News @ M-Media

Tag: D-Rose

  • လူမှုရေး စိတ်တွေရှိတယ်ဆို

    လူမှုရေး စိတ်တွေရှိတယ်ဆို

    ဧပြီ ၃ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    social-skills-training-804
    လူဆိုတာက ယေဘုယျသဘောအနေနှင့် အတ္တကို ဗဟိုပြုတတ်ကြတာ သဘာဝပေါ့နော်။ ကိုယ့်အတွက် ကိုယ်သံယောဇဉ်တွယ်တဲ့ ဘဝ လက်တွဲဖော်နောက်လိုက်ပြီး မိသားစု အသိုင်းအဝိုင်း စတာတွေရဲ့  အကျိုးစီးပွားကိုခေါင်းထဲ ထည့်ထားဖြစ်ကြတာကိုး။ အဲဒီလို ကိုယ့်ကိုကိုယ် ဦးစားပေးရာမှာ သာမန်ထက် လွန်ကဲလာရင်တော့ အတ္တကြီးသူဘဝကို ရောက်မှန်း မသိရောက်သွားရော။ ဒီတော့လည်း အမှားကိုမမြင်၊ တော်၏၊ မတော်၏ မတွေးတော့ဘဲ ကိုယ့်ဖို့ဆိုတာကိုချည်း တစ်စိုက်မတ်မတ် လုပ်လာပြီပေါ့။ လောဘ၊ ဒေါသနှင့် ညှာတမှုကင်းခြင်းတွေက အကျိုးဆက်အဖြစ် လက်တွေ့ထင်ရှားလာမှတော့ လူ့အသိုင်းအဝိုင်းက ငြိုငြင်အပြစ်တင်လာမှာတော့ မဆန်းပါဘူး။ ငတေ မာမာချာချာ ရှိဖို့အတွက် တစ်လောကလုံး သေပလေ့စေ မမှုပါဘူးဆိုတဲ့ စိတ်ဓာတ်ဟာ အတ္တကြီးခြင်းရဲ့ သင်္ကေတတစ်ခုလို့ ဆိုရမယ်။

    ဒါပေမယ့် ဒီစိတ်ဓာတ်မျိုးဟာ ပင်ကိုယ်သဘာဝ အရ အခြေတည်လာတယ်လို့တော့ တစ်ထစ်ချ မပြောနိုင်ပါဘူး။ တစ်စုံတစ်ယောက်ဟာ သူကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ သြဇာလွှမ်းမိုးမှုကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ထားမြင့်မြတ်မှု မရှိတဲ့ သူတွေရဲ့ အရောင်ဆိုးမှုကို ခံရတာကြောင့်ပဲဖြစ်ဖြစ်၊ နဂိုဖြူစင်နေတဲ့ စိတ်ထားလေးက ညစ်ထေးသွားတတ်တာမျိုး။ ကိုယ်တစ်ယောက်တည်း (ကိုယ့်မိသားစုအပါအဝင်) ကြီးပွားချမ်းသာဖို့အတွက် အများကို နင်းပြီးတက်တဲ့အခါ ပြုခဲ့တဲ့ မတရားမှုတွေရဲ့ ရောင်ပြန်ဟပ်ခြင်းကိုတော့ မလွဲမသွေ ခံစားရတတ်ပါတယ်။ ဒါဟာလောကနိယာမတစ်ခု။ နှလုံးသားထဲမှာ အတ္တစိတ်ချည်း ပြည့်နေတာထက် သူများအတွက်ဆိုတာလေးကို နည်းနည်းပါးပါး နေရာပေးရင်တော့ လူသားဆန်သူတစ်ဦးအဖြစ် ရပ်တည်နိုင်မှာ အသေအချာပါပဲ။

