News @ M-Media

Tag: China

  • တရုတ်ဘီလီယံနာ ဂျက်မာ စီးပွားရေးမှ အနားယူပြီး ပရဟိတလုပ်ငန်းများ လုပ်မည်

    တရုတ်ဘီလီယံနာ ဂျက်မာ စီးပွားရေးမှ အနားယူပြီး ပရဟိတလုပ်ငန်းများ လုပ်မည်

    စက်တင်ဘာ ၈၊ ၂၀၁၈
    M-Media

    အလီဘာဘာပိုင်ရှင် ဂျက်မာ

    – တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပြီး နာမည်ကျော် အွန်လိုင်း စီးပွားရေးလုပ်ငန်း Alibaba ကို ပူးတွဲတည်ထောင်သူလည်းဖြစ်တဲ့ ဂျက်မာဟာ တနင်္လာနေ့က လုပ်ငန်းအားလုံးကနေ အနားယူလိုက်ပါတယ်။

    Alibaba ရဲ့ ရှယ်ယာတန်ဖိုးဟာ သောကြာနေ့ ဈေးကွက်ပိတ်ချိန်မှာ ကန်ဒေါ်လာ ၄၂၀.၈ ဘီလီယံ ရှိနေပါတယ်။

    New York Times သတင်းစာနဲ့ အင်တာဗျူးမှာ ဂျက်မာက သူ့ရဲ့ ၅၄ နှစ်မြောက် မွေးနေ့ဖြစ်တဲ့ တနင်္လာနေ့မှာ ကုမ္ပဏီကနေ အနားယူလိုက်တာဖြစ်ပြီး ဒါဟာ ‘ခေတ်တစ်ခုရဲ့ အစသာ’ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

    ကျန်ရှိနေတဲ့ သူ့ရဲ့ ဘ၀သက်တမ်းနဲ့ ငွေကြေးတွေကို ပညာရေးပရဟိတလုပ်ငန်းတွေမှာ ကုန်ဆုံးသွားမှာဖြစ်ကြောင်း၊ မိုက်ခရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ်ဂိတ်ကို အားကျတဲ့အတွက် ဒီလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ထည့်သွင်ပြောဆိုခဲ့ပါတယ်။

    “ဘီဂ်ဂိတ်ဆီကနေ ကျွန်တော် အများကြီး သင်ယူခဲ့တယ်။ သူ့လောက် မချမ်းသာနိုင်ပေမယ့် သူ့ထက်လုပ်နိုင်တာတစ်ခုက စောစောစီးစီး အနားယူတာ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ ကျွန်တော် သင်ကြားရေးဘက်ကို ပြန်သွားဖို့ ရှိပါတယ်”

    Alibaba ကို မတည်ထောင်ခင် အင်္ဂလိပ်စာ ဆရာအဖြစ် လုပ်ဆောင်ခဲ့ဖူးတဲ့ ဂျက်မာဟာ သူ့အမည်နဲ့ ထူထောင်ထားတဲ့ ပရဟိတ ဖောင်ဒေးရှင်းမှာ ၁၀ နှစ်လောက် နှစ်မြှုပ်ဖို့လည်း ရည်ရွယ်ထားပါတယ်။

    ဂျက်မာကို တရုတ်နိုင်ငံအရှေ့ပိုင်း ဂျီကျန်းပြည်နယ် ဟန်ကျိုးမြို့က ဆင်းရဲတဲ့ မိသားစုမှာ မွေးဖွားခဲ့ပါတယ်။

    ဘ၀မှာ အကြိမ်ကြိမ်ကျရှုံးခဲ့ပြီးတဲ့နောက် အင်တာနက်က သူ့ရဲ့ဘ၀ကို တစ်ဆစ်ချိုးပြောင်းလဲခဲ့ပြီး တရုတ်နိုင်ငံမှာသာမက ကမ္ဘာပေါ်မှာပါ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

