News @ M-Media
Tag: China
  • ဖမ်းဆီးခံ လူ့အခွင့်အရေးလှုပ်ရှားသူ၏ သားကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံတွင် ထိန်းသိမ်းထား
    ဖမ်းဆီးခံ လူ့အခွင့်အရေးလှုပ်ရှားသူ၏ သားကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံတွင် ထိန်းသိမ်းထား
    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media
    china
    – တရုတ်နိုင်ငံမှ ထင်ရှားသည့် လူ့အခွင့်အရေးသမား ရှေ့နေအမျိုးသမီး ၀မ်ယူ၏ ဆယ်ကျော်သက်အရွယ် သားဖြစ်သူအား တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးကာ မြန်မာနိုင်ငံတွင် ထိန်းသိမ်းထားသည်ဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောကြားလိုက်သည်။
    ဖမ်းဆီးခံရသူမှာ အသက် ၁၆ နှစ်အရွယ် ဘောင်ဇူရှန်းဆိုသူဖြစ်ပြီး တရုတ်နိုင်ငံမှ ထွက်ပြေးရန် ကြိုးစားစဉ် အင်္ဂါနေ့က နယ်စပ်မြို့တစ်ခုရှိ တည်းခိုခန်းတွင် တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဓားစားခံအဖြစ် တရုတ်အစိုးရက အသုံးချနေသည်ဟု ၀မ်ယူမိသားစု၏ မိတ်ဆွေဖြစ်သူ ဇူဖန်ဆူက AFP သတင်းဌာနသို့ ယနေ့တွင် ပြောကြားခဲ့သည်။
    တရုတ်ပြည်မှ မထွက်ပြေးခင် မိသားစုနှင့်အတူ ဘောင်ဇူရှန်းနေထိုင်ခဲ့သော မွန်ဂိုလီးယားအတွင်းပိုင်းမှ ရဲတပ်ဖွဲ့ကမူ ဇူရှန်း ဖမ်းဆီးခံရသည့်အကြောင်းကို မကြားမိဟု ဆိုသည်။ တရုတ်အစိုးရက ၎င်းတို့အား တော်လှန်သည်ဟု ယူဆသော ရှေ့နေများကို ဖမ်းဆီးမှုအတွင်း ၀မ်ယူနှင့် ၎င်း၏ ခင်ပွန်း နှစ်ဦးစလုံး ပါဝင်ခဲ့ပြီး ဘောင်ဇူရှန်းမှာလည်း ဇူလိုင်လတွင် နိုင်ငံကူးလက်မှတ် အသိမ်းခံခဲ့ရသည်။
    လက်ရှိတွင်မူ ဘောင်ဇူရှန်းအား မြန်မာအစိုးရနှင့် နှစ်ပေါင်းများစွာ ပဋိပက္ခများဖြစ်နေသည့် သူပုန်များတည်ရှိရာ မြန်မာနိုင်ငံမြောက်ပိုင်း မိုင်းလမြို့တွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။ ၎င်းအား ကူညီနေသည့် လူငယ်နှစ်ဦးကိုလည်း ထိုမြို့တွင်ပင် ဖမ်းဆီးထားသည်ဟု ဇူက ၎င်းတို့နေထိုင်သည့် တည်းခိုခန်းပိုင်ရှင်၏ ပြောကြားမှုကို ကိုးကား၍ ပြောဆိုခဲ့သည်။
    ဘောင်ဇူရှန်းနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံရသော လူငယ်နှစ်ဦး၏ အိမ်ကိုလည်း နောက်ပိုင်းတွင် တရုတ်ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေခဲ့သည်ဟု ဆိုသည်။
    အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုတွင် နေထိုင်သည့် ဇူကမူ မိမိမှာ ဘောက်ဇူရှန်းအား ထိုင်းနိုင်ငံတွင် တွေ့ဆုံရန်နှင့် ထို့နောက် အမေရိကန်၌ ခိုလှုံခွင့်ရရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။
