News @ M-Media
Tag: China
  • ၀ီဂါမွတ်စလင်များ ဖိနှိပ်ခံရမှုကိစ္စက တရုတ်နှင့်ဆွေးနွေးနေသည်ဟု အီရန်ပြော
    စက်တင်ဘာ ၁၇၊ ၂၀၁၈
    M-Media
    ရှင်ကျန်းပြည်နယ် တစ်နေရာတွင် ကင်းလှည့်နေသည့် တရုတ်ရဲ့များ
    – ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေကို တရုတ်အစိုးရက ဖိနှိပ်နေတယ်ဆိုတဲ့ သတင်းတွေအတွက် မိမိတို့အနေနဲ့ တရုတ်အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာစေမီက ပြောကြားလိုက်ပါတယ်။
    တရုတ်ဟာ တူရကီစကားပြော ၀ီဂါမွတ်စလင် တစ်သန်းကျော်လောက်ကို အကျဉ်းစခန်းတွေမှာ ပိတ်လှောင်ထားတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဖွင့်ချခဲ့ပြီးတဲ့နောက် အမေရိကန်အပါအ၀င် ကမ္ဘာတစ်ဝှမ်းက တရုတ်အစိုးရကို ဝေဖန်ခဲ့ကြပါတယ်။
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကလည်း ဒီကိစ္စမှာ အီရန်ဟာ နှုတ်ဆိတ်နေတယ်လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
    ကာစေမီက ပွမ်ပီယိုရဲ့ ဒီပြောကြားမှုကို ပြန်လည်တုန့်ပြန်ခဲ့ပြီး အီရန်က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မွတ်စလင်တွေကို အမြဲတမ်း ကူညီပံ့ပိုးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    “တရုတ်အစိုးရနဲ့ ကျွန်တော်တို့အကြား ရှိနေတဲ့ ဆက်ဆံရေးလမ်းကြောင်းကနေ ဒီကိစ္စကို ဆွေးနွေးအဖြေရှာဖို့၊ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ပါဝင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ သူ့(ပွမ်ပီယို)ရဲ့စကားကို ကျွန်တော်တို့ သိပ်ပြီး အဖက်မလုပ်ပါဘူး။ အမေရိကန်က မောက်မာတဲ့ခေါင်းဆောင်တွေရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ စကားတွေနဲ့ သူတို့ရဲ့ရည်ရွယ်ချက်ဟာ အီရန်နိုင်ငံရဲ့ ပုံရိပ်ကို ပျက်ဆီးစေဖို့ပဲ ဖြစ်ပါတယ်”
    အီရန်-အာဖဂနစ္စတန်-အိန္ဒိယ ၃ ပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကာစေမီက ဒီလိုအစည်းအဝေးတွေဟာ အမေရိကန်ရဲ့ အနိုင်ကျင့်လိုတဲ့ပေါ်လစီကို ဆန့်ကျင်နေတဲ့ အီရန်အတွက် အပြုသဘောဆောင်လိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: IRNA
  • ကွန်မြူနစ်အစိုးရရဲ့ ဘာသာရေးဖိနှိပ်မှုကို ပိုမိုခံစားလာရတဲ့ တရုတ်ခရစ်ယာန်များ
    ကွန်မြူနစ်အစိုးရရဲ့ ဘာသာရေးဖိနှိပ်မှုကို ပိုမိုခံစားလာရတဲ့ တရုတ်ခရစ်ယာန်များ
    စက်တင်ဘာ ၁၆၊ ၂၀၁၈
    M-Media
    – တရုတ်နိုင်ငံအလယ်ပိုင်း ခရစ်ယာန် ကက်သလစ်ဘုရားကျောင်းတစ်ခုရဲ့ အရှေ့မှာ ‘ကလေးများကို ၀တ်ပြုဆုတောင်းခွင့်မပြု’ ဆိုတဲ့ သတိပေးဆိုင်းဘုတ်တစ်ခုကို တရုတ်အစိုးရက ချိတ်ဆွဲထားပါတယ်။ ‘ခွင့်ပြုချက်မရှိတဲ့ ဘုရားကျောင်း’တွေကို အစိုးရက ဖြိုချဖျက်ဆီးပြီး ဘုရားကျောင်းလာသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘုန်းကြီးတွေက အစိုးရအာဏာပိုင်တွေဆီ အပ်ရပါတယ်။
