News @ M-Media

Tag: China

  • အင်္ဂါဂြိုဟ်ရောက် ဒုတိယနိုင်ငံအဖြစ် တရုတ် မှတ်တမ်းဝင်

    အင်္ဂါဂြိုဟ်ရောက် ဒုတိယနိုင်ငံအဖြစ် တရုတ် မှတ်တမ်းဝင်

    မေ ၁၅၊ ၂၀၂၁
    M-Media

    Zhurong ဂြိုဟ်ဆင်းယာဉ်

    -တရုတ်နိုင်ငံရဲ့ လူမဲ့ဂြိုဟ်ဆင်းယာဉ်ဟာ ဒီနေ့မနက်ပိုင်းက အင်္ဂါဂြိုဟ်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

    ဒါ့ကြောင့် တရုတ်ဟာ အမေရိကန်ပြီးရင် အင်္ဂါဂြိုဟ်ကို အောင်မြင်စွာရောက်ရှိတဲ့ ဒုတိယမြောက်နိုင်ငံအဖြစ် စာရင်းဝင်သွားပါပြီ။

    အင်္ဂါဟ်ဂြိုဟ်ကိုပတ်နေတဲ့ အာကာသယာဉ် Tianwen-1 ကနေ ထွက်ခွာသွားတဲ့ ဂြိုဟ်ဆင်းယာဉ် Zhurong ဟာ Utopia Planitia လို​ခေါ်တဲ့လွင်ပြင်ကို ဆင်းသက်ခဲ့တာပါ။

    တောတောင်၊ ရေမြေအခြေအနေကို အထူးရိုက်ကူးနိုင်တဲ့ အဆင့်မြင်ကင်မရာအပါအဝင် သုတေသနကိရိယာ ၆ ခု တပ်ဆင်ထားတဲ့ Zhurong ယာဉ်ဟာ အင်္ဂါဂြိုဟ်ရဲ့ မြေဆီနဲ့ လေထုတို့ကို လေ့လာမှာ ဖြစ်ပါတယ်။

    မြေအောက်ရေ၊ ရေခဲနဲ့ အရင်က သက်ရှိတွေ ရှိ၊ မရှိကိုလည်း လေ့လာသွားဖို့ ရှိနေပါတယ်။

    အင်္ဂါဂြိုဟ်သွား အာကာသယာဉ် Tianwen-1 ကို တရုတ်က ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ လွှတ်တင်ခဲ့ပြီး ၆ လကြာပြီးတဲ့နောက် ဖေဖော်ဝါရီက အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို ရောက်ရှိခဲ့ပါတယ်။

    Zhurong ဂြိုဟ်ဆင်းယာဉ်သာ အပြည့်အ၀ အလုပ်လုပ်နိုင်မယ်ဆိုရင် ပထမဆုံး အင်္ဂါဂြိုဟ် ခရီးစဉ်မှာပဲ ဂြိုဟ်ကိုပတ်နိုင်၊ ဂြိုဟ် ဆင်းယာဉ်လွှတ်နိုင်၊ အလုပ်လုပ်နိုင်တဲ့ ပထမဆုံးနိုင်ငံအဖြစ် တရုတ်က မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီလအတွင်း အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို ရောက်ရှိခဲ့တဲ့ အာကာသယာဉ်က ၃ စင်း ရှိခဲ့ပြီး အမေရိကန်ရဲ့ Perseverance၊ တရုတ်ရဲ့ Tianwen-1၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က လွှတ်တင်တဲ့ ယာဉ်တို့ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ Perseverance အာကာသယာဉ်က ဂြိုဟ်ဆင်းယာဉ်ဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆင်းသက်နိုင်ခဲ့ပြီး၊ ယူအေအီးရဲ့ အာကာသယာဉ်ကတော့ ပတ်လမ်းကနေတစ်ဆင့် လေ့လာဖို့သာ ရည်ရွယ်တာဖြစ်ပါတယ်။

    အမေရိကန်ဟာ ၁၉၇၆ ခုနှစ်က ပထမဆုံးအကြိမ် အင်္ဂါဂြိုဟ်ကို ယာဉ်ဆင်းသက်နိုင်ခဲ့ပြီး၊ ၁၉၇၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက ဆင်းနိုင်ခဲ့ပေမယ့် စက္ကန့်ပိုင်းအကြာမှာပဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။

    Ref: Reuters

  • လာမယ့်တစ်ပတ် ကမ္ဘာပေါ်ကျမည့် တရုတ်ဒုံးပျံအပိုင်းအစ လူများအတွက် အန္တရာယ်ရှိနိုင်