    Ref: CNA

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၇၊ ၂၀၁၈
    M-Media
    အမေရိကန်နှင့် အိန္ဒိယတို့မှ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ
    ဂျပန်တွင် ငလျင်ကြောင့် သေဆုံးသူ ၁၆ ဦး ရှိလာ
    ===============
    ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းမှာ မနေ့မနက်အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၆ ဦးအထိ ရှိလာခဲ့ပြီး လူ ၂ သန်းကျော်လောက်ဟာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ငလျင်ကြောင့် နေအိမ်တွေ၊ အဆောက်အဦးတွေ ပြိုကျပျက်ဆီးတာ၊ မြေပြိုတာတွေရှိခဲ့ပြီး ၂၆ ဦး ပျောက်ဆုံးနေပါတယ်။ ဂျပန်ဟာ ပြီးခဲ့တဲ့လတွေအတွင်း တိုင်းဖုန်းမုန်တိုင်း၊ ရေကြီးမှုနဲ့ အပူလှိုင်းဖြတ်မှုဒဏ်တွေကို ခံစားခဲ့ရပြီး လူအသေအပျောက်များခဲ့သလို၊ အခုတစ်ပတ်အစောပိုင်းမှာလည်း တိုင်ဖုန်းမုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။
    အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးတွင် ပစ်ခတ်မှုဖြစ်
    ==============
    အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့လယ်ကောင်က ဘဏ်မှာ မနေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သေနတ်သမား အပါအ၀င် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားဟာအသက် ၂၉ နှစ်အရွယ် အိုမာရ် အန်းရစ် ဆန်တာ ပီရက်ဇ်ဆိုသူဖြစ်ပြီး ပစ်ခတ်မှုနောက်ကွယ်က အကြောင်းအရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ အမေရိကန်နိုင်ငံမှာ အခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုပေါင်း ၅၀၀ ကျော်လောက် ဖြစ်ပွားခဲ့ပြီး အဆိုးရွားဆုံးကတော့ ဖေဖော်ဝါရီလက ဖလော်ရီဒါပြည်နယ် ပါ့က်လန်းမြို့က Stoneman Douglas အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပါတယ်။ အဲဒီ ပစ်ခတ်မှုအတွင်း ကလေးငယ်အများစုအပါအ၀င် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။
    အမေရိကန်-အိန္ဒိယ စစ်ရေးစာချုပ်တစ်ခု ချုပ်ဆို
    =============
    စက်ဖက်ဆိုင်ရာ အဆင့်မြင့် ဆက်သွယ်ရေးကိရိယာတွေကို ၀ယ်ယူဖို့အတွက် အိန္ဒိယနိုင်ငံမဟာ မနေ့မှာ အမေရိကန်နဲ့ သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။ အိန္ဒိယကို ရောက်ရှိနေပြီး လက်မှတ်ထိုးရာမှာ ပါဝင်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဒီသဘောတူညီချက်ဟာ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ ဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီသဘောတူညီချက်ကြောင့် အိန္ဒိယနိုင်ငံရဲ့ ရေတပ်ဟာ အထူး အကျိုးခံစားရဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
    ရုရှားစီးပွားရေးဖိုရမ်သို့ တရုတ်သမ္မတ တက်ရောက်မည်
    ==============
    စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ဖို့ ရှိနေတဲ့ ‘အရှေ့တိုင်း စီးပွားရေးဖိုရမ်’ ကို သမ္မတ ရှီကျင့်ဖျင် တက်ရောက်မယ်လို့ တရုတ်က ပြောကြားလိုက်ပါတယ်။ ဒါဟာ ရုရှားက နှစ်စဉ်ကျင်းပတဲ့ ဒီ စီးပွားရေးဖိုရမ်ကို တရုတ်ခေါင်းဆောင်တစ်ယောက် ပထမဆုံးအကြိမ် တက်ရောက်မှုလည်း ဖြစ်ပါတယ်။ အဲဒီ ဖိုရမ်ကို ဂျပန်နဲ့ တောင်ကိုရီးယားတို့က ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိနေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ရုရှားသမ္မတ ပူတင်က ဖိုရမ်တက်ရောက်ဖို့ ဖိတ်ကြားထားပေမယ့် အကြောင်းပြန်ချက် မရသေးပါဘူး။
    Ref: Aljazeera, CNA
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၄၊ ၂၀၁၈
    M-Media

