News @ M-Media

Tag: China

  • တရုတ်မြို့တော် ဘေဂျင်းတွင် လူသန်းချီ ကိုဗစ်စစ်မည်

    တရုတ်မြို့တော် ဘေဂျင်းတွင် လူသန်းချီ ကိုဗစ်စစ်မည်

    ဧပြီ ၂၅၊ ၂၀၂၂

    M-Media 


    -မနေ့က ကိုဗစ်ကူးစက်မှု သိသိသာသာ မြင့်တက်လာတဲ့ မြို့တော် ဘေဂျင်းမှာ ဒီကနေ့ကစတင်ပြီး လူသန်းချီ ကိုဗစ်စစ်ဖို့ အာဏာပိုင်တွေက စီစဥ်နေပါတယ်။ 

    တစ်ကျော့ပြန်ကိုဗစ်ကြောင့် စီးပွားရေးမြို့တော်ရှန်ဟိုင်းမှာ သီတင်းပတ်ချီ လော့ဒေါင်းပြန်ချရတဲ့ အခြေအနေမျိုး ဘေဂျင်းမှာ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။ 

    ဘေဂျင်းမြို့က လူနေထူထပ်တဲ့ ကျောင်းယန်မြို့နယ်မှာ တနင်္ဂနွေနေ့က ကိုဗစ်ကူးစက်မှု ၂၆ ခု တွေ့ခဲ့ရပြီး ဒါဟာ လတ်တလောကာလမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ 

    အဲဒီမြို့နယ်က လူ ၃.၅ သန်းလောက်ကို အာဏာပိုင်တွေက ဒီကနေ့စတင်ပြီး ကိုဗစ်စစ်ဆေးနေတာဖြစ်ပါတယ်။ 

    ဒီသတင်းကြောင့် စူပါမားကတ်တွေမှာ လူတွေ စုပြုံတိုး၀ှေ့ ၀ယ်ယူကြပြီး စားသောက်ကုန် ပြတ်လတ်မှုလည်း ဖြစ်ပေါ်လာပါတယ်။ အစိုးရကတော့ စားသောက်ကုန် မပြတ်လတ်စေရဘူးလို့ အာမခံထားပါတယ်။ 

    မတ်လနှောင်းပိုင်းက ရှန်ဟိုင်းမှာဖြစ်ခဲ့တဲ့ ကိစ္စမှာ လူ ၄ သိန်းကျော် ကိုဗစ်ကူးစက်တာကို တွေ့ခဲ့ရပြီး ၁၃၈ ဦး သေဆုံးခဲ့ပါတယ်။

    Ref: BBC 

  • မိုက်ခရို၀ေ့ဗ်နှင့် လေဆာလက်နက်တွင် တရုတ်က ပိုမိုအားကောင်းလာ

    မိုက်ခရို၀ေ့ဗ်နှင့် လေဆာလက်နက်တွင် တရုတ်က ပိုမိုအားကောင်းလာ

    မတ် ၂၂၊ ၂၀၂၂

    M-Media

    -မိုက်ခရို၀ေ့ဗ်လို၊ လေဆာလို လျှပ်စစ်သံလိုက်စွမ်းအင်ကို အသုံးပြုရတဲ့ လက်နက်စနစ် တီထွင်ဖန်တီးမှုမှာ တရုတ်နိုင်ငံက မြန်မြန်ဆန်ဆန်ပဲ တိုးတက်မှုတွေ ရရှိလာပါတယ်။ 

    တရုတ် သိပ္ပံပညာရှင်တွေဟာ RKA လို့ ခေါ်တဲ့ စွမ်းအားမြင့် မိုက်ခရို၀ေ့ဗ် ကိရိယာတစ်ခုက တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ ဂြိုဟ်တု ဆက်သွယ်ရေးမှာသုံးတဲ့ Ka-band ဖရီကွင်စီမှာ ၅ မီဂါ၀ပ်ရှိတဲ့ ရောင်ခြည်တစ်ခုကို ဒီကိရိယာက ထုတ်ပေးနိုင်ပါတယ်။ 

