News @ M-Media

Tag: Australia

  • ၾသစေတးလ် တက္ကသိုလ်ကျောင်းသား ထက်ဝက်ခန့် လိင်ကျူးလွန်မှုကို ခံနေရ

    သြစတေးလျ တက္ကသိုလ်ကျောင်းသား ထက်ဝက်ခန့် လိင်ကျူးလွန်မှုကို ခံနေရ

    သြဂုတ် ၁၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံရှိ တက္ကသိုလ်ကျောင်းသားများ၏ ထက်ဝက်ကျော်မှာ ၂၀၁၆ ခုနှစ်အတွင်း အနည်းဆုံး ၁ ကြိမ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အရှက်ရစေမှုကို ကြုံတွေ့ခဲ့ရသည်ဟု သြစတေးလျ လူ့အခွင့်အရေးကော်မရှင်က ပြုလုပ်သည့် စစ်တမ်းကောက်ယူမှုအရ သိရသည်။

    ၂၀၁၅ သို့မဟုတ် ၂၀၁၆ ခုနှစ်တွင် ကျောင်းသားများ၏ ၇ ရာခိုင်နှုန်းနီးပါးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီး တက္ကသိုလ်များတွင် အမျိုးသမီးများမှာ အမျိုးသမီးများထက် စော်ကားခံရမှုပိုမိုများပြားသည်ဟု ကော်မရှင်က ဆိုသည်။ အဆိုပါ စစ်တမ်းကောက်ယူမှုမှာ သြစတေးလျတွင် အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး စစ်တမ်းကောက်ယူမှုလည်း ဖြစ်သည်။

    လိင်အခြေပြု ခွဲခြားမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး ကိသ် ဂျန်ကင်က ယခု အစီရင်ခံစမှာ တက္ကသိုလ်ကျောင်းသားဘ၀တွင် စိတ်အနှောက်ဖြစ်စရာကောင်းသည့် အနေအထားကို ပြသနေခြင်းဖြစ်သည်ဟု ဆိုသည်။

    တက္ကသိုလ်ကျောင်းပေါင်း ၃၉ ကျောင်းမှ ကျောင်းသား ၃၁၀၀၀ ကို လေ့လာခဲ့ပြီးနောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အရှက်ရေစမှုများမှာ တက္ကသိုလ်တိုင်းတွင် နည်းလမ်း တစ်မျိုးမဟုတ် တစ်မျိုးဖြင့် ဖြစ်ပျက်နေသည်ကို တွေ့ခဲ့ရသည်။

    လေ့လာမှုတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို တစ်ဦးတစ်ယောက်မှာ ၎င်း၏ ဆန္ဒအတိုင်းမဟုတ်ဘဲ အဓမ္မဖြစ်စေ၊ လှည့်ဖြား၍ဖြစ်စေ ခြိမ်းခြောက်၍ ဖြစ်စေ လိင်မှုပြုရခြင်း၊ ဆန္ဒမရှိတော့သည့်အချိန်တွင် လိင်မှုပြုရခြင်းဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

    လိင်ပိုင်းဆိုင်ရာ အရှက်ရစေခြင်းဆိုသည်ကို နှုတ်ဖြင့် မသင့်လျော်သည့် စကားမျိုး ပြောဆိုခြင်း၊ ထေ့ငေါ့ခြင်းတို့ ဖြစ်သည်။

    လေ့လာမှုအရ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူများ၏ ၅၁ ရာခိုင်နှုန်း၊ လိင်ပိုင်းဆိုင်ရှာ အရှက်ရစေသူများ၏ ၄၅ ရာခိုင်နှုန်းမှာ ၎င်းတို့အား ကျူးလွန်သူများမှ အချို့ကို သိရှိကြသည်။ လိင်တူချစ်သူများကမူ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရဖွယ်အရှိဆုံး သူများဖြစ်သည်ကိုလည်း လေ့လာမှုတွင် တွေ့ခဲ့ရသည်။ ကျူးလွန်သူအများစုမှာ အ
    မျိုးသားများဖြစ်သည်။

    Ref: BBC

  • လေယာဉ်ဖောက်ခွဲရန် ကြံစည်မှုတစ်ခုကို သြစတေးလျ ဖော်ထုတ်

    လေယာဉ်ဖောက်ခွဲရန် ကြံစည်မှုတစ်ခုကို သြစတေးလျ ဖော်ထုတ်

    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media

    – လက်လုပ်ဖောက်ခွဲရေးပစ္စည်းဖြင့် လေယာဉ်တစ်စင်းကို ဖျက်ချရန် ဆောင်ရွက်မည့် အကြမ်းဖက်ရန် ကြံစည်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု သြစတေးလျ အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။

