်ပွဲခံရသည့်အသင်းမျိုး မဖြစ်သင့်ဟု ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ပြောကြားလိုက်သည်။
    ယနေ့မနက် ယူရိုပါလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲ ပထမကျော့အဖြစ် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူမှာ ၂ ဂိုး ပြတ်ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ယူရိုပါလိဂ်မှတစ်ဆင့် လာမည့်နှစ် ချန်ပီယံလိဂ်သို့ ၀င်ရောက်ခွင့်မှာ မသေချာတော့ပေ။ ပရီးမီးယားလိဂ်တွင်လည်း မန်ယူမှာ တစ်ပွဲပိုကစားထားကာ စတုတ္ထနေရာမှ မန်စီးတီးအသင်းနှင့် ၃ မှ တ်အကွာ အဆင့် ၆ နေရာတွင် ရှိနေသည်။
    စခိုးလ်ကမူ မန်ယူအနေဖြင့် ချန်ပီယံလိဂ်ကို ရရှိရန်ရည်ရွယ်ချက် အမြဲတမ်းရှိသင့်သည်ဟု ဆိုသည်။
    “မန်ယူဟာ ရာသီတိုင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ရရှိဖို့အတွက် ယှဉ်ပြိုင်တာမျိုး ဖြစ်သင့်ပါတယ်။ သူတို့ဟာ ပေါင် သန်း ၃၀၀ လောက်သုံးခဲ့ပြီး၊ အဆင့် ၆ နေရာ ရောက်နေပါတယ်။ ချန်ပီယံလိဂ်ကိုလည်း လက်ပြနှုတ်ဆက်ခဲ့ရပြီး ယူရိုပါနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ သူတို့ဟာ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့လို အသင်းမျိုးနဲ့ ယှဉ်ပြိုင်သင့်တာပါ။ နောက်ဆိုရင် အာဆင်နယ်လို အဆင့် ၄ ရရုံ၊ FA ဖလား အနိုင်ရရုံလောက်နဲ့ ကျေနပ်ရမယ့်ပုံစံမျိုး ကျွန်တော် မြင်နေပါတယ်။ အဆင့် ၄ ရလို့ အာဆင်နယ်အသင်းသားတွေ ကွင်းထဲမှာ ခုန်ပေါက်တာမျိုး ခင်ဗျားတို့ မြင်ဖူးကြမှာပါ။ မန်ယူက ဒါမျိုးဖြစ်လို့ မရပါဘူး” ဟု စခိုးလ်က ပြောကြားခဲ့သည်။
    Ref: Goal