News @ M-Media
Tag: Arsenal
  • အာဆင်ဝင်းဂါး၏ စွမ်းဆောင်ရည်ကို ကွန်တီ ချီးကျူး
    အာဆင်ဝင်းဂါး၏ စွမ်းဆောင်ရည်ကို ကွန်တီ ချီးကျူး
    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    winger
    – အာဆင်နယ်၏ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါး၏ နည်းပြဘ၀မှာ အံ့သြလောက်စရာဖြစ်သည်ဟု ချယ်ဆီးနည်းပြ အန်တိုနီယိုကွန်တီက ပြောကြားလိုက်ပြီး အသင်းအား ထိပ်ဆုံးအဆင့်တွင် ရှိနေအောင် ဆောင်ရွက်မှုကိုလည်း ချီးကျူးခဲ့သည်။
    အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နှင့် FA ဖလား ၆ ကြိမ် ရယူပေးထားသည့် အာဆင်ဝင်းဂါးမှာ အောက်တိုဘာ ၁ ရက်နေ့တွင် အာဆင်နယ်အသင်းနှင့် နည်းပြသက်တမ်း နှစ် ၂၀ ပြည့်မည်ဖြစ်သည်။
    ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း အသင်းအား သိသာသည့် အောင်မြင်မှုမျိုး ရရှိအောင် မစွမ်းဆောင်ပေးနိုင်သောကြောင့် ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက အာဆင်ဝင်းဂါးမှာ ‘ကျဆုံးမှု စပါယ်ရှယ်လစ်’ ဟု ဝေဖန်ခဲ့သည်။ သို့သော်လည်း ကွန်တီကမူ ၀င်းဂါးလက်အောက် အသင်း၏ အခြေအနေကို ချီးကျူးရမည်ဟု ဆိုသည်။
    “အာဆင်နယ်မှာ သမိုင်းကြောင်းကောင်းရှိတယ်။ သူတို့ဟာ ထိပ်တန်းအသင်းတစ်သင်းပါ။ ၀င်းဂါးဟာ ကောင်းမွန်အောင် ဆောင်ရွက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းတစ်သင်းမှာ နှစ် ၂၀ လောက်နေနိုင်တာဟာ အံ့သြလောက်စရာပါပဲ” ဟု ပြောကြားခဲ့သည်။
    အာဆင်နယ်နှင့် ချယ်ဆီးတို့မှာ စနေနေ့တွင် တွေ့ဆုံရမည်ဖြစ်ပြီး မိမိတို့နှစ်သင်းစလုံးမှာ ရေကုန်ရေခန်း ကစားသွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
    Ref : Goal
  • ဇာကာမှာ ပီတစ်လက်သစ်ဖြစ်လာမည်ဟု ၀င်းဂါး ဟောကိန်းထုတ်
    ဇာကာမှာ ပီတစ်လက်သစ်ဖြစ်လာမည်ဟု ၀င်းဂါး ဟောကိန်းထုတ်
    သြဂုတ် ၂၉၊ ၂၀၁၆
    M-Media
    zhaka
    – အသင်းနှင့် ပထမဆုံးကစားရသည့်ပွဲများတွင် ခြေစွမ်းကောင်းများ ပြသခဲ့သည့် ဂရာနစ် ဇာကာမှာ အာဆင်နယ်အသင်း၏ ဂန္တ၀င်ကစားသမား ပီတစ်လက်သစ် ဖြစ်လာမည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    နွေရာသီအပြောင်းအရွှေ့က ခေါ်ယူခဲ့သည့် ဆွစ်ဇာလန်လက်ရွေးစင်ကစားသမား ဇာကာမှာ လက်စတာ၊ ၀က်ဖို့ဒ်အသင်းတို့နှင့်ပွဲစဉ်တွင် ပါဝင်ခဲ့ပြီး အထင်ကြီးလောက်စရာ ခြေစွမ်းများကို ပြသနိုင်ခဲ့သည်။ ၀င်းဂါးကမူ ဇာကာ၏ ကစားပုံမှာ ၁၉၉၇-၉၈ ဘောလုံးရာသီတွင် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ် ဖလားရရှိခဲ့သူ ပီတစ်နှင့် တူသည်ဟု ဆိုသည်။
    “သူ (ဇာကာ) ကို ဘောလုံးကို သဘာဝအတိုင်း ကစားသူပါ။ သူကစားတဲ့ပုံစံက ပီတစ်ကစားတဲ့ပုံစံနဲ့ ဆင်ပါတယ်။ ဘောလုံးကိုင်ထားရတာကို ကြိုက်တယ်၊ အဝေးဘောကောင်းတယ်။ နောက်တန်းအလယ်လူအဖြစ်လည်း သုံးလို့လည်းရတယ်။ သူဟာ အတို၊ အရှည်ရော ပေါင်းပြီးကစားတာပါ။ အလယ်တန်းမှာ တစ်ခါတစ်ရံ နောက်တန်းဆင်းကစားဖို့အတွက်လည်း အရေးကြီးပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် ဇာကာမှာ ကြံ့ခိုင်ပြီး၊ ခန္ဓာကိုယ်တည်ဆောက်ပုံကောင်းကြောင်း၊ အမြင့်ဘောနိုင်ကာ ပွဲအခြေအနေကိုလည်း အကောင်းဆုံးအကဲခတ်နိုင်ကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    Ref : Goal
  • အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်ရောက်မည်ဟု ၀င်းဂါး အတည်ပြု
    အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်ရောက်မည်ဟု ၀င်းဂါး အတည်ပြု
    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media
    winger
    – အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် မိမိတို့အသင်း ကစားသမားသစ် ၀ယ်ယူရန်မှာ ၉၉ ရာခိုင်နှုန်း သေချာသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    လက်ရှိတွင် အာဆင်နယ်မှာ ဗလင်စီယာနောက်ခံလူ ဆခိုဒရန် မွတ်စ်တာဖီနှင့် ဒီပို့တီဗို တိုက်စစ်မှူး လူးကက်စ် ပီရက်ဇ်တို့ကို စုစုပေါင်း ပေါင် သန်း ၅၀ ဖြင့် ၀ယ်ယူရန် သဘောတူညီခဲ့ပြီး ၎င်းတို့နှစ်ဦးမှာလည်း လန်ဒန်သို့ ဆေးစစ်မှုခံယူရန် လာရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
    အာဆင်နယ်မှာ ယခင်က ထိုကဲ့သို့ သတင်းများထွက်ပေါ်သော်လည်း အမှန်တကယ် ခေါ်ယူနိုင်ခြင်းမရှိသောကြောင့် ယခုတစ်ကြိမ်တွင်လည်း ကောလဟာလသာ ဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေသည်။ သို့သော် ၀င်းဂါးကမူ အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်ရောက်မည်ဟု အတည်ပြုခဲ့သည်။
    “သဘောတူညီချက်အတွက် လုပ်ဆောင်နေပြီး ဒီနေ့ကြေငြာရလောက်အောင်တော့ မသေချာသေးပါဘူး။ အပြောင်းအရွှေ့ကာလ မကုန်ခင် တစ်ယောက်ယောက်တော့ ကျွန်တော်တို့ ခေါ်သွားမှာပါ။ ဒါကတော့ ၉၉ ရာခိုင်နှုန်း သေချာပါတယ်” ဟု ၀င်းဂါးက ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် ၀င်းဂါးက အပြောင်းအရွှေ့ဈေးကွက်ကို ပို၍ လွယ်ကူမည်ဟု ထင်မှတ်ထားသော်လည်း အမှန်တကယ်တွင် ပို၍ခက်ခဲလာကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • ကိုဆိုဗိုအတွက် ကစားပေးရန် ဇာကာကို အာဆင်နယ်ပရိတ်သတ်များ တိုက်တွန်း
    ကိုဆိုဗိုအတွက် ကစားပေးရန် ဇာကာကို အာဆင်နယ်ပရိတ်သတ်များ တိုက်တွန်း
    သြဂုတ် ၁၈၊ ၂၀၁၆
    M-Media
    xhaka
    – မကြာသေးမီက ကမ္ဘာဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်လာသည့် ကိုဆိုဗိုနိုင်ငံ၏ လက်ရွေးစင်အသင်းအတွက် ၀င်ရောက်ကစားရန် ကိုဆိုဗိုရှိ အာဆင်နယ်ပရိသတ်များက အာဆင်နယ်တိုက်စစ်မှူး ဇာကာအား စာရေး တိုက်တွန်းခဲ့သည်ဟု သိရသည်။
    ဖီဖာမှာ မေလအတွင်းက အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့သောကြာင့် ကိုဆိုဗိုမှာ လက်ရှိတွင် ၂၀၁၈ ကမ္ဘာဖလားပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။
    ကိုဆိုဗိုနွယ်ဖွား ကစားသမားများမှာလည်း ပရီးမီးယားလိဂ်တွင် အများအပြားရှိနေပြီး လက်ရွေးစင်အသင်းနည်းပြ အလ်ဘာ့တ် ဘွန်ဂျာကူကမူ ဇာကာ၊ ရှာကီရီ(စတုတ်)၊ ဘရာမီ (၀က်ဖို့ဒ်) ၊ တာရာရှဂ်ျ (အဲဗာတန်)နှင့် ဘလ်ဂျီယံအသင်းအတွက် ကစားမည်ဟု သတင်းထွက်နေသည့် မန်ချက်စတာယူနိုက်တက်အသင်းမှ အဒ်နန် ယာနူဇေးတို့ အပါအ၀င် ကိုဆိုဗိုကစားသမားများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