    နေ့စဉ်ဘဝမှာ လူတစ်ယောက်ဟာ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှု ဒါမှမဟုတ် အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုမျိုးကို ပြုတတ်ကြတယ်လို့ ဆိုပါတယ်။ တစ်နည်းပြောရရင် အဲဒီသူဟာ သူရဲ့အင်အားကို ကောင်းကျိုးပြုရာမှာပဲ ဖြစ်ဖြစ် ဆိုးကျိုးပြုရာမှာပဲ ဆိုဆို အသုံးချတဲ့သဘောပါ။ အကောင်းမြင်ပြီး ကောင်းကျိုးလုပ်ရာမှာ မွေ့လျော်သူဟာ ဖြစ်ရပ်တိုင်းကို အကောင်းဘက်က မြင်တတ်တွေးတတ်တယ်။ ဒီတော့လည်း လူမှုရေးစိတ်ဓာတ် အပြည့်ရှိသူအဖြစ် အပေါင်းအသင်း မိတ်ဆွေ ပေါများလေ့ရှိတယ်။ သူနှင့်ဆက်ဆံဖြစ်တဲ့သူတိုင်းမှာ စိတ်ချမ်းသာစရာလေး တစ်ခုခုကို ခံစားရတာ အမှန်ပဲမို့ အပျော်လေးတွေ ကူးစက်စိမ့်ဝင်တာကို လက်တွေ့ကြုံဖူးကြမှာပါ။ လူမှုရေးစိတ်ရှိသူဟာ အပေါင်းအသင်းတွေအလယ်မှာ အများက လိုလားနှစ်သက်လက်ခံတာကို အသေအချာ နားလည်သိရှိခွင့်ရတယ်။

    လူမှုရေးစိတ်ဓာတ်ရှိသူ တစ်ဦးဆိုတာ ကိုယ်ကျိုး လုံးဝစွန့်လွှတ်တာမျိုး မဟုတ်သည့်တိုင် သူများအတွက်ဆိုတဲ့ စာနာ စိတ်ကလေး ထည့်တွေးတတ်တယ်။ လက်တွေ့မှာလည်း တစ်နိုင်တစ်ပိုင် ဆောင်ရွက်သူ လို့ဆိုပါရစေ။ အဲဒီလိုလူမျိုးဟာ လူတွေရဲ့မကောင်းတဲ့ အချက်တွေကိုချည်း ရွေးမနေဘူး။ ကောင်းကွက် မကောင်းတဲ့ အချက်တွေကိုချည်း ရွေးမနေဘူး။ ကောင်းကွက်လေးတွေကို ရှာပြီး ကြည့်တတ်မြင်တယ်။ နောက်ပြီး သူ့ကိုလက်ခံလိုလား။ သူအရေအတွက်ဟာ မနှစ်မြို့ဘဲ စကားဆိုမဲ့သူတွေထက် များတယ်ဆိုတာ အခိုင်အမာယုံကြည်ပြီးသား။ သူ့ရဲ့လုပ်ရပ်တွေကို (မနာလိုစိတ်ပွားပြီး) မေးငေါ့သူတိုင်းရဲ့ စိတ်ထားကို ဥပေက္ခာပြုထားလိုက်တယ်။ ဒီတော့ အဲဒီလူတွေနှင့် ဟန်မပျက်ဆက်ဆံနိုင်တယ်။ သူတို့ပြောသမျှဆိုသမျှကို တနုံ့နုံ့ခံစားမနေဘူး။ ကောင်းကျိုး တစ်ခုခုပြုရင်း လောကမှာ နေပျော်အောင် လူမှုရေးအသိစိတ်နှင့် ဆောင်ရွက်နိုင်တာကိုပဲ အားရကျေနပ် ဖြစ်နိုင်တယ်။ သူ့အယူအဆ သဘောထားနှင့် မကိုက်ညီခဲ့ရင် ဒေါသတကြီး မဖြစ်ဘဲ ကွဲလွဲမှုကို လက်ခံနိုင်တယ်။ ဒါဟာ လူမှုရေးစိတ်အပြည့်အဝရှိသူရဲ့ ထူးခြားတဲ့ အရည်အသွေးတစ်ခုပါပဲ။

