News @ M-Media
Tag: China
  • စနေနေ့မနက် နိုင်ငံတကာသတင်းများ
    စနေနေ့မနက် နိုင်ငံတကာသတင်းများ
    သြဂုတ် ၂၅၊ ၂၀၁၈
    M-Media
    ပါလက်စတိုင်းပြည်သူများ
    ထိုင်ဝမ်မုန်တိုင်း လူ ၆ ဦးသေဆုံး
    ===============
    ထိုင်ဝမ်မှာ ကြာသာပတေးနေ့က စ၀င်တဲ့ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေကာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ လူ ၆ ထောင်လောက်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။ လက်ရှိမှာ မုန်တိုင်းက အားပျော့သွားပေမယ့် ရေကြီးမှုတွေက ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။
    ပါလက်စတိုင်းများအား အကူအညီပေးမှုကို အမေရိကန်ရပ်ဆိုင်း
    ==============
    ပါလက်စတိုင်းပြည်သူတွေအတွက် ပေးအပ်နေတဲ့ စီးပွားရေးအကူအညီ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို အမေရိကန် ရပ်ဆိုင်းလိုက်ပြီး ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO က ဒါကို ရှုတ်ချလိုက်ပါတယ်။ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကြောင့် ဒုက္ခသည်ဘ၀ရောက်နေတဲ့ ပါလက်စတိုင်း ပြည်သူတွေကို အကူအညီပေးနေတဲ့ UNRWA အဖွဲ့ကို ထောက်ပံ့မှုပမာဏ တော်တော်များများကိုလည်း အမေရိကန်က အခုနှစ်အစောပိုင်းမှာ လျှော့ချခဲ့ပါတယ်။ PLO အမှုဆောင်ကော်မတီအဖွဲ့ဝင် ဟာနန် အက်ရှ်ရာဝီက အမေရိကန်ဟာ အကူအညီပေးရေးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုနေတာဖြစ်ပြီး ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးဟာ ရောင်းစားဖို့မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ဟာ အစ္စရေးရဲ့ အနီးကပ်မဟာမိတ်လည်း ဖြစ်ပါတယ်။
    တရုတ်မြောက်ပိုင်းရှိ ဟိုတယ်တစ်ခုတွင် မီးလောင်ပြီး ၁၈ ဦး သေဆုံး
    ===============
    တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟာဘင်မြို့က ဟော်တယ်တစ်ခု ဒီနေ့မနက်ပိုင်းက မီးလောင်မှုကြောင့် အနည်းဆုံး ၁၈ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ မီးလောင်မှုအကြောင်းအရင်းကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ တရုတ်နိုင်ငံက အဆောက်အဦးတော်တော်များများမှာ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုတွေ အားနည်းပြီး မြို့တော်ဘေဂျင်းက တိုက်ခန်းတစ်ခုမှာ နိုဝင်ဘာလက မီးလောင်မှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။
    မြောက်ကိုရီးယားကိစ္စ တိုးတက်မှုမရှိဟု ထရမ့် ၀န်ခံ
    ==============
    နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားကိုသွားမယ့် အစီအစဉ်ကို ဖျက်သိမ်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားခဲ့ပြီး မြောက်ကိုရီးယား နျူဖျက်သိမ်းရေး သူ့ရဲ့ကြိုးပမ်းမှုဟာ တိုးတက်မှုမရှိဘူးလို့ ၀န်ခံပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့ ကင်ဂျုံအွန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ထရမ့်က မြောက်ကိုရီးယား နျူဖျက်သိမ်းရေးကိစ္စကို အကောင်မြင်ကြောင်း ပြောကြားခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာ သိသာတဲ့ တိုးတက်မှုမျိုး မတွေ့ရဘူးလို့ ထရမ့်က ဆိုပါတယ်။
