News @ M-Media

Tag: China

  • သူလျှိုပြဿနာကြောင့် ကန်သုတေသနလောကတွင် တရုတ်နွယ်ဖွားများကို သတိထားလာရ

    သူလျှိုပြဿနာကြောင့် ကန်သုတေသနလောကတွင် တရုတ်နွယ်ဖွားများကို သတိထားလာရ

    ဇွန် ၂၁၊ ၂၀၂၀
    M-Media

    -အမေရိကန် ဆေးဘက်ဆိုင်ရာ သုတေသနလောကဟာ တရုတ်သူလျှိုပြဿနာနဲ့ ကြုံလာရပြီး၊ အချိန်မီမထိန်းနိုင်ရင် အကျိုးဆက်က ဆိုးရွားမယ်လို့ ဝါရှင်တန်အခြေစိုက် ပေါ်လစီရေးရာသုံးသပ်သူ ရှိုရှာနာ ဘာရ်ယန် (Shoshana Bryen) က Asia Times က သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

    တရုတ်နိုင်ငံရဲ့ Thousand Talents မှာပါဝင်မှု၊ ဝူဟန်နည်းပညာတက္ကသိုလ်အတွက် အလုပ်လုပ်ပေးမှုတွေနဲ့ ပတ်သက်ပြီး ဖက်ဒရယ်အာဏာပိုင်တွေထံ လိမ်လည်ထွက်ဆိုခဲ့တာကြောင့် ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာ ချားလ်စ် လီဗာဟာ (Charles Lieber ) ဇန်နဝါရီလမှာ အဖမ်းခံခဲ့ရပါတယ်။

    လီဗာဟာ အမေရိကန်အစိုးရ ကျန်းမာရေးဌာန (NIH) နဲ့ ကာကွယ်ရေးဌာန (DOD) တို့အတွက် အလုပ်လုပ်ပေးနေသူဖြစ်ပြီး သူ ဖမ်းဆီးခံရမှုကလည်း ခေါင်းကြီးသတင်း ဖြစ်ခဲ့ပါတယ်။

    ဘာရ်ယန်က လီဘာကိစ္စဟာ အစသာရှိသေးပြီး အမေရိကန် ကျန်းမာရေးနဲ့ သုတေသနနယ်ပယ်မှာ တရုတ်နဲ့ မကင်းမရှင်း ဆက်ဆံရေးရှိတဲ့ လူ ၃၀၀ လောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ကာကွယ်ရေးဌာနမှာလည်း တရုတ်သူလျှိုပြဿနာကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး ရဲတပ်ဖွဲ့အပါအဝင် အမေရိကန် အစိုးရတစ်တစ်ခုလုံးမှာ ဒီလိုကိစ္စ​ပေါင်း ထောင်နဲ့ချီရှိနိုင်တာကြောင့် အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ သူက သုံးသပ်ထားပါတယ်။

    အမေရိကန်ဥပဒေအရ အစိုးရရဲ့ အထောက်အပံ့နဲ့ သုတေသန လုပ်ဆောင်နေတဲ့ ပညာရှင်တွေ၊ အဖွဲ့စည်းတွေဟာ စီမံကိန်းအသေးစိတ် ကို အစိုးရထံ မချွင်းမချန်တင်ပြရပြီး၊ နိုင်ငံခြားအစိုးရနဲ့ ပတ်သက်ဆက်နွယ်မှုမရှိကြောင်း၊ စီမံကိန်းနဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွား ပွတ်တိုက်မှုမရှိကြောင်း လက်မှတ်ရေးထိုး အာမခံထားရတာပါ။

    တရုတ်နိုင်ငံတဲ့နွယ်တဲ့ နောက်ကြောင်းမရှင်းတဲ့ ငွေရေးကြေးကိစ္စ ပြဿနာကြောင့် NIH က ဒါဇင်နဲ့ချီတဲ့ သုတေသနပညာရှင်တွေကို မကြာသေးခင်က အလုပ်ထုတ်ခဲ့ပြီး အများစုက အသက် ၅၀ ကျော် အာရှနွယ်ဖွားတွေဖြစ်တယ်လို့ အမေရိကန် တရားရေးစောင့်ကြည့်အဖွဲ့ Judicial Watch ရဲ့ အခုတစ်ပတ် ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