    ဘာသာမဲ့ ကွန်မြူနစ်အစိုးရဟာ ‘ဘာသာတရားကင်းစင်ရေး’ လှုပ်ရှားမှုကို တိုးမြှင့်လုပ်ဆောင်လာပြီး၊ ရှေးဟောင်းရပ်ကွက်တွေနေရာမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ အစားထိုးလာတာကြောင့် ဟီနန်ပြည်နယ်က ရိုမန်ကက်သလစ် ဘာသာဝင်တွေဟာ ၀တ်ပြုရာနေရာတွေ ပျောက်ဆုံးလာခဲ့ပါတယ်။
    ၁၉၅၁ ခုနှစ်ကတည်းက ဆက်ဆံရေးတင်းမာခဲ့တဲ့ ဗာတီကန်နဲ့ တရုတ်အစိုးရတို့ဟာ အချိန်အတော်ကြာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ခရစ်ယာန်ဂိုဏ်းအုပ်ဘုန်းတော်ကြီး ခန့်အပ်ရေးပြဿနာအတွက် ဖြေရှင်းဖို့ ပိုမိုပူးပေါင်းဆောင်ရွက်နေပေမယ့် ခရစ်ယာန်ဖိနှိပ်ရေးကို တရုတ်အစိုးရက အရှိန်မြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
    တရုတ်-ဗာတီကန် မကျေလည်မှုကြောင့် တရုတ်နိုင်ငံက ၁၂ သန်းသော ကက်သလစ်ခရစ်ယာန်တွေအကြား အစိုးရခန့်ထားတဲ့ ဘုန်းကြီးတွေနောက်လိုက်သူနဲ့ ဗာတီကန်လိုလားတဲ့ ‘မြေအောက်’ အသင်းတော်တွေနောက်လိုက်သူ စသဖြင့် အုပ်စုနှစ်ခု ကွဲသွားခဲ့ပါတယ်။
    ဆုတ်ပြဲနေတဲ့ ခရစ်တော်ရုပ်ပုံကား၊ ကျိုးပဲ့နေတဲ့ ထိုင်ခုံတွေဟာ တစ်ချိန်က ‘ဖူယန်း’ မြို့မှာ တည်ရှိခဲ့ပြီး ‘တရားမ၀င် အဆောက်အဦး’ ဆိုကာ အစိုးရက ဖြိုချခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုရဲ့ အကြွင်းအကျန်တွေပဲ ဖြစ်ပါတယ်။
    ဘ၀ခုလုံး စုဆောင်းထားသမျှကို ဘုရားကျောင်းဆောက်လုပ်ရေးအတွက် လှူဒါန်းခဲ့တဲ့ ဇရာထောင်း လယ်သမားကြီး လျူရှေရှန်းတစ်ယောက် ဘုရားကျောင်းက ကျိုးကျနေတဲ့ သလဲပင်အကိုင်းအခက်ကြားမှာ လက်ဝါးကပ်တိုင်တစ်ခုကို ရှာဖွေနေပါတယ်။
    “ဒီမှာရှိတဲ့ ခရစ်ယာန်အသင်းတော်အနာဂတ်ဟာ မရေရာတော့ပါဘူး။ ဘုရားရှိခိုးဖို့ ကျွန်တော်တို့မှာ နေရာမရှိတော့သလို၊ ဘာလုပ်ရမှန်းလည်း မသိပါဘူး” လို့ လျူရှေရှန်းက ပြောကြားခဲ့ပါတယ်။
    ပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ လူဝတ်ကြောင်နဲ့ ခရစ်ယာန်ဘုန်းကြီး ၂ ဒါဇင်လောက်က တရုတ်အစိုးရရဲ့ ဘာသာရေးဆိုင်ရာ ဥပဒေသစ် ထွက်လာအပြီး အခုနှစ်အတွင်း ခရစ်ယာန်ဘာသာအပေါ် မကြုံစဖူး တင်းကြပ်တာတွေ ဆောင်ရွက်မှုကို AFP သတင်းဌာနရဲ့ တွေ့ဆုံမှုအတွင်း အသေးစိတ်ပြောကြားခဲ့ပါတယ်။
    ဘုရားကျောင်းတွေရဲ့ ခေါင်မိုးမှာ တပ်ဆင်ထားတဲ့ လက်ဝါးကပ်တိုင် ဖြုတ်ချခံရမှုတွေ၊ ဘာသာရေးဆိုင်ရာ စာပေတွေနဲ့ ဆပ်ကပ်ပူဇော်ထားတဲ့အရာတွေ သိမ်းဆည်းခံရတာတွေ၊ ဘုရားကျောင်းက ဖွင့်ထားတဲ့ မူကြိုကျောင်း ပိတ်တာတွေ ဖြစ်ပါတယ်။