    1MDB ကိစ္စတွင် အဓိကပါဝင်သူကို မလေးရှားက တရားစွဲ
    ================
    Ref: CNA, Aljazeera
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သြဂုတ် ၂၄၊ ၂၀၁၈
    M-Media
    ပျောက်ဆုံးရေဒီယိုသတ္ထုကြွပစ္စည်း ရှာဖွေရေး မလေးရှားက အထူးအဖွဲ့ဖွဲ့
    =============
    အခုလအစောပိုင်းက မြို့တော် ကွာလာလမ်ပူ ဆင်ခြေဖုံးမှာ ပျောက်ဆုံးသွားတဲ့ ရေဒီယိုသတ္တုကြွပစ္စည်းပါ ကိရိယာတစ်ခုကို ရှာဖွေရေး အထူးအဖွဲ့တစ်ခုကို မလေးရှားက မနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီကိရိယာကို စစ်သွေးကြွတွေ ရရှိကာ ဗုံးပြုလုပ်မှာကို စိုးရိမ်မှုတွေ ရှိနေပြီး ဆီလန်ဂေါပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ မဇ်လန် မန်ဆူရ်က လက်ရှိအချိန်အထိ ဒီကိရိယာ ဘယ်ရောက်နေလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အကြမ်းဖက်သမားတွေရဲ့လက်ထဲ ရောက်သွားတဲ့ လက္ခဏာမျိုး မရှိသေးဘူးလို့လည်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
    တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲ အဖြေမထွက်
    ================
    ကုန်သွယ်ရေးဆိုင်ရာ တင်းမာနေမှုကို လျှော့ဖို့အတွက် အမေရိကန်နဲ့ တရုတ်တာဝန်ရှိသူတွေရဲ့ ၂ ရက်တာအစည်းအဝေးဟာ မနေ့မှာ ပြီးဆုံးခဲ့ပေမယ့် ဒီပြဿနာဖြေရှင်းနိုင်မယ့် သဘောတူညီချက်မျိုးတော့ မရခဲ့ပါဘူး။ အမေရိကန်နဲ့ တရုတ်တို့ဟာ ကန်ဒေါ်လာ ဘီလီယံ ၅၀ ဖိုးရှိတဲ့ ကုန်စည်တွေအတွက် အပြန်အလှန် အခွန်တိုးမြှင့်မှုတွေ ပြုလုပ်ထားပါတယ်။ အခုဆွေးနွေးပွဲမှာ ကုန်သွယ်ရေးဆိုင်ရာ မျှတမှု၊ အမေရိကန်ရဲ့ ဉာဏထုတ်ကုန်တွေကိစ္စ၊ နည်းပညာလွှဲပြောင်းပေးရေး ပေါ်လစီတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
    ဂျပန်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်းတစ်ခု ၀င်ရောက်နေ
    ================
    ပြီးခဲ့တဲ့လက ရေကြီးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ မနေ့ကစတင်ကာ ဆီမာရွန်လို့ အမည်ရတဲ့ တိုင်ဖုန်းမုန်တိုင်းတစ်ခု ၀င်ရောက်နေတာကြောင့် လေယာဉ်ခရီးစဉ်တွေ၊ ရထားလိုင်းတွေ ရပ်ထားရပြီး ဓာတ်အားပြတ်တောက်မှုတစ်ချို့လည်း ရှိနေပါတယ်။ ဒီကနေ့မနက်အထိ အသေအပျောက်မရှိသေးဘဲ ထိခိုက်ဒဏ်ရာရမှုတစ်ချို့ ပျက်ဆီးမှုတစ်ချို့ ရှိနေပါတယ်။ အာဏာပိုင်တွေက ရေကြီးမှု၊ မြေပြိုမှု၊ လှိုင်းကြီးမှုတွေ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ မုန်တိုင်းဟာ ဒီကနေ့နှောင်းပိုင်းမှာ ကုန်းတွင်းပိုင်းကို ၀င်ရောက်ဖို့ ရှိနေပါတယ်။
    Ref: CNA
  • လိင်စော်ကားမှုကိစ္စဖြင့် ထိပ်တန်းဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးကို တရုတ်က စုံစမ်းစစ်ဆေးနေ
    လိင်စော်ကားမှုကိစ္စဖြင့် ထိပ်တန်းဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးကို တရုတ်က စုံစမ်းစစ်ဆေးနေ
    သြဂုတ် ၂၃၊ ၂၀၁၈
    M-Media
