News @ M-Media

Tag: China

  • ပတ်၀န်းကျင်နိုင်ငံ ပိုင်နက်များကို မိမိတို့ပိုင်အဖြစ် ဖော်ပြထားသည့် တရုတ်၏ မြေပုံအသစ်

    ပတ်၀န်းကျင်နိုင်ငံ ပိုင်နက်များကို မိမိတို့ပိုင်အဖြစ် ဖော်ပြထားသည့် တရုတ်၏ မြေပုံအသစ်

    သြဂုတ် ၃၁၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – အိန္ဒိယနှင့် တရုတ်အကြား ပိုင်နက်အငြင်းပွားမှုပြ မြေပုံ)

    -တရုတ် သဘာ၀သယံဇာတ ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၃  မြေပုံမှာ အငြင်းပွား ပိုင်နက်တွေကို တရုတ်ပိုင်နက်အဖြစ် ထည့်သွင်း ရေးဆွဲထားတဲ့အတွက် ပတ်၀န်းကျင်နိုင်ငံတွေက ၀ေဖန်နေကြပါတယ်။ 

    အထူးသဖြင့် တောင်တရုတ်ပင်လယ်က ပိုင်နက်တွေ၊ ရုရှားနဲ့ အိန္ဒိယနယ်စပ်က ပိုင်နက်တွေ ဖြစ်ပါတယ်။ 

    တောင်တရုတ်ပင်လယ်ကိစ္စမှာ တရုတ်ဟာ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတာပါ။ 

    မလေးရှား နိုင်ငံခြားရေး၀န်ကြီး ဇမ်ဘရီ အဘ်ဒူလ် ကာဒရ်က တရုတ်ရဲ့ အခုမြေပုံသစ်နဲ့ပတ်သက်ပြီး တရား၀င် ကန့်ကွက်သွားမယ်လို့ သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

    ဖိလစ်ပိုင်ကလည်း တရုတ်ကို တရား၀င် ကန့်ကွက်ထားပြီးဖြစ်ပါတယ်။ ဖိလစ်ပိုင်ရဲ့ ပိုင်ဆိုင်မှု၊ ရေကြောင်း နယ်နမိတ်ကို တရုတ်က သူတို့ပိုင်နက်အဖြစ် မြေပုံမှာ ဖော်ပြထားတာဟာ နိုင်ငံတကာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    အင်ဒိုနီးရှားဟာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုမှာ မပါ၀င်ပါဘူး။ ဒါပေမယ့် အခု တရုတ်ရဲ့ မြေပုံအသစ်မှာ အင်ဒိုနီးရှား ရေပိုင်နက်အတွင်းရှိနေတဲ့ Natuna ကျွန်းစုတစ်ခုကို တရုတ်က သူတို့ပိုင်တယ်ဆိုပြီး ထည့်သွင်းရေးဆွဲထားပါတယ်။ 

    အင်ဒိုနိုင်ငံခြားရေး၀န်ကြီး ရတ္တနို မာဆူဒီက နယ်နမိတ်ရေးဆွဲမှုတွေဟာ နိုင်ငံတကာက  သတ်မှတ်ပြဌာန်းချက်တွေအတိုင်း ဖြစ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထိုင်၀မ်ကို တရုတ်ပိုင်အဖြစ် ထည့်သွင်းရေးဆွဲထားမှုကိုလည်း ထိုင်၀မ်ဖက်က ကန့်ကွက်ခဲ့ပါတယ်။ 

    ထိုင်၀မ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖ်လျူက ထိုင်၀မ်ကို တရုတ်က ဘယ်တုန်းကမှ ပိုင်ဆိုင်ခဲ့တာမဟုတ်ဘဲ ဒါကို နိုင်ငံတကာကလည်း လက်ခံထားကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ 

    ပြင်းပြင်းထန်ထန်ကန့်ကွက်

    တရုတ်ရဲ့ ၂၀၂၃ မြေပုံသစ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သူက အိမ်နီးချင်း အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။ 

    တရုတ်နဲ့ အိန္ဒိယဟာ နယ်စပ်က ကီလိုမီတာ ၃၅၀၀ လောက် ထိစပ်နေတဲ့ နေရာအတွက် ပိုင်ဆိုင်မှု အငြင်းပွားနေကြတာပါ။ 

    အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အရူနာချာလ် ပရာဒက်ရှ်၊ အနောက်မြောက်ပိုင်းက ကက်ရှ်မီးယားဒေသတွေမှာ ဖြစ်ပါတယ်။ ဒီအငြင်းပွားမှုအတွက် နှစ်ဖက် စစ်ပွဲဖြစ်တဲ့အထိ အခြေအနေ ဆိုးခဲ့တာပါ။ 