    တရုတ်-အာဖရိက အစည်းအဝေးတွင်တွေ့ရသည့် ရှီကျင့်ဖျင်

    အစ္စရေးကျူးကျော်အိမ်ယာတွင် ပါလက်စတိုင်းတစ်ဦး ပစ်သတ်ခံရ
    ==============
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဟီဘရွန်မြို့က အစ္စရေးရဲ့ ကျူးကျော်အိမ်ယာမှာ ဓားနဲ့တိုက်ခိုက်ဖို့ ကြိုးစားတယ်ဆိုတဲ့စွဲချက်နဲ့ အစ္စရေးစစ်တပ်က အသက် ၂၈ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားတစ်ဦးကို မနေ့မှာ ပစ်သတ်လိုက်ပါတယ်။ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ၊ ကမ္ဘာကလည်း ကန့်ကွက်ထားပေမယ့် အစ္စရေးဟာ ပါလက်စတိုင်းပိုက်နက်တွေမှာ ကျူးကျော်အိမ်ယာဆောက်လုပ်မှုကို ရပ်တန့်ခြင်း မရှိပါဘူး။ အဲဒီအိမ်ယာတွေကြောင့် ပါလက်စတိုင်းပြည်သူတွေနဲ့ အစ္စရေးအကြားမှာ မကြာခဏ တင်းမာမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ မနေ့ကအဖြစ်အပျက်တွင်း သေဆုံးသူရဲ့အလောင်းကို သယ်ဖို့အတွက် ပါလက်စတိုင်း လူနာတင်ယာဉ်ကို အစ္စရေးက ၀င်ခွင့်မပေးခဲ့ပါဘူး။

    နိုက်ဂျီးရီးယားတွင် လူ ၁၁ သန်း အရေးပေါ်အကူအညီ လိုအပ်နေ
    ===============
    နိုက်ဂျီးရီးနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိနေတဲ့ Lake Chad ဒေသမှာ ဘိုကိုဟရမ် အကြမ်းဖက်သမားတွေရဲ့ရန်ကြောင့် ဒုက္ခရောက်နေတဲ့ လူပေါင်း ၁၁ သန်းလောက်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလက ပြောကြားလိုက်ပါတယ်။ အဲဒီဒေသက နေရပ်စွန့်ခွာသူတွေ ပြန်လည်ရောက်ရှိလာပေမယ့် တိုက်ခိုက်မှု ထပ်ဖြစ်မှာကို ကြောက်နေရတာပါ။ အစားအစာ ပြတ်လတ်မှုကြောင့် ပြီးခဲ့တဲ့ ၃ နှစ်အတွင်း လူ ရာချီ သေဆုံးခဲ့ပြီး ကျန်တဲ့သူတွေကလည်း လိုအပ်နေတဲ့ အကူအညီတွေ မရဘူးဆိုရင် အသက်ဆုံးရှုံးနိုင်ချေ ရှိတယ်လို့ ကုလက ဆိုပါတယ်။

    အာဖရိကကို ကန်ဒေါ်လာ ဘီလီယံ ၆၀ ထောက်ပံ့ရန် တရုတ်က ကတိပြု
    =================
    ဘေဂျင်းမှာ မနေ့က စတင်ကျင်းပတဲ့ အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးအတွင်း အာဖရိကကို ရင်းနှီးမြှုပ်နှံမှု၊ အတိုးမဲ့ချေးငွေတွေကနေတစ်ဆင့် ကန်ဒေါ်လာ ဘီလီယံ ၆၀ ဘဏ္ဍာရေးအကူအညီပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ်းလှမ်းခဲ့ပြီး၊ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အကြွေးတွေကို လျော်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ လာမယ့် ၃ နှစ်အတွင်း တရုတ်ကုမ္ပဏီတွေ အာဖရိကမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းသွားမှာဖြစ်သလို၊ အာဖရိကတိုက်အတွင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး စီမံကိန်း အခု ၅၀ လောက် လုပ်ဆောင်သွားမယ်လို့လည်း ရှီက ဆိုပါတယ်။ တရုတ်ဟာ အာဖရိကသမဂ္ဂအဖွဲ့ကို လက်နက်အကူအညီတွေ အခမဲ့ ပေးသွားဖို့လည်း ရှိနေပါတယ်။

    အမြန်ရထားလိုင်းစီမံကိန်း ရပ်တန့်ရန် မလေးနှင့် စင်ကာပူ သဘောတူ
    =============
    ကွာလာလမ်ပူ-စင်ကာပူ အမြန်ရထားလိုင်း ဆောက်လုပ်မှုကို ၂ နှစ် ဆိုင်းငံ့သွားဖို့အတွက် မလေးရှားနဲ့ စင်ကာပူတို့က သဘောတူလိုက်ပါတယ်။ မလေးရှား စီးပွားရေးဝန်ကြီးက နိုင်ငံစီးပွားရေး ပြန်လည် ကောင်းမွန်လာတဲ့အထိ ဒီစီမံကိန်းကို သုံးသပ်သွားမှာဖြစ်ပြီး၊ လက်ရှိမှာ လျော်ကြေးပေးစရာ မလိုသေးကြောင်း ဆိုင်းငံ့ကာလနောက်ပိုင်း စီမံကိန်းကို လုံးဝရပ်ဆဲမှ ပေးရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသေးစိတ်ကို မကြာခင် ထုတ်ပြန်ဖို့ ရှိနေပါတယ်။

