News @ M-Media

Tag: Champions League

  • အရှုံးနဲ့ နောက်တစ်ဆင့်တက်တဲ့ ရီးယဲလ်၊ စတမ်းဖို့ဘရစ်ခ်ျမှာ ချယ်ဆီးတို့ အသည်းကွဲခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယကျော့ ပွဲများ

    အရှုံးနဲ့ နောက်တစ်ဆင့်တက်တဲ့ ရီးယဲလ်၊ စတမ်းဖို့ဘရစ်ခ်ျမှာ ချယ်ဆီးတို့ အသည်းကွဲခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယကျော့ ပွဲများ

    မတ် ၁၂၊ ၂၀၁၅
    M-Media

    cham 4

    – ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲရဲ့ ဒုတိယအကျော့ ၄ ပွဲကို မနေ့ကနဲ့ ဒီနေ့မနက်တွေမှာ
    ကစားခဲ့ပြီး မထင်မှတ်ထားတာတွေ ဖြစ်ခဲ့ပါတယ်။

    ရီးယဲလ် ၃-၄ ရှော်လ်ကာ (နှစ်ကျော့ပေါင်း ၅-၄ ဖြင့် ရီးယဲလ် နောက်တစ်ဆင့်တက်)

    ဘာနေဗျူးမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ရီးယဲလ်တို့ အရှက်တကွဲ ဖြစ်ခဲ့ရပြီး ကစားပုံလည်း အတော်လေး ဆိုးရွားခဲ့ပါတယ်။ ဧည့်သည်ရှော်လ်ကာတို့ ကစားပုံညက်ညောခဲ့ပြီး ဦးဆောင်ဂိုးတွေကိုလည်း စရခဲ့တာပါ။ ရီးယဲလ်ကတော့ နောက်က လိုက်ကစားခဲ့ရပြီး ချေပဂိုးအချို့ ပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ အရှုံးပေးခဲ့ရပါတယ်။ ဒါပေမယ့် ပထမကျော့မှာ ၂ ဂိုးပြတ် နိုင်ထားတာကြောင့်သာ ရီးယဲလ်တို့ ကံကောင်းထောက်မပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက ဒီပွဲမှာ ၂ ဂိုးသွင်းပေးခဲ့တာကြောင့် ဥရောပပြိုင်ပွဲတွေမှာ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်အတွက်တော့ ရော်နယ်ဒိုတစ်ယောက် ပွဲအပြီးမှာ အိနြေ္ဒမဆည်နိုင်အောင် ပေါက်ကွဲခဲ့ပါတယ်။ ရီးယဲလ်တို့ နောက်ဆုံး ၅ နှစ်ဆက် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ရှုံးပွဲမရှိ စံချိန်တော့ ကျိုးပျက်ခဲ့ရပါတယ်။

    ပေါ်တို ၄-၀ ဘေဆယ် (နှစ်ကျော့ပေါင်း ၅-၁ ဖြင့် ပေါ်တို နောက်တစ်ဆင့်တက်)

    ပထမအကျော့မှာ ၁ ဂိုးစီသရေကျခဲ့ပြီး ပေါ်တူဂီမှာကစားခဲ့တဲ့ ဒီပွဲမှာတော့ အိမ်ရှင်ပေါ်တိုတို့ ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပြီး နောက်ဆုံး ၅ နှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ချယ်ဆီး ၂-၂ (နှစ်ကျော့ပေါင်း ၃-၃ ဂိုးဖြစ်သော်လည်း အဝေးဂိုးရလဒ်ဖြင့် ပီအက်စ်ဂျီ နောက်တစ်ဆင့်တက်)

    ပီအက်စ်ဂျီတို့ ထိုက်ထိုက်တန်တန်နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကျော့ ပဲရစ်မှာ ၁ ဂိုးစီ သရေကျပြီး အဝေးဂိုးအသာရထားတဲ့ ချယ်ဆီးတို့ ပွဲအစမှာ အကုန်ထုတ်မကစားခဲ့ဘဲ၊ ပီအက်စ်ဂျီကလည်း အမှားစောင့်ကစားတာမို့ ပွဲက အနည်းငယ် အေးခဲ့ပါတယ်။ ၃၁ မိနစ်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ် တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရပေမယ့် ချယ်ဆီတို့ တွန်းတွန်းတိုက်တိုက် သိပ်မရှိခဲ့ပါဘူး။ ၈၁ မိနစ်မှာ ကာဟေးလ်က ချယ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး ချယ်ဆီးနောက်ခံလူဟောင်း ဒေးဗစ်လူးဝစ်က ချေပဂိုး ပြန်သွင်းပေးခဲ့တာကြောင့် ပွဲကစားချိန် မိနစ် ၉၀ ဟာ သရေနဲ့ပြီးခဲ့ပြီး အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