    အခု တရုတ်ရဲ့ မြေပုံအသစ်မှာ ဒီဒေသတွေက အငြင်းပွား ပိုင်နက် နှစ်ခုစလုံးကို တရုတ်ပိုင်အဖြစ် ဖော်ပြထားပါတယ်။ 

    အိန္ဒိယအာဏာပိုင်တွေက ဒီကိစ္စအတွက် ချက်ခြင်းပဲ ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ အခြေအမြစ်မဲ့တဲ့ ဒီလို လုပ်ရပ်တွေဟာ နှစ်နိုင်ငံ နယ်နမိတ်ကိစ္စ အဖြေရှာမှုကို ပိုမိုရှုပ်ထွေးစေမှာဖြစ်ကြောင်း နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရင်ဒမ် ဘဂ်ချီက ပြောပါတယ်။ 

    တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက အခု မြေပုံအသစ်ကို ဓမ္မဓိဌာန်ကျကျ သုံးသပ်ဖို့၊ ချဲ့ကားမပြောဆို တုန့်ပြန်ပြောကြားခဲ့ပါတယ်။ 

    အိမ်နီးချင်းနိုင်ငံက ပိုင်နက်တွေကို သူတို့ပိုင်တယ်ဆိုပြီး မြေပုံမှာ ထည့်သွင်းရေးဆွဲမှုအတွက် တရုတ်ဟာ အရင်ကလည်း ဆန့်ကျင်ကန့်ကွက်မှုတွေကို ခံခဲ့ရပါတယ်။ 

    Ref: CNA

  • တရုတ်နျူတပ်ဖွဲ့ခေါင်းဆောင်ပိုင်း အံ့အားသင့်ဖွယ် ဖယ်ရှားခံရ

    တရုတ်နျူတပ်ဖွဲ့ခေါင်းဆောင်ပိုင်း အံ့အားသင့်ဖွယ် ဖယ်ရှားခံရ

    သြဂုတ် ၂၊ ၂၀၂၃

    M-Media 


    -နျူကလီးယားလက်နက်တွေကို စီမံကွပ်ကဲနေတဲ့ တပ်ဖွဲ့ရဲ့ ခေါင်းဆောင်နှစ်ယောက်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖယ်ရှားပြီး အစားထိုး ခန့်အပ်ခဲ့ပါတယ်။ 

    တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ ဒုံးကျည်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် လီယီချိုနဲ့ သူ့လက်ထောက်တို့ဟာ လူမြင်ကွင်းကနေ လအတော်ကြာ ပျောက်နေခဲ့တာပါ။ 

    သူတို့နေရာကို ရေတပ် ဒုတိယအကြီးအကဲဟောင်း ၀မ်ဟိုဘင်၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၀င် ရွှီဇီရှန်းတို့နဲ့ အစားထိုးလိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထွက်လာပါတယ်။ 

    ဒါဟာ တရုတ်စစ်တပ် ခေါင်းဆောင်ပိုင်းမှာ ၁၀ စုနှစ်တစ်ခုအတွင်း စီစဥ်ထားခြင်းမရှိဘဲ အံ့အားသင့်ဖွယ် ပြောင်းလဲမှု ဖြစ်ပါတယ်။ 

    တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့အာဏာကို ပြိုင်ဖက်ကင်း စုစည်းနိုင်အောင် ကြိုးစားမှုတစ်ခုလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    ဗိုလ်ချုပ် လီယီချိုနဲ့ သူ့ရဲ့လက်ထောက်၊ ဒုံးကျည်တပ်ဖွဲ့ရဲ့ ဒုတိယအကြီးအကဲဟောင်းတို့ဟာ ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရတယ်လို့ South China Morning Post က ပြီးခဲ့တဲ့တစ်ပတ်မှာ ဖော်ပြပါတယ်။ 

    သမ္မတရှီက ပါတီဟာ စစ်တပ်အပေါ် အကြွင်းမဲ့ ခေါင်းဆောင်နိုင်ရေး ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာရှိနေတဲ့အတွက် ဒါကို ဖြေရှင်းဖို့ လိုအပ်နေကြောင်း ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ အစည်းအ၀ေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ 

