News @ M-Media

Tag: China

  • ဝီဂါများကိုဖိနှိပ်သည့် တရုတ်အာဏာပိုင်များကို အရေးယူမည့်ဥပဒေကို ထရမ့် လက်မှတ်ထိုးမည်

    ဝီဂါများကိုဖိနှိပ်သည့် တရုတ်အာဏာပိုင်များကို အရေးယူမည့်ဥပဒေကို ထရမ့် လက်မှတ်ထိုးမည်

    ဇွန် ၁၀၊ ၂၀၂၀
    M-Media

    -ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်မှုမှာ တာဝန်ရှိတဲ့ တရုတ်အာဏာပိုင်တွေကို ပိတ်ဆို့အရေးယူရေး တိုက်တွန်းတဲ့ ဥပဒေတစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

    အဲဒီဥပဒေကို ပြီးခဲ့တဲ့လမှာ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် နှစ်ရပ်စလုံးက တစ်ညီတစ်ညွတ်တည်း ထောက်ခံအတည်ပြုခဲ့ကြတာပါ။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစုတွေအပေါ် တရုတ်အစိုးရက အကြီးအကျယ် ဖိနှိပ်ညှင်းပမ်းနေပြီး အနည်းဆုံး လူတစ်သန်းလောက်ကိုလည်း အကျဉ်းစခန်းတွေထဲ ထည့်ပိတ်ထားတယ်လို့ ကုလနဲ့ နိုင်ငံတကာမီဒီယာတွေက ဖော်ထုတ်တင်ပြခဲ့ပါတယ်။

    တရုတ်အစိုးရကတော့ ဒီသတင်းတွေကို ငြင်းပါတယ်။ အမေရိကန်ရဲ့ အခုဥပဒေသစ်အတွက်လည်း တရုတ်က မှတ်ချက်မပေးသေးပါဘူး။

    ထရမ့်က လက်မှတ်ရေးထိုးမယ့် ဥပဒေရဲ့ မူကြမ်းကို ရီပက်ဘလစ်ကန်အမတ် မာခရို ရူဘီယိုက လွှတ်တော်မှာ တင်သွင်းအဆိုပြုတာပါ။

    ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ရှင်ကျန်းကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးဖြစ်ပြီး ဩဇာရှိ နိုင်ငံရေးဗျူရိုက အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ချန်ကျွမ်ဂိုဟာ အဓိက တာဝန်ရှိသူ ဖြစ်နေတယ်လို့ မူကြမ်းမှာ ဖော်ပြထားပါတယ်။



  • ဝူဟန်မြို့တွင် Covid-19 အန္တရာယ် ကင်းသွားပြီဟု တရုတ်ကြေငြာ

    ဝူဟန်မြို့တွင် Covid-19 အန္တရာယ် ကင်းသွားပြီဟု တရုတ်ကြေငြာ

    ဇွန် ၄၊ ၂၀၂၀
    M-Media

    -ဝူဟန်မြို့မှာရှိနေတဲ့ လူ ၁၀ သန်းနီးပါးကို ကိုဗစ် ရှိ၊ မရှိ စစ်ဆေးပြီးပြီဖြစ်ပြီး ကိုဗစ်အန္တရာယ် ကင်းသွားပြီလို တရုတ်အာဏာပိုင်တွေက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    တရုတ်နိုင်ငံအလယ်ပိုင်းက ဝူဟန်မြို့ဟာ Covid-19 စတင်ရာဒေသဖြစ်ပြီး အဲဒီကနေတစ်ဆင့် ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံ့သွားခဲ့တာပါ။ တရုတ်နိုင်ငံက ကိုဗစ်ကူးစက်သူ၊ သေဆုံးသူအရေအတွက်ရဲ့ ၈၀ ရာခိုင်နှုန်းက ဝူဟန်ကဖြစ်ပြီး ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့ကို လနဲ့ချီ တံခါးပိတ်ခဲ့ပါတယ်။