    သံသယရှိတဲ့ သုတေသနပညာရှင် ၃၉၉ ဦးကို စုံစမ်းစစ်ဆေးရာမှာ ၁၃၃ ဦးက နိုင်ငံခြာအစိုးရတစ်ခုထံကနေ ငွေကြေးယူထားတာ၊ ၁၀၂ ဦးက တရုတ် Thousand Talents ဆုကို လျှို့ဝှက် လက်ခံထားတာတွေ တွေ့ရပါတယ်။

    NIH အထူး အလုပ်အဖွဲ့က ဌာနအတွင်း တရုတ်သူလျှိုတွေ စိမ့်ဝင်နေမှုကို Foreign Influences on Research Integrity ခေါင်းစဉ်နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

    တရုတ်ဟာ အမေရိကန်က အကြီးတန်း သုတေသန ပညာရှင်တွေနဲ့ လျှို့ဝှက်ချိတ်ဆက်ကာ Thousand Talents ဆုလို မက်လုံတွေပေးပြီး သုတေသနရလဒ်တွေ လွှဲပြောင်းရယူတာရှိနေကြောင်း၊ ဇွန်လအတွင်း အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲမှာ NIH အလုပ်အဖွဲ့က ဖော်ပြခဲ့ပါတယ်။

    တရုတ်ဟာ သူလျှိုတွေကနေတစ်ဆင့် သုတေသနအချက်အလက်တွေ ဘယ်လောက်များများ ရရှိထားလဲဆိုတာကို မသိရကြောင်း၊ နည်းပညာလုံခြုံရေးကို ဥပဒေကောင်းကောင်းနဲ့ အမေရိကန်က မထိန်းချုပ်နိုင်ဘူးဆိုရင် ရေရှည်ရိုက်ခတ်မှုရှိနိုင်တဲ့ စစ်ပွဲတစ်ခုကို ရှုံးနိမ့်တော့မှာဖြစ်ကြောင်း ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။

    Ref: Asia Times

  • တရုတ်ကရန်စလျှင် တုန့်ပြန်နိုင်စွမ်းရှိသည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

    တရုတ်ကရန်စလျှင် တုန့်ပြန်နိုင်စွမ်းရှိသည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

    ဇွန် ၁၈၊ ၂၀၂၀
    M-Media

    -ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နိုင်ငံတောင်ပိုင်း လာဒက်ခ်ဒေသက ပဋိပက္ခအတွက် အိန္ဒိယခေါင်းဆောင်တွေက တရုတ်နိုင်ငံကို သတိပေးလိုက်ပါတယ်။

    လာဒက်ခ်ဒေသ ဂါလ်၀မ် ချိုင့်ဝှမ်းမှာ တနင်္လာနေ့က နှစ်နိုင်ငံ စစ်သားတွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အိန္ဒိယဖက်က ဗိုလ်မှူးကြီး တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၂၀ သေဆုံးခဲ့ပါတယ်။ ဒါဟာ ၄၅ နှစ်အတွင်း နှစ်နိုင်ငံအကြား အဆိုးဝါးဆုံး ထိပ်တိုက်တွေ့ဆုံမှုပါ။ တရုတ်ဖက်ကတော့ သေဆုံး၊ ဒဏ်ရာရမှုစာရင်းကို မထုတ်ပြန်ပါဘူး။

    ဒီအဖြစ်အပျက်အတွက် အိန္ဒိယနဲ့ တရုတ်တို့အကြား အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။

    အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက သေဆုံးသွားတဲ့ စစ်သားတွေကို ချီးကျူးခဲ့ပြီး သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုဟာ အချီးအနှီး မဖြစ်စေရဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့အတွက် စည်းလုံးညီညွတ်မှုနဲ့ အချုပ်အခြာအာဏာဟာ အရေးအကြီးဆုံးပါ။ အိန္ဒိယက ငြိမ်းချမ်းရေးကို လိုလားပေမယ့် ရန်စလာရင်လည်​ ထိုက်ထိုက်တန်တန် တုန့်ပြန်နိုင်ပါတယ် “

    ပြဿနာဖြစ်ခဲ့တဲ့ ဂါလ်၀မ်ချိုင့်ဝှမ်းဒေသကို သူတို့ပိုင်တယ်လို့ တရုတ်ရဲ့ပြောကြားမှုဟာ ယုတ္တိမရှိတဲ့ ပြောကြားမှု ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အနူရဂ် ​ဆရီဗက်စ်တာဗာက မနေ့မှာ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံစလုံးဟာ နျူလက်နက်ပိုင်ဆိုင်ထားတဲ့ထားပြီး လက်ရှိတင်းမာမှုတွေ လျှော့ချရေး စစ်ဖက်အရာရှိတွေ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    Ref: Aljazeera

