News @ M-Media

Tag: China

  • ​တောင်တရုတ်ပင်လယ်တွင် တရုတ်က အနိုင်ကျင့်ဗိုလ်ကျနေသည်ဟု ကန်ထုတ်ပြန်

    ​တောင်တရုတ်ပင်လယ်တွင် တရုတ်က အနိုင်ကျင့်ဗိုလ်ကျနေသည်ဟု ကန်ထုတ်ပြန်

    ဇူလိုင် ၁၄၊ ၂၀၂၀
    M-Media

    -တောင်တရုတ်ပင်လယ်က ရေပိုင်နက်တွေကို ပိုင်ဆိုင်ကြောင်း တရုတ်ရဲ့ပြောကြားမှုကို လက်မခံဘူးလို့ အမေရိကန်အစိုးရက မနေ့မှာ တရားဝင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    တရုတ်ဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်တယ်လို့ ပြောဆိုထားပြီး၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူးနိုင်း၊ မလေးရှား၊ ထိုင်ဝမ်တို့နဲ့ ရေပိုင်နက်အငြင်းပွားမှု ဖြစ်ပွားနေတာပါ။ ဒီအငြင်းပွားဒေသတွေမှာ စစ်စခန်းဆောက်တာ၊ ငါးခိုးဖမ်းတာ၊ ကျွန်းတုတွေတည်ဆောက်တာ၊ သယံဇာတ ခိုးထုတ်မှုတွေကိုလည်း တရုတ်က လုပ်ဆောင်နေပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်ကြောင်း အရေးဆိုဖို့အတွက် တရုတ်မှာ ဥပဒေအရေ အခွင့်အရေးမရှိကြောင်း၊ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အခြားနိုင်ငံတွေအပေါ် ခြိမ်းခြောက်တဲ့နည်းလမ်းတွေကို အသုံးပြုနေကြောင်း ပြောကြားခဲ့ပါတယ်။

    “တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးနီးက ကမ်းလွန်ရင်းမြစ်တွေ ပိုင်ဆိုင်တယ်လို့ ဘေဂျင်းရဲ့ပြောဆိုမှု၊ ဒါတွေကိုထိန်းချုပ်ဖို့ ဗိုလ်ကျအနိုင်ကျင့်တာတွေဟာ ဥပဒေနဲ့ လုံး၀မညီညွတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်။ ။ တောင်တရုတ်ပင်လယ်မှာ အဏ္ဍဝါအင်ပါယာထူထောင်ဖို့ တရုတ်ကကြိုးစားနေတာကို ​ကမ္ဘာကြီးက ခွင့်ပြုမှာ မဟုတ်ပါဘူး”

    အမေရိကန်က တရုတ်သံရုံးကတော့ ပွမ်ပီယိုရဲ့ ဒီပြောဆိုချက်ဟာ လုံး၀ အခြေအမြစ်မရှိဘဲ၊ အမေရိကန်ဟာ အ​ခ​ြ​ေအနေပိုဆိုးအောင် မီးထိုးပေးနေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ဟောင်ကောင်အရေး၊ ရှင်ကျန်းက လူနည်းစုတွေအပေါ် ဖိနှိပ်နေမှု စတာတွေနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အခုဒီထုတ်ပြန်မှုကြောင့် တင်းမာမှုတွေ ပိုမိုဆိုးရွားမယ့် အလားအလာ ရှိနေပါတယ်။

    Ref: Aljazeera

  • တရုတ်ဒေသတစ်ခုတွင် ကြောက်စရာ ပလိပ်ရောဂါ ဖြစ်ပွားနေ

    တရုတ်ဒေသတစ်ခုတွင် ကြောက်စရာ ပလိပ်ရောဂါ ဖြစ်ပွားနေ

    ဇူလိုင် ၆၊ ၂၀၂၀
    M-Media

    ပုလိပ်ရောဂါဖြစ်ပွားရာ အင်းနား မွန်ဂိုလီးယားဒေသ (အနီရောင်)