    ယမန်နေ့က ဆစ်ဒနီတွင် ပြုလုပ်ခဲ့သည့် စီးနင်းမှုများအတွင်း ထိုကိစ္စနှင့်ပတ်သက်၍ လူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၀န်ကြီးချုပ် မဲလ်ကွန် တန်ဘူးလ်က အဆိုပါကြံစည်မှုမှာ တစ်ဦးတည်းထက် လူအများ ပူးပေါင်းကြံစည်ပုံရပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်တွင်းနှင့် နိုင်ငံတကာလေဆိပ်များကို လုံခြုံရေး တိုးမြှင့်ချထားလိုက်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုကြံစည်မှုမှာ ပြည်တွင်း သို့မဟုတ် နိုင်ငံတကာလေကြောင်းလိုင်း စသဖြင့် မည်သည့်လေကြောင်းခရီးစဉ်အား ပစ်မှတ်ထားသည်လားဆိုသည်ကို အာဏာပိုင်များက ပြောကြားခဲ့ခြင်းမရှိဘဲ Daily Telegraph သတင်းစာက ပြည်တွင်းလေကြောင်းလိုင်း ဖြစ်သည်ဟု ဆိုသည်။

    ၾသစေတ်းလ် ပြည်ထောင်စု ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး အန်ဒရူး ကိုလ်ဗင်က အဆိုပါ ကြံစည်မှုမှာ ‘အစ္စလာမ့်မစ်များကို အားကျသော’ ကြံစည်မှုဖြစ်ကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများထဲမှ ခိုင်မာသည့် သတင်းအချက်အလက်များကို ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး ဖမ်းဆီးခံထားရသူများမှာ စောင့်ကြည့်စာရင်းတွင် ပါဝင်လားဆိုသည်ကို ပြောဆိုခဲ့ခြင်းမရှိချေ။

    ABC သတင်းဌာနက စနေနေ့တွင် ပြုလုပ်ခဲ့သော စီးနင်းဖမ်းဆီးမှုအတွင်း လက်လုပ်ဗုံးတစ်ခု ပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် ပစ္စည်းမျာကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့မှာ အဆိုပါဗုံးကို လေယာဉ်ပေါ်သို့ ခိုးသယ်ပြီး ဖောက်ခွဲရန် ကြံစည်နေသည်ဟု အာဏာပိုင်များက ယုံကြည်နေကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: CNA

     

  • လိင်စွဲချက်များကို ရင်ဆိုင်ရန် ဗာတီကန်မှ တတိယအကြီးဆုံးဘုန်းကြီး သြဇီသို့ ရောက်ရှိ

    လိင်စွဲချက်များကို ရင်ဆိုင်ရန် ဗာတီကန်မှ တတိယအကြီးဆုံးဘုန်းကြီး သြဇီသို့ ရောက်ရှိ

    ဇူလိုင် ၁၀၊ ၂၀၁၇
    M-Media

    – သြစတေးလျအစိုးရက လိင်ပိုင်းဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆိုထားမှုကို ရင်ဆိုင်ရန်အတွက် ဗာတီကန်မှ ထိပ်တန်းကာဒီနယ် ဂျော့ဂ်ျ ပဲလ်မှာ သြစတေးလျသို့ ယနေ့မနက်ပိုင်းတွင် ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    ပုပ်ရဟန်းမင်းကြီး၏ ထိပ်တန်းအကြံပေး အက် ၇၆ နှစ်အရွယ် ကာဒီနယ်ပဲလ်မှာ ဆစ်ဒနီလေဆိပ်သို့ ရောက်ရှိလာပြီးနောက် ဓာတ်ပုံရိုက်ခဲ့သော်လည်း မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။

    ဗစ်တိုးရီးယား ရဲတပ်ဖွဲ့က ကာဒီနယ်မှာ ယခင်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ပြုလုပ်ခဲ့သည်ဆိုသည့် တိုင်ကြားမှုများအပြား ရရှိခဲ့သည်ဟု ပြောကြားထားပြီး၊ ကာဒီနယ်ပဲလ်က ထိုစွဲဆိုချက်များအား ငြင်းဆိုခဲ့သည်။ အမှုရင်ဆိုင်ရန်အတွက် ဗာတီကန်က ကာဒီနယ်ပဲလ်အား ခွင့်ပေးခဲ့သည်။

    ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကာဒီနယ်က မိမိအနေဖြင့် စွပ်စွဲချက်များကို တရားရုံး၌ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ ထိုစွပ်စွဲချက်များမှာ အမှားများဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုဆိုသည်ကို စက်ဆုပ်ဖွယ်ရာကောင်းသည့်လုပ်ရပ်အဖြစ် မိမိက ယူဆထားကြောင်း ပြောကြားခဲ့သည်။

    ၎င်းမှာ ဗာတီကန်တွင် တတိယအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

    Ref: BBC

  • သြဇီဌာနေတိုင်းရင်းသားများကို ဥရောပသားများက အပြုံလိုက်သတ်ခဲ့သည့် မြေပုံတစ်ခု ထွက်ပေါ်

    သြဇီဌာနေတိုင်းရင်းသားများကို ဥရောပသားများက အပြုံလိုက်သတ်ခဲ့သည့် မြေပုံတစ်ခု ထွက်ပေါ်

    ဇူလိုင် ၅၊ ၂၀၁၇
    M-Media

    – သြစတေးလျရှိ ဌာနေတိုင်းရင်းသားများကို ဥရောပမှ လာရောက်အခြေချသူများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် နေရာများကို အပြည့်စုံဆုံး ဖော်ပြထားသည့် မြေပုံတစ်ခုကို သုတေသနပညာရှင်များက ဖန်တီးထုတ်ပြန်လိုက်သည်။

    အွန်လိုင်းအခြေပြုဖြစ်သည့် အဆိုပါမြေပုံမှာ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဒေသများကို အထူးပြုထားပြီး ဌာနေတိုင်းရင်းသားများ အစုလိုက်အပြုံလိုက် အသတ်ခံရသည့် နေရာပေါင်း ၁၅၀ ကျော်ကို ဖော်ပြထားသည်။

    ၁၇၈၈ ခုနှစ် ဗြိတိသျှက သြစတေးလျတိုက်တွင် အခြေချခဲ့ပြီးနောက် သတ်ဖြတ်ခြင်း ခံခဲ့ရသည့် ဌာနေတိုင်းရင်းသားအရေအတွက်နှင့်ပတ်သက်၍ ငြင်းခုံမှုများရှိပြီး သမိုင်းပညာရှင်အများစုက သိန်းနှင့်ချီ၍ရှိသည်ဟု ခန့်မှန်းတွက်ချက်ထားကြသည်။

    သုတေသနပညာရှင်များကမူ အဆိုပါမြေပုံမှာ အသိပညာပေးရေးနှင့် အထိမ်းအမှတ်ကျောက်တိုင်များ တည်ဆောက်ရေးအတွက် အကူအညီဖြစ်မည်ဟု မျှော်လင့်နေသည်။

    အဆိုပါ မြေပုံဖန်တီးရေး စီမံကိန်း၌ နေရာတစ်ခုတွင် ဌာနေတိုင်းရင်းသား အရေအတွက် မည်မျှ အသတ်ခံရသည်၊ မည်သည့်လက်နက်ကို အသုံးပြုခဲ့သည်၊ မည်သူက တာဝန်ရှိသည်ဆိုသည့် အသေးစိတ်အချက်အလက် မှတ်တမ်းတင်မှုလည်း ပါဝင်သည်။

    အချက်အလက်များကို ၄ နှစ်တွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး၊ ကိုးကားသည့် ရင်းမြစ်များတွင် အခြေချနေထိုင်ကြသူများ၏ ကိုယ်ရေးမှတ်တမ်းများ၊ သတင်းစာများ၊ တရားရုံးမှတ်တမ်းများနှင့် ပေးစာများ ပါဝင်သည်။

    “သြစတေးလျပြည်သူ တော်တော်များများအတွက် ဒီလိုအချက်အလက်မျိုးဟာ တုန်လှုပ်စရာ ကောင်းမှာပါ။ ကျွန်မတိုရဲ့ဘိုးဘေးတွေဟာ တော်တော်လေးဆိုးဆိုးရွားရွား အပြုအမူမျိုးမှာ ပါဝင်ခဲ့ကြပါတယ်” ဟု စီမံကိန်းကို ဦးစီးဆောင်ရွက်သူ ပရော်ဖက်ဆာ လင်ဒဲလ် ရိုင်ယန်က ပြောကြားခဲ့သည်။

