News @ M-Media

Tag: China

  • တရုတ်နိုင်ငံ ရှင်ကျန်းမှ ကုန်ပစ္စည်းများကို ပိတ်ပင်သည့် ဥပဒေတစ်ခုကို အမေရိကန်က အသက်သွင်း

    ဇွန် ၂၂၊ ၂၀၂၂
    M-Media

    -တရုတ်နိုင်ငံအနောက်ပိုင်း ရှင်းကျန်းဒေသမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေအားလုံး တင်သွင်းခွင့်ပိတ်ပင်တဲ့ ဥပဒေကို အမေရိကန်က အင်္ဂါနေ့မှာ စတင် အသက်သွင်းလိုက်ပါတယ်။

    “၀ီဂါများအပေါ် လုပ်အားခေါင်းပုံဖြတ်မှု တားဆီးရေး အက်ဥပဒေ” လို့ အမည်ပေးထားတဲ့ ဒီဥပဒေကို ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု လက်မှတ်ရေးထိုးခဲ့တာပါ။

    အမေရိကန် အကောက်ခွန်ဌာနက ဥပဒေကို အင်္ဂါနေ့မှာ စတင်ကျင့်သုံးခဲ့ပါတယ်။

    “လုပ်အားခေါင်းပုံဖြတ်မှု ကင်းစင်တဲ့ ကုန်သွယ်မှုဖြစ်လာရေး ဆောင်ရွက်ဖို့၊ ရှင်ကျန်းက ရက်စက်ကြမ်းကြုတ်မှုတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့၊ လုပ်အား ခေါင်းပုံဖြတ်မှု အပါအ၀င် ၀ီဂါတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ခြင်းရပ်တန့်ရေး တရုတ်အစိုးရကို ဆော်သြဖို့ မိတ်ဖက်နိုင်ငံတွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ အခုဥပဒေအသစ်ကို စီးပွားရေး ကုမ္ပဏီတွေ သတိပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။

    ၀ီဂါတွေအပေါ် လုပ်အားခေါင်းပုံဖြတ်ကာ လည်ပတ်နေတဲ့ ရှင်ကျန်းက လုပ်ငန်းတွေထဲမှာ အထည်ချုပ်လုပ်ငန်း၊ ဆိုလာ ပိုလီစီလီကွန် ထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေ ပါ၀င်ပါတယ်။

    အမေရိကန်ရဲ့ အခုဥပဒေအသစ်မှာ ရှင်ကျန်းက ပစ္စည်းတွေ တင်ပို့မှုကို ပိတ်ပင်တာအပြင်၊ ရှင်ကျန်းကကုန်ကြမ်းတွေ အသုံးပြု ထုတ်လုပ်တဲ့ အခြားကုမ္ပဏီက ပစ္စည်းတွေကိုလည်း တင်ပို့ခွင့် ပိတ်ပင်မှာ ဖြစ်ပါတယ်။

    တရုတ်ဟာ ရှင်ကျန်းမှာ အကျဥ်းစခန်းတွေဆောက်ပြီး ၀ီဂါနဲ့ အခြား လူမျိုးစုငယ်တွေကို ပိတ်လှောင်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ မီဒီယာတွေက ထုတ်ဖော်ရေးသားထားပါတယ်။

    တရုတ်ဟာ အစောပိုင်းမှာ ဒီသတင်းကို ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ရှင်ကျန်းမှာ ဆောက်လုပ်ထားတာတွေက အကျဥ်းစခန်းတွေ မဟုတ်ဘဲ၊ အသက်မွေးသင်တန်းကျောင်းတွေသာဖြစ်ကြောင်း၊ ၀ီဂါတွေဟာ မိမိဆန္ဒအလျောက် ဒီသင်တန်းတွေမှာ လာတက်နေတာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့လ ရှင်ကျန်းရဲဌာန ဆာဗာကနေ ပေါက်ထွက်လာတဲ့ အချက်အလက်တွေမှာတော့ တရုတ်အစိုးရဟာ ၀ီဂါတွေကို လူမျိုး အမှတ်သညာ၊ ဘာသာတရား၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ပပျောက်သွားအောင် စနစ်တကျ စီမံနှိပ်ကွပ်နေတာကို တွေ့ရပြီး၊ ရှင်ကျန်းဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှု အများအပြား ဖြစ်နေတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ရပါတယ်။

