News @ M-Media

Tag: China

  • တရုတ်ကထုတ်သည့် ကိုဗစ်ကာကွယ်ဆေး ၇၉ ရာခိုင်နှုန်း ထိရောက်မှုရှိ

    တရုတ်ကထုတ်သည့် ကိုဗစ်ကာကွယ်ဆေး ၇၉ ရာခိုင်နှုန်း ထိရောက်မှုရှိ

    ဒီဇင်ဘာ ၃၀၊ ၂၀၂၀
    M-Media

    -မိမိတို့ထုတ်လုပ်တဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေးဟာ ၇၉ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ တရုတ်နိုင်ငံက ဒီကနေ့မှာ ကြေငြာပါတယ်။

    တရုတ်ဟာ အနည်းဆုံး ကိုဗစ်ကာကွယ်ဆေး ၅ မျိုးလောက်ကို နောက်ဆုံးအဆင့် စမ်းသပ်မှု လုပ်ဆောင်နေပြီး Sinopharm ရဲ့ ရလဒ်ကို ပထမဆုံး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    လက်ရှိ အမေရိကန်-ဂျာမန် ကိုဗစ်ကာကွယ်ဆေး Pfizer-BioNTech နဲ့ အမေရိကန် ကိုဗစ်ကာကွယ်ဆေး Moderna တို့ဟာ ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှု ရှိနေတာပါ။ တရုတ်ရဲ့ Sinopharm ဆေးကလည်း ကပ်ရောဂါတိုက်ဖျက်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ပါတယ်။

    Sinopharm ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ကာကွယ်ဆေးဟာ ၇၉.၃၄ ရာခိုင်နှုန်း ထိရောက်မှုရှိခဲ့ပြီး ပြည်သူလူထုကို ထိုးပေးနိုင်ရေး တရုတ်အစိုးရထံမှာ ခွင့်ပြုချက် တောင်းထားတယ်လို့ ဖော်ပြထားပါတယ်။

    စမ်းသပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးရဲ့ အချက်အလက်အသေးစိတ်ကို တရုတ်က လူသိရှင်ကြား ထုတ်မပြောတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက တရုတ်ကာကွယ်ဆေးတွေအပေါ် ယုံကြည်မှု နည်းနေကြပါတယ်။ ဒါ့ကြောင့် နိုင်ငံရပ်ခြားမှာ စမ်းသပ်နိုင်မှုကလည်း အားနည်းပါတယ်။

    တရုတ်အစိုးရကတော့ ဒီဆေးတွေဟာ အန္တရာယ်ကင်းတယ်လို့ အာမခံထားပါတယ်။ တရုတ်နိုင်ငံမှာ အရေးပေါ်အစီအစဉ်နဲ့ ပြည်တွင်းထုတ်ကာကွယ်ဆေး ထိုးထားသူ ၁ သန်းကျော်လောက်ရှိပြီး ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေ ပါဝင်ပါတယ်။

    Sinopharm ကာကွယ်ဆေးကို ယူအေအီးက အခုလအစောပိုင်းမှာ ထိုးခွင့်ပြုခဲ့ပြီး ၈၆ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါဟာ နိုင်ငံခြားတိုင်းပြည်တစ်ခုက ပထမဆုံး ခွင့်ပြုမှုပါ။

    Ref: NDTV

  • ဝီဂါမွတ်စလင်များ ညှင်းပမ်းခံရသည့် အထောက်အထားများကို ဂျပန်က အမေရိကန်ကိုပေး

    ဝီဂါမွတ်စလင်များ ညှင်းပမ်းခံရသည့် အထောက်အထားများကို ဂျပန်က အမေရိကန်ကိုပေး

    ဒီဇင်ဘာ ၂၉၊ ၂၀၂၀
    M-Media

    -တရုတ်အစိုးရက ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ဂျပန်က အမေရိကန်နဲ့ ​ယူကေတို့ကို ပေးအပ်ခဲ့တယ်လို့ ဂျပန်-အမေရိကန် ဆက်ဆံရေး တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါမွတ်စလင်တွေ ဖိနှိပ်ညှင်းပမ်းခံရမှုအတွက် ပြီးခဲ့တဲ့လတွေအတွင်း အမေရိကန်က တရုတ်အပေါ် ဝေဖန်မှုတွေ၊ ပိတ်ဆို့မှုတွ​ေကျယ်ကျယ်​ပြန့်ပြန့်လုပ်ခဲ့တာဟာ ဂျပန်ထောက်လှမ်းရေးက ပေးအပ်တဲ့ အချက်အလက် အထောက်အထားကြောင့်လည်းပါတယ်လို့ ဒီရင်းမြစ်က ဆိုပါတယ်။

