News @ M-Media

Tag: China

  • ငှပ်တုပ်ကွေး မျိုးကွဲသစ်ကြောင့် တရုတ်တွင် လူသေဆုံးမှုဖြစ်

    ငှပ်တုပ်ကွေး မျိုးကွဲသစ်ကြောင့် တရုတ်တွင် လူသေဆုံးမှုဖြစ်

    ဧပြီ ၁၂၊ ၂၀၂၃

    M-Media 


    -တရုတ်နိုင်ငံမှာ ငှက်တုပ်ကွေး H3N8 ကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။ 

    H3N8 ဟာ ငှပ်တုပ်ကွေး မျိုးကွဲတစ်ခုဖြစ်ပြီး အရင်က တိရစ္ဆာန်တွေမှာသာ တွေ့ရတာပါ။ ပြီးခဲ့တဲ့နှစ် ဧပြီနဲ့ မေလအတွင်း တရုတ်မှာ လူသားကို ကူးစက်မှုနှစ်ခု ဖြစ်ခဲ့တာကို စတွေ့ရပြီး အခုနှစ်မှာတော့ လူသေဆုံးမှုပါ ရှိလာတာ ဖြစ်ပါတယ်။ 

    သေဆုံးသူဟာ ကင်ဆာရောဂါအခံရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖေဖော်၀ါရီလက အဆုပ်ရောင်ရောဂါကြောင့် ဆေးရုံတင်ရကာ မတ်လအတွင်းမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ 

    သေဆုံးသူနဲ့ အနီးကပ်နေထိုင်သူတွေမှာ ကူးစက်မှု မတွေ့ရသေးဘူးလို့ WHO ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကနဲ့ ဒီနှစ် ကူးစက်သူ ၃ ဦးစလုံးဟာ ကြက်ဘဲစျေးကနေ ဒီဗိုင်းရပ်စ်ကို ကူးစက်လာကြတာဖြစ်ပါတယ်။ 

    လက်ရှိမှာ တရုတ်အစိုးရက စောင့်ကြည့်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး ကူးစက်ပြန်နှံ့ဖို့အန္တရာယ် နည်းပါးတယ်လို့ WHO က ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်၀ှမ်းကလည်း စောင့်ကြည့်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    ငှက်တုပ်ကွေးတွေထဲမှာ H5N1 က လူတွေမှာ ကူးစက်မှုပိုများပြီး H3N8 ထက်လည်း ပြင်းထန်ပါတယ်။ ဒီဗိုင်းရပ်စ်နှစ်ခုဟာ ဆက်စပ်မှု မရှိဘူးလို့ WHO က ဆိုပါတယ်။ 

    Ref: Reuters 

  • ထိုင်၀မ်ကို တရုတ်က ကျူးကျော်တိုက်ခိုက်တော့မှာလား

    ထိုင်၀မ်ကို တရုတ်က ကျူးကျော်တိုက်ခိုက်တော့မှာလား

    မတ် ၆၊ ၂၀၂၃

    M-Media 


    -အခုနှစ်အတွင်း တရုတ်ဟာ မိမိတို့ကို ကျူးကျော်တိုက်ခိုက်လာနိုင်ချေ ရှိနေတယ်လို့ ထိုင်၀မ် ကာကွယ်ရေး၀န်ကြီးက ပြောကြားလိုက်ပါတယ်။ 

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ထိုင်၀မ်ကျွန်းတစ်၀ိုက်မှာ တရုတ်က စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လာခဲ့ပြီး၊ ထိုင်၀မ်ရဲ့ ပင်လယ်ဘက်က လေကြောင်းကာကွယ်ရေး သတ်မှန်ဇုန်ကိုလည်း တရုတ်စစ်လေယာဥ်တွေ နေ့စဥ်နီးပါး ကျူးကျော်၀င်ရောက်နေကြတာပါ။ 

    ပြီးခဲ့တဲ့နှစ်တုန်းကလည်း တရုတ်ထောက်လှမ်းရေးဒရုန်းတစ်စီးကို ထိုင်၀မ်က ပစ်ချခဲ့ပါတယ်။ 

    မနေ့က လွှတ်တော်အမတ်တွေရဲ့ မေးမြန်းမှုအတွင်း ကာကွယ်ရေး၀န်ကြီး Chiu Kuo-cheng တရုတ်စစ်တပ်ဟာ ထိုင်၀မ်လေပိုင်နက်နဲ့ ရေပိုင်နက်ကို အကြောင်းရှာ ၀င်ရောက်နိုင်ချေရှိပြီး၊ နယ်မြေကိုလည်း ရုတ်တရက်၀င်သိမ်းနိုင်ချေရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။ 