    အရင် တရုတ်ပညာရှင်တွေ ဖန်တီးတဲ့ PKA မိုက်ခရို၀ေ့ဗ် ကိရိယာတွေဟာ စွမ်းအင် ကီလို၀ပ်လောက်သာ ထုတ်ပေးနိုင်ပေမယ့် နောက်ဆုံးဖန်တီးထားတဲ့ ကိရိယာကို စမ်းသပ်မှုအရ ၅၀၁ မီဂါ၀ပ် ထုတ်နိုင်တာကို တွေ့ရပြီး ဒီထက်ပိုများတဲ့ စွမ်းအင်ပမာဏကို ထုတ်နိုင်မယ့် အနေအထား ရှိနေပါတယ်။ 

    ဒါဟာ ဂြိုဟ်တုဖျက် မိုက်ခရို၀ေ့ဗ်လက်နက်ထုတ်နိုင်ဖို့ တော်တော်လေး အလားအလာ ကောင်းနေတာပါ။ မြေပြင်မှာ အထိုင်ထားမယ့် လက်နက်မျိုးဆိုရင် စွမ်အင် ဂီဂါ၀ပ် တော်တော်များများ ထုတ်နိုင်ဖို့ လိုအပ်နေပါသေးတယ်။

    ဒီမိုက်ခရို၀ေ့ဗ်လက်နက်ကို အာကာသထဲလွှတ်တဲ့ ဂြိုဟ်တုမှာ တပ်ပြီး ထိုးစစ်၊ ခံစစ် နှစ်ခုစလုံးအတွက် အသုံးပြုလို့ပါတယ်။ မိုက်ခရို၀ေ့ဗ် ရောင်ခြည်တွေ ထုတ်တဲ့အခါ အပူရှိန် အလွန်အမင်းမြင့်တက်တဲ့ အန္တရာယ်က ဒီကိရိယာကို ဂြိုဟ်တုတွေမှာ တပ်ဆင်ဖို့ အဟန့်အတား ဖြစ်နေအုံးမှာပါ။ 

    လေဆာ 

    တရုတ်ဟာ ဂြိုဟ်တုတွေမှာ တပ်ဆင်အသုံးပြုလို့ရမယ့် လေဆာလက်နက်တစ်မျိုးကိုလည်း ဖန်တီးထုတ်လုပ်ထားပါတယ်။ 

    မီဂါ၀ပ်များတဲ့ လေဆာရောင်ခြည်တွေကို ထုတ်လုပ်နိုင်ပြီး တစ်စက္ကန့်ကို အကြိမ် ၁၀၀ လောက်နဲ့ အာကာသကနေ နာရီ၀က်လောက် မနားတမ်း ပစ်နိုင်စွမ်းရှိပါတယ်။ 

    လေဆာရောင်ခြည်ကလည်း ဂြိုဟ်တုတွေကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။ တရုတ်က ဖန်တီးထားတဲ့ လေဆာလက်နက်ဟာ ၅ နာနိုစက္ကန့်လောက်သာ ရောင်ခြည်လွှတ်နိုင်ပေမယ့် လူသားတွေ မျက်လုံးကန်းသွားဖို့၊ ပစ်မှတ်မျက်နှာပြင် အငွေ့ပျံ ပျောက်ကွယ်သွားဖို့အထိ အားကောင်းပါတယ်။ 

    ကော့ပါးနဲ့ မြေရှားသတ္တုကရတဲ့ အင်ဒီယန်တို့ ပေါင်းစပ်ပြီး ဖန်တီးတဲ့ အအေးပေးနည်းပညာ မကြာသေးခင်က ပေါ်လာတာကြောင့် လေဆာလက်နက် ထုတ်လုပ်မှုကဏ္ဍလည်း ပိုမိုအားကောင်းလာပါတယ်။ 

    လေဆာဟာ ရွေ့လျားနေတဲ့ လေယာဥ်ပျံတွေကို အပိုင်းပိုင်း အတစ်တစ် ဖြစ်စေနိုင်သလို၊ ဒုံးကျည်စနစ်တွေကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားလည်း ရှိပါတယ်။