    ​တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုကို တွန်းလှန်ရေး ရည်ရွယ်ပြီး ထောက်လှမ်းရေးအချက်အလက်တွေ မျှဝေတဲ့ အထူးအဖွဲ့ Five Eyes ထဲဝင်ဖို့ ဂျပန်အစိုးရအတွင်း ဆွေးနွေးမှုတွေ လုပ်နေပေမယ့် နောက်ကွယ်မှာ ထောက်လှမ်းရေးအချက်အလက်တွေ မျှဝေနေတယ်ဆိုတာ အခုသတင်းက ဖော်ပြနေပါတယ်။

    Five Eyes အဖွဲ့မှာ ဩစတေးလျ၊ ဗြိတိန်၊ ကနေဒါ၊ နယူးဇီလန်နဲ့ အမေရိကန်တို့ ပါဝင်ပါတယ်။

    ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစု အနည်းဆုံး ၁ သန်းလောက်ကို အကျဉ်းစခန်းတွေထဲမှာ ပိတ်လှောင်ထားပြီး တရုတ်ဇာတ်သွင်းနေတယ်လို့ ကုလနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

    ဗြိတိန်နဲ့ အမေရိကန်တို့က တရုတ်အစိုးရရဲ့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပေမယ့် ဂျပန်ကတော့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ပဲ ထုတ်ပြန်ပါတယ်။

    တရုတ်ဟာ ဂျပန်ရဲ့ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ဖြစ်သလို၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးကလည်း တိုးတက်လာပါတယ်။ ၂၀၂၀ နွေရာသီမှာ တရုတ်သမ္မတ ရှီကျင့်ဖျင့် ဂျပန်နိုင်ငံကို ပထမဆုံး သွားရောက်ဖို့ စီစဉ်ထားပေမယ့်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ဒီအစီအစဉ်ကို ရပ်ဆိုင်းခဲ့ရပါတယ်။

    EF: Kyodo News

  • ကိုဗစ်အကြောင်း အဖြစ်မှန်ရေးသည့် ဂျာနယ်လစ်တစ်ဦးကို တရုတ်က ထောင်ချ

    ကိုဗစ်အကြောင်း အဖြစ်မှန်ရေးသည့် ဂျာနယ်လစ်တစ်ဦးကို တရုတ်က ထောင်ချ

    ဒီဇင်ဘာ ၂၈၊ ၂၀၂၀
    M-Media

    ထောင် ၄ နှစ် ချမှတ်ခံရသူ ဂျာနယ်လစ် ကျန်းကျန်

    -ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေကြောင်း သတင်းရေးသားဖော်ပြတဲ့ အမျိုးသမီး ဂျာနယ်လစ်ကို တရုတ်အစိုးရက ဒီကနေ့မှာ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။

    အသက် ၃၇ နှစ်အရွယ် ကျန်းကျန်ဆိုသူဖြစ်ပြီး ‘မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု’ စွဲချက်နဲ့ ထောင်ချခံခဲ့ရတာပါ။ တရုတ်အစိုးရဟာ တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံတွေကို နှိပ်ကွပ်ဖို့ ဒီစွဲချက်ကို မကြာခဏ အသုံးပြုလေ့ ရှိပါတယ်။

    ဝူဟန်မြို့က ကိုဗစ်ကပ်ရောဂါအကြောင်း အဖြစ်မှန်ကို တင်ပြတဲ့ ပြည်တွင်းဂျာနယ်လစ်တွေကို တရုတ်အစိုးရက ပြီးခဲ့တဲ့လတွေမှာ နှိပ်ကွပ်ခဲ့ပြီး ကျန်းကျန်ဟာ အဲဒီထဲကတစ်ယောက်ပါ။

    ဖေဖော်ဝါရီလအတွင်း ဝူဟန်မြို့က အခြေအနေတွေနဲ့ပတ်သက်လို့ ကျန်းကျန်ရဲ့ သတင်းတွေ Live လွှင့်မှုတွေကို တရုတ်လူထုက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

    ကျန်းကျန် တင်ဆက်တဲ့ သတင်းတွေထဲမှာ ကိုဗစ်ကပ်ရောဂါကို အမှန်အတိုင်းတင်ပြတဲ့ ဂျာနယ်လစ်တွေ အဖမ်းခံရတာ၊ ထိထိရောက် ကုသဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ ကိုဗစ်လူနာရှင် မိသားစုတွေကို အာဏာပိုင်တွေက နှိပ်ကွပ်တာတွေ ပါဝင်တယ်လို့ တရုတ်လူ့အခွင့်အရေး ကာကွယ်သူများကွန်ယက် (CHRD) က ပြောပါတယ်။