    ခရစ်ယာန်ဘုရားကျောင်းတွေအနေနဲ့ နိုင်ငံတော်အလံထောင်ကာ အခြေခံဥပဒေတွေကို လူမြင်အောင်ပြသထားရပြီး၊ ဘုရားကျောင်းရဲ့ အပြင်ဘက်မှာ ဘာသာရေးဆိုင်ရာ ရုပ်ပုံတွေ ချိတ်ဆွဲတာကိုလည်း တရုတ်အစိုးရက တားမြစ်ထားပါတယ်။
    အရွယ်မရောက်သေးသူတွေ၊ ကျောင်းသားတွေနဲ့ ရင်ခွင့်ပိုက်ကလေးတွေ ဘုရားကျောင်း ပရ၀ုဏ်ထဲဝင်ရောက်မှုကို ပြီးခဲ့တဲ့လတွေအတွင်းမှာ တားမြစ်ခဲ့ပါတယ်။
    သိပ်မကြာသေးခင် တနင်္ဂနွေတစ်ရက်မှာ အန်းယန်မြို့က အစိုးရအသိအမှတ်ပြု ခရစ်ယာန်ဘုရားကျောင်း Cathedral of the Sacred Heart ကို ‘တရုတ်အစိုးရ သာသနာရေးဌာန’ က တာဝန်ရှိသူ အမျိုးသမီးတစ်ယောက် လာရောက်ပြီး ၀တ်ပြုဆုတောင်းသူ ၈၀၀ လောက်ကို စစ်ဆေးခဲ့ပါတယ်။
    “ခရစ်ယာန်ကက်သလစ်သာသနာဟာ တရုတ်ပြည်ပေါက် သာသနာ မဟုတ်ပါဘူး” လို့ သူမက ပြောကြားခဲ့ပါတယ်။
    ဖူးယန်မြို့တောင်ပိုင်း ရှီဖန်းရွာမှာ ခရစ်ယာန်ဘုရားကျောင်း ပရ၀ုဏ်အတွင်းမှာ ဖွင့်ထားတဲ့ မူကြိုကျောင်းတံခါးကို အာဏာပိုင်တွေက ၀ရိန်ဆော်ပြီး အသေပိတ်ပစ်ခဲ့ပါတယ်။
    အမည်မဖော်လိုတဲ့ ကျေးရွာအကြီးအကဲတစ်ဦးက အစိုးရအနေနဲ့ ပညာရေးမှာ ‘ခရစ်ယာန်ဘုရားကျောင်းက ပါဝင်တဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို တားဆီးဖို့အတွက်’ မူကြိုကျောင်းကို ပိတ်ပစ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဘုရားကျောင်း ဂေါပကအဖွဲ့ဝင် တစ်ဦးချင်းစီအကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေနဲ့ နိုင်ငံရပ်ခြားနဲ့ ဆက်နွယ်မှု ရှိ၊ မရှိ စတင် အသေးစိတ်အချက်အလက်တွေကို တရုတ်အစိုးရက တောင်းခံတဲ့ စာကိုလည်း AFP သတင်းဌာနက ရရှိခဲ့ပါတယ်။
    အမည်မဖော်လိုတဲ့ ထိပ်တန်း ခရစ်ယာန်ဘုန်းကြီးတစ်ပါးက အဲဒီအချက်အလက်တွေကို အွန်လိုင်းအခြေပြု ဘာသာရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၊ ဖုန်းအခြေပြု စောင့်ကြည့်ရေး အက်ပလီကေးရှင်းတွေမှာ အသုံးပြုမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဆုပ်လည်းဆူး စားလည်းရူး
    ဒီလို တင်းကြပ်မှု တော်တော်များများဟာ ဟီနန်ပြည်နယ်မှာ ယုံကြည်သူ ‘လျင်လျင်မြန်မြန်’ မြင့်တက်လာတယ်လို့ အာဏာပိုင်တွေက ယုံကြည်တဲ့ ခရစ်ယာန် ပရိုတက်စတင့်ဝါဒကို ထိန်းချုပ်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပေမယ့် ခရစ်ယာန် ကက်သလစ်ဘာသာဝင်တွေလည်း ပစ်မှတ်ထားခံနေရတယ်လို့ ဘုန်းတော်ကြီးက ဖွင့်ဟခဲ့ပါတယ်။
    တရုတ်နိုင်ငံအရှေ့ပိုင်း ဟီနန်ပြည်နယ်က ကက်သလစ်ဘာသာဝင် တော်တော်များများဟာ တရုတ်အစိုးရနဲ့ ဗာတီကန်တို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။
