News @ M-Media

Tag: China

  • ၀ီဂါများအား ဖိနှိပ်မှုတွင် ပါ၀င်သည့် နာမည်ကျော် တရုတ်ဒရုန်းကုမ္ပဏီကို အမေရိကန်က အမည်ပျက်စာရင်းသွင်း

    ၀ီဂါများအား ဖိနှိပ်မှုတွင် ပါ၀င်သည့် နာမည်ကျော် တရုတ်ဒရုန်းကုမ္ပဏီကို အမေရိကန်က အမည်ပျက်စာရင်းသွင်း

    အောက်တိုဘာ ၇၊ ၂၀၂၂
    M-Media

    -တရုတ်စစ်တပ်က တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုမှာ ပူးပေါင်းပါ၀င်မှုအတွက် နာမည်ကျော် တရုတ်ဒရုန်းကုမ္ပဏီ DJI Technology ကို အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနက အမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။

    DJI ဟာ ကမ္ဘာတစ်၀ှမ်း လုံးငန်းသုံး ဒရုန်းစျေးကွက်ရဲ့ ထက်၀က်ကျော်ကျော်လောက်ကို လွှမ်းမိုးထားနိုင်တဲ့ ကုမ္ပဏီပါ။

    ဗုဒ္ဓဟူးနေ့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ DJI အပါအ၀င် နည်းပညာနဲ့ စက်မှုလုပ်ငန်း စုစုပေါင်း ၁၃ ခုကို အမည်ပျက်စာရင်းထဲ ထည့်သွင်းကြောင်း ဖော်ပြထားပါတယ်။

    ၀ီဂါနဲ့ အခြား လူမျိုးစုငယ်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ တရုတ်စစ်တပ်နဲ့ အဆက်အသွယ်ရှိတဲ့အတွက်လို့ ဆိုပါတယ်။

    ကန်ကာကွယ်ရေး၀န်ကြီးဌာနရဲ့ အမည်ပျက်စာရင်းမှာ ပါ၀င်တဲ့ တရုတ်လုပ်ငန်းပေါင်း ၆၀ ကျော် ရှိနေပြီး နာမည်ကြီး ဟွာ၀ေးကုမ္ပဏီလည်း ပါ၀င်ပါတယ်။

    DJI နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်တွေကို ပြီးခဲ့တဲ့နှစ်မှာ အမေရိကန် ဘဏ္ဍာရေး၀န်ကြီးဌာနက ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ကာကွယ်ရေး၀န်ကြီးဌာနက အခုလို အမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့တာကြောင့် အမေရိကန်သမ္မတဟာ ဒီလုပ်ငန်းတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    Ref: Reuters

  • တရုတ်က ထိုင်၀မ်ကို လတ်တလော ကျူးကျော်သိမ်းပိုက်ရန် မရှိသေး

    တရုတ်က ထိုင်၀မ်ကို လတ်တလော ကျူးကျော်သိမ်းပိုက်ရန် မရှိသေး

    အောက်တိုဘာ ၃၊ ၂၀၂၂
    M-Media

    -တရုတ်ဟာ လတ်တလော ထိုင်၀မ်ကို ကျူးကျော်သိမ်းပိုက်ဖို့ အစီအစဥ် မရှိသေးဘူးလို့ ရှုမြင်ကြောင်း အမေရိကန် ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်က ပြောပါတယ်။

    သြဂုတ်လအစောပိုင်း အမေရိကန် လွှတ်တော်ဥက္ကဌ ထိုင်၀မ်ကို သွားရောက်လည်ပတ်မှုကြောင့် တရုတ်ဖက်က အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး ထိုင်၀မ်ကျွန်းတစ်၀ိုက်မှာ စစ်ရေးလေ့ကျင့်မှု အများအပြား ပြုလုပ်ခဲ့ပါတယ်။

    အော်စတင်က တရုတ်ဟာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ထိုင်၀မ်ကျွန်းတစ်၀ိုက် အနေအထားသစ်တစ်ခုကို ဖန်တီးဖို့ ကြိုးစားနေတယ်လို့ သုံးသပ်ပါတယ်။

    “ကျူးကျော်သိမ်းပိုက်မယ့် အခြေအနေမျိုး လောလောဆယ် မမြင်မိပါဘူး။ တရုတ်က အနေအထားသစ်တစ်ခု ဖန်တီးနေတာမျိုးကို ကျွန်တော်တို့ တွေ့တယ်။ ထိုမ်၀မ်ရေလက်ကြားမှာ ပိုက်နက်ဖြတ်ကျော် လေယာပျံသန်းမှု ပိုလုပ်လာတာရှိတယ်။ ထို၀မ်တစ်၀ိုက်မှာ တရုတ်ရေတပ်က လှုပ်ရှားလာတာတွေကိုလည်း ကျွန်တော်တို့ တွေ့ပါတယ်”