    Ref: BBC

  • တရုတ်မှာ ကျောင်းသားကလေးငယ်တွေကို အကြမ်းဖက်တိုက်ခိုက်မှု ဘာ့ကြောင့်များလာတာလဲ

    တရုတ်မှာ ကျောင်းသားကလေးငယ်တွေကို အကြမ်းဖက်တိုက်ခိုက်မှု ဘာ့ကြောင့်များလာတာလဲ

    ဇူလိုင် ၁၁၊ ၂၀၂၃

    M-Media 


    -တရုတ်နိုင်ငံတောင်ပိုင်းက မူကြိုတစ်ခုမှာ မနေ့က ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ်တွေအပါအ၀င် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကလေးငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှု တရုတ်နိုင်ငံမှာ မြင့်တက်လာပြီး၊ လူ့အဖွဲ့အစည်းအပေါ် မုန်းတီးမှုက ဒီလိုကျူးလွန်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    ဂွမ်ဒုန်ပြည်နယ်က မနေ့က တိုက်ခိုက်မှုဟာ လက်စားချေမှုဖြစ်တယ်လို့ တရုတ်ဆိုရှယ်မီဒီယာတွေမှာ ရေးပါတယ်။ သေဆုံးသွားသူတွေထဲက လူကြီးတစ်ဦးဟာ အရင်က သားဖြစ်သူကို ကားနဲ့ တိုက်ခဲ့တဲ့အတွက် အဖေက လက်တုန့်ပြန်တာလို့ ဆိုပါတယ်။ 

    ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း တရုတ်နိုင်ငံမှာ ကလေးငယ်တွေ မတော်တဆဖြစ်သေဆုံးမှု၊ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ မြင့်တက်လာပါတယ်။ 

    ၂၀၀၁ ခုနှစ် နိုင်ငံတောင်ပိုင်း ကျန်းရှီးပြည်နယ်က ကျောင်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၄၁ ဦး သေဆုံးခဲ့ပါတယ်။ ကျောင်းက မီးပန်းစက်ရုံလည်း တွဲဖွင့်ထားကာ ကလေးငယ်တွေကို အလုပ်ခိုင်းပါတယ်။ သိုလှောင်ထားတဲ့ မီးပန်းတွေ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကလေးငယ်တွေအပေါ် လုပ်အားခေါင်းပုံဖြတ်မှုကို တစ်နိုင်ငံလုံက ၀ေဖန်ပြစ်တင်ခဲ့ပါတယ်။ 

    ၂၀၁၀ ခုနှစ်မှာ တရုတ်နိုင်ငံတစ်၀ှမ်း ဓားထိုးတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁၇ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ကလေးငယ်တွေကို အဓိက ပစ်မှတ်ထားတာပါ။ 

    အဲဒီအချိန်က တရုတ်၀န်ကြီးချုပ် ၀မ်ကျားပေါင်ဟာ တိုက်ခိုက်မှုဖြစ်တဲ့ နေရာတစ်ခုကို သွားရောက်ခဲ့ပြီး စာသင်ကျောင်းတွေမှာ လုံခြုံရေးတိုးမြှင့်ဖို့၊ ဒီတိုက်ခိုက်မှုတွေ ဖြစ်စေတဲ့ လူ့အဖွဲ့အစည်းအတွင်း မကျေနပ်မှုတွေကို ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    နောက်ကွယ်က အကြောင်းအရင်း

    ——————-

    တိုက်ခိုက်မှုတွေကို အမျိုးသားတွေက ကျူးလွန်ကြတာပါ။ 

    ၂၀၁၈ ခုနှစ်မှာ နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်က ကျောင်းတစ်ခုမှာ အမျိုးသားတစ်ဦးက လောင်ကျွမ်းတဲ့ ဓာတုဆေးရည်တွေနဲ့ ပက်ဖြန်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပါတယ်။ သေဆုံးသူ မရှိပေမယ့် ကလေးငယ် ၅၀ ဆေးကုသမှု ခံယူခဲ့ရပြီး တစ်ချို့ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။ 

    ကျွမ်းကျင်သူတွေက အမျိုးသားတွေဟာ လူ့အဖွဲ့အစည်းအပေါ် မုန်းတီး၊ မကျေမနပ်ဖြစ်လာတဲ့အခါ သူ့ပတ်၀န်းကျင်က လူတွေ ထိခိုက်ခံစားရအောင် ဒီလိုတိုက်ခိုက်မှုတွေ လုပ်တတ်ကြတယ်လို့ ပြောပါတယ်။ 

    တရုတ်လူ့အဖွဲ့အစည်းမှာ ပြီးခဲ့တဲ့ နှစ် ၂၀ လောက်အတွင်း လူမှုစီးပွားရေးမှာ ကြီးကြီးမားမား ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပါတယ်။ အပြောင်းအလဲကြောင့် ဆင်းရဲချမ်းသာ ကွာဟာမှုလည်း မြင့်တက်လာပါတယ်။ 

