News @ M-Media

Tag: China

  • ဟဂျ်ပြုသည့်အတွက် တရုတ်အစိုးရက ထောင်ချခဲ့သည့် ဝီဂါတရားဟောဆရာ ထောင်အတွင်း ကွယ်လွန်

    ဟဂျ်ပြုသည့်အတွက် တရုတ်အစိုးရက ထောင်ချခဲ့သည့် ဝီဂါတရားဟောဆရာ ထောင်အတွင်း ကွယ်လွန်

    ဒီဇင်ဘာ ၃၀၊ ၂၀၂၂
    M-Media

    -ဆော်ဒီအာရေဗျနိုင်ငံကို ဟဂျ်ဘုရားဖူးသွားတဲ့အတွက် တရုတ်အစိုးရက ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တဲ့ ဝီဂါတရားဟောဆရာ အိုမာရ် ဟူစိန်ဟာ အသည်းကင်ဆာရောဂါနဲ့ ထောင်ထဲမှာ ကွယ်လွန်သွားပါတယ်။

    ဟဂျ်ကျင့်စဉ်ဟာ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ မက္ကာမြို့ကို သွားရောက်ဆောင်ရွက်ရတဲ့ ဘာသာရေး တာဝန်တစ်ခု ဖြစ်ပါတယ်။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်ရဲ့ ဒုတိယမြို့တော် ကိုရ်လာက Qarayulghun ဗလီဝတ်ကျောင်းတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝီဂါတရားဟောဆရာ အသက် ၅၅ နှစ်အရွယ် အိုမာရ် ဟူစိန်ကို တရုတ်အာဏာပိုင်တွေက ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီးခဲ့တာပါ။

    ၂၀၁၅ ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို သွားရောက်ကာ ဟဂျ်ပြုတဲ့အတွက် တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ဝီဂါ ဘာသာရေးဆရာတွေ၊ ထင်ရှားသူတွေကို တရုတ်အစိုးရက စီမံချက်နဲ့ ဖမ်းဆီးခဲ့ပြီး အိုမာရ်ဟူစိန်နဲ့ သူ့ရဲ့ ညီအစ်ကို ၃ ဦးလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

    တရုတ်အစိုးရက ဖမ်းဆီးတဲ့အချိန်မှာ ကျန်းမာရေးကောင်းမွန်တဲ့ အိုမာရ်ဟာ အခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အကျဉ်းထောင်အတွင်းက ဆေးရုံမှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့က ဒီသတင်းကို အခုမှ ထုတ်ပြန်အတည်ပြုတာ ဖြစ်ပါတယ်။

    ရှင်ကျန်းပြည်နယ်မှာ တရုတ်အစိုးရက အကျဉ်းစခန်းတွေ အများအပြား တည်ဆောက်ထားပြီး ဝီဂါနဲ့ အခြားလူနည်းစု ၁ သန်းကျော်လောက်ကို ဖမ်းဆီးထိန်းသိမ်းကာ ဘာသာတရားနဲ့ ရိုးရာယဉ်ကျေးမှု အမှတ်သညာတွေ ပပျောက်အောင် စီမံကိန်းချ ဆောင်ရွက်နေပါတယ်။

    အကျဉ်းထောင်အခြေအနေ ဆိုးရွား

    ကိုရ်လာမြို့က အခြားအကျဉ်းထောင်တစ်ခုကနေ လွတ်မြောက်လာတဲ့ ဝီဂါလူမျိုး မဟ်မွတ် မိုင်ဒွန်က အကျဉ်းထောင်အတွင်းအခြေအနေဟာ အလွန်အမင်း ဆိုးရွားကာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကျဉ်းသားအများအပြား သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

    ကိုရ်လာမြို့မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ တစ်ဦးကလည်း အကျဉ်းထောင်အတွင်း ကျွေးတဲ့အစားအသောက်တွေ အလွန်ညံ့ဖျင်းပြီး အလုပ်ကြမ်းတွေ အဓမ္မခိုင်းတာ၊ နိုင်ငံရေးသင်တန်းတွေ အချိန်ကြာမြင့်စွာ တက်ခိုင်းတာ၊ အချိန်အခါမရှိ စစ်ကြောရေးလုပ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

    ညီအစ်ကိုအားလုံး ထောင်ချခံရ

    အိုမာရ်တို့မှာ ညီအစ်ကို ၄ ဦးရှိပြီး အသက် ၅၀ ကနေ ၆၂ အရွယ် ရှိပါတယ်။ ညီအစ်ကိုအာလုံးကို တရုတ်အာဏာပိုင်တွေက ရှေ့ဆင်နောက်ဆင့် ဖမ်းဆီးထောင်ချခဲ့ကြတာပါ။ မက္ကာမြို့ကို ဟဂျ်ဘုရားဖူးသွားတဲ့ စွဲချက်နဲ့ ဖြစ်ပါတယ်။