    ကျန်းကျန်ဟာ မေလ ၁၄ ရက်နေ့က ပျောက်ဆုံးသွားခဲ့ပြီး ရှန်ဟိုင်းမြို့မှာ အဖမ်းခံရကြောင်း ၁၅ ရက်နေ့မှာ သတင်းထွက်လာပါတယ်။ တရုတ်အစိုးရဟာ သတင်းအမှားဖြန့်တယ်ဆိုတဲ့ စွဲချက်နဲ့ သူမကို နိုဝင်ဘာလမှာ တရားစွဲဆိုခဲ့တာပါ။

    ဒီလိုဖမ်းဆီးခံရမှုကို မကျေနပ်တဲ့အတွက် ကျန်းကျန်ဟာ အစာငတ်ခံ ဆန္ဒပြခဲ့တာကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ သူမရဲ့ရှေ့နေက ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ၂၀၂၈ ခုနှစ်တွင် တရုတ်က ကမ္ဘာ့စီးပွားရေး၌ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာမည်

    ၂၀၂၈ ခုနှစ်တွင် တရုတ်က ကမ္ဘာ့စီးပွားရေး၌ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာမည်

    ဒီဇင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    -၂၀၂၈ ခုနှစ်ရောက်ရင် တရုတ်နိုင်ငံဟာ အမေရိကန်ကိုကျော်ပြီး ကမ္ဘာ့ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ အမေရိကန်ရဲ့ ထိပ်တန်း စီးပွားရေးသုတေသနအဖွဲ့ Centre for Economics and Business Research (CEBR) က ​ခန့်မှန်းလိုက်ပါတယ်။

    CEBR ဟာ ကမ္ဘာ့စီးပွားရေးဆိုင်ရာ အစီရင်ခံစာကို ​မနေ့က ထုတ်ပြန်ခဲ့တာပါ။ ၂၀၃၃ လောက်မှ တရုတ်က စီးပွားရေးမှာ အမေရိကန်ကိုကျော်မယ်လို့ အရင်က ခန့်မှန်းထားတာပါ။

    ကိုဗစ်ကပ်ရောဂါနဲ့ အမေရိကန်ရဲ့ စီးပွားရေး ကျဆင်းမှုတွေက တရုတ်ကို အသာရစေခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း တစ်နှစ်ကို တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ၅.၇ ရာခိုင်နှုန်း ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ နောက်ထပ် ၅ နှစ်မှာတော့ ၄.၅ ရာခိုင်နှုန်း ရှိမယ်လို့ ဆိုပါတယ်။

    ကိုဗစ်အလွန် ၂၀၂၁ ခုနှစ်မှာ အမေရိကန်ရဲ့စီးပွားရေး ပြန်လည်ဦးမော့လာနိုင်ပေမယ့် တစ်နှစ်အတွင်း ​စီးပွားရေးတိုးတက်မှုနှုန်းကတော့ ၂ ရာခိုင်နှုန်းလောက်သာ ရှိမယ်လို့ CEBR က ပြောပါတယ်။

    ဂျပန်က စီးပွားရေးမှာ တတိယအင်အားအကြီးဆုံးနိုင်ငံဖြစ် ၂၀၃၀ ​အကျော်အထိ ဆက်ရှိနေမှာဖြစ်ပြီး၊ လက်ရှိ စတုတ္ထနေရာရှိနေတဲ့ အိန္ဒိယ အဲဒီနောက်ပိုင်း ဂျပန်နေရာကို ရယူနိုင်မှာဖြစ်ကြောင်း၊ ဂျာမနီက အဆင့် ၃ ကနေ ၅ ကို ကျဆင်းကာ ယူကေက ၅ ကနေ ၆ ကို ကျဆင်းမှာဖြစ်ကြောင်း အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

    ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ငွေကြေးဖောင်းပွမှုလောက်သာ ကမ္ဘာက ကြုံတွေ့ရမှာဖြစ်ပြီး စီးပွားရေးတိုးတက်မှုကိုတော့ ထိခိုက်မှာမဟုတ်ဘူးလို့လည်း CEBR က သုံးသပ်ခဲ့ပါတယ်။

    Ref: Aljazeera

  • တရုတ်ဒဏ်ခံနေရသည့် တိဘက်ပြည်သူများဖက်မှ အမေရိကန်၏ ရပ်တည်မှုကို တိဘက်နိုင်ငံရေးခေါင်းဆောင် ကြိုဆို