  • ဝီဂါများအားဖိနှိပ်သည့် တရုတ်အရာရှိများကို အရေးယူရေး ထရမ့်က ဥပဒေတစ်ခုကို အတည်ပြု

    ဝီဂါများအားဖိနှိပ်သည့် တရုတ်အရာရှိများကို အရေးယူရေး ထရမ့်က ဥပဒေတစ်ခုကို အတည်ပြု

    ဇွန် ၁၈၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံအနောက်ပိုင်းက ဝီဂါလူမျိုးတွေ ဖိနှိပ်ခံရမှုမှာ တာဝန်ရှိသူတွေအပေါ် ပိတ်ဆို့အရေးယူရေး တိုင်တွန်းဆော်ဩတဲ့ ဥပဒေမူကြမ်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီမူကြမ်းကို ကန်လွှတ်တော်က တစ်ညီတစ်ညွတ်တည်း အတည်ပြုထားတာဖြစ်ပြီး ထရမ့်က လက်မှတ်ထိုးပြီးတဲ့နောက် ဥပဒေအဖြစ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။ ဥပဒေဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တရုတ်ကို ပြင်းထန်းတဲ့ သတိပေးမှုလည်း ဖြစ်ပါတယ်။

    ရှင်ကျန်းပြည်နယ်က အကျဉ်းစခန်းတွေမှာ ဝီဂါနဲ့ အခြားလူနည်းစု အစ္စလာမ်ဘာသာဝင် အနည်းဆုံး ၁ သန်းလောက်ကို တရုတ်က ထိန်းသိမ်းထားပြီး ညှင်းပမ်းပြုလုပ်နေတယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့မီဒီယာတွေနဲ့ ကုလတို့က ထုတ်ပြန်ပြောကြားထားပါတယ်။ တရုတ်ကတော့ ဒီပြောကြားချက်တွေကို ငြင်းဆိုပြီး အကျဉ်းစခန်းတွေမဟုတ်ဘဲ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတွေသာဖြစ်ကြောင်း တုန့်ပြန်ထားပါတယ်။

    ထရမ့်လက်မှတ်ရေးထိုးလိုက်တဲ့ အခုဥပဒေမှာ ရှင်ကျန်းပြည်နယ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူရေး အလေးထားဖော်ပြထားပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ရဲ့ ဒီဆောင်ရွက်ချက်ဟာ တရုတ်နိုင်ငံအပေါ် ရန်ညှိုးထားတဲ့ တိုက်ခိုက်မှုဖြစ်ပြီး မိမိတို့အကျိုးစီးပွားနဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှု ရပ်တန့်ဖို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ဒါ့အပြင် မိမိတို့ကလည်း ထိုက်သင့်တဲ့ တုန့်ပြန်မှု​တွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အဝေးရောက် ဝီဂါတွေဖွဲ့စည်းထားတဲ့ World Uyghur Congress ကတော့ ထရမ့်ရဲ့ လက်မှတ်ထိုးမှုကို ကြိုဆိုခဲ့ပြီး ဖိနှိပ်ခံရတဲ့ ဝီဂါတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

  • ကိုဗစ်ရောဂါလက္ခဏာမပြသည့် လူနာများအကြောင်း သိကောင်းစရာ (၅) ချက်

    ကိုဗစ်ရောဂါလက္ခဏာမပြသည့် လူနာများအကြောင်း သိကောင်းစရာ (၅) ချက်

    ဇွန် ၁၃၊ ၂၀၂၀
    M-Media

    -၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တရုတ်နိုင်ငံဝူဟန်မြို့မှာ Covid-19 ပြန့်နှံ့လာတဲ့ အချိန်ကစပြီး ကမ္ဘာတစ်ဝှမ်းက ဆေးပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေဟာ ဒီရောဂါအကြောင်း ပိုမို သိရှိနားလည်အောင် ကြိုးစားလာခဲ့ကြပါတယ်။

    ကမ္ဘာ့နိုင်ငံတစ်ချို့မှာ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပေမယ့ ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြသူတွေကနေတစ်ဆင့် ပြန်လည် ကူးစက်မှုရှိတာကို တွေ့လာရပါတယ်။

    ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြသူတွေကို Asymptomatic လူနာတွေလို့ခေါ်ပြီး သူတို့နဲ့ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာ သိကောင်းစရာ ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ Asymptomatic ဆိုတာဘာလဲ?

    လူတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပေမယ့် ကျန်းကျန်းမာမာရှိနေပြီး ရောဂါလက္ခဏာ မပြတာမျိုးကို Asymptomatic လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

    ဗိုင်းရပ်စ်ကူးစက်စမှာ ရောဂါလက္ခဏာမပြဘဲ နောက်ပိုင်းမှာ ပြလာတာကို Pre-symptomatic လို့ခေါ်ပါတယ်။ Asymptomatic နဲ့ Pre-symptomatic တို့ဟာ မတူညီပါဘူး။

    Pre-symptomatic လူနာတွေဟာ ဗိုင်းရပ်စ်ကူးစက်ပြီး ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြတတ်ကြပြီး အများစုက ၅ ရက်နေ ၆ ရက်အတွင်းမှာ လက္ခဏာပြတာ ဖြစ်ပါတယ်။

    Covid-19 နဲ့ ရောဂါလက္ခဏာတွေက ဖျားတာ၊ မောပမ်းနွမ်းနယ်တာ၊ ချောင်းခြောက်ဆိုးတာတွေဖြစ်ပြီး တစ်ချို့လူနာတွေကတော့ ခန္ဓာကိုယ် နာကျင်ကိုက်ခဲတာ၊ လည်​ချောင်းနာတာ၊ ဝမ်းလျောတာ၊ ပါးစပ်ပျက်တာတွေ ဖြစ်တတ်ကြပါတယ်။

    ၂။ Asymptomatic လူနာတွေထံကနေ ဗိုင်းရပ်စ် ပြန့်နှံ့လား?

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူအများစုက ရောဂါပြန့်နှံနိုင်တယ်လို့ မှတ်ယူထားကြပါတယ်။

    WHO ကလည်း Asymptomatic လူနာတွေထံကနေ Covid-19 ပြန့်နှံ့နိုင်တယ်လို့ အတည်ပြုထားပေမယ့် ဘယ်လောက်အတိုင်းအတာအထိ ပြန့်နှံ့နိုင်လဲဆိုတာကို သုတေသနလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

    မြောက်အမေရိက ပါကစ္စတန်ဆရာဝန်များအသင်း APPNA ရဲ့ ဥက္ကဌဖြစ်သူ ဒေါက်တာ နာဟစ် အွတ်စမာနီက Asymptomatic လူနာတွေကို အမေရိကန်လိုနိုင်ငံမျိုးမှာတောင် အသေအချာ စောင့်ကြည့်တာမျိုး မလုပ်ဘဲ၊ သူတို့တွေကနေတစ်ဆင့် ရောဂါ ပြန့်နှံ့နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၃။ Asymptomatic လူနာတွေထံကနေ ဘယ်လိုပြန့်နိုင်သလဲ?

    ရောဂါလက္ခဏာပြတဲ့လူနာတွေလိုပဲ Asymptomatic လူနာတွေရဲ့ တံတွေးထွေးတာ၊ ချောင်းဆိုတာ၊ နှာချေတာတွေ အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ရောဂါကူးစက်နိုင်ပါတယ်။

    အခြားသူတွေကို တိုက်ရိုက်ထိတွေ့တာ၊ ဗိုင်းရပ်စ်ရှိသူတွေ ထိတွေ့ကိုင်တွယ်ထားတဲ့ အရာ၀တ္ထုတွေကို ထိတွေ့ကိုင်တွယ်တာတွေကနေတစ်ဆင့်လည်း ကူးစက်ပါတယ်။

    “နှာခေါင်းကိုပွတ်မယ်၊ ပါးစပ်ကိုကိုင်မယ်၊ မျက်လုံးကို ပွတ်မယ်။ နောက်ပြီး အခြားအရာတွေကို သွားကိုင်မယ်။ ခင်ဗျားမှာ ဗိုင်းရပ်စ်ရှိနေရင် ဒီလိုနည်းလမ်းနဲ့လည်း ဗိုင်းရပ်စ်က ပြန့်ပွားနိုင်ပါတယ်” လို့ ကယ်လီဖိုးနီးတက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခ အန်နီ ရီမိုအင်က ပြောကြားခဲ့ပါတယ်။

    ၄။ Asymptomatic လူနာတွေထံကနေ ဗိုင်းရပ်စ်ကူးစက်မှု နည်းလား?