    “ဘာသာရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်တယ်။ ကျွန်တော်မှာ တူညီတဲ့ဘာသာတရားရှိပြီး၊ ငြိမ်းချမ်းမှု၊ စည်းလုံးညီညွတ်မှုကို ကျွန်တော်တို့ လိုချင်ပါတယ်” လို့ မြေအောက် ခရစ်ယာန်အသင်းတော်ဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
    ဗာတီကန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂရဂ်ျဘာကီက ‘ဗာတီကန်နဲ့ တရုတ်အစိုးရတို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်’ လို့ ပြောကြားခဲ့ပါတယ်။
    ဟီနန်ပြည်နယ် သာသနာရေးဌာနနဲ့၊ တရုတ်အစိုးရ သာသနာရေးဌာနတို့က AFP သတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။
    ခရစ်ယာန်ဘုရားကျောင်း တော်တော်များများတည်ရှိရာ ရပ်ကွက်ဟောင်းတွေကို ဖျက်ပြီး ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆောင်ရွက်မှုကလည်း ခရစ်ဘာသာအပေါ် နှိပ်ကွပ်မှုအခြေအနေကို ပိုပြီး သိသာလာစေပါတယ်။
    ဖူးယန်က ခရစ်ယာန်ဘုရားကျောင်းပျက်ဟာ အထပ်မြင့်လူနေတိုက်ခန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ရှိနေပါတယ်။
    ဆယ်စုနှစ်ချီ သက်တမ်းရှိတဲ့ အဲဒီဘုရားကျောင်းဟာ အစိုးရခွင့်ပြုချက်နဲ့ ဆောက်လုပ်ခဲ့ပြီး၊ အသုံးပြုဖို့ လိုင်စင်ရထားပေမယ့် ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အာဏာပိုင်တွေက တရားမ၀င်အဆောက်အဦးအဖြစ် ကြေငြာခဲ့တယ်လို့ လယ်သမားတစ်ယောက်ဖြစ်ပြီး၊ ရွာသူကြီးလည်းဖြစ်တဲ့ လျူက ပြောကြားခဲ့ပါတယ်။
    ဘာသတိပေးချက်မှ မထုတ်ပြန်ဘဲ တစ်ညမှာ ဘုရားကျောင်းကို ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးလိုက်ပါတယ်။
    “နောက်နေ့မှာ၊ ဘုရားကျောင်းအဖွဲ့ဝင်ဟောင်းတွေဟာ ဒီနေရာမှာ လာထိုင်ကာ ၀မ်းနည်း ငိုကြွေးကြပါတယ်” လို့ လျူက ပြောပါတယ်။
    အစိုးရကပေးတဲ့ မဖြစ်စလောက်လျော်ကြေးက နောက်နေရာသစ်တစ်ခုရှာဖို့ မလုံလောက်ဘူးလို့လည်း သူက ဆိုပါတယ်။
    ဟောင်ကောင်က Holy Spirit Study Centre ရဲ့ တရုတ်ကသလစ်ခရစ်ယာန်အသင်းတော်ဆိုင်ရာ ကျွမ်းကျင်သူ အန်သိုနီလမ်က မြို့ပြတည်ဆောက်ရေးဆိုတာ ‘ဘုရားကျောင်းတွေကို ဖြိုချဖျက်ဆီးဖို့အတွက် အသုံးပြုတဲ့ ဆင်ခြေတစ်ခုသာဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်
    အစသာရှိသေး
    မြေအောက်ခရစ်ယာန်အသင်းတော်တွေက မျှော်လင့်ချက်မဲ့နေတဲ့ ဘုန်းကြီးတွေဟာ အစိုးရအသိအမှတ်ပြုထားတဲ့ ဘုန်းကြီးတွေထံ ချဉ်းကပ်ပြီး သူတို့ ၀တ်ပြုနိုင်မယ့်နေရာတစ်ခု ဖန်တီးပေးဖို့ ပြောလာကြပြီး အပြန်အလှန်အားဖြင့် သူတို့ရဲ့လုပ်ကိုင်ဆောင်ရွင်မှုတွေကို ကြီးကြပ်မှုခံယူမယ်လို့ ဆိုလာကြပါတယ်။