    အင်ဒို-ပစိဖိတ်ရေလမ်းကြောင်း လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှု ရှိရေးအတွက် မဟာမိတ်တွေနဲ့ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန် ကာကွယ်ရေး၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ထိုင်၀မ်က သူတို့ဟာ လွတ်လပ်တဲ့ ဒီမိုကရက်တစ် နိုင်ငံတစ်ခုဖြစ်တယ်လို့ ပြောကြားထားပြီး တရုတ်က ထိုင်၀မ်ဟာ သူတို့ပိုင်နက်ဖြစ်ကာ စစ်အင်အားသုံး သိမ်းပိုက်ဖို့ ၀န်လေးနေမှာမဟုတ်ဘူးလို့ ခြိမ်းခြောက် ပြောဆိုထားပါတယ်။

    Ref: CNA

  • ဖြုတ်ချခံလိုက်ရသည်ဟု သတင်းထွက်နေသည့် ရှီကျင့်ဖျင် ပြန်ပေါ်လာ

    ဖြုတ်ချခံလိုက်ရသည်ဟု သတင်းထွက်နေသည့် ရှီကျင့်ဖျင် ပြန်ပေါ်လာ

    စက်တင်ဘာ ၂၇၊ ၂၀၂၂
    M-Media

    -လက်အောက်ငယ်သားတွေရဲ့ ဖြုတ်ချဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထွက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒီကနေ့ နိုင်ငံပိုင် ရုပ်သံမှာ ပြန်ပေါ်လာပါတယ်။

    ဘေဂျင်းက ပြပွဲတစ်ခုကို ရှီကျင့်ဖျင်တစ်ယောက် သူ့တပည့် ၀န်ကြီးချုပ် လီကီကျန်နဲ့အတူ သွားရောက်ကြည့်ရှုခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်ထွန်းကားမှုကို ရှီက ဒီပြပွဲမှာ ချီးကျူးခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ဥဇဘက်ကစ္စတန်က ပြန်လာပြီးနောက်ပိုင်း ရှီကို ပထမဆုံး လူမြင်ကွင်းမှာ မြင်ရတာဖြစ်ပါတယ်။

    သမ္မတသက်တမ်း ၂ ကြိမ်သာ လုပ်ရမယ်ဆိုတဲ့ အခြေခံဥပဒေက ကန့်သတ်ချက်ကို ရှီကျင့်ဖျင်က ပယ်ဖျက်ထားပါတယ်။

    လာမယ့် အောက်တိုဘာ ၁၆ ရက်နေ့မှာ ၅ နှစ်တစ်ကြိမ် ပြုလုပ်နေကျ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံကို ကျင်းပမှာဖြစ်ပြီး၊ ရှီကျင့်ဖျင်ဟာ ပါတီခေါင်းဆောင်အဖြစ် ဆက်လက် ခန့်အပ်ခံရဖို့ ရှိနေပါတယ်။

    ဒါဟာ သမ္မတနေရာကို ၃ ကြိမ်ဆက် ဆက်လက်ရယူသွားမယ်ဆိုတဲ့ သဘောပါ။ ရှီဟာ ဆယ်စုနှစ်များစွာအတွင်း တရုတ်နိုင်ငံရဲ့ သြဇာအကြီးဆုံး ခေါင်းဆောင်တစ်ယောက်အဖြစ် မှတ်ယူခံထားရသူလည်း ဖြစ်ပါတယ်။

    အခြေခံဥပဒေကို ပြောင်းလဲပြီး ရာသက်ပန် သမ္မတလုပ်ချင်နေတဲ့ ရှီကျင့်ဖျင်ကို လက်အောက်ငယ်သားတွေက ဖမ်းဆီးဖြုတ်ချလိုက်ပြီဆိုတဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ကောလဟာလတွေဟာ ရှီကျင့်ဖျင် ပြန်လည်ထွက်ပေါ်လာမှုနဲ့အတူ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။

    Ref: AP

  • တရုတ်ဒုံးပျံယာဥ် အပျက်အဆီးရန်မှ ကမ္ဘာ့ပြည်သူများ ကံကောင်းစွာ လွတ်ကင်း

    တရုတ်ဒုံးပျံယာဥ် အပျက်အဆီးရန်မှ ကမ္ဘာ့ပြည်သူများ ကံကောင်းစွာ လွတ်ကင်း

    ဇူလိုင် ၃၁၊ ၂၀၂၂
    M-Media

    -တရုတ်အာကာသဒုံးပျံ အစိတ်အပိုင်းဟာ ကမ္ဘာ့လေထုထဲ ၀င်ရောက်လာပြီးတဲ့နောက် မနေ့က အိန္ဒိယ သမုဒ္ဒရာထဲကို ပြုတ်ကျသွားပါတယ်။

    ကိုယ်ပိုင်အာကာသစခန်း ဆောက်လုပ်ဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ဇူလိုင်လအတွင်း ပေးပို့ရာမှာ အသုံးပြုတဲ့ Long March 5B ဒုံးပျံအစိတ်အပိုင်း ပြန်လည် ပြုတ်ကျလာတာပါ။