    -တရုတ်နိုင်ငံမြောက်ပိုင်းက အင်းနားမွန်ဂိုလီးယားဒေသမှာ ကြောက်စရာကောင်းတဲ့ အကြိတ်ထွက် ပလိပ်ရောဂါ (Bubonic plague) ဖြစ်ပွားမှုကို တွေ့လာရတာကြောင့် အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ဒီရောဂါ ကူးစက်မှုကို စတွေ့လာရတာဖြစ်ပြီး ဒီထက်ပိုကြောက်စရာကောင်းတဲ့ Pneumonic ပလိပ်ရောဂါ ဖြစ်ပွားမှု အနည်းငယ် ရှိနေပါတယ်။ မြို့တော်ဘေဂျင်းမှာလည်း ဒီပုလိပ်ရောဂါကူးစက်မှု အနည်းဆုံး ၂ ခုကို တွေ့ရပါတယ်။

    အင်းနားမွန်ဂိုလီးယား​ဒေသ မြို့တော်ဘာယန်နူရ်ရဲ့ ကျန်းမာရေးကော်မတီက ဒီကူးစက်မှုကြောင့် မနေ့က တတိယအဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ပလိပ်ရောဂါကူးစက်နိုင်တဲ့ သားရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးစားသောက်တာကို တားမြစ်ခဲ့ပြီး၊ ရောဂါ တိတိကျကျမရှိဘဲ ဖျားတဲ့သူတွေ၊ သေဆုံးတဲ့သူတွေကို သိရှိရင် သတင်းပေးတိုင်ကြားဖို့လည်း ညွှန်ကြားထားပါတယ်။

    Bubonic ပလိပ်ရောဂါဟာ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ အသေအပျောက်အများဆုံး ကူးစက်ရောဂါတွေထဲက တစ်ခုဖြစ်ပြီး အလယ်ခေတ်မှာ ‘အနက်ရောင်သေမင်း’ ရောဂါ လို့ အမည်တွင်ပါတယ်။ ဒီရောဂါကြောင့် ၁၄ ရာစုမှာ လူ ၇၅ သန်းကနေ သန်း ၂၀၀ လောက် သေဆုံးခဲ့သလို၊ သက္ကရာဇ် ၅၄၁ ခုနှစ်ကနေ ၅၄၉ ခုနှစဝ်အတွင်း အနည်းဆုံး လူ သန်း ၃၀ ကနေ ၅၀ အတွင်း သေဆုံးခဲ့တယ်လို့ မှတ်တမ်းမှတ်ရာတွေက ဆိုပါတယ်။

    အဆုတ်မှာ အဓိကဖြစ်လေ့ရှိတဲ့ Pneumonic ပုလိပ်ရောဂါဟာ လေထဲကနေ အလျင်အမြန် ကူးစက်နိုင်ပြီး ကပ်ရောဂါအသွင် ဖြစ်လာနိုင်တယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

    တရုတ်နိုင်ငံမှာ ပုလိပ်ရောဂါလို ရောဂါမျိုး အကြီးအကျယ် ဖြစ်လေ့ဖြစ်ထ မရှိပါဘူ။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ပုလိပ်ရောဂါဖြစ်ပွားသူ ၂၆ ဦး သေဆုံးသူ၊ ၁၁ ဦး ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • တိုင်းရင်းသားများ လူဦးရေနည်းလာအောင် တရုတ်က စီမံကိန်းဖြင့် ဆောင်ရွက်နေ