    အစိုးရအသိအမှတ်ပြုထားတဲ့ ဘုန်းတော်ကြီးတစ်ပါးက မြို့ပြတည်ထောင်မှုနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဖြိုချဖျက်ဆီးမှုဟာ မြေအောက်အသင်းတော်တွေ ရှင်သန်နိုင်မယ့်နေရာ နည်းသထက် နည်းလာပြီလို့ ဆိုလိုတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    “ဘုန်းကြီးတို့ မြေအောက်အသင်းတော်တွေနဲ့ လက်ရှိမှာ ဆွေးနွေးနေပါတယ်။ သူတို့ကို ကာကွယ်ဖို့ဖြစ်ပြီး ထိန်းချုပ်ဖို့ မဟုတ်ပါဘူး။ သူတို့ကို ဘုန်းကြီးတို့ စောင့်ကြည့်နေတယ်ဆိုတာ အစိုးရလည်း သိရမယ်။ ဒါဟာ ဟီနန်မှာ ဘုန်းကြီးတို့ ဖန်တီးထားတဲ့ စနစ်တစ်ခုပါ”
    ကက်သလစ်ဘုန်းကြီး တော်တော်များများက ဟီနန်ပြည်နယ်က ကန့်သတ်မှုဟာ တရုတ်နိုင်ငံက အခြားသောဒေသတွေဆီ ပြန့်နှံ့သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။
    “ဟီနန်ဟာ ဗဟိုအစိုးရရဲ့ စမ်းသပ်နယ်မြေတစ်ခုဖြစ်တယ်လို့ နှစ်တော်တော်ကြာကတည်းက ဘုန်းကြီးတို့ ခံစားရပြီး၊ ဒါဟာ အစလို့ ထင်ပါတယ်” လို့ အစိုးရနဲ့ အနီးကပ်ဆက်ဆံရေးရှိတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါးက ပြောကြားခဲ့ပါတယ်။
    Ref: AFP
    (AFP သတင်းဌာနတွင် ဖော်ပြထားသည့် ‘Nowhere to worship’: Crackdown bedevils China’s Catholics ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ
    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ
    စက်တင်ဘာ ၁၂၊ ၂၀၁၈
    M-Media
    ဗီယက်နမ်မှ ခွေးသားအရောင်းဆိုင်တစ်ခု
    တောင်ကိုရီးယားတွင် မားစ်ရောဂါ သတိပေးချက် ထုတ်ပြန်
    ================
    ကူဝိတ်နိုင်ငံက ပြန်လာတဲ့ အသက် ၆၁ နှစ်အရွယ် အဘွားအိုမှာ မားစ်ရောဂါ ဖြစ်နေတယ်ဆိုတာကို တွေ့ရပြီးတဲ့နောက် တောင်ကိုရီးယားနိုင်ငံက မားစ်ရောဂါသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအမျိုးသမီးဟာ ကူဝိတ်ကနေ ဒူဘိုင်း၊ ဒူဘိုင်းကနေတစ်ဆင့် ဆိုးလ်ကို ပြန်လာတာဖြစ်ပြီး သူမ လိုက်ပါလာတဲ့ လေယာဉ်က ခရီးသည် ၄၄၀ ကိုလည်း အာဏာပိုင်တွေက နောက်ကြောင်းလိုက်နေကာ လူ ၅၀ လောက်ကိုတော့ လိုက်လို့မရဘူးလို့ ပြောပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံမှာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် မားစ်ရောဂါကို တွေ့ရှိမှုလည်း ဖြစ်ပါတယ်။
    ခွေးသားစားမှု ရပ်တန်ဖို့ ဟနွိုင်းအစိုးရက ပြည်သူများကို တိုက်တွန်း
    ===============
    တိုင်းပြည်ရဲ့ပုံရိပ်ကို ကျဆင်းစေပြီး ခွေးရူးရောဂါ ပြန့်ပွားမယ့် အန္တရာယ်လည်း ရှိနေတာကြောင့် ခွေးသားစားသုံးမှုကို ရပ်တန့်ကြဖို့အတွက် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းက ပြည်သူ့ကော်မတီကနေ ပြည်သူတွေကို တိုက်တွန်းစာတစ်စောင် ထုတ်ပြန်ထားပါတယ်။ ခွေးသားဟာ ဗီယက်နမ်နိုင်ငံမှာ လူကြိုက်များတဲ့ အသားတစ်မျိုးဖြစ်ပြီး ဆန်အရက်တွေ၊ ဘီယာတွေနဲ့ တွဲဖက်စားသုံးလေ့ရှိပါတယ်။ ပြည်သူ့ကော်မတီက ထုတ်ပြန်တဲ့စာမှာ ကြောင်သားစားသုံးမှုလည်း ရပ်တန့်ကြဖို့ ပါဝင်ပါတယ်။ အဲဒီလို စားသုံးဖို့အတွက် ခွေးတွေ၊ ကြောင်တွေကို သတ်ဖြတ်မှုဟာ ရက်စက်လေ့ရှိပြီး ဟနွိုင်းအစိုးရက ဒီအလေ့အကျင့်ကို တစ်ဖြည်းဖြည်းချင်း ဖျောက်သွားဖို့ မျှော်လင့်နေပါတယ်။