    ‘တရုတ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအသင်း’ အကြီးအကဲဟောင်း ရွှီချန်
    – လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုတဲ့ စွဲချက်တွေအတွက် ‘တရုတ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအသင်း’ အကြီးအကဲဟောင်း ဘုန်းကြီးကို စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ် သာသနာရေးဝန်ကြီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
    ရွှီချန်ဆိုသူဖြစ်ပြီး တရုတ်အစိုးရရဲ့ ထိပ်တန်းအကြံပေးအဖွဲ့ဝင်ဖြစ်တဲ့ သူဟာ ဘေဂျင်းက Longquan ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်လည်းဖြစ်ပါတယ်။
    သူ့ရဲ့ကျောင်းက ဘုန်းကြီးနှစ်ပါးက ရွှီချန်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ မလျော်ကန်တဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တယ်လို့ ကြေငြာချက်တစ်စောင်ထုတ်ပြန်ကာ ဖွင့်ချခဲ့ပြီးတဲ့နောက် အခုလအစောပိုင်းမှာ တရုတ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအသင်းရဲ့ အကြီးအကဲရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။
    အွန်လိုင်းမှာ ပြန့်နှံ့ခဲ့တဲ့ စာမျက်နှာ ၉၅ မျက်နှာပါ ကြေငြာချက်မှာ ရွှီချန်ဟာ အနည်းဆုံး အမျိုးသမီး ၆ ဦးကို သူနဲ့ လိင်ဆက်ဆံဖို့ မက်ဆေ့ခ်ျကနေတစ်ဆင့် ခြိမ်းခြောက်တာ၊ မြူဆွယ်တာတွေ လုပ်ခဲ့ကြောင်း၊ ဒီလို လိင်ဆက်ဆံတာဟာ ဗုဒ္ဓဘာသာရဲ့ ကျင့်ကြံ့မှု အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း ရေးသားထားပါတယ်။
    အမျိုးသမီး ၄ ဦးမှာ ရွှီချန်ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးခဲ့တယ်လို့လည်း ဘုန်းကြီးနှစ်ပါးက ထည့်သွင်းဖော်ပြခဲ့ပါတယ်။
    တရုတ်အစိုးရရဲ့ သာသနာရေးဆိုင်ရာ အာဏာပိုင်အဖွဲ့က ရွှီချန်ဟာ ‘လိင်ပိုင်းဆိုင်ရာ မက်ဆေ့တွေ’ ပေးပို့ခဲ့တာ မှန်ကန်ကြောင်း၊ လိင်စော်ကားမှု လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်အတွက် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်နေကြောင်း သူတို့ရဲ့ ၀ဘ်ဆိုက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
    ဒါပေမယ့် ရွှီချန်ရဲ့ Longquan ဘုန်းကြီးကျောင်းဟာ သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုမရှိဘူးလို့ ဆိုပါတယ်။
    ရွှီချန်ဟာ follower သန်းချီရှိတဲ့ သူ့ရဲ့ Weibo အကောင့်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ငြင်းဆိုတဲ့ ကြေငြာချက်တစ်စောင်ကို သြဂုတ်လ ၁ ရက်နေ့က လွှင့်တင်ခဲ့ပါတယ်။
    သူ့ကိုစွပ်စွဲတဲ့ ဘုန်းကြီးတစ်ပါးက ကျူးလွန်ခံရသူတွေကို အာဏာပိုင်တွေက လစ်လျူရှုခဲ့ပြီး စုံစမ်းစစ်ဆေးမှု မလုပ်ဘူးလို့ ငြင်းဆိုခဲ့တာကြောင့် ဒီလို လူသိရှင်ကြား ဖွင့်ချရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
    တရုတ်နိုင်ငံမှာ လိင်စော်ကားမှုကို ဥပဒေအရ အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိသလို၊ ကျောင်းတွေမှာ လုပ်ငန်းခွင်တွေမှာ ဒီလိုဖြစ်လာရင် အရေးယူဖို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း မရှိပါဘူး။