    Ref: Reuters

  • ထိုင်ဝမ်ကိစ္စ ဝင်မရှုပ်ရန် အမေရိကန်ကို တရုတ် သတိပေး

    ထိုင်ဝမ်ကိစ္စ ဝင်မရှုပ်ရန် အမေရိကန်ကို တရုတ် သတိပေး

    ဇွန် ၁၂၊ ၂၀၂၂
    M-Media

    -ထိုင်ဝမ်ကျွန်းက ခွဲထွက်ရေး လုပ်ဆောင်မယ်ဆိုရင် မိမိတို့ အစွမ်းကုန် တိုက်ခိုက်သွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီက ပြောကြားလိုက်ပြီး ပြည်တွင်းရေးကိစ္စကို ဝင်မရှုပ်ဖို့လည်း အမေရိကန်ကို သတိပေးခဲ့ပါတယ်။

    စင်ကာပူမှာ ပြုလုပ်နေတဲ့ Shangri-La လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ အမေရိကန် ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတို့အကြား ထိုင်ဝမ်ကိစ္စ အပြန်အလှန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်ဟာ စစ်ဖက်ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ‌ဒေသအတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ထိုင်ဝမ်လေပိုင်နက်ထဲ တရုတ်စစ်လေယာဉ်တွေ အုပ်စုလိုက် မကြာခဏ ဝင်ရောက်ပျံသန်းမှုကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီက ထိုင်ဝမ်ကို တရုတ်ပြည်ကနေခွဲထုတ်ရင် အသေအကြေ တိုက်ခိုက်ဖို့ကလွဲ‌ပြီး အခြား ရွေးချယ်စရာမရှိဘူးလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    “နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်တဲ့နေရာ တရုတ်စစ်တပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ဖြေရှင်းနိုင်စွမ်းကို လျှော့တွက်မထားသင့်ပါဘူး။ ထိုင်ဝမ်ကို တရုတ်ကနေခွဲထုတ်ပြီး လွတ်လပ်တဲ့နိုင်ငံဖြစ်အောင် လုပ်ချင်သူတွေရဲ့ အဆုံးသတ်က သိပ်ကောင်းမှာ မဟုတ်ပါဘူး”

    ထိုင်ဝမ်က သူတို့ဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်တယ်လို့ မှတ်ယူထားပြီး တရုတ်အစိုးရက သူတို့ပိုင်တဲ့ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားတာပါ။ ထိုင်ဝမ်ကျွန်း တရုတ်နိုင်ငံကနေ ခွဲထွက်မသွားဖို့အတွက် လိုအပ်ရင် တိုက်ခိုက်သွားမယ်လို့ တရုတ်က အရင်ကတည်းက ပြောကြားထားတာ ဖြစ်ပါတယ်။

    အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖို့နဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် မလုပ်ဖို့လည်း ဝေဖန်ဟီက ထည့်သွင်းသတိပေးခဲ့ပါတယ်။

    Ref: Reuters

  • အီလွန်မက်စ်၏ စတားလင့် ဂြိုဟ်တုကွန်ယက်ကို ဖျက်ဆီးရန် တရုတ်စဥ်းစားနေ

    အီလွန်မက်စ်၏ စတားလင့် ဂြိုဟ်တုကွန်ယက်ကို ဖျက်ဆီးရန် တရုတ်စဥ်းစားနေ

    မေ ၂၈၊ ၂၀၂၂

    M-Media

    -နည်းပညာထိပ်သီး အီလွန်မက်စ်ရဲ့ ဂြိုဟ်တုအခြေပြု အင်တာနက်ဆက်သွယ်ရေးစနစ် (Starlink) ကွန်ယက်ကို ဖျက်ဆီးဖို့ ကြိုးစားရမယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။

    Starlink ဟာ ကမ္ဘာတစ်၀ှမ်း ၀ေးလံခေါင်ဖျားတဲ့ဒေသတွေအထိ အင်တာနက်ဆက်သွယ်မှုကို စျေးသက်သက်သာနဲ့ အသုံးပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ဒီစနစ်အတွက် ကမ္ဘာပတ်လမ်းမှာ ဂြိုဟ်တုကွန်ယက်ကို ဖြန့်ကျက်ထားတာပါ။ 