    တရုတ်ဒဏ်ခံနေရသည့် တိဘက်ပြည်သူများဖက်မှ အမေရိကန်၏ ရပ်တည်မှုကို တိဘက်နိုင်ငံရေးခေါင်းဆောင် ကြိုဆို

    ဒီဇင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    -တိဘက်ဒေသရဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်ကို ရွေးချယ်ခွင့်ဟာ တိဘက်ပြည်သူတွေဆီမှာပဲရှိတယ်ဆိုတဲ့ အမေရိကန်ရဲ့ ဥပဒေမူကြမ်းကို အဝေးရောက် တိဘက်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် Lobsang Sangay က ကြိုဆိုလိုက်ပါတယ်။

    တရုတ်ဟာ တိဘက်ဒေသကို ၁၉၅၀ ပြည့်နှစ်က စစ်တပ်နဲ့ ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ တိဘက်ဒေသဟာ တရုတ်နိုင်ငံမှာ ဖိနှိပ်ချုပ်ချယ်မှုအခံရဆုံး ဒေသတွေထဲက တစ်ခု ဖြစ်လာပါတယ်။

    ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ တိဘက်တော်လှန်ရေးကို ဦးဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ၁၉၅၉ ခုနှစ်မှာ နိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။ ဒလိုင်းလားမားကို တရုတ်အစိုးရက အန္တရာယ်ရှိတဲ့ ‘ခွဲထွက်ရေးသမား’ အဖြစ် ရှုမြင်နေတာပါ။

    အမေရိကန်လွှတ်​တော်ဟာ တနင်္လာနေ့က တိဘက်နဲ့ဆိုင်တဲ့ ဥပဒေမူကြမ်းတစ်ခုကို အတည်ပြုခဲ့ပါတယ်။

    အဲဒီမူကြမ်းထဲမှာ တိဘက်ဒေသရဲ့ အဓိကမြို့ လာရှာမှာ အမေရိကန်ကောင်စစ်ဝန်ရုံး တည်ဆောက်ရေး၊ တိဘက်က သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းရေး စတာတွေ လုပ်ဆောင်ဖို့၊ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တရုတ်အစိုးရ ဆွေးနွေးရေးကိစ္စတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားသလို ဒလိုင်းလာမားနေရာကို ဆက်ခံမယ့် တိဘက်ရဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်ကို ရွေးချယ်ခွင့်ဟာ တိဘက်ပြည်သူတွေမှာပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။

    တိဘက်ဒေသ အဝေးရောက်အစိုးရအဖွဲ့ CTA ရဲ့ ဝန်ကြီးချုပ် Lobsang Sangay က အမေရိကန်ရဲ့ ဒီဥပဒေမူကြမ်းဟာ သမိုင်းဝင်ဆောင်ရွက်ချက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီမူကြမ်းအတည်ပြုမှုဟာ တိဘက်ကိစ္စက အမေရိကန်ရဲ့ ဦးစားပေးတစ်ခုအဖြစ် ရှိနေတယ်၊ ဒလိုင်းလားမားနဲ့ CTA ကို ဆက်လက်ထောက်ခံနေအုံးမယ်ဆိုတာ ပြတ်ပြတ်သားသား ပြောလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါဟာ တိဘက်လွတ်မြောက်ရေး လှုပ်ရှားမှုရဲ့ အောင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်”

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ဟာ မိမိတို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေပြီး အခုမူကြမ်းကို ဥပဒေအဖြစ် အတည်ပြုမယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ထိခိုက်စေလိမ့်မယ်လို့ အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။

    နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအ​ပေါ် ဖိနှိပ်ညှင်းပမ်းတဲ့ ပုံစံအတိုင်း တိဘက်က ဗုဒ္ဓဘာသာဝင်တွေကိုလည်း တရုတ်အစိုးရက ဖိနှိပ်မှုတွေ လုပ်နေတာပါ။

    ဒါ့အပြင် တိဘက်လွင်ပြင်ဒေသက ရေအရင်းအမြစ်တွေကိုလည်း တရုတ်အစိုးရက မတော်မတရား သုံးစွဲနေတယ်လို့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။

    ဒလိုင်းလာမားကိုဆက်ခံမယ့် တိဘက်ဒေသရဲ့ ဗုဒ္ဓဘာသာ​ခေါင်းဆောင်ကို မိမိတို့ကသာ ခန့်အပ်ခွင့်ရှိတယ်လို့ တရုတ်အစိုးရက ပြောထားပါတယ်။

    Ref: Reuters