    တိုင်းရင်းသားများ လူဦးရေနည်းလာအောင် တရုတ်က စီမံကိန်းဖြင့် ဆောင်ရွက်နေ

    ဇွန် ၃၀၊ ၂၀၂၀
    M-Media

    တရုတ်နိုင်ငံမှ တိုင်းရင်းသားလူမျိုးများ

    -နိုင်ငံအတွင်း ဝီဂါနဲ့ အခြား တိုင်းရင်းသားလူနည်းစုတွေ လူဦးရေ နည်းသမျှနည်းအောင် တရုတ်အစိုးရက စီမံကိန်းချ ဆောင်ရွက်နေတာကို AP သတင်းဌာနက စုံစမ်းဖော်ထုတ်လိုက်ပါတယ်။

    ဒီစုံစမ်းဖော်ထုတ်မှုအတွက် AP သတင်းဌာနဟာ တရုတ်အစိုးရက ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေ၊ ကိန်းဂဏန်းတွေကို အရယူခဲ့သလို၊ တရုတ်အစိုးရက စီမံတဲ့ အကျဉ်းစခန်းတွေမှာ ကြီးကြပ်ရေးတာဝန် ယူခဲ့ရသူ၊ ထိန်းသိမ်းခံခဲ့ရသူ စုစုပေါင်း ၃၀ လောက်ကိုလည်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

    တိုင်းရင်းသားတွေ လူနည်းအောင် ဆောင်ရွက်တာအပြင် လူများစုဖြစ်တဲ့ ဟန်တရုတ်တွေ လူဦးရေတိုးပွားလာအောင်လည်း တရုတ်ကအစိုးရက စီစဉ်ထားပြီး ဒါဟာ လူမျိုးတုန်းအောင်လုပ်မှုတစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ကြပါတယ်။

    ဝီဂါမွတ်စလင်တွေအပါအဝင် လူနည်းစုတိုင်းရင်းသားတွေရဲ့ လူဦးရေ လျော့ပါးအောင်၊ တိုင်းရင်းသားဒေသတွေမှာ ဟန်တရုတ်တွေ များလာအောင် ကွန်မြူနစ်အစိုးရက စီမံကိန်းချ ​ဆောင်ရွက်နေတာကို ကမ္ဘာက အရင်ကတည်းက သိထားခဲ့ပေမယ့် AP သတင်းဌာနရဲ့ ဒီဖော်ထုတ်မှုအရ အရင်ကထင်ထားတာထက်ကို ပိုပြီး တင်းကြပ် ပြင်းထန်တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    တရုတ်အစိုးရဟာ လူနည်းစုတိုင်းရင်းသား အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဆောင်မှုကို ပုံမှန် စစ်ဆေးလေ့ရှိပြီး သန္ဓေတားပစ္စည်းထည့်တာ၊ သားကြောဖြတ်တာ၊ ကိုယ်ဝန်အဓမ္မဖျက်ချခိုင်းတာတွေကို လုပ်ဆောင်တာပါ။ ဒီလိုအလုပ်ခံရတဲ့ အမျိုးသမီးအရေအတွက်ဟာ အနည်းဆုံး သိန်းချီရှိတယ်လို့ AP သတင်းဌာနက ဆိုပါတယ်။

    နိုင်ငံတစ်ဝှမ်းမှာ ကိုယ်ဝန်တားမှု၊ သားကြောဖြတ်မှုနှုန်း ကျဆင်းသွားပေမယ့် ဝီဂါလူမျိုးတွေရဲ့ဒေသသဖြစ်တဲ့ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဒီနှုန်းက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုကို မလိုက်နာရင် တရုတ်ကအစိုးရက ပြင်းပြင်းထန်ထန် အရေးယူပါတယ်။

    ကလေး ၃ ဦးနဲ့အထက်ရှိနဲ့ မိသားစုတွေကို ဒဏ်ကြေးဆောင်ခိုင်းတာမျိုးလည်း လုပ်လေ့ရှိပါတယ်။ မဆောင်နိုင်ရင် အိမ်ကို ရဲတွေကဝင်စီးပြီး ကလေးတွေကိုဖမ်းကာ အကျဉ်းစခန်းတွေဆီ ပို့ဆောင်လေ့ရှိတာကို AP သတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်မှုမှာ တွေ့ခဲ့ရပါတယ်။