    အမေရိကန်ဒေါ်လာအပေါ်မှီခိုရမှုကို ရုရှားနှင့် တရုတ်တို့ လျှော့ချမည်
    ==================
    ရုရှားနဲ့ တရုတ်တို့ဟာ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှုကို လျှော့ချပြီး သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးတွေကိုသာ အသုံးပြုသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မနေ့က တွေ့ဆုံမှုအပြီးမှာ ပြောကြားခဲ့ပါတယ်။ ရုရှားဟာ ခရိုင်းမီးယားပြဿနာကြောင့် အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေကို ခံနေရပြီး တရုတ်ကလည်း အမေရိကန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။ ပူတင်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ ကုန်သွယ်ရေး လုပ်တာဟာ ဘဏ်တွေရဲ့ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းတွေကို ပိုမိုတည်ငြိမ်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။
    Ref: CNA
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    စက်တင်ဘာ ၁၁၊ ၂၀၁၈
    M-Media
    ပူတင်နှင့် အာဘေးတို့ တွေ့ဆုံမှု
    ထရမ့်နှင့် နောက်တစ်ကြိမ်တွေ့ဆုံရန် ကင်ဂျုံအွန်တောင်းဆို
    ======================
    သမ္မတထရမ့်နဲ့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မနေ့မှာ စာရေးသားတောင်းဆိုလိုက်ပြီး အိမ်ဖြူတော်ကလည်း ဒီအတွက် အစီအစဉ်ဆွဲနေပါတယ်။ ကင်နဲ့ ထရမ့်တို့ဟာ ဇွန်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံမှာ တစ်ကြိမ် တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်းဒါးက မနေ့ကစာဟာ အင်မတန်နွေးထွေးပြီး အပြုသဘောဆောင်တဲ့ စာဖြစ်ကြောင်း၊ အဓိကအကြောင်းအရင်းက ထရမ့်နဲ့တွေ့ဆုံဖို့ဖြစ်ပြီး လက်ရှိ မိမိတို့က ညှိနှိုင်းစီစဉ်နေကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    ဆော်ဒီထံမှရသည့် ငွေများ၏ အထောက်အထားများကို နာဂျစ်ထုတ်ပြ
    ==========