    “ကျွန်တော် ဒီနှစ်မှာ ဒီလိုစကားမျိုးပြောတာဟာ၊ သူတို့ ဒီလို ပြင်ဆင်နေတယ်ဆိုတာကို သတိပေးတာဖြစ်ပါတယ်။ နောက်ပိုင်းကျရင် သူတို့ အင်အား သုံးကိုသုံးမှာပါ”

    တရုတ်က ၀င်ရောက်ကျူးကျော်ရင် ခုံခံကာကွယ်သွားမှာဖြစ်သလို၊ တန်ပြန်ထိုးစစ်ကိုလည်း အသုံးပြုသွားမယ်လို့ ထိုင်၀မ် ကာကွယ်ရေး၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသား ကာကွယ်သွားမယ်လို့ ထိုင်၀မ်ရဲ့မှတ်ချက်ကို တုန့်ပြန်ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters 

  • ပျံသန်းနေတဲ့ အမည်မသိအရာ၀တ္ထုတွေအကြောင်း အမေရိကန်အာဏာပိုင်တွေ ဘာပြောသလဲ

    ပျံသန်းနေတဲ့ အမည်မသိအရာ၀တ္ထုတွေအကြောင်း အမေရိကန်အာဏာပိုင်တွေ ဘာပြောသလဲ

    ဖေဖော်၀ါရီ ၁၄၊ ၂၀၂၃

    M-Media 


    -ပြီးခဲ့တဲ့ရက်ပိုင်းက ဆက်တိုက် ပစ်ချခဲ့ရတဲ့ ပျံသန်းနေတဲ့ အရာ၀တ္ထုတွေအကြောင်း တစ်ချို့အချက်အလက်တွေကို အမေရိကန်က ထုတ်ပြောလာပါတယ်။ 

    သောကြာနေ့ကစတင်ပြီး အမေရိကန်နဲ့ ကနေဒါတို့မှာ ပျံသန်းနေတဲ့ အရာ၀တ္ထု ၃ ခုကို အမေရိကန်တိုက်လေယာဥ်တွေ ပျံတက်ပြီး ပစ်ချခဲ့ရပါတယ်။ 

    ဒီအရာ၀တ္ထုတွေဟာ လူမဲ့ပျံသန်းနေတဲ့ အရာတွေဖြစ်ပြီး သတင်းအချက်အလက် ရယူပေးပို့တဲ့ အခြေအနေမျိုး ကနဦးစစ်ဆေးမှုမှာ မတွေ့ရဘူးလို့ အိမ်ဖြူတော်ရဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

    ထောက်လှမ်းရေးလုပ်တယ်လို့ ပြောလို့မရသလို၊ မလုပ်ဘူးလို့လည်း ပြောလို့မရကြောင်း၊ မြေပြင်က ပြည်သူတွေအတွက် ခြိမ်းခြောက်မှု မရှိကြောင်း ကီရ်ဘီက ဆိုပါတယ်။ 

    အမေရိကန်ဟာ ဖေဖော်၀ါရီ ၄ ရက်နေ့က တောင်ကယ်ရိုလိုင်းနားမှာ တရုတ်ရဲ့ စပိုင်မိုးပျံပူဖောင်းကို ပစ်ချခဲ့ရပါတယ်။ တရုတ်ဖက်ကတော့ ဒါဟာ စပိုင်ပူဖောင်းမဟုတ်ဘဲ ရိုးရိုး သုတေသန လုပ်ဖို့ဖြစ်ကြောင်း၊ နည်းပညာအမှားအယွင်းကြောင့် အမေရိကန်လေပိုင်နက်ထဲ ၀င်သွားခဲ့တာဖြစ်ကြောင်း တုန့်ပြန်ပြောဆိုထားပါတယ်။ 

    ဖေဖော်၀ါရီ ၁၀၊ ၁၁ နဲ့ ၁၂ ရက်နေ့မှာ တွေ့ရတဲ့ ပျံသန်းနေတဲ့အရာတွေဟာ တရုတ်စပိုင်ပူဖောင်းနဲ့ ပတ်သက်မှုမရှိဘူးလို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။

    Ref: Reuters

  • ပျံသန်းနေသည့် အမည်အသိအရာများကို အမေရိကန် ပစ်ချနေရ

    ပျံသန်းနေသည့် အမည်အသိအရာများကို အမေရိကန် ပစ်ချနေရ

    ဖေဖော်၀ါရီ ၁၃၊ ၂၀၂၃

    M-Media 


    -ကနေဒါနယ်စပ်နားက Lake Huron ရေကန်ပေါ်မှာ ပျံသန်းနေတဲ့ အရာ၀တ္ထုတစ်ခုကို အမေရိကန်စစ်တပ်က တနင်္ဂနွေနေ့မှာ ပစ်ချလိုက်ပါတယ်။ 