    ဆိုရှယ်မီဒီယာမှာ ဒီကိစ္စတွေကို ရေးသားရင်လည်း ဖြုတ်ချခံရပါတယ်။
    ရွှီချန်ရဲ့ လုပ်ရပ်တွေကို ဖွင့်ချခဲ့တဲ့ ဘုန်းကြီးနှစ်ပါးကတော့ Longquan ဘုန်းကြီးကျောင်းကနေ နှင်ထုတ်ခံခဲ့ရပါတယ်။
    နိုင်ငံတစ်ဝှမ်း အထူးသဖြင့် တက္ကသိုလ်တွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ခံနေရတာကြောင့် တရုတ်အမျိုးသမီးတွေဟာ #MeToo လှုပ်ရှားမှုကို ဆိုရှယ်မီဒီယာမှာ ပြုလုပ်လာခဲ့ကြပေမယ့် တရုတ်အာဏာပိုင်တွေက ပိတ်ပင်မှုတွေ ရှိနေပါတယ်။
    Ref: CNA
  • တောင်တရုတ်ပင်လယ်တစ်ခုလုံးကို တရုတ်က အာကာသ CCTV ဖြင့် စောင့်ကြည့်မည်
    တောင်တရုတ်ပင်လယ်တစ်ခုလုံးကို တရုတ်က အာကာသ CCTV ဖြင့် စောင့်ကြည့်မည်
    သြဂုတ် ၁၇၊ ၂၀၁၈
    M-Media
    ပိုင်နက်အငြင်းပွားမှုဖြစ်နေသည့် ၀ူဒီကျွန်း
    – ပိုင်နက်အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်က သင်္ဘောတိုင်းကို စောင့်ကြည့်ဖို့အတွက် ‘အာကာသ CCTV ကွန်ယက်’ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ တရုတ်က ကြေငြာလိုက်ပါတယ်။
    တရုတ်ဟာ တောင်တရုတ်ပင်လယ်ကို ပိုမို စိုမိုးနိုင်ဖို့အတွက် စပရက်တလေကျွန်းစု၊ ပါရာဆဲလ်ကျွန်းစုတွေအပါအ၀င် အငြင်းပွားကျွန်းစုတွေကို ထည့်သွင်းပြီး ‘ဆန်ရှာ’ ဆိုတဲ့ မြို့တစ်ခုကို ၂၀၁၂ ခုနှစ်မှာ ဖန်တီးကာ ဟိုင်နန်ပြည်နယ်ထဲ ထည့်သွင်းခဲ့ပါတယ်။
    အခုအချိန်မှာတော့ မကြာမီနှစ်အတွင်း လွှတ်တင်ဖို့ ရှိနေတဲ့ တရုတ်ရဲ့ ရေကြောင်းနဲ့ စောင့်ကြည့်ရေး ဂြိုဟ်တု ၁၀ လုံးက ဆန်ရှာအုပ်ချုပ်ရေးအဖွဲ့ တောင်တရုတ်ပင်လယ်ကို စောင့်ကြည့်နိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံပိုင်သတင်းဌာန People’s Daily က ဟိုင်နန်ပြည်နယ်ဟာ တောင်တရုတ်ပင်လယ်ကို စောင့်ကြည့်ဖို့အတွက် ဂြိုဟ်တုတွေကို လွှတ်တင်သွားမှာဖြစ်ပြီး၊ မြေပြင်က ထိန်းချုပ်ရေးစခန်းကို ‘၀ူဒီ’ ကျွန်းမှာ ထားရှိသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ ၀ူဒီကျွန်းဟာ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား ပိုင်နက်အငြင်းပွားမှု အဓိကဖြစ်နေတဲ့ ကျွန်းစုလည်း ဖြစ်ပါတယ်။
    လက်ရှိမှာ အဲဒီဂြိုဟ်တု နမူနာကို တည်ဆောက်နေပြီး ၂၀၁၉ နဲ့ ၂၀၂၁ ကြားမှာ လွှတ်တင်ဖို့ ရည်ရွယ်ထားကြောင်း၊ တောင်တရုတ်ပင်လယ်တစ်ခုလုံးကို စောင့်ကြည့်နိုင်မှာဖြစ်ပြီး ပုံရိပ်တွေကို ရက်ပိုင်းအတွင်း ဒေတာဘေ့စ်မှာ သိမ်းဆည်းနိုင်မှာဖြစ်ကြောင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
    ဂြိုဟ်တုမှာ ပုံရိပ်တွေကို အရည်အသွေးမြင့်မားစွာ ရိုက်ကူးနိုင်မယ့် ကင်မရာကို တပ်ဆင်သွားမှာဖြစ်ပြီး အလိုအလျောက် ဖော်ထုတ်နိုင်တဲ့စနစ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။
    ဂြိုဟ်တုတွေကို တီထွင်ဖန်တီးနေတဲ့ Institute of Remote Sensing အဖွဲ့ရဲ့ သုတေသန ပညာရှင်တစ်ဦးက ဂြိုဟ်တုတွေဟာ အီကွေတာ တောင်ဘက်နဲ့ မြောက်ဘက် ၂၀ ဒီဂရီကနေ ၃၀ ဒီဂရီအကြားမှာ ရှိမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာနဲ့ မလာကာရေလက်ကြားတို့ကိုပါ စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