    Ref: Aljazeera, CNA

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၃၊ ၂၀၁၈
    M-Media

    ရိုက်တာသတင်းထောက်နှစ်ယောက်ဖြစ်သည့် ၀လုံးနှင့် ကျော်စိုးဦး

    ရိုက်တာသတင်းထောက်ကိစ္စ အမေရိကန်နှင့် ဗြိတိန်တို့ ရှုတ်ချ
    ===============
    ရိုက်တာသတင်းထောက်နှစ်ဦးကို ဒီကနေ့ ထောင် ၇ နှစ်စီ ချမှတ်လိုက်တာဟာ တိုင်းပြည်အတွင်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရဖို့ ရုန်းကန်နေရသူတွေအတွက် စိုးရိမ်စရာကောင်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက စကော့မာရှယ်က ပြောကြားလိုက်ပါတယ်။

    ဗြိတိန်သံအမတ်ကြီး ဒန်ချက်ဂ်ကလည်း ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကိုယ်စား ဒီ အမိန့်ချမှတ်မှုကို စိတ်ပျက်ကြောင်း၊ ဒီမိုကရေစီမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးတို့ဟာ အခြေခံကျပြီး အခုကိစ္စက ဒီနှစ်ခုစလုံး ယိုယွင်းနေတယ်ဆိုတာကို ပြသနေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    မလေးရှားဘဏ္ဍာရေးဝန်ကြီး ခြစားမှုစွဲချက်အတွက် တရားသေလွတ်
    =============
    ပီနန်မှာ ဘန်ဂလိုဝယ်ယူမှုကိစ္စအတွက် ခြစားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အန်နဲ့ အခြားတစ်ဦးကို ပီနန်တရားရုံးချုပ်က ဒီကနေ့မှာ တရားသေ လွှတ်ပေးလိုက်ပါတယ်။ ပီနန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က မြေယာသဘောတူညီချက် ကိစ္စတစ်ခုမှာ အာဏာအလွဲသုံးစားလုပ်ခဲ့တယ်၊ ဘန်ဂလိုတစ်ခုကို ဈေးကွက်ပေါက်ဈေးထက် လျော့ပြီး ၀ယ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ လင်ဂွမ်အန်ဟာ ၂၀၁၆ ခုနှစ်မှာ မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ ကော်မရှင်ကတော့ သူတို့နှစ်ယောက်ကို တရားသေလွှတ်ပေးမှုအတွက် အလွန် အံ့အားသင့်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    အာဖရိကကိုပေးသည့်အထောက်အပံ့ ပြစားရန်မဟုတ်ဟု တရုတ်ပြော
    ==============
    အာဖရိကိုပေးတဲ့ ဘဏ္ဍာရေးအထောက်အပံ့တွေဟာ ပြစားတဲ့နေရာတွေမှာ အသုံးပြုဖို့မဟုတ်ဘဲ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမယ့် အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ဖို့ ဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က စီးပွားရေးဖိုရမ်တစ်ခုမှာ ပြောကြားလိုက်ပါတယ်။ တရုတ်ဟာ အာဖရိကကို ကန်ဒေါ်လာ ၁၂၆ ဘီလီယံ ထောက်ပံ့ဖို့ ကတိပြုထားတာပါ။ ၃ နှစ်တစ်ကြိမ် ကျင်းပမယ့် တရုတ်-အာဖရိက ထိပ်သီးအစည်းအဝေးကိုလည်း ဒီတစ်ပတ်အတွင်း ကျင်းပဖို့ ရှိနေပါတယ်။

    တိုက်ခိုက်မှုများကြောင့် လစ်ဗျားတွင် အရေးပေါ်အခြေအနေ ကြေငြာ
    ===========
    မြိုတော်ထရီပိုလီ ဆင်ခြေဖုံးမှာ လက်နက်ကိုင်အဖွဲ့တွေအကြား ပြီးခဲ့တဲ့တစ်ပတ်ကတည်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကုလ ကျောထောက်နောက်ခံပြု လစ်ဗျားအစိုးရဟာ မနေ့က အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၃၉ ဦး သေဆုံးခဲ့ပြီး ၁၀၀ နီးပါးလောက် ဒဏ်ရာရခဲ့ပါတယ်။ အာဏာရှင် မွမ်မာ ကဒါဖီကို ဖြုတ်ချနိုင်ခဲ့တဲ့ ၂၀၁၁ ခုနှစ် တော်လှန်ရေးနောင်ပိုင်းကတည်းက လစ်ဗျားမှာ မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