    သူ့ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲကို ၀င်လာတဲ့ ကန်ဒေါ်လာ ၆၀၇ သန်းဟာ ဆော်ဒီ တော်ဝင်မိသားစုရဲ့ လှူဒါန်းဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေကို မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က Facebook စာမျက်နှာပေါ်မှာ မနေ့က ထုတ်ပြလိုက်ပါတယ်။ အဲဒီစာရွက်စာတမ်းတွေထဲမှာ ဆော်ဒီ တော်ဝင်မင်းသားတစ်ပါးဖြစ်တဲ့ အဘ်ဒူလ်အဇစ် အလ်-ဆာအွဒ်ရဲ့ စာတစ်စောင်လည်း ပါဝင်ပြီး အဲဒီစာထဲမှာ သူပေးတဲ့ ဒေါ်လာသန်း ၁၀၀ ဟာ လက်ဆောင်ဖြစ်တယ်လို့ ရေးသားထားပါတယ်။ နာဂျစ်က အာရပ်နွေဦးတော်လှန်ရေး ဖြစ်ပြီးတဲ့နောက် ဒီငွေကို ရရှိတာဖြစ်ပြီး ဆော်ဒီဘုရင်ဟောင်းက မွတ်စလင်နိုင်ငံတွေမှာ တည်ငြိမ်အောင်ထိန်းဖို့ ဒီလို ငွေကြေးလက်ဆောင်ပေးတာဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။
    ကလေးမွေးမှုကန့်သတ်သည့် ဥပဒေများအားလုံး ဖျက်သိမ်းရန် တရုတ်ပြင်ဆင်
    ====================
    မိသားစုစီမံကိန်းဆိုင်ရာ ကိစ္စတွေကို အကောင်အထည်ဖော်နေတဲ့ ရုံး ၃ ရုံးကို ဖျက်သိမ်းတော့မယ်လို့ တရုတ်ကျန်းမာရေးကော်မရှင်က မနေ့မှာ ကြေငြာလိုက်ပြီး ဒါဟာ ကလေးယူမှု တင်းကြပ်တဲ့ ပေါ်လစီတွေကို ထပ်မံလျော့ပေါ့ပေးရေး ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ၁၉၇၉ ခုနှစ်ကတည်းက တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီကို ချမှတ်ခဲ့တာပါ။ ဒါပေမယ့် သက်ကြီးရွယ်အိုများလာမှု၊ လုပ်သားအင်အားကျဆင်းလာမှုတွေကြောင့် ၂၀၁၆ ခုနှစ်မှာ မြို့ပြကမိသားစုတွေ ကလေးနှစ်ယောက်ယူဖို့ ခွင့်ပြုခဲ့ပါတယ်။ အခုနှစ်နှောင်းပိုင်းမှာတော့ ကလေးယူမှုကန့်သတ်တဲ့ ဥပဒေတွေအားလုံးကို ဖျက်သိမ်းဖို့ ရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြလာကြပါတယ်။
    ဂျပန်နှင့် အငြင်းပွားသည့်ကျွန်းကိစ္စ ဖြေရှင်းရန်ကြာမည်ဟု ပူတင်ပြော
    ==================
    ဂျပန်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကူရီလ်ကျွန်းစုကိစ္စ သိပ်မကြာခင် ပြေလည်သွားမယ်လို့ ပြောကြားနေမှုဟာ နုံအရာကျတယ်လို့ ရုရှားသမ္မတ ပူတင်က မနေ့မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံပြီးတဲ့နောက် ပြောကြားလိုက်ပါတယ်။ အဲဒီကျွန်းကို ဒုတိယကမ္ဘာစစ်အပြီးမှာ ရုရှားက သိမ်းပိုက်ထားတာဖြစ်ပြီး ဂျပန်က သူတို့ပိုင်တဲ့ကျွန်းလို့ဆိုကာ ပြန်တောင်းနေတာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ နှစ်နိုင်ငံ ဆွေးနွေးမှုတွေ ပိုမိုပြုလုပ်လာခဲ့ပြီး ကျွန်းစုအတွင်း စီးပွားရေးနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကိုလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီကိစ္စဟာ သိပ်မကြာခင် ပြီးသွားမယ်လို့ အရင်က ပြောထားဖူးပါတယ်။
    Ref: CNA, Aljazeera
  • ဘေဂျင်းရှိ ခရစ်ယာန်အသင်းတော်တစ်ခုကို တရုတ်အစိုးရက ဖျက်သိမ်း
    ဘေဂျင်းရှိ ခရစ်ယာန်အသင်းတော်တစ်ခုကို တရုတ်အစိုးရက ဖျက်သိမ်း
    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media