    တရုတ်ကာကွယ်ရေးဌာနက ၀ါရင့်သိပ္ပံပညာရှင် ၅ ဦးရဲ့ ပြီးခဲ့တဲ့လ သုံးသပ်ချက်စာတမ်းမှာ စတားလင့်ဂြိုဟ်တုကွန်ယက်ကို တရုတ်နိုင်ငံရဲ့ လုံခြုံရေး ထိခိုက်အောင် အသုံးပြုလာနိုင်တဲ့အတွက် သုံးမရအောင်လုပ်ဖို့ ဒါမှမဟုတ် ဖျက်ဆီးပစ်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။ 

    ဒီအဖွဲ့ကို ပညာရှင် ယန့်ယွမ်ကျန်းက ဦးဆောင်တာပါ။ စတားလင့် ကွန်ယက်ကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းတွေ အသေအချာ ရှာဖွေဖော်ထုတ်ဖို့ သူတို့အဖွဲ့က တိုက်တွန်းထားပြီး၊ ဒီလိုလုပ်ဆောင်မှသာ အာကာသစိုးမိုးနိုင်မှုကို တရုတ်က ထိန်းထားနိုင်လိမ့်မယ်လို့လည်း စာတမ်းမှာ တိုက်တွန်းထားပါတယ်။ 

    အမေရိကန် ဒရုန်းတွေ၊ ကိုယ်ပျောက်တိုက်လေယာဥ်တွေဟာ စတားလင့် အင်တာနက်ကွန်ယက်နဲ့ ချိတ်ဆက်လိုက်ရင် လက်ရှိထက် အဆ ၁၀၀ မြန်တဲ့ အင်တာနက်ဆက်သွယ်မှုကို ရရှိမှာဖြစ်ပြီး တရုတ်ရဲ့ အာကာသစိုးမိုးနိုင်စွမ်းကို နောက်ကောက်ကျစေလိမ့်မယ်လို့ ယန့်ယွမ်ကျန်းက ဆိုပါတယ်။ 

    စတားလင့် ဂြိုဟ်တုဆက်သွယ်ရေးကွန်ယက်ကို ဖျက်ဆီးဖို့ တရုတ်မှာ နည်းပညာမရှိပါဘူး။ 

    ဂြိုဟ်တုဖျက်ဒုံးကျည်နဲ့ ပစ်ခတ်ဖြိုခွင်းတာ၊ မြေပြင်အခြေစိုက် လေဆာလက်နက်နဲ့ပစ်တဲ့ နည်းလမ်းမျိုးတွေ သုံးလို့ရပေမယ့် တရုတ်ဟာ လက်ရှိအနေအထားအရ ဒီလိုစွမ်းဆောင်နိုင်စွမ်း မရှိသေးပါဘူး။ 

    တရုတ်မှာ စွမ်းအားမြင့် မိုက်ခရို၀ေ့ဗ်လက်နက် (RKA) ရှိနေပြီး ဂြိုဟ်တုတွေမှာ တပ်ဆင်ကာ စလားလင့်ဂြိုဟ်တုက အရေးပါတဲ့ အစိတ်အပိုင်းတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ 

    ဒါပေမယ့် စတားလင့်စနစ်ဟာ ဗဟိုထိန်းချုပ်မှု မရှိတဲ့ ကွန်ယက်တစ်ခုဖြစ်တဲ့အတွက် ဂြိုဟ်တုတစ်ချို့ကို ဖျက်ဆီးလိုက်ရုံနဲ့ စနစ်က ရပ်ဆိုင်းမသွားပါဘူး။ 

    ဂြိုဟ်တုတွေအများကြီးကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်မယ့် X-ray  လေဆာလက်နက်မျိုးကို တရုတ်က ဖန်တီးလာနိုင်ပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေကတည်းက ဒီလက်နက်ဖန်တီးဖို့ ကမ္ဘာ့နိုင်ငံတွေ ကြိုးစားခဲ့ပေမယ့် နည်းပညာဆိုင်ရာ အခက်အခဲတစ်ချို့ကို လက်ရှိအချိန်အထိ မကျော်လွှားနိုင်သေးပါဘူး။ 