    Ref: CNA,Aljazeera

  • ကလေးများ ဂိမ်းဆော့မှုကို တရုတ်က တင်းကြပ်တော့မည်

    ကလေးများ ဂိမ်းဆော့မှုကို တရုတ်က တင်းကြပ်တော့မည်

    သြဂုတ် ၃၁၊ ၂၀၁၈
    M-Media

    တရုတ်ကျောင်းသားတစ်ဦး ဂိမ်းကစားနေစဉ်

    – ဂိမ်းကစားမှုကြောင့် ကလေးငယ်တွေမှာ အမြင်အာရုံ ချို့ယွင်းတဲ့ ပြဿနာတွေ မြင့်တက်လာတဲ့အတွက် တရုတ်နိုင်ငံက အွန်လိုင်းဂိမ်းတွေနဲ့ ဂိမ်းကစားမယ့်အချိန်ကို ကန့်သတ်တော့မယ်လို့ သိရပါတယ်။

    တရုတ် ပညာရေးဝန်ကြီးဌာနက ၀ဘ်ဆိုက်မှာ မနေ့က လွှင့်တင်ထားတဲ့ ကြေငြာချက်မှာ ဒီလို တားဆီးမယ့် အစီအစဉ်ဟာ ကလေးငယ်တွေအကြား မျက်စိရောဂါတွေကို ဖြေရှင်းရေး နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    နိုင်ငံတွင်းက အမြင်အာရုံကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုမို အာရုံစိုက်လုပ်ဆောင်ဖို့ သမ္မတ ရှီကျင့်ဖျင်က အခုတစ်ပတ်အစောပိုင်းမှာ တိုက်တွန်းခဲ့ပြီးတဲ့နောက် အခုအစီအစဉ် ပေါ်ထွက်လာတာပါ။

    တရုတ်နိုင်ငံဟာ အွန်လိုင်းဂိမ်းယဉ်ကျေးမှု ကြီးကြီးမားမား ရှိနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

    အခြားဝန်ကြီးဌာန ၇ ခုက ထောက်ခံထားတဲ့ အဲဒီကြေငြာချက်မှာ အွန်လိုင်းကနေ ကစားလို့ရတဲ့ ဂိမ်းတော်တော်များများအပေါ် စည်းကမ်းတွေ တင်းကြပ်သွားမှာဖြစ်ပြီး၊ အသစ်ထွက်တာကို ကန့်သတ်တာ၊ ဂိမ်းတွေအတွက် အနိမ့်ဆုံးအသက် သတ်မှတ်တာ၊ အရွယ်မရောက်သေးသူတွေရဲ့ ဂိမ်းကစားချိန်ကို လျှော့ချခိုင်းတာတွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

    ဒါပေမယ့် အချိန်ဘယ်လောက်အတွင်း လုပ်ဆောင်မလဲဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒီကြေငြာချက် ထွက်လာပြီးနောက် တရုတ်နိုင်ငံက ဂိမ်းကုမ္ပဏီတွေရဲ့ ရှယ်ယာတွေဟာ ထိုးကျသွားခဲ့ပါတယ်။

    လေ့လာမှုတွေအရ တရုတ်နိုင်ငံ ကလေးငယ်တွေမှာ မျက်စိမှုန်တာတွေ အဖြစ်များလာပြီး ဖုန်းတွေ အလွန်အကျွံ ကြည့်မှုနဲ့ တင်းကြပ်တဲ့ ကျောင်းအချိန်ဇယားတွေကြောင့်ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

    ၂၀၁၅ ခုနှစ်က ထုတ်ပြန်တဲ့ နိုင်ငံလုံးဆိုင်ရာအစီရင်ခံစာမှာ ထတရုတ်နိုင်ငံမှာ လူ သန်း ၅၀၀ လောက်ဟာ မျက်စိရောဂါ ခံစားနေရပြီး၊ သန်း ၄၅၀ လောက်ဟာ မျက်စိမှုန်နေကြတယ်လို့ ဖော်ပြထားပါတယ်။

    အမြင်အာရုံဆိုင်ရာ ရောဂါကြောင့် ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက် ကုန်ကျခဲ့တယ်လို့လည်း ဆိုပါတယ်။

    Ref : CNA