    အိုမာရ်ရဲ့အစ်ကို ဆမတ် ဟူစိန်ဟာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်က အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ သေဆုံးချိန်မှာ အသက် ၆၀ အရွယ်ရှိတဲ့ ဆမတ်ဟာ တရုတ်အစိုးရက စတင်ဖမ်းဆီးစဉ်ချိန်မှာ ကျန်းမာရေးကောင်းသူ တစ်ဦးပါ။

    နောက်ထပ် ညီအစ်ကို ၂ ဦးဖြစ်တဲ့ ရဟ်မန်နဲ့ အဘ်လက်တို့ကို တရုတ်အာဏာပိုင်တွေက ၂၀၁၉ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့ရဲ့ အပြုအမူတွေဟာ တိုးတက်လာပြီး၊ ဟူစိန်နဲ့ ဆမတ်တို့ဟာ လူထုကို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်တဲ့အန္တရာယ်ရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

    Ref: RFA

  • တရုတ်ခရီးသွားများအတွက် ကိုဗစ်စည်းမျဥ်း ပြန်တင်းကျပ်ရန် နိုင်ငံတစ်ချို့ စီစဥ်လာ

    တရုတ်ခရီးသွားများအတွက် ကိုဗစ်စည်းမျဥ်း ပြန်တင်းကျပ်ရန် နိုင်ငံတစ်ချို့ စီစဥ်လာ

    ဒီဇင်ဘာ ၂၈၊ ၂၀၂၂

    M-Media


    -တရုတ်နိုင်ငံမှာ ကိုဗစ်အကြီးအကျယ် ပြန်ဖြစ်နေတဲ့အတွက် နိုင်ငံတစ်ချို့က တရုတ်ခရီးသွားတွေကို ကိုဗစ်ကန့်သတ်ချက် တင်းကျပ်ဖို့ စီစဥ်လာကြပါတယ်။ 

    အိန္ဒိယနဲ့ ဂျပန်တို့က တရုတ်ခရီးသွားတွေ ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ချက်ပြနိုင်မှ ၀င်ခွင့်ပေးတော့မယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။ 

    ဖိလစ်ပိုင် ခရီးသွားလာရေး၀န်ကြီး ဂျာမီ ဘာတစ္စတာက  တရုတ်ခရီးသွားတွေအတွက် ဒီလိုကန့်သတ်ချက်တွေထုတ်ဖို့ စဥ်းစားနေတယ်လို့ ပြောပါတယ်။ 

    တရုတ်အစိုးရက နိုင်ငံထဲကထွက်မယ့် ခရီးသွားတွေအတွက် ကိုဗစ်စည်းမျဥ်း ဖြေလျော့မှု ပြုလုပ်ထားပြီး လာမယ့်နှစ်ဆန်း တရုတ်နှစ်ကူး ကာလတွေမှာ တရုတ်ခရီးသွားတွေ အာရှနိုင်ငံတွေထဲ အလုံးအရင်းနဲ့ ၀င်ရောက်ဖို့ ရှိနေတာပါ။ 

    နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတာကြောင့် တရုတ်နိုင်ငံသားတွေဟာ နိုင်ငံပြင်ပကိုထွက်ဖို့ စီစဥ်နေကြတာလည်း ဖြစ်ပါတယ်။ 

    အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကလာမယ့်သူတွေအတွက် ကိုဗစ်စည်းမျဥ်း ပြန်လည်တင်းကြပ်ဖို့ စီစဥ်နေပြီး အခြားကမ္ဘာ့နိုင်ငံတွေလည်း ဒီလိုစည်းမျဥ်းတွေ ပြန်ထုတ်ဖို့ စဥ်စားနေကြပါတယ်။  

    Ref: BBC

  • တရုတ်ကိုဗစ်လှိုင်းသစ် လူသေဆုံးမှု မြင့်တက်

    တရုတ်ကိုဗစ်လှိုင်းသစ် လူသေဆုံးမှု မြင့်တက်

    ဒီဇင်ဘာ ၂၀၊ ၂၀၂၂

    M-Media 


    – တရုတ်နိုင်ငံ မြို့ကြီးတစ်ချို့မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်လှိုင်းသစ်ကြောင့် မီးသင်္ဂြိုဟ်စက်တွေမှာ အလျင်မီ မသင်္ဂြိုဟ်နိုင်တဲ့အထိ သေဆုံးမှုတွေ များနေတယ်လို့ သတင်းထွက်လာပါတယ်။ 