    ဒီစီမံကိန်းကြောင့် ဝီဂါအများစုရှိရာဒေသမှာ ကလေးမွေးဖွားမှုနှုန်းဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်တွင်း ၆၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံတစ်ဝှမ်းမှာ ကလေးမွေးမှုနှုန်း ၄.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့် ရှင်ကျန်းပြည်နယ်မှာတော့ ၂၄ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။

    “ဒီလိုလျော့ကျမှုက မကြုံစဖူးပါ။ ရက်စက်မှုအပေါင်း သရဖူဆောင်းတယ်လို့ ပြောလို့ရပါတယ်။ ဝီဂါတွေကိုနှိမ်နှင်းရေး ကြီးမားတဲ့ စီမံကိန်းကြီးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်” လို့ တရုတ်ပညာရှင်တစ်ဦးဖြစ်တဲ့ ​အေဒရီယန် ဇန့်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်ပြည်ထောင်စု ကိုလိုရာဒို တက္ကသိုလ်က ဝီဂါအရေးကျွမ်းကျင်သူ ဒါရန် ဘိုင်လာက ဝီဂါတွေကို လုံး၀ အစဖျောက်လိုက်တာထက် တစ်ဖြည်းဖြည်း အားနည်းအောင်လုပ်ပြီး တရုတ်ဇာတ်သွင်းတာမျိုး တရုတ်အစိုးရက ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားခြင်းမရှိဘူးလို့ AP သတင်းဌာနက ဆိုပါတယ်။

    Ref: AP

  • ကမ္ဘာ့ကပ်ရောဂါဖြစ်လာနိုင်သည့် ဝက်တုပ်ကွေးတစ်မျိုးကို တရုတ်တွင် တွေ့ရှိ

    ကမ္ဘာ့ကပ်ရောဂါဖြစ်လာနိုင်သည့် ဝက်တုပ်ကွေးတစ်မျိုးကို တရုတ်တွင် တွေ့ရှိ

    ဇွန် ၃၀၊ ၂၀၂၀
    M-Media

    -ကမ္ဘာပေါ်မှာ နောက်ထပ် ကူးစက် ကပ်ရောဂါတစ်မျိုး ဖြစ်ပွားနိုင်ချေရှိတဲ့ ဝက်တုပ်ကွေး အမျိုးအစားတစ်ခုကို​ တွေ့ထားတယ်လို့ တရုတ် သုတေသန ပညာရှင်တွေက အမေရိကန် သိပ္ပံဂျာနယ် PNAS မှာ ရေးသားသတိပေးလိုက်ပါတယ်။

    G4 လို့အမည်ပေးထားတဲ့ အဲဒီ တုပ်ကွေးဗိုင်းရပ်စ်ဟာ အရင်က ကပ်ရေဂါအဖြစ် ပြန့်ခဲ့တဲ့ H1N1 ဗိုင်းရပ်အမျိုးအစားကနေ ဆင်းသက်လာတာပါ။

    လူသားတွေထံ ကူးစက်နိုင်တဲ့ အရေးပါတဲ့ ဝိသေသလက္ခဏာတွေအားလုံး ဒီဗိုင်းရပ်စ်မှာ ရှိနေတယ်လို့ တနင်္လာနေ့က ဖော်ပြခဲ့တဲ့ အဲဒီဆောင်းပါးမှာ ရေးသားထားပါတယ်။

    တရုတ်တက္ကသိုလ်၊ တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်​တားဆီးရေးစင်တာတို့က ပညာရှင်တွေဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် ပြည်နယ် ၁၀ ခုမှာရှိတဲ့ ဝက်သတ်ရုံက ဝက်တွေရဲ့ နှာခေါင်းတို့ဖတ်နမူနာ ၃ သောင်းလောက်ကို စစ်ဆေးခဲ့ပါတယ်။