    ဒီအရာ၀တ္ထုကို စနေနေ့က မွန်တားနားပြည်နယ် စစ်စခန်းတွေရဲ့ အပေါ်တည့်တည့်မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ စစ်ဖက်ဆိုင်ရာ ခြိမ်းခြောက်နိုင်တဲ့အရာမျိုး မဟုတ်ဘူးလို့ ယူဆရပေမယ့် အရက်ဖက်လေကြောင်းသွားလာရေးအတွက် အနှောက်အယှက်ဖြစ်နိုင်တာကြောင့် ပစ်ချလိုက်တာလို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

    အခုလအတွင်း အမေရိကန်နဲ့ မြောက်အမေရိကတစ်၀ှမ်း ပျံသန်းနေတဲ့ အမည်မသိအရာ၀တ္ထုတွေကို ပစ်ချရတာ ၄ ကြိမ်မြောက်ရှိပါပြီ။ 

    ဖေဖော်၀ါရီ ၄ ရက်နေ့က တောင်ကယ်ရိုလိုင်းနားမှာ တရုတ်ရဲ့ စပိုင်မိုးပျံပူဖောင်းကို အမေရိကန်စစ်တပ်က ပစ်ချခဲ့မှုဟာ နာမည်ကြီးပါတယ်။ 

    အဲဒီနောက်ပိုင်း ပြီးခဲ့တဲ့ သောကြာနေ့က အလာစကာပြည်နယ်မှာ တစ်ကြိမ်၊ စနေနေ့က ကနေဒါအနောက်မြောက်ပိုင်းမှာတစ်ကြိမ် ပျံသန်းနေတဲ့ အရာ၀တ္ထုတွေကို ပစ်ချခဲ့ရပါတယ်။ 

    လက်ရှိမှာတော့ အပျက်အဆီးတွေကို အမေရိကန်နဲ့ ကနေဒါတို့က ပူးပေါင်းရှာဖွေနေပြီး ဘာတွေလည်းဆိုတာကို သုတေသနပြု ထုတ်ပြန်ဖို့ ရှိနေပါတယ်။ 

    Ref: BBC

  • တရုတ်စစ်တပ်က လေဆာနှင့်တိုက်ခိုက်သဖြင့် ဖိလစ်ပိုင် စစ်သားများ အမြင်အာရုံဆုံးရှုံး

    တရုတ်စစ်တပ်က လေဆာနှင့်တိုက်ခိုက်သဖြင့် ဖိလစ်ပိုင် စစ်သားများ အမြင်အာရုံဆုံးရှုံး

    ဖေဖော်၀ါရီ ၁၃၊ ၂၀၂၃

    M-Media 


    -တောင်တရုတ်ပင်လယ်က အငြင်းပွား ရေပိုင်နက်အနီးမှာ တရုတ်ဖက်က လေဆာနဲ့ပစ်တာကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့၀င်အချို့ ခေတ္တ အမြင်အာရုံဆုံးရှုံးသွားတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ 

    ဖိလစ်ပိုင်က ထိန်းချုပ်ထားတဲ့ Second Thomas Shoal ကျွန်းအနီး ရေပြင်မှာ ဖေဖော်၀ါရီ ၆ရက်နေ့က တရုတ်ကမ်းခြေစောင့် သင်္ဘောတစ်စီး ၀င်လာတဲ့အတွက် ဖိလစ်ပိုင်ဖက်က ဟန့်တားဖို့ ကြိုးစားရာမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။ 

    တရုတ်သင်္ဘောက အစိမ်းရောင်လေဆာနဲ့ နှစ်ချက်ထိုးခဲ့ပြီး မိမိတို့ စစ်သည်တစ်ချို့ ခေတ္တ အမြင်အာရုံဆုံးရှုံးခဲ့တယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကွမ်မိုဒိုရီ အာမန် ဘာလီလိုက ပြောပါတယ်။ 

    တရုတ်ဖက်ကတော့ ဒီကိစ္စအတွက် ထုတ်ပြန်မှု မရှိသေးပါဘူး။ 

    ၂၀၂၂ ခုနှစ်အတွင်း တောင်တရုတ်ပင်လယ် အငြင်းပွားပိုင်နက်တွေမှာ တရုတ်ဖက်က ရန်လိုတဲ့ အပြုအမူကြောင့် သံတမန်သတိထောက်လွှာ အကြိမ် ၂၀၀ နီးပါး ပေးပို့ခဲ့ရတယ်လို့ ဖိလစ်ပိုင်က ဆိုပါတယ်။ တရုတ်ဖက်ကတော့ ဒီလုပ်ရပ်တွေကို ရပ်တန့်ခြင်း မရှိပါဘူး။ 

    တရုတ်နဲ့ ဖိလစ်ပိုင်တို့ရဲ့ တောင်တရုတ်ပင်လယ် ထိပ်တိုက်တွေ့ဆုံမှုအတွင်း တရုတ်ဖက်က ပထမဆုံး အကြိမ် လေဆာနဲ့ တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။ 

    Ref: CNA