    Ref: Bangkokpost
  • ရေငုပ်သင်္ဘောနည်းပညာကို တရုတ်က ပါကစ္စတန်အား လွှဲပြောင်းပေးမည်
    ရေငုပ်သင်္ဘောနည်းပညာကို တရုတ်က ပါကစ္စတန်အား လွှဲပြောင်းပေးမည်
    အောက်တိုဘာ ၈၊ ၂၀၁၅
    M-Media
    china
    – နှစ်နိုင်ငံ ချုပ်ဆိုထားသော ကာကွယ်ရေးစာချုပ်အသစ်အရ ပါကစ္စတန် ဆိပ်ကမ်းမြို့ဖြစ်သော ကရာချီတွင် တရုတ်နိုင်ငံမှာ ရေငုပ်သင်္ဘော ၄ စီးကို ဆောက်လုပ်ပေးသွားမည်ဟု ပါကစ္စတန် ပြည်တွင်းမီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    အဆိုပါစာချုပ်တွင် ပါကစ္စတန်အတွက် တရုတ်က ရေငုပ်သင်္ဘော ၈ စီး ဆောက်လုပ်ပေးရေး ပါဝင်ပြီး၊ ပါကစ္စတန် ကာကွယ်ရေးလက်နက်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ ၀န်ကြီး ရာနာ တန်ဗီယာ ဟူစိန်က တရုတ်နိုင်ငံမှာ မိမိတို့အား ရေငုပ်သင်္ဘော ဆောက်လုပ်ရေးလုပ်ငန်းအတွက် နည်းပညာများကို လွှဲပြောင်းပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။
    သို့သော်လည်း မည်သည့်ရေငုပ်သင်္ဘောအမျိုးအစားကို မည်သည့်အချိန်တွင် ဆောက်လုပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ ၀န်ကြီးက ပြောကြားခဲ့ခြင်းမရှိပေ။ ပါကစ္စတန်နိုင်ငံမှာ ရေငုပ်သင်္ဘောများ ၀ယ်ယူရန်အတွက် ပြင်သစ်၊ ဂျာမနီနိုင်ငံများနှင့် ဆက်သွယ်ခဲ့သော်လည်း အရောင်းအ၀ယ် ဖြစ်မလာခဲ့ပေ။
    Ref: PeopleDaily
  • တောင်တရုတ်ပင်လယ်တွင် စစ်ပြင်ဆင်မှု တရုတ်ငြင်းဆို
    တောင်တရုတ်ပင်လယ်တွင် စစ်ပြင်ဆင်မှု တရုတ်ငြင်းဆို
    စက်တင်ဘာ ၂၆၊ ၂၀၁၅
    M-Media
    – တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတုများတွင် စစ်အခြေစိုက်ခစန်းများ ပြုလုပ်နေသည်ဆိုသည့် သတင်းများကို အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်သမ္မတ ဇီဂျင်ပင်းက ငြင်းဆိုခဲ့သည်။
    အိမ်ဖြူတော်၌ သမ္မတအိုဘားမားနှင့် တွေဆုံစဉ် အိုဘားမားက တောင်တရုတ်ပင်လယ်တွင်း တရုတ်နိုင်ငံက အရှေ့တောင်အာရှနိုင်ငံများနှင့် နယ်မြေပိုင်ဆိုင်မှု ယှဉ်ပြိုင်နေခြင်းကြောင့် ကြီးထွားလာသော တင်းမာမှုများအကြောင်းကို အဓိကထား၍ အာဖရှ-ပိစိဖိတ်ဒေသမှ အငြင်းပွားမှုများကို ဇီဂျင်ပင်းနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်။
    ထို့ပြင် တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်အငြင်းပွားနေသော နေရာများတွင် တရုတ်နိုင်ငံက စစ်အခြေစိုက်စခန်းများကဲ့သို့ ပြုလုပ်နေမှုကိုလည်း မိမိတို့က စိုးရိမ်မိသည်ဟု အိုဘားမားက ထည့်သွင်း ပြောကြားခဲ့သည်။