    အဲဒီလို စစ်ဆေးရာမှာ ဝက်တုပ်ကွေးအမျိုးအစားပေါင်း ၁၇၉ ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး G4 လို့ အမည်ပေးထားတဲ့ ဝက်တုပ်ကွေးကတော့ လူတွေမှာ ကူးစက်ကာ ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တာတွေကို တွေ့ခဲ့ရပါတယ်။

    ရာသီတုပ်ကွေးကို တိုက်ဖျက်နိုင်တဲ့ လူ့ကိုယ်ခံအားစနစ်ဟာ G4 ကို မတိုက်ဖျက်နိုင်တာကိုလည်း စမ်းသပ်မှုမှာတွေ့ရပါတယ်။ သွေးအဖြေ စစ်ဆေးမှုအရ စမ်းသပ်မှုလုပ်ခဲ့တဲ့ ဝက်သတ်ရုံက လုပ်သား ၁၀.၄ ရာခိုင်နှုန်းမှာ ကူးစက်နေပြီး၊ အပြင်ကိုရောက်လာရင် တရုတ်လူဦးရေရဲ့ ၄.၄ ရာခိုင်နှုန်းလောက်ကို ကူးစက်နိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းခဲ့ပါတယ်။

    ဝက်ကနေ လူကို ကူးစက်နိုင်တယ်ဆိုတာကို တွေ့ခဲ့ရပေမယ့် လူလူချင်း ကူးစက်တတ်တယ်ဆိုတဲ့ အ​ထောက်အထားမျိုးကိုတော့ မတွေ့ရသေးပါဘူး။

    “G4 ဗိုင်းရပ်စ် လူတွေမှာ ကူးစက်မယ်ဆိုရင် အသွင်ပြောင်းပြီး ကမ္ဘာ့ကပ်ရောဂါတစ်ခု ဖြစ်လာနိုင်တာက စိုးရိမ်စရာ ဖြစ်နေပါတယ်”

    ၀က်မွေးမြူရေးနဲ့ ဝက်သတ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေကို အမြန်ဆုံး စောင့်ကြည့်သွားဖို့လည်း ပညာရှင်တွေက ဆောင်းပါးမှာ တိုက်တွန်းခဲ့ပါတယ်။

    Ref: AFP

  • တစ်ကျော့ပြန် ကိုရိုနာကြောင့် ဘေဂျင်းတွင် လူသန်းဝက်ကို Lock Down ချ

    တစ်ကျော့ပြန် ကိုရိုနာကြောင့် ဘေဂျင်းတွင် လူသန်းဝက်ကို Lock Down ချ

    ဇွန် ၂၈၊ ၂၀၂၀
    M-Media

    ဘေဂျင်းမြင်ကွင်း

    – တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာတာကြောင့် လူသန်းဝက်လောက်ကို သီးသန့်ခွဲထား စောင့်ကြည့်နေရပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘေဂျင်းမှာ Covid-19 ကူးစက်သူတွေကို ပြန်တွေ့လာရတာပါ။ မနေ့ကတော့ ကူးစက်သူအရေအတွက်ဟာ သိသိသာသာမြင့်တက်လာခဲ့ပြီး ဗိုင်းရပ်စ်ဗဟိုချက်ဖြစ်တဲ့ မိုင် ၉၀ တစ်ဝိုက်ကို တံခါးပိတ်ကာ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

    ဗိုင်းရပ်စ်စတင်တဲ့ ဝူဟန်မြို့မှာ လုပ်ဆောင်ခဲ့တဲ့ တင်းကျပ်တဲ့ ကန့်သတ်ချက်မျိုး ချမှတ်လိုက်တာဖြစ်ပြီး လူပေါင်း ၅ သိန်းလောက်အပေါ် သက်ရောက်မှာပါ။ အိမ်နီးချင်း ဟူဘေးပြည်နယ်မှာလည်း ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတာကို တွေ့ရပါတယ်။

    Ref: Aljazeera