    လာမယ့်တစ်ပတ် ကမ္ဘာပေါ်ကျမည့် တရုတ်ဒုံးပျံအပိုင်းအစ လူများအတွက် အန္တရာယ်ရှိနိုင်

    မေ ၇၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံက ဧပြီလနှောင်းပိုင်းမှာ လွှတ်တင်ခဲ့တဲ့ ဒုံးပျံအခွံဟာ လာမယ့်တစ်ပတ်အတွင်း ကမ္ဘာပေါ်ကို အရှိန်နဲ့ကျလာဖို့ ရှိနေပြီး လူနေဒေသတွေအပေါ် ပြုတ်ကျရင် အန္တရာယ်ရှိနိုင်တယ်လို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

    Long March 5B လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးပျံကို အာကာစခန်းတည်ဆောက်မယ့် ပထမဆုံးအစိတ်အပိုင်း ပို့လွှတ်မှုမှာ တရုတ်က သုံးခဲ့တာပါ။

    အဲဒီဒုံးပျံအခွံဟာ လက်ရှိ ကမ္ဘာပတ်လမ်းကြောင်းမှာ လည်နေပြီး တစ်ဖြည်းဖြည်းနဲ့ ကမ္ဘာ့လေထုထဲကို ဝင်ရောက်ကာ အရှိန်နဲ့ ပြုတ်ကျလာဖို့ ရှိနေတာ ဖြစ်ပါတယ်။

    အလေးချိန်ကြီးမားတဲ့ ဒီလိုအရာ ပြုတ်ကျလာမှုကို ထိန်းချုပ်လို့မရသလို၊ ဘယ်နေရာကျမယ်ဆိုတာလဲ ခန့်မှန်းလို့ မရပါဘူး။

    အမေရိကန်က အခြေအနေကို စောင့်ကြည်နေပေမယ့် ပစ်ချဖို့ အစီအစဉ်မရှိဘူးလို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    “ဘယ်သူ့ကိုမှ မထိခိုက်မယ့်နေရာကို ကျမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သမုဒ္ဒရာ ဒါမှမဟုတ် တစ်ခြားတစ်နေရာရာကိုပေါ့” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံအနေနဲ့ ဒီလို ဖြစ်လာနိုင်တယ်ဆိုတာမျိုးကို အစကတည်းက ထည့်သွင်းစဉ်းစားသင့်တယ်လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

    တရုတ်နိုင်ငံပိုင် သတင်းဌာနကတော့ ဒီဒုံးပျံဟာ လူတွေနေထိုင်ရာနေရာကို ကျမှာမဟုတ်ဘဲ နိုင်ငံတကာရေပိုင်နက်ထဲက တစ်နေရာရာကို ကျမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    တရုတ်အာကာသပညာရှင် ကျုံးဖျင်က မိမိတို့ ဒီအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အထိအခိုက်မဖြစ်အောင် လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ်တုန်းက တရုတ်ရဲ့ အာကာသယာဉ်လွှတ်တင်တဲ့ Long March 5B ဒုံးပျံအခွံဟာ အိုက်ဗရီကို့စ်နိုင်ငံက ကျေးလက်ဒေသတစ်ခုကို ကျရောက်ခဲ့ပါသေးတယ်။

    Ref: BBC

  • ကိုဗစ်ကြောင့် အိန္ဒိယပြည်သူများ သေဆုံးမှုကို တရုတ်အစိုးရက လှောင်ပြောင်သရော်

    ကိုဗစ်ကြောင့် အိန္ဒိယပြည်သူများ သေဆုံးမှုကို တရုတ်အစိုးရက လှောင်ပြောင်သရော်

    မေ ၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်ဒုတိယလှိုင်းမှာ အိန္ဒိယပြည်သူတွေ အကြီးအကျယ်သေဆုံးမှုကို တရုတ်အစိုးရရဲ့ ဥပဒေရေးရာ ထိပ်တန်းအဖွဲ့က ဆိုရှယ်မီဒီယာမှာ လှောင်ပြောင်ရေးသားခဲ့ပြီး ဝေဖန်မှုတွေ မြင့်တက်လာတဲ့အတွက် နောက်ပိုင်းမှာ ပြန်ဖြုတ်သွားပါတယ်။

    ပြီးခဲ့တဲ့လ အစောပိုင်းကစလို့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်း ရိုက်ခတ်တာကြောင့် နေ့စဉ် လူ သိန်းချီ ကူးစက်ပြီး သေဆုံးသူကလည်း ထောင်ချီ ရှိပါတယ်။ သေဆုံးသူတွေ များလွန်းတဲ့အတွက် မြေကွက်လပ်တွေမှာ စုပေါင်းပြီး သဂြိုဟ်ရတဲ့ ပုံတွေဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီး တစ်ကမ္ဘာလုံးက အိန္ဒိယပြည်သူတွေအပေါ် ဂရုဏာသက်ခဲ့ပါတယ်။

    တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးနဲ့ ဥပဒေရေးရာ ဗဟိုကော်မရှင်က သူတို့ရဲ့ တရားဝင် Weibo အကောင့်မှာ ကိုဗစ်ကြောင့် အိန္ဒိယပြည်သူတွေ သေဆုံးမှုကို လှောင်ပြောင်တဲ့ပို့စ်မျိုး မေ ၁ ရက်နေ့က တင်ခဲ့ပါတယ်။

    တရုတ်နိုင်ငံက အာကာသစခန်းအတွက် ပထမဆုံး အစိတ်အပိုင်းပို့မယ့် ဒုံးပျံ လွှတ်တင်မှုဓာတ်ပုံနဲ့ အိန္ဒိယက ကိုဗစ်ကြောင့် သေဆုံးသူတွေ အစုလိုက်အပြုံလိုက်သင်္ဂြိုဟ်တဲ့ ဓာတ်ပုံကို ယှဉ်တွဲကာ “တရုတ်ရဲ့ မီးထွန်းမှုနဲ့ အိန္ဒိယရဲ့ မီးထွန်းမှု” လို့ ရေးသားလွှင့်တင်ခဲ့တာပါ။

    တရုတ်ပြည်သူတွေက ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေ ပြုလုပ်လာတာကြောင့် နောက်ပိုင်းမှာ ဒီပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကိစ္စထက် တရုတ်အစိုးရနဲ့ ပြည်သူတွေက အိန္ဒိယရဲ့ ကိုဗစ်တိုက်ဖျက်ရေးအပေါ် အားပေးထောက်ခံနေတာကို ပိုပြီး အာရုံစိုက်ကြည့်ရှုဖို့ မျှော်လင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    တရုတ်ကွန်မြူနစ်ပါတီရဲ့ အဘော်သတင်းစာ Global Times ရဲ့ အယ်ဒီတာချုပ် ဟူရှီကျင်းက အစိုးရရဲ့ တရားဝင် ဆိုရှယ်မီဒီယာအကောင့်တွေဟာ လူသားချင်းစာနာမှု၊ အိန္ဒိယအတွက် စာနာမှုနဲ့ တရုတ်​လူ့အဖွဲ့အစည်းရဲ့ စိတ်နေစိတ်ထား မြင့်မြတ်မှုကို ပြသတာမျိုးပဲ ဖြစ်သင့်တယ်လို့ ရေးသားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ သောကြာနေ့ကလည်း တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဌာနရဲ့ Weibo အကောင့်မှာ အိန္ဒိယက ကိုဗစ်ကြောင့်သေဆုံးသူတွေ အစုလိုက်အပြုံလိုက်သင်္ဂြိုဟ်တဲ့ ဓာတ်ပုံကို ‘တရုတ်နိုင်ငံရဲ့ မီးဘုရား တောင်တန်း’ လို့ရေးပြီး လှောင်ပြောင် လွှင့်တင်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဒီပို့စ်ကို ပြန်ဖျက်သွားပါတယ်။

    Ref: The Star

  • ကိုယ်ပိုင်အာကာသစခန်းအတွက် ပထမဆုံးအစိတ်အပိုင်းကို တရုတ်လွှတ်တင်

    ကိုယ်ပိုင်အာကာသစခန်းအတွက် ပထမဆုံးအစိတ်အပိုင်းကို တရုတ်လွှတ်တင်

    ဧပြီ ၃၀၊ ၂၀၂၁
    M-Media

    -အာကာသမှာ ကိုယ်ပိုင်စခန်း တည်ဆောက်နိုင်ရေးအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုကို တရုတ်နိုင်ငံက ကြာသာပတေးနေ့မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    အဲဒီ အာကာသစခန်းကို Tiangong လို့ အမည်ပေးမှာဖြစ်ပြီး စခန်းရဲ့ အစိတ်အပိုင်းဖြစ်လာမယ့် Tianhe စလင်ဒါကို ဟိုင်နန်ကျွန်းက Wenchang အာကာသစင်တာကနေ လွှတ်တင်လိုက်တာပါ။