    လက်ရှိ တရုတ်လူ့အဖွဲ့အစည်းမှာ အမျိုးသားတွေ ကားမရှိရင် ရည်စားမရ၊ အိမ်မရှိရင် မိန်းမမရဆိုတဲ့ နောက်ပြောင်ကျီစယ်မှုတွေပါ ဖြစ်လာပါတယ်။ 

    ကိုဗစ်ကပ်ရောဂါက ဒီအခြေအနေကို ပိုဆိုးစေခဲ့ပြီး အလုပ်လက်မဲ့ရာခိုင်နှုန်းက ၂၀ ရာခိုင်းနှုန်းအထိ ရောက်လာပါတယ်။ 

    ကျွမ်းကျင်သူတွေကတော့ နိုင်ငံအတွင်း ဆင်းရဲချမ်းသာမှုကွာခြားချက်ကို မလျှော့ချနိုင်ဘူးဆိုရင် လူ့အဖွဲ့အစည်းကို ထိခိုက်စေတဲ့ ဒီလိုတိုက်ခိုက်မှုတွေ ပိုမိုအဖြစ်များလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ 

     Ref: BBC 

  • တရုတ်ရဲ့ စပိုင်ပူဖောင်းပြဿနာကို အာရှနိုင်ငံများ ရင်ဆိုင်နေရ

    တရုတ်ရဲ့ စပိုင်ပူဖောင်းပြဿနာကို အာရှနိုင်ငံများ ရင်ဆိုင်နေရ

    ဇွန် ၂၇၊ ၂၀၂၃

    M-Media 


    -နိုင်ငံတိုင်းက အရေးပါတဲ့ သတင်းအချက်အလက်တွေ ခိုးယူဖို့၊ စစ်ဖက်တည်နေရာတွေမှတ်သားဖို့ ရည်ရွယ်တဲ့ တရုတ်ရဲ့ စပိုင်မိုးပျံပူဖောင်း ပြဿနာကို အာရှနိုင်ငံတွေလည်း ရင်ဆိုင်လာရပါတယ်။ 

    အမေရိကန်မှာ တရုတ်စပိုင်ပူဖောင်းတွေ တွေ့လာရတဲ့ အခုနှစ်အစောပိုင်းကစပြီး ဒီပြဿနာကို ကမ္ဘာတစ်၀ှမ်းက အာရုံစိုက်လာကြတာပါ။ 

    အမေရိကန်အနောက်မြောက်ပိုင်း အရေးပါတဲ့ စစ်စခန်းနဲ့ နျူတပ်စခန်းတွေအပေါ်မှာ ပျံ၀ဲနေတဲ့ ပူဖောင်းတွေကို ကန်စစ်တပ်က ပစ်ချခဲ့ရပါတယ်။ 

    တရုတ်က ဒီပူဖောင်းတွေဟာ မိုးလေ၀သလို နယ်ပယ်မျိုးမှာ သုသေသနအတွက် အသုံးပြုတာဖြစ်ပြီး အမေရိကန် နယ်နမိတ်ထဲကို လမ်းကြောင်းမှား ၀င်လာတာလို့ တုန့်ပြန်ထားပါတယ်။ 

    ဂျပန်နဲ့ ထိုင်၀မ်

    ဘီဘီစီသတင်းအဖွဲ့ Panorama ရဲ့ လေ့လာမှုတွေအရ အရှေ့အာရှ နိုင်ငံတွေမှာလည်း တရုတ်စပိုင်ပူဖောင်းပြဿနာ ရှိနေတာကို တွေ့ရပါတယ်။ 

    ဉာဏ်ရည်တုနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Synthetaic က ဂြိုဟ်တုဓာတ်ပုံတွေကို လေ့လာဆန်းစစ်ရာမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဂျပန်နိုင်ငံမြောက်ပိုင်းမှာ စပိုင်ပူဖောင်းတစ်လုံး ပျံသန်းနေတာကို တွေ့ခဲ့ပါတယ်။ 

    ဒီပူဖောင်းကို ခြေရာခံကြည့်ရာမှာ တရုတ်နိုင်ငံအတွင်းပိုင်း မွန်ဂိုလီးယားတောင်ပိုင်းကနေလာတာကို တွေ့ရတယ်လို့ Synthetaic ကုမ္ပဏီကို တည်ထောင်သူ ကိုရေး ဂျက်စ်ကိုလ်စကီးက ပြောပါတယ်။ 