    ၁၇၈၈ ခုနှစ်မှ ၁၈၇၂ ခုနှစ်အတွင်း သြစတေးလျရှိ ဌာနေတိုင်းရင်းသားတိုင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး၊ ကိုလိုနီများက ထိုကာလအတွင်း သတ်ဖြတ်မှု ၆ ခုသာ ဖြစ်ခဲ့သည်ဟု မှတ်တမ်းတင်ထားသည်။

    အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဆိုသည်မှာ ခုခံကာကွယ်နိုင်စွမ်းမရှိသည့် သူများကို ၆ ဦးထက်ပို၍ တမင် ရည်ရွယ်သတ်ဖြတ်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

    သြစတေးလျရှိ နယူးကာဆယ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ရိုင်ယန်က သတ်ဖြတ်မှုတော်တော်များများတွင် လူ ၆၀ ကျော်စီ ရှိကြပြီး၊ ဗစ်တိုးရီးယားပြည်နယ် ဂစ်ပ်လန်းဒေသ၌ သတ်ဖြတ်မှုတစ်ခုတွင် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။

    နိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ထိုကဲ့သို့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို လာမည့် ၂ နှစ်အတွင်း မှတ်တမ်းတင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ထိုအဖြစ်အပျက်များကို သြစတေးလျတစ်ဝှမ်း အသိအမှတ်ပြု အလေးထားရန် မျှော်လင့်ကြောင်းလည်း သူမက ထည့်သွင်းပြောဆိုခဲ့သည်။

    နိုင်ငံအရှေ့ဘက်ကမ်းရိုးတမ်းတွင် သြဇီဌာနေတိုင်းရင်းသားများကို ဥရောပသားများက သတ်ဖြတ်သည့်နေရာပြ မြေပုံ

     

    Ref : BBC

  • ပုပ်ရဟန်းမင်းကြီး၏ အကြံပေး ကာဒီနယ်တစ်ဦး လိင်ကျူးလွန်မှုဖြင့် တရားစွဲခံရ

    ပုပ်ရဟန်းမင်းကြီး၏ အကြံပေး ကာဒီနယ်တစ်ဦး လိင်ကျူးလွန်မှုဖြင့် တရားစွဲခံရ

    ဇွန် ၂၉၊ ၂၀၁၇
    M-Media

    လိင်စော်ကားမှုဖြင့် တရားစွဲခံရသည့် ကာဒီနယ် ဂျော့ဂ်ျ ပဲလ်

    – ပုန်ရဟန်းမင်းကြီး ဖရန်စစ်၏ ဘဏ္ဍာရေးဆိုင်ရာ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ ကာဒီနယ် ဂျော့ဂ်ျ ပဲလ်ကို သြစတေးလျ ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက်များဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ကာဒီနယ် ဂျော့ဂ်ျပဲလ်မှာ သြစလေးလျ ခရစ်ယာန် ကက်သလစ်အသင်းတော်တွင် ထိပ်တန်း ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပြီး၊ ကက်သလစ်အတော်အတွင်း ကာလရှည်ဖြစ်ပွားနေသည့် လိင်ပိုင်းဆိုင်ရာ ပြဿနာကြောင့် တရားစွဲဆိုခံရသူများတွင် ဗာတီကန်မှ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်လည်းဖြစ်သည်။

    ဗစ်တိုးရီးယား ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ကော်မရှင်နာမင်းကြီး ရှိန်း ပတ္တန်က ရဲတပ်ဖွဲအနေဖြင့် ကာဒီနယ် ပဲလ်ကို တရားရုံးသို့ လာရောက်ကာ ‘သက်တမ်းတစ်လျှောက် ပြုလုပ်ခဲ့သည့် လိင်ကျူးလွန်မှုများ’ အတွက် စွဲချက်များကို ရင်ဆိုင်ရန် ဆင့်ခေါ်ထားသည်ဟု ပြောကြားခဲ့သည်။

    ပတ္တန်၏ ပြောကြားမှုအရ ကာဒီနယ်မှာ လိင်ကျူးလွန်မှုများကို အချိန်အတော်ကြာကတည်းက ဆောင်ရွက်ခဲ့သည်ဟု သဘောသက်ရောက်နေသည်။