    Ref: Asia Times 

  • ထိုင်၀မ်မုန်းတီးစိတ်ကြောင့် ဘုရားကျောင်းကို၀င်ပစ်မှု အမေရိကန်တွင် ဖြစ်ပွား

    ထိုင်၀မ်မုန်းတီးစိတ်ကြောင့် ဘုရားကျောင်းကို၀င်ပစ်မှု အမေရိကန်တွင် ဖြစ်ပွား

    မေ ၁၇၊ ၂၀၂၂

    M-Media 

    -ကယ်လီဖိုးနီးယားပြည်နယ်မှာ တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့ ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်မှုဟာ ထိုင်၀မ်မုန်းတီးစိတ်ကို အခြေခံတာလို့ အမေရိကန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    အမေရိကန်နိုင်ငံသား တရုတ်လူမျိုး အသက် ၆၈ နှစ်အရွယ် အမျိုးသား ဒေးဗစ်ချူဟာ လာဂူးနား၀ုဒ်မြို့က Geneva Presbyterian ဘုရားကျောင်းထဲ သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်မှုမှာ တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    တရုတ်နဲ့ ထိုင်၀မ်တို့အကြား လတ်တလောဖြစ်နေတဲ့ တင်းမာမှုတွေကို အခြေခံပြီး ဖြစ်လာတဲ့ ထိုင်၀မ်မုန်းတီးစိတ်ကြောင့် ချူဟာ ဒီလိုကျူးလွန်တာဖြစ်ကြောင်း တွေ့ရတယ်လို့ ဒေသခံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

    တရုတ်က ထိုင်၀မ်ဟာ သူတို့ပိုင်တဲ့ နယ်မြေတစ်ခုဖြစ်ပြီး လိုအပ်ရင် အင်အားသုံးသိမ်းပိုက်သွားမယ်လို့ တရား၀င် ထုတ်ဖော်ပြောဆိုထားတာပါ။ ထိုင်၀မ်ကတော့ သူတို့ဟာ သီးခြား ဒီမိုကရက်တစ် နိုင်ငံတစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။ 

    စနေနေ့ကလည်း နယူးယောက်မြို့ ဘက်ဖလိုးမြို့နယ်က စူပါမားကတ်တစ်ခုမှာ အသက် ၁၈ နှစ်အရွယ် လူဖြူတစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒီပစ်ခတ်မှုဟာ လူမည်းမုန်းတီးမှုကနေ ပေါ်ပေါက်လာတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: Reuters 

  • တရုတ်မြို့တော် ဘေဂျင်းတွင် လူသန်းချီ ကိုဗစ်စစ်မည်

    တရုတ်မြို့တော် ဘေဂျင်းတွင် လူသန်းချီ ကိုဗစ်စစ်မည်

    ဧပြီ ၂၅၊ ၂၀၂၂

    M-Media 


    -မနေ့က ကိုဗစ်ကူးစက်မှု သိသိသာသာ မြင့်တက်လာတဲ့ မြို့တော် ဘေဂျင်းမှာ ဒီကနေ့ကစတင်ပြီး လူသန်းချီ ကိုဗစ်စစ်ဖို့ အာဏာပိုင်တွေက စီစဥ်နေပါတယ်။ 

    တစ်ကျော့ပြန်ကိုဗစ်ကြောင့် စီးပွားရေးမြို့တော်ရှန်ဟိုင်းမှာ သီတင်းပတ်ချီ လော့ဒေါင်းပြန်ချရတဲ့ အခြေအနေမျိုး ဘေဂျင်းမှာ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။ 

    ဘေဂျင်းမြို့က လူနေထူထပ်တဲ့ ကျောင်းယန်မြို့နယ်မှာ တနင်္ဂနွေနေ့က ကိုဗစ်ကူးစက်မှု ၂၆ ခု တွေ့ခဲ့ရပြီး ဒါဟာ လတ်တလောကာလမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ 

    အဲဒီမြို့နယ်က လူ ၃.၅ သန်းလောက်ကို အာဏာပိုင်တွေက ဒီကနေ့စတင်ပြီး ကိုဗစ်စစ်ဆေးနေတာဖြစ်ပါတယ်။ 

    ဒီသတင်းကြောင့် စူပါမားကတ်တွေမှာ လူတွေ စုပြုံတိုး၀ှေ့ ၀ယ်ယူကြပြီး စားသောက်ကုန် ပြတ်လတ်မှုလည်း ဖြစ်ပေါ်လာပါတယ်။ အစိုးရကတော့ စားသောက်ကုန် မပြတ်လတ်စေရဘူးလို့ အာမခံထားပါတယ်။ 

    မတ်လနှောင်းပိုင်းက ရှန်ဟိုင်းမှာဖြစ်ခဲ့တဲ့ ကိစ္စမှာ လူ ၄ သိန်းကျော် ကိုဗစ်ကူးစက်တာကို တွေ့ခဲ့ရပြီး ၁၃၈ ဦး သေဆုံးခဲ့ပါတယ်။

    Ref: BBC