    ဂျပန်ဟာ အမေရိကန်ရဲ့ အနီးကပ် မဟာမိတ်ဖြစ်ပြီး အမေရိကန်စစ်သားတွေ အများဆုံးရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ 

    ဂျပန်ကာကွယ်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ယူကို မူရာကာမိက ဒီအခြေအနေကို နေ့စဥ်နဲ့အမျှ စောင့်ကြည့်နေပြီး ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့အတွက် စပိုင်ပူဖောင်းတွေကို ပစ်ချသွားဖို့အထိ စီစဥ်ထားတယ်လို့ ပြောပါတယ်။ 

    ၂၀၂၁ ခုနှစ် စက်တင်ဘာနှောင်ပိုင်းမှာ ထိုင်၀မ်မြို့တော် ထိုင်ပေမှာ တရုတ်စပိုင်ပူဖောင်းတစ်လုံး ပျံသန်းနေတာကိုလည်း Panorama အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

    ထိုင်၀မ်အစိုးရက ဒီပူဖောင်းဟာ မိုးလေ၀သ ပူဖောင်းသာဖြစ်မယ်လို့ ယုံကြည်ကြောင်း ဘီဘီစီကို ပြောပါတယ်။ 

    သူလျှိုလုပ်ငန်း

    တရုတ်ဟာ ကမ္ဘာတစ်၀ှမ်း လျို့၀ှက်ထောက်လှမ်းရေးလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်နေကြောင်း ပြီးခဲ့တဲ့နှစ်အနည်းအငယ်အတွင်း ကမ္ဘာက သိလာပါတယ်။ 

    နိုင်ငံတိုင်းမှာ လျှို့၀ှက်ရဲစခန်းတွေ ဖန်တီးတာ၊ မိုးပျံ စပိုင်ပူဖောင်းတွေ လွှတ်တာ စတဲ့ နည်းလမ်းမျိုးစုံနဲ့ပါ။

    အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA ရဲ့ အရှေ့အာရှ သုတေသနပညာရှင် ဂျွန်ကူလ်ဗာက တရုတ်ရဲ့ မိုးပျံ စပိုင်ပူဖောင်းလုပ်ငန်းဟာ အနည်းဆုံး လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်၀ှမ်း ဖြန့်ကျက်ထားနိုင်တယ်လို့ ပြောပါတယ်။ 

    လက်ရှိမှာတော့ ဂျက်စ်ကိုလ်စကီးတို့လို နည်းပညာသမားတွေဟာ ဉာဏ်ရည်တုနည်းပညာကို အသုံးချပြီး တရုတ်စပိုင်ပူဖောင်းကိစ္စကို ခြေရာခံတုန့်ပြန်ဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ 

    Ref: BBC

  • ဂျပန်ကိုကျော်ကာ ကားဘုရင်ဖြစ်လာတဲ့ တရုတ်

    ဂျပန်ကိုကျော်ကာ ကားဘုရင်ဖြစ်လာတဲ့ တရုတ်

    မေ ၁၉၊ ၂၀၂၃

    M-Media 


    -မော်တော်ကား ထုတ်လုပ်တင်ပို့ရောင်းချမှုမှာ ဂျပန်ကို ကျော်တက်နိုင်ပြီလို့ တရုတ်က ကြေငြာပါတယ်။ 

    အခုနှစ် ပထမ ၃ လပတ်အတွင်း တရုတ်ဟာ ကမ္ဘာတစ်၀ှမ်း ကားအစီးရေ ၁.၀၇ သန်း တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ် ပထမ ၃ လပတ်ထက် ၅၈ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာတာပါ။ 

    ဂျပန်ကတော့ ဇန်န၀ါရီကနေ မတ်လကုန်အထိ ကားအစီးရေ ၉ သိန်းခွဲသာ တင်ပို့ထားပါတယ်။ 

    ကမ္ဘာတစ်၀ှမ်း လျှပ်စစ်ကား ၀ယ်လိုအား များလာတာ၊ ရုရှားကို ကားရောင်းချမှု မြင့်တက်လာတာတို့က တရုတ်ကို ကမ္ဘာ့ထိပ်တန်း ကားတင်ပို့တဲ့နိုင်ငံ ဖြစ်လာစေတာ ဖြစ်ပါတယ်။ 

    ၂၀၂၂ ခုနှစ်အတွင်း တရုတ်ဟာ ကားအစီးရေ ၃.၂ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ ဒုတိယ ကားတင်ပို့မှုအများဆုံးဖြစ်တဲ့ ဂျာမနီကို ကျော်တက်နိုင်ခဲ့ပါတယ်။

    Ref: BBC