    AFP သတင်းဌာနရဲ့ စုံစမ်းမေးမြန်းမှုအရ ကိုဗစ်ပြန့်နှံ့နေတဲ့ ဘေဂျင်း၊ ချုံကျင်းနဲ့ ကွမ်ကျိုးမြို့တို့က မီးသင်္ဂြိုဟ်စက်တွေမှာ သင်္ဂြိုဟ်သူတွေဟာ ပုံမှန်ထက် ပိုမိုများနေပြီး တစ်ချို့နေရာတွေမှာ အသုဘထားဖို့ နေရာမရှိတာမျိုးတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

    တရုတ်အစိုးရကတော့ အင်္ဂါနေ့ ကိုဗစ်ကူးစက်မှု အရေအတွက်ဟာ ၅၂၄၂ ဦးရှိပြီး သေဆုံးသူ ၅ ဦးလို့ သတင်းထုတ်ပြန်ပါတယ်။ 

    တရုတ်မှာ တစ်ကျော့ပြန် ကိုဗစ်ဟာ ပြီးခဲ့တဲ့လကတည်းက စတင်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရရဲ့ တင်းကြပ်တဲ့ ကိုဗစ်စည်းမျဥ်းတွေကြောင့် ပြည်သူတွေ ဆန္ဒပြတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ 

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက လာမယ့်လအနည်းငယ်အတွင်း တရုတ်လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ကိုဗစ်ကူးစက်ဖို့ ရှိနေပြီး လူ ၂ သန်း သေနိုင်တဲ့အထိ ဆိုးရွားနိုင်တယ်လို့ သုံးသပ်ပါတယ်။ 

    Ref: AFP

  • ဆော်ဒီနှင့် တရုတ်တို့ ဆက်ဆံရေးတိုးမြှင့်မည်

    ဆော်ဒီနှင့် တရုတ်တို့ ဆက်ဆံရေးတိုးမြှင့်မည်

    ဒီဇင်ဘာ ၇၊ ၂၀၂၂

    M-Media 


    -တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂ နိုင်ငံ ချစ်ကြည်ရေး အလည်အပတ်ခရီးစဥ်အဖြစ် ဒီကနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိလာပါတယ်။ 

    သမိုင်းနဲ့ချီပြီးရှိတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ဖို့အတွက် ဆော်ဒီဘုရင် ဆလ်မန်က ဖိတ်ခေါ်ခဲ့တာလို့ ဆော်ဒီနိုင်ငံပိုင် မီဒီယာတွေက ထုတ်ပြန်ပါတယ်။ 

    ဒါဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ရှီကျင့်ဖျင်ရဲ့ ဒုတိယမြောက် ဆော်ဒီခရီးစဥ်ဖြစ်ပြီး ကိုဗစ်ဖြစ်ပြီးနောက် တတိယမြောက် နိုင်ငံခြားခရီးစဥ်ပါ။ 

    ရှီရဲ့ ခရီးစဥ်မှာ ကန်ဒေါ်လာ ၂၉.၂၆ ဘီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်တွေ ချုပ်ဆိုမှာပါ။ ရီယာ့ဒ်မြို့မှာ ကျင်းပဖို့ရှိတဲ့ တရုတ်-ပင်လယ်ကွေ့ ထိပ်သီးအစည်းအ၀ေးကိုလည်း ရှီက တက်ရောက်မှာ ဖြစ်ပါတယ်။ 

    အာဏာရ တရုတ်ကွန်မြူနစ်အာဘော်သတင်းစာ Global Times က ဒီထိပ်သီးအစည်းအ၀ေးဟာ တရုတ်နဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေအကြား ဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်လာမှာဖြစ်ပြီး အာရပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ဖို့ တရုတ်နိုင်ငံမှာ စိတ်ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: Aljazeera

  • ဂျိုးဘိုင်ဒန်နဲ့ ရှီကျင့်ဖျင် နှစ်ကိုယ်ကြားတွေ့ဆုံမှု ဘာတွေ ဆွေးနွေးခဲ့ကြသလဲ

    ဂျိုးဘိုင်ဒန်နဲ့ ရှီကျင့်ဖျင် နှစ်ကိုယ်ကြားတွေ့ဆုံမှု ဘာတွေ ဆွေးနွေးခဲ့ကြသလဲ

    နို၀င်ဘာ ၁၄၊ ၂၀၂၂

    M-Media


    -G20 ထိပ်သီးအစည်းအ၀ေးအတွက် အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့  တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဒီကနေ့မှာ ၃ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