    သို့သော်လည်း ဇီဂျင်ပင်းမူ ထိုကဲ့သို့ စစ်ဘက်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဆိုသည့် ပြောကြားမှုကို ငြင်းဆိုခဲ့သည်။
    “နန်ရှာကျွန်းမှာ တရုတ်နိုင်ငံက ဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းဟာ ဘယ်နိုင်ငံကိုမှ ပစ်မှတ်ထားခြင်း၊ သက်ရောက်ခြင်း ရှိမှာမဟုတ်သလို၊ စစ်ဘက်ဆိုင်ရာ ပုံသွင်းလိုတဲ့ ရည်ရွယ်ချက်လည်း မရှိပါဘူ။ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေဟာ ရှေးယခင်ကတည်းက တရုတ်နိုင်ငံရဲ့ ပိုင်နက်တွေပါ။ ကျွန်တော်တို့ရဲ့ အချုပ်အခြာပိုင်နက်ကို ထိန်းသိမ်းဖို့နဲ့၊ ရေကြောင်းဆိုင်ရာ အခွင့်အရေး၊ အကျိုးစီးပွားတွေကို တရားဝင်အောင်လုပ်ဖို့အခွင့်အရး ကျွန်တော်တို့မှာ ရှိပါတယ်” ဟု ပိုင်ဆိုင်မှု အငြင်းပွားနေသည့်
    စပရက်တလေကျွန်းစုအား တရုတ်အမည်ဖြင့် ခေါ်ဆို၍ ပြောကြားခဲ့သည်။
    ထိုကျွန်းစုတွင် တရုတ်နိုင်ငံက ကျွန်းတုများတည်ဆောက်ပြီး စစ်ဘက်ကာကွယ်ရေးအတွက် အသုံးပြုမည်ဟု သတင်းများက ဖော်ပြကြပြီး ဂြိုဟ်တုဓာတ်ပုံများအရ ကျွန်းတစ်ကျွန်းတွင် စစ်သုံးလေယာဉ်ပြေးလမ်း တစ်ခုကို တည်ဆောက်ထားပြီး အခြားနှစ်ကျွန်းတွင်လည်း ထိုကဲ့သို့ ဆောက်လုပ်နေသည်ဟု တွေ့ရှိခဲ့ရသည်။
    တရုတ်သမ္မတကမူ မိမိတို့နိုင်ငံမှာ ပင်လယ်သမုဒ္ဒရာအတွင်း လွတ်လပ်စွာ သွားလာခွင့်အတွက် ထပ်မံ၍ ကတိပြုပြီး အငြင်းပွားမှုများကို ဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းသွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Reuters
  • လီရှောင်ဘိုလွတ်မြောက်ရေး အိုဘားမားက တောင်းဆိုရန် နိုဘယ်ဆုရှင်များ တိုက်တွန်း
    လီရှောင်ဘိုလွတ်မြောက်ရေး အိုဘားမားက တောင်းဆိုရန် နိုဘယ်ဆုရှင်များ တိုက်တွန်း
    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    – တရုတ်နိုင်ငံမှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ နိုဘယ်ဆုရှင် လီရှောင်ဘိုနှင့် ၎င်း၏ ဇနီးဖြစ်သူတို့အား ပြန်လည်လွှတ်ပေးရေး တရုတ်သမ္မတနှင့် တွေ့ဆုံသည့်အခါတွင် လူသိရှင်ကြား တောင်းဆိုရန် နိုဘယ်ဆုရှင်များအဖွဲ့မှ အိုဘားမားအား တိုက်တွန်းလိုက်သည်။
    တောင်အာဖရိကမှ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ဦးဆောင်ပြီး နိုဘယ်ဆုရှင် ၁၂ ဦး ပါဝင်သည့် အဆိုပါအဖွဲ့မှာ သမ္မတအိုဘားမားထံသို့ စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး ထိုစာတွင် အမေရိကန်သို့ ရောက်ရှိနေသည့် တရုတ်သမ္မတ ဇီဂျင်ပင်းနှင့် တွေ့ဆုံရာ၌ ထိုကိစ္စအား ထည့်သွင်းပြောကြားရန် တိုက်တွန်းထားသည်ဟု အမေရိကန် အကြံပေးအဖွဲ့ Freedom Now က ပြောကြားခဲ့သည်။