    ရွေ့လျားစွမ်းအင်လိုမဟုတ်ဘဲ လျှပ်စစ်သံလိုက်စွမ်းအင်ကို အသုံးပြုတဲ့ မိုက်ခရို၀ေ့ဗ်လို၊ လေဆာလို လက်နက်မျိုးတွေဟာ လျင်လျင်မြန်မြန် တိုက်ခိုက်နိုင်တာ၊ တိကျတာ၊ ကြားဖြတ်တားဆီးဖို့ ခက်တာ စတဲ့ အားသာချက်တွေ ရှိပါတယ်။ 

    အမေရိကန်နဲ့ ဆိုဗီယက်တို့ အားပြိုင်တဲ့ စစ်အေးခတ်ကတည်းက စတင်ဖန်တီးခဲ့တဲ့ ဒီလက်နက်တွေဟာ အခုတော့ စမ်းသပ်ခန်းအဆင့်ကိုကျော်ပြီး မြေပြင်မှာ လက်တွေ့ အသုံးပြုနေတဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ 

    ၂၀၂၅ ခုနှစ်အရောက်မှာတော့ မိုက်ခရို၀ေ့ဗ်နဲ့ လေဆာလက်နက်တွေကို သမရိုးကျ လက်နက်တွေနဲ့ တွဲဖက်အသုံးပြုတာမျိုးအထိ ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ 

    Ref: Asia Times 

  • ယူကရိန်းကိစ္စနှင့်ပတ်သက်၍ ထိုင်၀မ်ကို တရုတ်က အပြစ်ရှာ

    ယူကရိန်းကိစ္စနှင့်ပတ်သက်၍ ထိုင်၀မ်ကို တရုတ်က အပြစ်ရှာ

    မတ် ၁၆၊ ၂၀၂၂

    M-Media

    -ထိုင်၀မ်ဟာ ယူကရိန်းကိစ္စကို အမြတ်ထုတ်နေတယ်လို့ တရုတ်က လူသိရှင်ကြား ၀ေဖန်လိုက်ပါတယ်။ 

    ရုရှားလိုပဲ တရုတ်ကလည်း ထိုင်၀မ်ကို ဒီလို ကျူးကျော် တိုက်ခိုက်နိုင်တယ်လို့ ထိုင်၀မ်ပြည်သူတွေက ရှုမြင်နေပြီး၊ ဒုက္ခရောက်နေတဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း ပေးပို့နေတာ ဖြစ်ပါတယ်။ 

    ထိုင်၀မ်က လွတ်လပ်တဲ့ ဒီမိုကရက်တစ် နိုင်ငံအဖြစ် ရပ်တည်နေပေမယ့် တရုတ်က ထိုင်၀မ်ဟာ သူတို့ပိုင်နက်ဖြစ်ပြီး ပြန်လည် ပေါင်းစည်းဖို့အတွက် လိုအပ်ရင် အင်အားသုံးသွားမယ်လို့ အရင်ကတည်းက ပြောထားပါတယ်။

    ယူကရိန်းကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ထိုင်၀မ်က ပေးပို့တာ၊ ရုရှားအပေါ် ထိုင်၀မ်က စီးပွားရေးပိတ်ဆို့မှုတွေဟာ ယူကရိန်းကိစ္စကို  အသုံးချပြီး သူတို့ရဲ့တည်ရှိမှုကို တရား၀င်အောင် လုပ်နေတာဖြစ်ပြီး၊ ဓားခုတ်ရာ လက်၀င်လျှိုနေတာလို့ တရုတ်အစိုးရ ထိုင်၀မ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters 

  • လက်ရွေးစင်ဘောလုံးသမားများ ဆေးမင်ကြောင်မထိုးရန် တရုတ်အစိုးရက အမိန့်ထုတ်

    လက်ရွေးစင်ဘောလုံးသမားများ ဆေးမင်ကြောင်မထိုးရန် တရုတ်အစိုးရက အမိန့်ထုတ်

    ဒီဇင်ဘာ ၃၁၊ ၂၀၂၁
    M-Media

    -နိုင်ငံကိုယ်စားပြု လက်ရွေးစင်ဘောလုံးအသင်းနဲ့ ယူ-၂၃ အသင်းတွေက ကစားသမားတွေ ခန္ဓာကိုယ်မှာ ဆေးမင်ကြောင်မထိုးဖို့၊ ထိုးထားတာကို ပြန်ဖျက်တာ ဒါမှမဟုတ် ဖုံးကွယ်တာတွေလုပ်ဖို့ တရုတ်အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