    ဟိုင်နန်ပြည်နယ်နဲ့ ဆန်ရှာမြို့တွေရဲ့ တာဝန်ရှိသူတွေက ဒီစနစ်ကို အသုံးပြုလာနိုင်ပြီဆိုရင် ရရှိတဲ့ ပုံရိပ်တွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ မျှဝေ အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Asia Times
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သြဂုတ် ၁၇၊ ၂၀၁၈
    M-Media
    ပိတ်ဆို့မှုများအတွက် အမေရိကန်ကို ကင်ဂျုံအွန် ဝေဖန်
    ==============
    အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ တောပုန်းဓားပြတွေလို ဆောင်ရွက်ချက်မျိုး ဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဒီကနေ့မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယား လုံးဝနျူဖျက်သိမ်းရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ပိတ်ဆို့မှုတွေ ဆက်လုပ်ကြဖို့ အမေရိကန်က တိုက်တွန်းထားပြီး၊ ပိတ်ဆို့မှုတွေကို မလိုက်နာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်၊ ရုရှား ကုမ္ပဏီတွေအပေါ်မှာလည်း အမေရိကန်က ပြီးခဲ့တဲ့တစ်ပတ်မှာ အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ ကင်ဂျုံအွန်ကတော့ အမေရိကန်နဲ့ အပေါင်းအပါတွေဟာ ရန်လိုတဲ့အုပ်စုဖြစ်ပြီး မြောက်ကိုရီးယားပြည်သူတွေ မွန်းကျပ်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
    အမေရိကန်နှင့် မဟာမိတ်များကို ပစ်မှတ်ထားကာ တရုတ်က စစ်ရေးလေ့ကျင့်
    ==================
    တရုတ်နိုင်ငံဟာ သူတို့ရဲ့ ဗုံးကြဲလေယာဉ်တွေကို ပစိဖိတ်က အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တဲ့ပုံစံ လေ့ကျင့်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်) က မနေ့မှာ အောက်လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်ရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ သံတမန်ရေးအင်အား ကြီးထွားလာမှု၊ နိုင်ငံတကာမှာ နေရာယူလာမှုနဲ့ ဒေသတွင်း လွှမ်းမိုးလာမှုတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ တရုတ်ရဲ့ ဗုံးကြဲလေယာဉ်တွေဟာ ဂျပန်နိုင်ငံက အမေရိကန်တပ်ဖွဲ့တွေရှိတဲ့ ကျွန်းတစ်ချို့အနားမှာ ပျံသန်းမှုတွေ ပြုလုပ်ခဲ့ပြီး ပင်တဂွန်ကတော့ ဂူအမ်အပါအ၀င် ပစိဖိတ်သမုဒ္ဒရာ အနောက်ခြမ်းက မဟာမိတ်တပ်ဖွဲ့တွေ၊ စစ်စခန်းတွေကို တိုက်ခိုက်နိုင်စွမ်းရှိတယ် ဆိုတာကို တရုတ်က ပြသတာဖြစ်တယ် လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    အိန္ဒိယရေကြီးမှု ၁၀၀ ကျော်သေဆုံး
    ===========
    အိန္ဒိယနိုင်ငံက ခရီးသွားတွေ စိတ်ဝင်စားတဲ့ ကီရာလာပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၀၆ ဦးအထိ ရှိလာပြီး၊ အိုးအိမ်ဆုံးရှုံးသူ အရေအတွက်က ၁ သိန်းခွဲလောက် ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီရေကြီးမှုတွေဟာ ဆယ်စုနှစ်တွေအတွင်းမှာ အဆိုးရွားဆုံးဖြစ်ပြီး ပြည်နယ်တစ်ဝှမ်း ကယ်ဆယ်ရေးစခန်း ၁၃၃၁ ခု ဖွင့်လှစ်ထားရပါတယ်။ အပျက်အဆီးတွေထဲမှာ ပိတ်မိနေသူတွေလည်း ရှိနိုင်တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။
    Ref: CNA