    “သူတို့ကို ထိန်းသိမ်းထားမှုအတွက် သံတမန်နည်းလမ်းနဲ့ ဖြေရှင်းမှုဟာ မအောင်မြင်ခဲ့ပါဘူး။ အဆွေတော်လို ခေါင်းဆောင်မျိုးက နှစ်ကိုယ်ခြားနဲ့ လူသိရှင်ကြား တိုက်တွန်းမှု မလုပ်ဘူးဆိုရင်တော့ တရုတ်နိုင်ငံဟာ ဘာမှလုပ်မှာမဟုတ်သလို၊ ဘာအကျိုးဆက်မှလည်း ရှိလာမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်” ဟု Freedom Now မှ ထုတ်ပြန်သော ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    နိုဘယ်ဆုရှင်များ၏ အဆိုပါစာတွင် ပြီးခဲ့သည့်နှစ်အတွင်း လီရှောင်ဘို၏ ဇနီးဖြစ်သူ လီရှား၏ ကျန်းမာရေး ကုသခွင့် တောင်းခံမှုမှာ ပယ်ချခံရပြီး သူမမှာ နိုင်ငံရပ်ခြားသို့ သွားရောက်၍ ဆေးကုသခွင့် ရသင့်သည်ဟုလည်း ဖော်ပြထားသည်။
    Freedom Now အဖွဲ့ကို တည်ထောင်သူဖြစ်ပြီး လီရှောင်ဘိုဇနီးမောင်နှံ၏ အကြံဥာဏ်ပေးဖြစ်သူ ဂျရဒ် ဂျန်ဆာကလည်း အဆိုပါ စာနှင့်အတူ စာတိုတစ်စောင်ကို ထည့်သွင်းရေးသားခဲ့ပြီး ထိုစာ၌ လီရှား နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေးအတွက် အိမ်ဖြူတော်ရှိ မည်သူကမှ တိုက်တွန်းခဲ့ခြင်းမရှိဘဲ သူမ၏ အမည်ကိုပင် ဖော်ပြခြင်းမရှိဟု ရေးသားထားသည်။
    အသက် ၅၉ နှစ်အရွယ်ရှိ လီရှောင်ဘိုမှာ ၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့ပြီး တရုတ်စစ်တပ်က နှိမ်နင်းခဲ့သည့် တီယာနန်မန်ရင်ပြင် ဒီမိုကရေစီထောက်ခံရေး ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူဖြစ်ပြီး တစ်ပါတီ အုပ်ချုပ်ရေးစနစ်ကို အဆုံးသတ်ရေး တိုက်တွန်းထားသည့် အသနားခံစာတစ်စောင်ကို ရေးသားခဲ့မှုဖြင့် တရားစွဲဆိုခံခဲ့ရကာ ၂၀၀၉ ခုနှစ်က ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသည်။ ၎င်းမှာ ၂၀၁၀ ခုနှစ်က နိုဘယ်ဆု ရရှိခဲ့သည်။
    Ref: Reuters
  • တောင်တရုတ်ပင်လယ်တွင် တရုတ်က တတိယမြောက် လေယာဉ်ဆင်းကွင်း ဆောက်လုပ်
    တောင်တရုတ်ပင်လယ်တွင် တရုတ်က တတိယမြောက် လေယာဉ်ဆင်းကွင်း ဆောက်လုပ်
    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media
    china
    – တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသော ဒေသတွင် တရုတ်နိုင်ငံက တတိယမြောက် လေယာဉ်ဆင်းကွင်းကို ဆောက်လုပ်နေသည်ဟု ဂြိုဟ်တုဓာတ်ပုံများကို ကိုးကား၍ အမေရိကန်မှ ကျွမ်းကျင်သူတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ဓာတ်ပုံများကို ၀ါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံရေးရာ လေ့လာမှုစင်တာ CSIS အတွက် စက်တင်ဘာ ၈ ရက်နေ့တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး Mischief သန္တာကျောက်တန်း၌ အဆိုပါ လေယာဉ်ကွင်း ဆောက်လုပ်နေမှုများကို တွေ့ရှိခဲ့ရသည်။ ထိုသန္တာကျောက်တန်းမှာ စပရက်လေကျွန်းစုတွင် တရုတ်နိုင်ငံမှ ဖန်တီးထားသည့် ကျွန်းတုများမှ တစ်ခုလည်းဖြစ်သည်။