    ‘ဘောလုံးသမားများကို ပိုမိုကြပ်မတ်နိုင်ရေး အကြံပြုချက်များ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ညွှန်ကြားချက်ကို အခုတစ်ပတ် အင်္ဂါနေ့မှာ တရုတ်အစိုးရက ထုတ်ပြန်ခဲ့တာပါ။ ဘောလုံးသမားတွေ ဆေးမင်ကြောင်ထိုးထားတာဟာ လူ့အဖွဲ့အစည်းကို အတုယူမှားစေတဲ့အတွက် ဒါတွေကိုမလုပ်ဖို့ ပြင်းပြင်းထန်ထန်ထားမြစ်တယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

    “ထိုးထားတဲ့သူတွေ ကိုယ့်ဟာကိုယ် ပြန်ဖျက်ဖို့ အကြံပြုပါတယ်။ အထူးအခြေအနေမျိုးတွေမှာတော့ အသင်းရဲ့ ခွင့်ပြုချက်နဲ့ ဆေးမင်ကြောင်တွေကို လေ့ကျင့်ချိန်မှာရော၊ ပွဲကစားချိန်မှာပါ ဖုံးအုပ်ထားရပါမယ်”

    ယူ-၂၀ အသင်းအတွက် ဆေးမင်ကြောင်ထိုးထားတဲ့ ကစားသမားတွေကို မခေါ်ဖို့လည်း ညွှန်ကြားချက်မှာ ထည့်သွင်း တားမြစ်ခဲ့ပါတယ်။

    ဒီလိုတားမြစ်မှုဟာ ဘောလုံးကစားသမားတွေမှာ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်မျိုး ထွန်းကားလာဖို့၊ လူ့အဖွဲ့အစည်း အတုယူမှန်စေဖို့ ဆောင်ရွက်ရတာဖြစ်ပြီး၊ လူ့အဖွဲ့အစည်းမှာ နိုင်ငံကို ချစ်မြတ်နိုးစိတ် ဖြစ်လာစေတဲ့ ဆောင်ရွက်မှုမျိုး၊ ကစားသမားတွေရဲ့ စိတ်နေစိတ်ထား၊ တာဝန်ယူမှု၊ ဂုဏ်သိက္ခာပိုင်း တိုးတက်စေတဲ့ ဆောင်ရွက်မှုမျိုးတွေကို နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းတွေက လုပ်ဆောင်သင့်တယ်လို့လည်း ညွှန်ကြားချက်မှာ တိုက်တွန်းခဲ့ပါတယ်။

    တရုတ်အစိုးရက ဆေးမင်ကြောင်တွေကို ပိတ်ပင်တာဟာ ဒါ ပထမဆုံးမဟုတ်ပါဘူး။

    ၂၀၁၈ ခုနှစ် ဟစ်ဟော့နဲ့ အခြား ခေတ်ပေါ်ယဉ်ကျေးမှုတွေကို နှိပ်ကွပ်မှုအတွင်း နိုင်ငံအတွင်းက ရုပ်သံတွေအနေနဲ့ ဆေးမင်ကြောင်ထိုးထားတဲ့ သရုပ်ဆောင်တွေကို မပြသဖို့ တရုတ်အစိုးရက ပိတ်ပင်ဖူးပါတယ်။ အဲဒီနောက်ပိုင်း ဆေးမင်ကြောင်ပါတဲ့ အခန်းတွေကို ဝါးထားပြီးမှ ​ရုပ်သံဌာနတွေက လွှင့်ခွင့်ရပါတယ်။

    Ref: CNN

  • နှစ်သန်းပေါင်း ၆၀ ကျော်က ဒိုင်နိုဆောသားလောင်း ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိ

    နှစ်သန်းပေါင်း ၆၀ ကျော်က ဒိုင်နိုဆောသားလောင်း ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိ

    ဒီဇင်ဘာ ၂၃၊ ၂၀၂၁
    M-Media

    -အနည်းဆုံး လွန်ခဲ့တဲ့နှစ်ပေါင်း ၆၆ သန်းလောက်ကလို့ ယုံကြည်ရတဲ့ ဒိုင်နို​ဆောသားလောင်း ကျောက်ဖြစ်ရုပ်ကြွင်းကို တရုတ်နိုင်ငံမှာ ပကတိအနေအထားအတိုင်း တူးဖော်တွေ့ရှိခဲ့ပြီး ငှက်တွေနဲ့ ဒိုင်နိုဆောတွေအကြား ဆက်စပ်မှုကို ပိုမိုနားလည်နိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆနေကြပါတယ်။

    နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမှာ တူးဖော်ရရှိခဲ့တဲ့ ဒီ ဒိုင်နိုဆော သန္ဓေသားလောင်းကို Baby Yingliang လို့ အမည်ပေးထားပါတယ်။ နောက်ခြေထောက်ကြီးပြီး ရှေ့ခြေထောက်ငယ်ကာ သွားမရှိတဲ့ ဒိုင်နိုဆောမျိုးစိတ် (Oviraptorosaur) က ဖြစ်ပါတယ်။

    ကျောက်ဖြစ်ရုပ်ကြွင်းမှာ ဒိုင်နိုင်ဆော သန္ဓေသားလောင်းရဲ့ ခန္ဓာကိုယ်ဟာ ကွေးနေပြီး ခေါင်းက ခန္ဓာကိုယ်ကြားထဲဝင်ကာ ခြေနှစ်ဖက်က ဘေးနှစ်ဖက်မှာ ထောင်နေတဲ့ အနေအထားမျိုးပါ။ ဒါဟာ ဥကနေ အကောင်ပေါက်လာတော့မယ့်ပုံစံဖြစ်ပြီး အရင်ဒိုင်နိုဆောနဲ့ပတ်သက်တဲ့ တွေ့ရှိမှုတွေမှာ လုံး၀မမြင်ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ယနေ့ခေတ် ငှက်တွေ အကောင်ပေါက်လာတဲ့အနေအထားမျိုးနဲ့လည်း ဆင်တူပါတယ်။

    “သမိုင်းတစ်လျှောက် တွေ့ခဲ့သမျှ ဒိုင်နိုဆော သန္ဓေသားလောင်းတွေထဲမှာ အကောင်းဆုံးဖြစ်ပါတယ်” လို့ ဘာမင်ဂမ်တက္ကသိုလ်က သုတေသနပညာရှင် ဖီအွန် ဝေစံမာက ပြောပါတယ်။

    ယနေ့ခေတ် ငှက်တွေ အကောင်အပေါက်တဲ့ပုံစံဟာ အရင်ခေတ်က ဒိုင်နိုဆောတွေရဲ့ သဘာ၀ကို အမွေခံထားတယ်ဆိုတာ ဖော်ပြနေတယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရုပ်ကြွင်းဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၇၂ သန်းကနေ ၆၆ သန်းကြားက ရုပ်ကြွင်းမျိုးဖြစ်ပြီး ဥပေါက်မယ့်အချိန် မြေပြိုမှုကြောင့် အခုလို ရုပ်ကြွင်းဖြစ်လာတယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ပါတယ်။ တကယ်လို့သာ အကောင်ပေါက်ခဲ့ရင် ဒိုင်နိုဆောဟာ ၆ ပေခွဲကနေ ၁၀ ပေလောက်အထိ ကြီးထွားလာနိုင်တယ်လို့လည်း ဆိုပါတယ်။

    Oviraptorosaur ဒိုင်နိုဆောတွေဟာ အမွှေးပါတဲ့ ဒိုင်နိုဆောမျိုးစိတ်ဖြစ်ပြီး Late Cretaceous ခေတ်ကာလအတွင်း ယနေ့ခေတ် အာရှနဲ့ မြောက်အမေရိက ဒေသတွေမှာ နေထိုင်ကျက်စားခဲ့တယ်လို့ သိပ္ပံပညာတွေက ယူဆထားပါတယ်။

    Ref: Reuters