    Zion အသင်းတော်ရဲ့ သင်းအုပ်ဆရာ ဂျင်မင်ဂရီ
    – မြို့တော်ဘေဂျင်းမှာရှိတဲ့ အကြီးဆုံး ခရစ်ယာန် ပရိုကတ်စတင့် အသင်းတော်တွေထဲက တစ်ခုကို တရုတ်ကွန်မြူနစ်အစိုးရက ပိတ်ပစ်လိုက်ပြီး သာသနာပြုပစ္စည်းတွေကိုလည်း သိမ်းဆည်းလိုက်ပါတယ်။
    Zion အသင်းတော်ဖြစ်ပြီး ရာနဲ့ချီတဲ့ အသင်းဝင်တွေဟာ ဘေဂျင်းမြို့မြောက်ပိုင်းက ခမ်းနားတဲ့ ခန်းမတစ်ခုမှာ အပတ်စဉ် ဘုရားဝတ်ပြုနေကြတာ ဖြစ်ပါတယ်။
    ဒါပေမယ့် အဲဒီအဆောက်အဦးမှာ စောင့်ကြည့်ကင်မရာတွေတပ်ဖို့ အစိုးရရဲ့တောင်းဆိုမှုကို အသင်းတော်က ငြင်းပယ်ခဲ့တဲ့ ဧပြီလကစလို့ အာဏာပိုင်တွေက ဒီအဖွဲ့ကို ဖိအားပေးခဲ့ပြီး ဖျက်သိမ်းဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
    မနေ့မှာတော့ ခရိုင်အာဏာပိုင်တွေက ဘုရားဝတ်ပြုဆုတောင်းမှုကို ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်တယ်ဆိုတဲ့ စွဲချက်နဲ့ အသင်းတော်ကို ပိတ်သိမ်းကြောင်း နို့တစ်စာ လာကပ်ကာ၊ ပစ္စည်းတွေကိုလည်း တရားမ၀င် သာသနာပြုပစ္စည်းတွေဆိုကာ သိမ်းဆည်းသွားပါတယ်။
    Zion အသင်းတော်ရဲ့ သင်းအုပ်ဆရာ ဂျင်မင်ဂရီက အာဏာပိုင်တွေနဲ့ စေ့စပ်ဖြေရှင်းဖို့ နည်းလမ်းမရှိမှာကို စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
    တရုတ်ရဲ့ အခြေခံဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပေမယ့် သမ္မတ ရှီကျင့်ဖျင် တက်လာပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံအတွင်းမှာရှိတဲ့ ဘာသာတရားတွေကို ဖိနှိပ်မှု ပိုမိုပြုလုပ်လာခဲ့ပါတယ်။
    ဖေဖော်ဝါရီလမှာ တရုတ်သာသနာရေးဝန်ကြီးဌာနက စည်းကမ်းအသစ်တွေ ထုတ်ပြန်ခဲ့ပြီး အဲဒီအချက်တွေကို လိုက်နာကြောင်း လက်မှတ်ရေးထိုးဖို့အတွက် နိုင်ငံတစ်ဝှမ်းက ဘာသာရေးအဖွဲ့အစည်းတွေကို ဖိအားပေးခဲ့ပါတယ်။
    ဇူလိုင်လမှာ ဘေဂျင်းက ပရိုကတ်စတင့် အသင်းတော် ၃၀ လောက်ဟာ အစိုးရအနေနဲ့ ဘာသာရေးမှာ ၀င်ရောက်စွက်ဖက်နေကြောင်း၊ စည်းကမ်းအသစ်တွေ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ဘာသာဝင်တွေကို စော်ကားမှုတွေ၊ ဖိနှိပ်မှုတွေ လုပ်နေကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
    တရုတ်နိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေဟာ အစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ ဘုရားကျောင်းတွေ၊ အစိုးရက အသိအမှတ်မပြုဘဲ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖန်တီးထားတဲ့ ဘုရားကျောင်းတွေကို တက်ရောက်လေ့ ရှိကြပါတယ်။
    အာဏာပိုင်တွေက အသိအမှတ်ပြုထားတဲ့ ဘုရားကျောင်းတွေကိုသာ သွားရောက်ဖို့ ခရစ်ယာန်ဘာသာဝင်တွေကို ဖိအားပေး၊ ခြိမ်းခြောက်တွေ လုပ်ဆောင်လေ့ ရှိပါတယ်။
    Ref: Reuters