    အချိန်ပို စစချင်းမှပဲ နောက်ခံလူ သီယာဂို ဆေးလ်ဗားက ဧရိယာအတွင်းမှာ လက်နဲ့ထိလို့ ချယ်ဆီးတို့ ပင်နယ်တီရခဲ့ပြီး ဟာဇာ့ဒ်က အမှားအယွင်းမရှိဘဲ ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၁၄ မိနစ်မှာတော့ သီယာဂိုဆေးလ်ဗားကပဲ ခေါင်းတိုက်ပြီး ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီဖြစ်နေပေမယ့် ပီအက်စ်ဂျီက အဝေးကွင်း ၂ ဂိုးရခဲ့တာကြောင့် အဲဒီအားသာချက်နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

    ဘိုင်ယန် ၇-၀ ရှက်တာဒိုးနက် (နှစ်ကျော့ပေါင်း ၇-၀ ဖြင့် ဘိုင်ယန်နောက်တစ်ဆင့်တက်)

    ပထမကျော့မှာ ဂိုးမရှိသရေကျခဲ့လို့ ဝေဖန်ခံနေရတဲ့ ဘိုင်ယန်တို့ ပြတ်ပြတ်သားသားပဲ အနိုင်ယူနိုင်ခဲ့ပြီး နောက်ဆုံး ၄ နှစ်ဆက်တိုက် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးတွေကိုတော့ မူလာက ပင်နယ်တီ တစ်လုံးအပါအ၀င် ၂ လုံး၊ ဘိုအာတင်း၊ ရီဘာရီ၊ ဘက်စ်တူဘာ၊ လီဝန်ဒေါ့စကီးနဲ့ ဂိုတက်ဇ်တို့က ၁ ဂိုးစီ သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

    ကျန်တဲ့ ၈ သင်းရဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို လာမယ့်တစ်ပတ်မှာ ကစားမှာဖြစ်ပြီး ကွာတားဖိုင်နယ်အတွက် မဲခွဲမှုကိုတော့ ၂၀ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

  • ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲရောက်ရန် ပစ်မှတ်ထားနေသည်ဟု ပေါ်တိုတိုက်စစ်မှူး ပြော

    ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲရောက်ရန် ပစ်မှတ်ထားနေသည်ဟု ပေါ်တိုတိုက်စစ်မှူး ပြော

    မတ် ၁၁၊ ၂၀၁၅
    M-Meida

    hrrera

    – ဘေဆယ်အားအနိုင်ရကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် မိမိတို့အသင်းမှာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိရန် ရည်ရွယ်ချက်ထားနေသည်ဟု ပေါ်တိုအသင်း တိုက်စစ်မှူး ဟက်တာ ဟာရဲရားက ပြောကြားလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့တွင် ပေါ်တိုမှာ ဘေဆယ်အား ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးဖြင့် ၂၀၀၈-၀၉ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    ထိုပွဲတွင် အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့သည့် ဟာရဲရားကမူ နောက်တစ်ဆင့် တက်ရောက်သည့်အတွက် စိတ်ဓာတ်တက်ကြွမိသော်လည်း ကွာတားဖိုင်နယ်ဖြင့် မကျေနပ်ဟု ဆိုသည်။

    “အင်မတန်လှပတဲ့ဂိုးတစ်ဂိုးကို ကျွန်တော်တို့ ရခဲ့ပြီး ဒါဟာ ကစားသမားတွေနဲ့ အသင်းအတွက် ဥရောပရဲ့ ထိပ်တန်း ၈ သင်းထဲက တစ်သင်းအဖြစ် ပါဝင်ဖို့ အရေးပါပါတယ်။ ပြိုင်ပွဲမှာ ဆက်ရှိနေဖို့ ကျွန်တော်တို့ ဒီလိုပုံစံနဲ့ ဆက်သွားရပါမယ်။ ကျွန်တော်တို့ ကွာတားဖိုင်နယ်တစ်ခုကိုပဲ စဉ်းစားထားတာ မဟုတ်ပါဘူး။ နောက်ဆုံး ဗိုလ်လုပွဲကို ရောက်ဖို့ စဉ်းစားနေတာပါ” ဟု ဟာရဲရားက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ကွာတားဖိုင်နယ်တွင် ပေါ်တိုမှာ မန်ယူအား ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ဟာရဲရားကမူ မိမိတို့အသင်းမှာ ကောင်းမွန်စွာ ကစားနေပြီး ယခုကဲ့သို့ ပွဲများတွင် စွမ်းဆောင်ရည် ရာနှုန်းပြည့်ရှိရမည်ကို မိမိတို့သိရှိကြောင်း၊ ချန်ပီယံလိဂ်တွင် အသင်းတိုင်းမှာ အံ့သြစရာ လုပ်ပြနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ဥရောပသွင်းဂိုးအများဆုံးအဖြစ် ရော်နယ်ဒို စံချိန်သစ်တင်