    အာဏာပိုင်တွေဟာ မေလ ၁၄ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ မြို့မှာနေထိုင်တဲ့ လူပေါင်း ၉.၉ သန်းကို ကိုရိုနာဗိုင်းရပ် ရှိ၊ မရှိ စစ်ဆေးခဲ့တာပါ။ လူပေါင်း ၃၀၀ မှာ ကိုရိုနာဗိုင်းရပ်စ်ရှိပေမယ့် ရောဂါလက္ခဏာမပြဘဲ သူတို့နဲ့ ဆက်နွယ်နေသူ ၁၁၇၄ ဦးမှာတော့ ဗိုင်းရပ်စ် လုံး၀မရှိတာကို တွေ့ခဲ့ရပါတယ်။

    ဝူဟန်မြို့မှာ လူဦးရေ ၁၁ သန်းလောက် ရှိနေပြီး အသက် ၅ နှစ်အထက်ရှိသူ အားလုံးကိုစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

    “ဒီလိုစစ်ဆေးမှုကြောင့် ဝူဟန်ပြည်သူတွေ စိတ်အေးသွားစေရုံတင်မကဘဲ နိုင်ငံတစ်ဝှမ်းက ပြည်သူတွေရဲ့ ယုံကြည်မှုကိုလည်း မြင့်တက်လာစေပါတယ်။ ဝူဟန်မြို့ဟာ အန္တရာယ်ကင်းသွားပါပြီ” လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ဒုတိယညွှန်ကြားရေးမှူး ဖန်ဂျီကျန်းက ပြောကြားခဲ့ပါတယ်။

    ရောဂါလက္ခဏာမပြသူတွေကြောင့် နောက်ပိုင်းမှာ အန္တရာယ်ဘယ်လောက် ရှိနိုင်လဲဆိုတာကိုတော့ သူမက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

    Ref: Aljazeera

  • တရုတ်၏အစိတ်အပိုင်း အဖြစ်မခံဟု ထိုင်ဝမ်ပြော

    တရုတ်၏အစိတ်အပိုင်း အဖြစ်မခံဟု ထိုင်ဝမ်ပြော

    မေ ၂၀၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံရဲ့ ‘တစ်နိုင်ငံ-စနစ်နှစ်မျိုး’ ဝါဒကို လက်မခံမှာမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်မခံဘူးလို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဗြိတိသျှဟာ သူတို့အုပ်ချုပ်တဲ့ ထိုင်ဝမ်ကျွန်းကို ၁၉၉၇ ခုနှစ်က တရုတ်နိုင်ငံထံ လွှဲပေးခဲ့ပြီး အဲဒီအချိန်ကတည်းက တရုတ်ကွန်မြူနစ်အစိုးရဟာ ‘တစ်နိုင်ငံ၊ စနစ်နှစ်မျိုး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်ဝမ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့တာပါ။ ဒါပေမယ့် ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးနဲ့ ပေါင်းစည်းရမယ့် ဒေသတစ်ခုအဖြစ် မှတ်ယူထားပါတယ်။

    သမ္မတ ဒုတိယသက်တမ်းထမ်းဆောင်ဖို့ ကျမ်းကျိန်တဲ့ ဒီကနေ့မိန့်ခွန်းမှာ Tsai Ing-wen က တရုတ်နဲ့ ထိုင်ဝမ်တို့ရဲ့ ဆက်ဆံရေးဟာ သမိုင်းဝင်အလှည့်အပြောင်းတစ်ခုကို ရောက်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရေရှည်အတူတကွနေထိုင်ရေး နည်းလမ်းတစ်ခု ရှာဖွေဖို့နဲ့ ရန်လိုမှု၊ ကွဲပြားမှုတွကြောင့် တင်းမာမယ့်အနေအထားကို တားဆီးဖို့အတွက် နှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်။ ‘ငြိမ်းချမ်းရေး၊ တန်းတူညီရေး၊ ဒီမိုကရေစီနဲ့ ညှိနှိုင်းအဖြေရှာမှု’ ဆိုတဲ့ စကားလုံးတွေကို ကျွန်မ ဒီနေရာမှာ ထပ်ပြောချင်တယ်။ ‘တစ်နိုင်ငံ၊ စနစ်နှစ်မျိုး’ နဲ့ ထိုင်ဝမ်ကို နှိမ်တာကြောင့် ထိုင်ဝမ်-တရုတ် လက်ရှိဆက်ဆံရေး ပျက်ပြားမှာကို ကျွန်မတို့ လက်မခံပါဘူး။ ဒီမူဝါဒအပေါ်မှာပဲ ကျွန်မတို့ မားမားမတ်မတ် ရပ်တည်ပါတယ်”