    ထို့ပြင် အသက် ၇၆ နှစ်အရွယ် ဘုန်းတော်ကြီးမှာ ဇူလိုင်လ ၁၈ ရက်နေ့ ကြားနာမှုအတွက် မဲလ်ဘုန်းတရားရုံးကို လာရောက်ရမည်ဟုလည်း ပတ္တန်က ထည့်သွင်းပြောဆိုခဲ့သည်။

    အဆိုပါ စွဲချက်များကို ပဲလ်က လုံးဝလက်မခံဟု သြစတေးလျ ခရစ်ယာန်ကက်သလစ်အသင်းတော်က သတင်းထုတ်ပြန်ခဲ့သည်။

    “ခရီးသွားမယ့်ကိစ္စ စီစဉ်စရာတွေအတွက် သူ့ရဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက်၊ ခွင့်ပြုချက်တွေကို ရယူပြီးရင်ကာဒီနယ်ပဲလ်ဟာ သြစတေးလျကို အမြန်ဆုံး ပြန်လာပြီး သူရဲ့နာမည်ကို အဖတ်ဆယ်သွားမှာပါ။ တရားရုံးနေ့ရက်တွေအတွက် ပြင်ဆင်နေပြီး စွဲဆိုချက်တွေကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ်လို့ သူက ပြောကြာထားပါတယ်” ဟု ဆစ်ဒနီ ကက်သလစ်ဘုန်းတော်ကြီးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ကာဒီနယ်ပဲလ်အပေါ် စွဲဆိုထားသည့် စွပ်စွဲချက်များကို မည်သည့် တရားရုံးကိုမှ မတင်ရသေးကြောင်း၊ ကာဒီနယ်ပဲလ်အနေဖြင့် အခြားသော စွပ်စွဲခံရသူများနည်းတူ ခုခံချေပပိုင်ခွင့် ရှိနေကြောင်း ကြေငြာချက်က ဆိုသည်။

    အသင်းတော်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို လုံးဝ သည်းမခံဟု ပုပ်ရဟန်းမင်းကြီး၏ ကတိနှင့်ပတ်သက်၍ သံသယမကင်းမှုများ ရှိနေသည့်အချိန်တွင် ယခုစွဲချက်များက ပုန်ရဟန်းမင်းကြီး ဖရန်စစ်အတွက် ထိုးနှက်မှုတစ်ခုလည်း ဖြစ်သည်။

    မဲလ်ဘုန်းနှင့် ဆစ်ဒနီတို့၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အချိန်တွင် ပဲလ်မှာ ကက်သလစ်ဘုန်းကြီးများ၏ လိင်စော်ကားမှုများကို မှန်မှန်ကန်ကန် ကိုင်တွယ်မှု မရှိဟူသည့် စွပ်စွဲချက်များလည်း ယခင်က ရှိခဲ့သည်။

    ဘုန်းကြီးများက ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ခရစ်ယာန် ကက်သလစ်အသင်းတော်နှင့် အခြားသော ခရစ်ယာန်အသင်းအဖွဲ့များက မည်ကဲ့သို့ တုန့်ပြန်သည်ဆိုသည်နှင့် ပတ်သက်၍ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သြတေးလျအစိုးရက ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

    ပြီးခဲ့သည့်နှစ် စုံစမ်းရေးကော်မရှင်၏ ကြားနာမှုအတွင်း ပဲလ်က ထောင်နှင့်ချီသော ကလေးငယ်များကို ကက်သလစ်ဘုန်းကြီးများက အဓမ္မပြုကျင့်ခြင်း၊ စိတ်အနှောက်အယှက်ပေးခြင်း စသည်တို့ကို အရေးမယူမှုက ကက်သလစ်အသင်းတော်၏ မဟာအမှားများဖြစ်သည်ဟု ၀န်ခံခဲ့သည်။

    ထို့ပြင် ၎င်းကိုယ်တိုင်ကလည်း အစော်ကားခံရသူများထက် ဘုန်းကြီးများကို ပို၍ မျက်နှာသာပေးခဲ့ကြောင်း ၀န်ခံခဲ့ကာ ၎င်း၏ ဇာတိ ဘဲလာရတ်တွင် ကက်သလစ်အသင်းတော်၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရသူများ မိမိကိုယ်ကို သတ်သေမှုအား တိုက်ဖျက်ရန် ကူညီသွားမည်ဟု ပြောကြားခဲ့သည်။

    Ref : Aljazeera