    ဥရောပသွင်းဂိုးအများဆုံးအဖြစ် ရော်နယ်ဒို စံချိန်သစ်တင်

    မတ် ၁၁၊ ၂၀၁၅
    M-Media

    rnd 5

    – ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၂ ဂိုး သွင်းယူနိုင်ခဲ့သော ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ဥရောပ ပြိုင်ပွဲများတွင် ဂိုးအများဆုံးသွင်းနိုင်သည့် ကစားသမားအဖြစ် စံချိန်သစ်ကို တင်နိုင်ခဲ့သည်ဟု သိရသည်။

    ဘာနေဗျူးတွင် ကစားခဲ့ပြီး ရီးယဲလ်က ရှော်လ်ကာအား ၃ ဂိုး ၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒိုမှာ ပထမပိုင်း ၂၅ မိနစ်နှင့် ပွဲပြီးကာနီးတို့တွင် ခေါင်းတိုက်ကာ ၂ ဂိုး သွင်းယူပေးခဲ့ပြီး အဆိုပါဂိုးများမှာ ၎င်း၏ ဥရောပဂိုး ၇၇ နှင့် ၇၈ ဂိုးမြောက် ဖြစ်ခဲ့သည်။

    ထို့ကြောင့် ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်နှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့၏ ဥရောပသွင်းဂိုး အရေအတွက် ၇၆ ဂိုးအား ဖြတ်ကျော်နိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲများတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်။ ချန်ပီယံလိဂ် ဂိုးအများဆုံးစာရင်းတွင်မူ စုစုပေါင်းသွင်းဂိုး ၇၅ ဂိုးဖြင့် မက်ဆီနှင့် စံချိန်တူညီလျက် ရှိနေသည်။

    ရီးယဲလ်မှာ ထိုပွဲရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၄ ဂိုးဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီး ရော်နယ်ဒိုကမူ ထိုပွဲတွင် အသင်း၏ စွမ်းဆောင်ရည်အတွက် ဒေါသဖြစ်သည့် အမူအရာကို ပြသခဲ့ပြီး ကစားဖော် ဘင်ဇီမာကိုလည်း မိမိတို့အသင်းမှာ ရှက်စရာကောင်းခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပွဲအပြီးတွင် အသင်း၏ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ရော်နယ်ဒိုက ရာသီမကုန်မချင်း မည်သည့်အရာမှ မပြောဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal.com

  • အာဆင်နယ်ထက် မိမိတို့က အသင်းလိုက်ပိုကောင်းသည်ဟု မိုနာကိုနည်းပြဆို

    အာဆင်နယ်ထက် မိမိတို့က အသင်းလိုက်ပိုကောင်းသည်ဟု မိုနာကိုနည်းပြဆို

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
    M-Media

    arsnl

    – တစ်ဦးချင်းတွင် အာဆင်နယ်အသင်းက ကောင်းသော်လည်း အသင်းလိုက်ပုံစံတွင် မိမိတို့အသင်းက ပိုကောင်းခဲ့သည်ဟု မိုနာကိုအသင်း၏ ပေါ်တူဂီနည်းပြ လီယိုနာဒို ဂျာဒင်မ်က ပြောကြားလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဂျာဒင်မ်၏အသင်းမှာ အီမရိတ်ကွင်းတွင် အာဆင်နယ်အား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်တက်ရေး အခြေအနေ ကောင်းသွားပြီဖြစ်သည်။

    ဂျာဒင်မ်ကမူ အာဆင်နယ်အသင်း ထိပ်တန်းတိုက်စစ်မှူးများ၏ ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ခဲ့သည့် အသင်းသားများအား ချီးကျူးခဲ့သော်လည်း ထိုနိုင်ပွဲမှာ ယခုနှစ်ရာသီ အရေးပါသည့် နိုင်ပွဲမဟုတ်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အာဆင်နယ်အသင်းမှာ တစ်ဦးချင်းကောင်းသော်လည်း မိမိတို့အသင်းက အသင်းလိုက်ပိုကောင်းခဲ့သည်ဟု ဆိုသည်။