    အာကာသယာဉ်မှူး ၃ ဦး ထိန်းချုပ်မယ့် Tiangong အာကာသစခန်းကို ၂၀၂၂ ခုနှစ်မှာ အပြည့်အ၀လည်ပတ်နိုင်ဖို့ တရုတ်က စီစဉ်ထားပါတယ်။ လက်ရှိ အမေရိကန်ရဲ့ နိုင်ငံတကာအာကာသစခန်း ISS ကို ၂၀၂၄ ခုနှစ်မှာ အသုံးပြုမှု ရပ်ဆိုင်းခဲ့ရင် Tiangong ဟာ အာကာသက တစ်ခုတည်းသော လူရှိတဲ့စခန်း ဖြစ်လာမှာ ဖြစ်ပါတယ်။

    အာကာသစခန်း တည်ဆောက်ဖို့အတွက် အစိတ်အပိုင်းနဲ့ လူတွေကို တရုတ်က ၁၁ ကြိမ် လွှတ်တင်ရမှာပါ။ အခုနှစ်အလယ်ပိုင်းမှာ ကုန်တင်အစိတ်အပိုင်းနဲ့ လောင်စာဆီဖြည့် အစိတ်အပိုင်းတွေကို လွှတ်တင်ကာ Tianhe နဲ့ ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

    နိုင်ငံတကာ အာကာသစခန်း ISS မှာ တရုတ်ပါဝင်ခွင့်မရအောင် အမေရိကန်က ပိတ်ပင်ထားပါတယ်။ တရုတ်ကတော့ သူတို့ရဲ့ Tiangong အာကာသစခန်းမှာ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ခွင့်ပြုပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: Asia Times

  • ဒရုန်းဖမ်းမည့် အဆင့်မြင့် ပြည်တွင်းဖြစ်ရေဒါကို တရုတ်ထုတ်ပြ

    ဒရုန်းဖမ်းမည့် အဆင့်မြင့် ပြည်တွင်းဖြစ်ရေဒါကို တရုတ်ထုတ်ပြ

    ဧပြီ ၂၄၊ ၂၀၂၁
    M-Media

    -ဒရုန်းတွေအပါအဝင် ကိုယ်ပျောက်လေယာဉ်တွေကို ရှာဖွေနိုင်မယ့် ​ခေတ်ရှေ့ပြေး ရေဒါတစ်မျိုးကို ဒီကနေ့ ကျင်းပပြီးစီးခဲ့တဲ့ နန်ကျင်း နည်းပညာပြပွဲမှာ တရုတ်အစိုးရက ထုတ်ပြလိုက်ပါတယ်။

    YLC-48 radar လို့ အမည်ပေးထားတဲ့ အဲဒီရေဒါဟာ တရုတ်နိုင်ငံကထုတ်လုပ်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ ပထမဆုံး ရေဒါဖြစ်ပါတယ်။ စစ်သားတစ်ယောက်တည်းက ယူဆောင်နိုင်တယ်လို့ ဆိုပါတယ်။

    ‘ဒရုန်းများ၏ သေမင်းတမန်’ လို့လည်း အဲဒီရေဒါကို အမည်ပေးထားပါတယ်။ တရုတ်နိုင်ငံပိုင် နည်းပညာလုပ်ငန်း CETC က ဒီရေဒါကို ထုတ်လုပ်တာပါ။

    ပေါ့ပါးတဲ့ လက်နက်စနစ်တွေမှာ ရေဒါကို အလွယ်တကူ တပ်ဆင် ဖြုတ်သိမ်းလို့ရပြီး ရာသီမရွေး အသုံးပြုလို့လည်း ရပါတယ်။ ဒီရေဒါနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ဒရုန်းခွင်းစနစ် (AUDS) ကိုလည်း CETC က ထုတ်လုပ်ထားပါတယ်။

    နန်ကျင်းပြပွဲမှာ အနိမ့်ပျံယာဉ်တွေကို ရှာဖွေနိုင်မယ့် S-band 3D TWA ရေဒါစနစ်၊ နောက်ဆုံးပေါ် ကိုယ်ပျောက်လေယာဉ်တွေကို ရှာဖွေနိုင်မယ့် YLC-8E ရေဒါစနစ်၊ တရုတ်နိုင်ငံရဲ့ ပထမဆုံး လေပေါ်သုံးရေဒါဖြစ်ပြီး အခြားနိုင်ငံတွေကို ရောင်းချယ်မယ့် KLJ-7A ရေဒါစနစ်တို့လည်း ပါဝင်ပါတယ်။

    အမေရိကန်နဲ့ မဟာမိတ်တွေ အသုံးပြုတဲ့ ဒုံးခွင်းစနစ်အားလုံးကို ဖြတ်ကျော်နိုင်တယ်လို့ ယုံကြည်ရတဲ့ နျူထိပ်ဖူးတပ် အသံထက်မြန်တဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေကို တရုတ်က ၂၀၁၉ ခုနှစ်မှာ ထုတ်ပြခဲ့ပါတယ်။

    Ref: Aljazeera