    ပေ ၁၀၀ ကျော်ရှည်ပြီး ၂၂ တန်လေးတဲ့ ဒီဒုံးပျံဟာ လူတွေနေတဲ့နေရာကို ကျနိုင်တဲ့အန္တရာယ်ရှိပြီး အထူးသဖြင့် မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကို ထိခိုက်လာနိုင်တာ ဖြစ်ပါတယ်။

    မနေ့ကတော့ ဒုံးပျံအစိတ်အပိုင်းဟာ မလေးရှားနိုင်ငံ ဆာရာ၀ပ်ပြည်နယ်အနီးက အိန္ဒိယသမုဒ္ဒရာထဲကို ပျက်ကျခဲ့ပါတယ်။

    လူနေတဲ့နေရာတွေကို ပျက်ကျနိုင်ဖွယ်ရှိရင် လေထုထဲမှာ ဖျက်ဆီးနိုင်ဖို့အတွက် အမေရိကန်အာကာသ အေဂျင်စီ နာဆာက ဒုံးပျံကျဆင်းမယ့် အချက်အလက်တွေကို တောင်းဆိုခဲ့ပေမယ့် တရုတ်အစိုးရက ပေးအပ်ခြင်းမရှိပါဘူး။

    ဒီလို တာ၀န်မဲ့တဲ့ လုပ်ရပ်အတွက် နာဆာက တရုတ်အစိုးရကို ၀ေဖန်ခဲ့ပါတယ်။

    Ref: The Verge

  • ကိုဗစ်ဇစ်မြစ်ကို ပညာရှင်များ ရှာတွေ့ပြီ

    ကိုဗစ်ဇစ်မြစ်ကို ပညာရှင်များ ရှာတွေ့ပြီ

    ဇူလိုင် ၂၇၊ ၂၀၂၂
    M-Media


    -ကမ္ဘာတစ်၀ှမ်း ပြန့်နှံ့သွားတဲ့ ကိုဗစ်ကပ်ရောဂါဟာ ၀ူဟန်မြို့ လယ်ကောင်က သားရိုင်းတိရစ္ဆာန်စျးကနေ ပြန့်နှံတယ်ဆိုတာ ခိုင်မာတဲ့အထောက်အထား တွေ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    သီးခြားလေ့လာမှု နှစ်ခုကို ပညာရှင်တွေက အပြန်အလှန် ဆက်စပ် သုံးသပ်ခဲ့ကြကြီး ၂၀၁၉ ခုနှစ် နို၀င်ဘာလအတွင်း ဒါမှမဟုတ် ဒီဇင်ဘာအစောပိုင်းမှာ ၀ူဟန်မြို့လယ်ကောင် သားရိုင်းတိရစ္ဆာန်စျေးနား တစ်၀ိုက် ကိုဗစ်မျိုးကွဲနှစ်ခု စတင်ကူးစက်ဖြစ်ပွားတယ်ဆိုတာ ကောက်ချက်ချနိုင်ခဲ့ပါတယ်။

    အချက်အလက်တွေကို လေ့လာဆန်းစစ်မှုအရ Sars-Cov-2 ဗိုင်းရပ်စ်ဟာ Huanan စျေးက တိရစ္ဆာန်တွေမှာ ရှိနေခဲ့ပြီး အဲဒီစျေးမှာ အလုပ်လုပ်တဲ့လူ ဒါမှမဟုတ် စျေးသွား၀ယ်တဲ့သူ နှစ်ဦးကို သီးခြားစီကူးစက်ကာ နောက်ပိုင်းမှာ ပြန့်နှံ့သွားတာဖြစ်တာကို တွေ့ခဲ့ရပါတယ်။

    လေ့လာမှုမှာပါ၀င်တဲ့ ဗိုင်းရပ်စ်ဗေဒပညာရှင် ပရော်ဖက်ဆာ ဒေးဗစ်ရော်ဘတ်ဆန်က ဓာတ်ခွဲခန်းကနေ ပေါက်ထွက်တယ်ဆိုတဲ့ သတင်းမှားကို အခုအချက်အလက်တွေက ချေဖျက်ပေးလိုက်တယ်လို့ ပြောပါတယ်။

    ပညာရှင်တွေဟာ ကိုဗစ်ရဲ့ ဇစ်မြစ်ကို သိရဖို့အတွက် ၂ နှစ်ကြာ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

    အစောပိုင်း ကူးစက်သူတွေထဲက ထက်၀က်ကျော်လောက်ဟာ Huanan စျေးနဲ့ ဆက်စပ်ပတ်သက်မှုမရှိပေမယ့် စျေးနားတစ်၀ိုက်မှာ နေထိုင်သူတွေဖြစ်ပြီး၊ တိုက်ရိုက်ထိတွေ့သူတွေကနေတစ်ဆင့် ဆင့်ပွားကူးစက်လာတာလို့ ပညာရှင်တွေက ကောက်ချက်ချခဲ့ပါတယ်။

    Ref: BBC