    “ပထမပိုင်းမှာ အာဆင်နယ်က တော်တော်လေးမာပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ နည်းနည်း ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ ပထမပိုင်းမှာ ခံစစ်တောင့်ခဲ့ပြီး အဲဒီနောက်မှာတော့ နေရာလွတ်တွေကို အသုံးချခဲ့ပါတယ်။ အာဆင်နယ်မှာ ကစားသမားကောင်းတွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ အသင်းလိုက်အားကစားဖြစ်ပြီး ကျွန်တော်တို့ ထိခိုက်မှုမရှိဘဲ တန်ပြန်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရမ်း စုစည်းခဲ့ရုံသာမက အရည်အသွေးအပြည့်နဲ့ တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ဂျာဒင်မ်က ပြောကြားခဲ့သည်။

    အာဆင်ဝင်းဂါးကမူ ထိုပွဲတွင် မိမိတို့အသင်းခံစစ်မှာ ပလိုင်းပေါက်ဖြစ်ခဲ့ပြီး နောက်တစ်ဆင့်တက်ရေးအတွက် မလွယ်တော့ဟု ပွဲအပြီးတွင် ၀န်ခံခဲ့သည်။

    Ref: goal.com

  • ဘာစီလိုနာနှင့်ပွဲ နည်းစနစ်ပိုင်း မမှားဟု မန်စီးတီးနည်းပြဆို

    ဘာစီလိုနာနှင့်ပွဲ နည်းစနစ်ပိုင်း မမှားဟု မန်စီးတီးနည်းပြဆို

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
    M-Media

    mct

    – ယနေ့နံနက်က ကစားခဲ့သည့် ဘာစီလိုနာနှင့်ပွဲတွင် အသုံးပြုခဲ့သော နည်းစနစ်ပိုင်းဆိုင်ရာအတွက် မိမိအနေဖြင့် နောင်တမရဟု မန်စီးတီးအသင်း၏ နည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    မန်စီးတီးအသင်း၏ အိမ်ကွင်း အီတီဟတ်တွင် ကစားခဲ့သော်လည်း ဧည်သည့် ဘာစီလိုနာက ခြေသာခဲ့ပြီး ဂိုးသွင်းခွင့်များလည်းရခဲ့ကာ ဆွာရက်ဇ်၏ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲတွင် ပယ်လီဂရီနီမှာ တိုက်စစ်အသားပေးသည့် ၄-၄-၂ ပုံစံဖြင့် ပွဲထွက်ခဲ့ပြီး ရှေ့တန်း၌ တိုက်စစ်မှူး အဂူရိုနှင့် ဇက်ကိုတို့အား တွဲပေးခဲ့သည်။

    သို့သော်လည်း ကစားကွက်အသာမရသောကြောင့် ဒုတိယပိုင်းတွင် ကစားပုံပြောင်းခဲ့ပြီး ပယ်လီဂရီနီကမူ ၎င်း၏ နည်းစနစ်ဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းမှာ မှန်ကန်ခဲ့သည်ဟု ဆိုသည်။ မန်စီးတီး၏ ကစားပုံအတွက် နောင်တရလားဟု ပွဲအပြီးတွင် မေးမြန်းခဲ့ရာ ပယ်လီဂရီနီက

    “မရပါဘူး။ ကျွန်တော်အရမ်းပျော်ပါတယ်။ ဒါဟာ ဘာစီလိုနာနဲ့ ကစားရမယ့်ပုံစံပါ။ ကျွန်တော်တို့ ပထမပိုင်းတစ်မျိုး၊ ဒုတိယပိုင်းတစ်မျိုးနဲ့ ပုံစံ ၂ မျိုး ကစားခဲ့ပါတယ်။ ပထမဂိုးမပေးရခင်အထိ သာမန်ပွဲတစ်ခုပါပဲ။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဂိုး ၂ ဂိုး အလွယ်တကူ ပေးလိုက်ရပြီး ကစားပုံလည်း ဆိုးသွားခဲ့ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့ပြင် ဒုတိယပိုင်း၌ မိမိအသင်းမှာ ကစားပုံပိုကောင်းခဲ့ပြီး ၁ ဂိုးရအောင် သွင်းနိုင်ခဲ့ကာ ဂိုးသွင်းခွင့်အချို့လည်း ရခဲ့ကြောင်း အိမ်ကွင်းယခုရလဒ်မှာ ရလဒ်ကောင်းမဟုတ်ဘဲ ဒုတိယအကျော့တွင် ပိုကောင်းအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

    ယနေ့ပွဲရှုံးကြောင့် ပထမဆုံး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ရေး မန်စီးတီး၏ မျှော်လင့်ချက်မှာ အနည်းငယ် မှေးမှိန်လာခဲ့သည်။

    Ref: goal.com