    ဒီလူတွေထံကနေ ဗိုင်းရပ်စ်ကူးစက်မှု များလား၊ နည်းလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ သုတေသနလုပ်ဖို့ လိုအပ်ပါတယ်။

    WHO ကတော့ Asymptomatic လူနာတွေထံကနေ ရောဂါကူးစက်မှုဟာ ရောဂါလက္ခဏာပြတဲ့ လူနာတွေထံက ကူးစက်မှုလောက် မများဘူးလို့ ပြောကြားထားပါတယ်။

    ဒေါက်တာ အွတ်စမာနီကလည်း ဒီအချက်ကို သဘောတူပြီး ကူးစက်မှုဟာ ဗိုင်းရပ်ဝင်ရောက်မှု ပမာဏနဲ့ ဆက်နွယ်နေမယ်ဆိုရင် ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြတဲ့ Asymptomatic လူနာတွေထံကနေ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ နည်းနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၅။ ဘယ်လိုကာကွယ်မလဲ?

    ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်နည်းက ရေနဲ့ ဆပ်ပြာကို အသုံးပြုပြီး မ​​ကြာခဏ လက်ဆေးတာ၊ နေအိမ်တွေကို အမြဲတမ်း သန့်ရှင်းနေအောင် တိုက်ချွတ်ဆေးကြောတာ၊ လူများတဲ့နေရာတွေကိုသွားရင် နှာခေါင်းစည်း တပ်သွားတာတွေ ဖြစ်ပါတယ်။

    ဖြစ်နိုင်ရင် တစ်ခြားသူတွေနဲ့ ခပ်ခွာခွာနေထိုင်ဖို့သင့်ပြီး လက်မဆေးဘဲနဲ့ မျက်နှာ၊ မျက်လုံးနဲ့ ပါးစပ်တွေိကို မကိုင်မိစေဖို့ သတိပြုရပါမယ်။

    Ref: Aljazeera

  • ဝီဂါများကိုဖိနှိပ်သည့် တရုတ်အာဏာပိုင်များကို အရေးယူမည့်ဥပဒေကို ထရမ့် လက်မှတ်ထိုးမည်

    ဝီဂါများကိုဖိနှိပ်သည့် တရုတ်အာဏာပိုင်များကို အရေးယူမည့်ဥပဒေကို ထရမ့် လက်မှတ်ထိုးမည်

    ဇွန် ၁၀၊ ၂၀၂၀
    M-Media

    -ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်မှုမှာ တာဝန်ရှိတဲ့ တရုတ်အာဏာပိုင်တွေကို ပိတ်ဆို့အရေးယူရေး တိုက်တွန်းတဲ့ ဥပဒေတစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

    အဲဒီဥပဒေကို ပြီးခဲ့တဲ့လမှာ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် နှစ်ရပ်စလုံးက တစ်ညီတစ်ညွတ်တည်း ထောက်ခံအတည်ပြုခဲ့ကြတာပါ။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစုတွေအပေါ် တရုတ်အစိုးရက အကြီးအကျယ် ဖိနှိပ်ညှင်းပမ်းနေပြီး အနည်းဆုံး လူတစ်သန်းလောက်ကိုလည်း အကျဉ်းစခန်းတွေထဲ ထည့်ပိတ်ထားတယ်လို့ ကုလနဲ့ နိုင်ငံတကာမီဒီယာတွေက ဖော်ထုတ်တင်ပြခဲ့ပါတယ်။

    တရုတ်အစိုးရကတော့ ဒီသတင်းတွေကို ငြင်းပါတယ်။ အမေရိကန်ရဲ့ အခုဥပဒေသစ်အတွက်လည်း တရုတ်က မှတ်ချက်မပေးသေးပါဘူး။

    ထရမ့်က လက်မှတ်ရေးထိုးမယ့် ဥပဒေရဲ့ မူကြမ်းကို ရီပက်ဘလစ်ကန်အမတ် မာခရို ရူဘီယိုက လွှတ်တော်မှာ တင်သွင်းအဆိုပြုတာပါ။

    ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ရှင်ကျန်းကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးဖြစ်ပြီး ဩဇာရှိ နိုင်ငံရေးဗျူရိုက အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ချန်ကျွမ်ဂိုဟာ အဓိက တာဝန်ရှိသူ ဖြစ်နေတယ်လို့ မူကြမ်းမှာ ဖော်ပြထားပါတယ်။