    ထိုင်ဝမ်ဟာ ‘တရုတ်သမ္မတနိုင်ငံ’ လိုခေါ်တဲ့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး၊ ‘တရုတ်ပြည်သူ့ သမ္မတနိုင်ငံ’ ရဲ့ အစိတ်အပိုင်းတစ်ခု မဖြစ်ချင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေမှာ ပါဝင်ခွင့်ရရေး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သမ္မတ Tsai Ing-wen က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Tsai Ing-wen ပြန်လည်ရွေးကောက်ခံရပြီးကတည်းက တရုတ်ဟာ ထိုင်ဝမ်အနီးမှာ ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

    Ref: Reuters

  • Covid-19 ရောဂါ ကမ္ဘာပေါ်မှ အရှင်းမပျောက်နိုင်တော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြော

    Covid-19 ရောဂါ ကမ္ဘာပေါ်မှ အရှင်းမပျောက်နိုင်တော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြော

    မေ ၁၄၊ ၂၀၂၀
    M-Media

    -Covid-19 ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ HIV ပိုးလို ကမ္ဘာပေါ်မှာ အမြဲတမ်းရှိနေမယ့် ပိုးတစ်ခု ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပြီး တိုက်ဖျက်ရေးလုပ်ငန်းကို အားထုတ် လုပ်ကိုင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    ၂၀၁၉ ခုနှစ် နှောင်းပိုင်းကစတင်ပြီး တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ပြန့်နှံ့လာခဲ့တဲ့ Covid-19 ရောဂါဟာ လက်ရှိမှာတော့ ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၄.၂ သန်းကျော်ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၂၉၁၀၀၀ ဦး ရှိလာပြီဖြစ်ပါတယ်။ ရောဂါကူးစက်သူတွေထဲမှာ ပြန်လည်ကောင်းမွန်သူ အရေအတွက်က ၁.၅ သန်း ရှိပါတယ်။

    “ဒီဗိုင်းရပ်စ်ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အမြဲတမ်းရှိနေမယ့် ဗိုင်းရပ်စ်မျိုး ဖြစ်တယ်ဆိုတာကို လက်ခံစဉ်စားဖို့ အရေးကြီးပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ဘယ်တော့မှ ပျောက်သွားမှာ မဟုတ်ပါဘူး” လို့ WHO ရဲ့ အရေးပေါ်အခြေအနေဆိုင်ရာ ကျွမ်းကျင်သူ မိုက်ခ် ရိုင်ယန်က ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ Covid-19 ကာကွယ်ရေး ဖြစ်နိုင်ချေရှိတဲ့ ကာကွယ်ဆေးပါင်း ၁၀၀ ကျော်လောက် ဖော်ထုတ်ထားပြီး အချို့ဆေးတွေကို ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ဆေးမျိုး ရှာတွေ့ဖို့ သိပ်မလွယ်ဘူးလို့ ပညာရှင်တွေက မှတ်ချက်ပြုထားပါတယ်။

    ရိုင်ယန်က ကာကွယ်ဆေးရှိပေမယ့် ကမ္ဘာပေါ်ကနေ ပျောက်မသွားတဲ့ ရောဂါတွေ အများကြီးရှိတယ်လို့ ထောက်ပြခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အကြီးအကျယ် အားထုတ်ကြိုးပမ်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

    ဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် တိုင်းပြည်တွေကို တံခါးပိတ်ထားရပြီး စီးပွားရေးဖက်မှာ အလွန်အမင်း ထိခိုက်မှုတွေ ရှိလာပါတယ်။ ဒါ့ကြေကြောင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများက ကန့်သတ်မှုတွေကို ဖြေလျော့ပြီး တိုင်းပြည်ကို တံခါးပြန်ဖွင့်ဖို့ ပြင်ဆင်လာကြပါတယ်။

    ရိုင်ယန်က ပြည်တွင်းမှာ လှုပ်ရှားသွားလာမှု ကန့်သတ်တာကို ဖြေလျော့ပေးတာဟာ နိုင်ငံရပ်ခြား လေကြောင်းသွားလာမှု ကန့်သတ်ချက် ဖြေလျော့တာမျိုးလို အန္တရာယ် မများဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ နောက်ထပ် အကြီးအကျယ်ကူးစက်မှုတွေ မဖြစ်ပွားရအောင် သတိကြီးကြီးထားဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။

    Ref: Reuters

  • ကိုရိုနာကာကွယ်ဆေး ကန်၏ သုတေသနဒေတာကို တရုတ်က ခိုးယူရန် ကြိုးစား

    ကိုရိုနာကာကွယ်ဆေး ကန်၏ သုတေသနဒေတာကို တရုတ်က ခိုးယူရန် ကြိုးစား

    မေ ၁၂၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖော်ထုတ်ရေး သုတေသန အချက်အလက်တွေကို တရုတ်ဟက်ကာတွေက ခိုးယူဖို့ ကြိုးစားခဲ့တယ်လို့ အမေရိကန်အစိုးရ ထောက်လှမ်းရေးအဖွဲ့ FBI က ယုံကြည်နေပါတယ်။

    သုတေသန အချက်အလက်တွေကို တရုတ်ဟက်ကာတွေက ဖောက်ထွင်းရယူဖို့ ကြိုးစားနေတဲ့အကြောင်း ကာကွယ်ဆေးရဖို့ အပြင်းအထန် ကြိုးစားနေတဲ့ အစိုးရအေဂျင်စီတွေ၊ ပုဂ္ဂလိက လုပ်ငန်းတွေထံ တရားဝင် သတိပေးသွားဖို့ FBI က စီစဉ်နေတယ်လို့ Wall Street ဂျာနယ်နဲ့ New York Times ဂျာနယ်တွေက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဗိုင်းရပ်စ်စစ်ဆေးမှုနဲ့ ကုသမှုဆိုင်ရာ အချက်အလက်တွေကို ရယူဖို့လည်း ဟက်ကာတွေက ကြိုးစားနေပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ဒီဟက်ကာတွေဟာ တရုတ်အစိုးရနဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

    တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျင်းက ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး တရုတ်ဟာ Covid-19 ကုသရေးနဲ့ ကာကွယ်ဆေးသုတေသနမှာ ရှေ့တန်းရောက်နေကြောင်း၊ အထောက်အထားမရှိဘဲ အခုလို စွပ်စွဲပြောဆိုတာတွေဟာ စော်ကားရာရောက်ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး သမ္မထရမ့်ကို သတင်းထောက်တွေက မေးမြန်းရာမှာ အတည်မပြုခဲ့ပေမယ့် တရုတ်က ဒါမျိုးလုပ်တယ်ဆိုတာ အထူးအဆန်းမဟုတ်ကြောင်း၊ တရုတ်နဲ့ပတ်သက်ပြီး မိမိတို့ သဘောမကျဘဲ အနီးကပ် စောင့်ကြည့်နေကြောင်း ဖြေကြားခဲ့ပါတယ်။

    Covid-19 တိုက်ဖျက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် ပစ်မှတ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ မြင့်တက်လာတာကို ဗြိတိန်နဲ့ အမေရိကန်ထောက်လှမ်းရေးတွေက ပြီးခဲ့တဲ့တစ်ပတ်မှာ လူသိရှင်ကြား သတိပေးခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကို နိုင်ငံခြားတိုင်းပြည်တွေက ရာဇဝတ်အဖွဲ့တွေ စုပေါင်းလုပ်ဆောင်တာလို့ ဆိုပါတယ်။

    Ref: AFP