    ထိုလေယာဉ်ကွင်းမှာ ထောင့်မှန်စတုဂံပုံဖြစ်ပြီး မီတာ ၃၀၀၀ ခန့် ရှည်လျားကာ အခြား သန္တာကျောက်တန်း နှစ်ခုဖြစ်သော ဆူဘီနှင့် ဖိုင်ယာရီခရော့စ်တို့တွင် ဆောက်လုပ်ထားသည့် လေယာဉ်ကွင်းများနှင့် ပုံစံတူဖြစ်သည်ဟု CSIS ၏ အာရှရေကြောင်း ပွင့်လင်းမြင်သာမှု ရှေ့ဆောင်အဖွဲ့ AMTI မှ ဒါရိုက်တာဖြစ်သူ ဂရက်ဂ်ျ ပိုလင်းက ပြောကြားခဲ့သည်။
    အမေရိကန် ကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တပ်မှူး ဘီလ်အာဘန်ကမူ ပိုလင်း၏ ထိုပြောကြားမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး တင်းမာမှုများ လျော့ကျရန်နှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းခွင့် ဖန်တီးရန်တို့အတွက် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်ကြောင်း ကြေငြာခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်များ ဆောင်ရွက်ခြင်းတို့ကို ရပ်တန့်ရန် အမေရိကန်က ထပ်မံ တိုက်တွန်းလိုက်သည်ဟု ပြောကြားခဲ့သည်။
    Mischief သန္တာကျောက်တန်းတွင် ဆောက်လုပ်နေသည့် အဆိုပါ လေယာဉ်ကွင်းမှာ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်ကြောင်း ကြေငြာထားသည့် နိုင်ငံများ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်လာမည်ဖြစ်သည်။
    ထိုလေယာဉ်ကွင်းကြောင့် တရုတ်မှာ ဖိလစ်ပိုင်က ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေနေသော နေရာအနီးတွင် လှည့်လည် စောင့်ကြပ်မှုများ တိုးမြှင့်ပြုလုပ်နိုင်လိမ့်မည်ဟု ပိုလင်းက ပြောကြားခဲ့သည်။ ထို့ပြင် အငြင်းပွားဖွယ်ရာ ကျွန်းစုရှိ လေယာဉ်ဆင်းကွင်း ၃ ကွင်းစလုံး ပြီးစီးသွားပါက တောင်တရုတ်ပင်လယ်အတွင်းရှိ လေကြောင်းသွားလာမှုကို တရုတ်က ခြိမ်းခြောက်နိုင်မည်ဖြစ်ပြီး၊
    လေကြောင်းကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်နိုင်မည်ဖြစ်ကာ စိုးရိမ်စရာဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
    တရုတ်သမ္မတ ဇီကျင်ပင်းမှာ လာမည့် သီတင်းပတ်တွင် ၀ါရှင်တန်သို့ သွားရောက် လည်ပတ်မည်ဖြစ်ပြီး၊ တောင်တရုတ်ပင်လယ်ကိစ္စမှာ အမေရိကန်နှင့် ဆွေးနွေးမည့် ကိစ္စများတွင် ထိပ်ဆုံး၌ ပါဝင်မည်ဟု မျှော်လင့်ရသည်။
    Ref: Channelnewsaisa