    နယ်သာလန်ကလပ် Vitesse တွင် ကစားနေသည့် တောင်ပံကစားသမား မီလို့တ် ရာရှီကာမှာ မကြာသေးမီက ကိုဆိုဗိုအသင်းတွင်ကစားရန်အတွက် အလ်ဘေးနီးယားလက်ရွေးစင်အသင်းမှ နှုတ်ထွက်ခဲ့သည်။ မန်စီးတီးအသင်း၏ လူငယ်ခြေတက်ကစားသမားများဖြစ်သည့် ဘာရ်ဆန့် စီလီနာနှင့် စီနန် ဘေတေဂျီတို့ကလည်း ကိုဆိုဗိုအတွက် ကစားရန် ရွေးချယ်ခဲ့သည်။
    အာဆင်နယ်အသင်းပရိတ်သတ်များက ဇာကာအား လိပ်မူသည့် စာတွင် နှစ်ပေါင်း ၃၀ ခန့် လစ်လျူရှုခံခဲ့ရသည့် ကိုဆိုဗိုမှာ စိန်ခေါ်မှု အများအပြားကို ကျော်ဖြတ်ခဲ့ရကာ၊ ကျူးကျော်သိမ်းပိုက်မှု ဗိုလ်ကျစိုးမိုးမှုတို့ကိုလည်း ရင်ဆိုင်ခဲ့ရကြောင်း၊ နိုင်ငံသားအချို့မှာ နိုင်ငံရပ်ခြားသို့ သွားရောက်အခြေချကာ ၎င်းတို့၏ကလေးငယ်များကို ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖြစ် ပြုစုပျိုးထောင်ပေးနိုင်ခဲ့သော်လည်း နိုင်ငံအတွင်း ကျန်ရစ်နေသူများမှာ ထိုကဲ့သို့ အခွင့်အလမ်းများ မရရှိကြောင်း၊ ဆွစ်ဇာလန်နိုင်ငံမှာ ဂရာနစ်ဇာကာကဲ့သို့ ကစားသမားမျိုးကို ပျိုးထောင်ပေးခဲ့သည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူးတင်ပြီး လက်ရှိတွင် ကိုဆိုဗိုမှာ ဇာကာကို လိုအပ်ကြောင်း ရေးထားသည်။
    “ကိုဆိုဗိုအတွက် ကစားရင် ဆွစ်ဇာလန်အသင်းအတွက် ကစားသလောက် ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါထက်ပို တန်ဖိုးရှိပြီး အရေးပါတဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ရရှိမှာပါ။ ကိုဆိုဗိုအတွက် ကစားမယ်လို့ ပြောလိုက်စမ်းပါ ဇာကာ!” ဟု ထိုစာတွင် နိဂုံးချုပ် တိုက်တွန်းခဲ့သည်။
    Ref: Goal
  • ဇာခါက အသင်းကို တောင့်တင်းစေသည်ဟု ၀င်းဂါးပြော
    ဇာခါက အသင်းကို တောင့်တင်းစေသည်ဟု ၀င်းဂါးပြော
    ဇူလိုင် ၂၂၊ ၂၀၁၆
    M-Media
    zakha
    – အသစ်ခေါ်ယူထားသည့် ဆွစ်ကွင်းလယ်လူ ဂရာနစ် ဇာခါမှာ အသင်းအတွက် ကြီးမားသည့်အထောက်အကူ ဖြစ်မည်ဖြစ်ပြီး ခြေစွမ်းကောင်းများကို ပို၍ မြင်ရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ယူရို ၂၀၁၆ တွင် ဆွစ်ဇာလန်အသင်းနှင့်အတူ ခြေစွမ်းပြခဲ့သည့် ဇာခါမှာ အာဆင်နယ်သို့ရောက်ရှိမည်ဟု မေလကတည်းက သတင်းများ ထွက်ပေါ်နေခဲ့သူဖြစ်သည်။ ဖလာမီနီ၊ ရိုစစ္စကီးနှင့် အာတီတာတို့ ထွက်သွားပြီးနောက် အားနည်းနေသည့် အာဆင်နယ်ကွင်းလယ်မှာ ဇာခါရောက်လာမှုကြောင့် အသက်ရှုချောင်သွားခဲ့သည်။
    “ကွင်းလယ်မှာ အထိုင်ကစားမှုနဲ့အတူ သူ့ရဲ့ ဘောလုံးပေးပို့မှုစွမ်းရည်က ကောင်းမွန်တယ်။ လုပ်အားနှုန်းနဲ့ အမြင့်ဘောကစားရာမှာလည်း သူက ကောင်းပါတယ်။ လူငယ်တစ်ဦးဖြစ်ပြီး ၂၃ နှစ်သာ ရှိပါသေးတယ်။ သူ့ဆီက ခြေစွမ်းကောင်းတွေ တော်တော်များများ တွေ့ရဖို့ ရှိပါတယ်။ ကျွန်တော်တို့ အလယ်တန်းကစားသမား ၃ ဦး ဆုံးရှုံးခဲ့တယ်။ အခုတော့ တော်တော်လေး တောင့်တင်းသွားပါပြီ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref : Goal