    ထိုင်၀မ်အရေး သတိပေး 

    ———————

    သမ္မတရှီက ထိုင်၀မ်ကိစ္စမှာ ၀ေး၀ေးနေဖို့ ဘိုင်ဒန်ကို သတိပေးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပါတယ်။ 

    တရုတ်က ထိုင်၀မ်ဟာ သူတို့ပိုင်နက်ဖြစ်ပြီး လိုအပ်ရင် စစ်အင်အားသုံး သိမ်းယူမယ်လို့ ပြောထားတာပါ။ အမေရိကန်က ထိုင်၀မ်ရဲ့ သီးခြားရပ်တည်နေမှုကို အသိအမှတ်ပြုပြီး ကျူးကျော်သူရှိလာရင် ကာကွယ်ပေးမယ်လို့ ပြောကြားထားပါတယ်။ 

    ဒီကနေ့ ဆွေးနွေးမှုမှာ ဘိုင်ဒန်က တရုတ်တစ်နိုင်ငံတည်းမူ၀ါဒကို ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်၀မ်ကိစ္စမှာ အတင်းအကြပ် လုပ်ဆောင်တာမျိုး မလုပ်ဖို့ကိုတော့ ရှီကို ဘိုင်ဒန်က သတိပေးခဲ့ပါတယ်။ 

    နျူစစ်ပွဲ မဖြစ်စေရ

    ————–

    ရုရှားက ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုအကြောင်းကို ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြပြီး ဒီပြဿနာကနေ နျူကလီးယားစစ်ပွဲမဖြစ်အောင် ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။ 

    အပြင်းအထန်ပြိုင်မယ်

    ————–

    ရှီနဲ့ တွေ့ဆုံမှုမှာ ပွင့်ပွင်းလင်းလင်းနဲ့ ရိုးရိုးသားသား ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတဘိုင်ဒန်က ပြောပါတယ်။

    တရုတ်နဲ့ ပြင်းပြင်းထန်ထန် ဆက်လက်ယှဥ်ပြိုင်သွားမှာဖြစ်ပြီး ဒီပြိုင်ဆိုင်မှုက ပဋိပက္ခအသွင်အထိ ဦးတည်သွားအောင် လုပ်ဆောင်မှာမဟုတ်ဘူးလို့ ဘိုင်ဒန်က ရှီကို ပြောကြားခဲ့ပါတယ်။

    မြောက်ကိုရီးယား

    —————-

    မြောက်ကိုရီးယားက နျူလက်နက်စမ်းသပ်ဖို့ရှိတယ်ဆိုတဲ့သတင်း ထွက်နေတာကြောင့် နိုင်အောင်ထိန်းနိုင်မလားဆိုပြီး ဂျိုးဘိုင်ဒန်က ရှီကျင့်ဖျင်ကို မေးခဲ့ပါတယ်။ 

    တရုတ်ဟာ မြောက်ကိုရီးယားကို ဟန့်တားဖို့ တာ၀န်ရှိပြီး၊ ထိန်းနိုင်မယ်လို့တော့မထင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒန်က မှတ်ချက်ပေးပါတယ်။ 

    မြောက်ကိုရီးယားဖက်က နျူစမ်းသပ်မှုလုပ်လာရင် ကာကွယ်ရေးဆိုင်ရာ အစီအစဥ်တွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ဒါဟာ တရုတ်ကို တိုက်ရိုက် ရည်ညွှန်းတာမျိုးမဟုတ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

    ညှိနှိုင်းလိုစိတ်ရှိ

    ————–

    ရှီကျင့်ဖျင်ဟာ ပွင့်ပွင်းလင်းလင်း ပြတ်ပြတ်သားသား ပြောဆိုတတ်သူဖြစ်တာကို တွေ့ရတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ 

    ထိပ်တိုက်တွေ့ဆုံရေးထက် ညှိနှိုင်းဆွေးနွေးရေးကို ရှီက ပိုမိုလိုလားတယ်လို့မြင်ကြောင်းလည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    တရုတ်နဲ့ စစ်အေးတိုက်ပွဲမျိုး ဖြစ်မယ်လို့မထင်ကြောင်း၊ တရုတ်ဟာ ထိုင်၀မ်ကို လတ်တလော ကျူးကျော်မယ့်ပုံစံမျိုး မရှိသေးကြောင်း ဘိုင်ဒန်က ပြောပါတယ်။

    Ref: BBC