    ရှိသေးတယ်။ သူ့အနေနှင့် တစ်ခါတစ်ရံမှာတော့ လူ့သဘာဝအရ အမှားအယွင်းလေးတွေ ပြောမိလုပ်မိမှာ သေချာတယ်။ တစ်ခါတစ်လေတော့လည်း စေတနာအမှားလို့ ဆိုရမယ်။ အဲဒီလိုကြုံတဲ့အခါတိုင်း အမှားကို နှောင့်နှေးမနေဘဲ အလျင်အမြန် ဝင်ချတောင်းပန် တတ်တယ်။ ဒီတော့လည်း ရင်ထဲမှာ တေးထားမှတ်ထားတာတွေ ဘာမှမရှိတော့တာမို့ စိတ်ရှင်းသွားမှာတော့ အသေအချာပဲပေါ့။

    ကိုယ်နှင့်ဆက်နွယ်နေသူတွေရဲ့ အခက်အခဲတွေ ရင်ဖွင့်သမျှတွေကို စိတ်ဝင်တစား နားထောင်ပေးပြီး နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်း မျိုးကို မဆိုင်းမတွပေးဖို့ အမြဲတမ်း စဉ်းစားပေးတယ်။ ပါးစပ်ကနေ နှုတ်ကတိ လွယ်လွယ်ပေးပြီး အဖျားရှုးသွားတာမျိုးကို လူ့အသိုင်းအဝိုင်းက ရေရှည် လက်ခံလေ့မရှိကြဘူး။ ဒါကြောင့် လူမှုရေးစိတ်ရှိတယ်ဆိုရာမှာ သူများရဲ့အခက်အခဲ အကြပ်အတည်းတွေကို လူသားဆန်ဆန် တတ်စွမ်းသမျှ ကူညီယိုင်းပင်းတာမျိုး။ စကားပြောကောင်းပြီး လေစကားလေထဲပျောက်၊ လက်တွေ့မပါသူကို ပတ်ဝန်းကျင်က လက်မခံချင်ကြဘူး။

    လူသားကောင်းကျိုးဆိုတဲ့ ဦးတည်ချက်တစ်ခုတည်းကို ခေါင်းထဲမှာ သံမှိုစွဲသလို မြဲမြဲမြံမြံရှိသူဟာ ကိုယ်နှင့်ဆက်နွယ်နေသူတွေကို အာရုံစိုက်တယ်။ စိတ်ဝင်တစားလည်း ရှိတယ်။ ပေါ့ပါးရွှင်လန်းတဲ့ ဟန်ပန် အမူအရာမျိုးကို ပိုင်ဆိုင်ထားတာကြောင့် မြင်ရသူတွေမှာ အပျော်အလေးတွေ ကူးစက်ပြီး စိတ်လက်ပေါ့ပါးသွားရော။

    စိတ်ခံစားမှုဆိုတာက ကူးစက်တတ်တဲ့ သဘောရှိတာမို့ သောကတွေ ဒေါသတွေ လွှမ်းနေသူနှင့် တွေ့ကြုံရဖန်များလာတဲ့အခါ ကိုယ့်စိတ်တွေပါ လေးလံဆိုးညစ်ကုန်တယ်။ လောကကြီးကို အလှဆင်နိုင်ဖို့ တစ်ထောင့်တစ်နေရာလေးက ပါဝင်ခွင့်ရသူဟာ လူမှုရေးစိတ်ရှိပြီး လူသားအကျိုး သယ်ပိုးသူတစ်ဦးဆိုတာတော့ သံသယပွားစရာမလိုအောင် ယုံကြည်ကြရအောင်ပါလို့။

    နှင်းဆီခင်

  • သတ္တိ ရှိတယ်တဲ့လား

    သတ္တိ ရှိတယ်တဲ့လား

    မတ် ၂၈ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    courage
    “သတ္တိရှိလိုက်တာ”လို့ လူတွေက တအံ့တသြချီးကျူးတာကို ခံရတဲ့အခါ လူ့သဘာဝအရ တအားကြီးကျေနပ်မိမှာပါ။ ယောက်ျားတွေက အားကျလေးစားတဲ့ အရည်အသွေးတွေထဲမှာ သတ္တိရှိခြင်းဆိုတာ ထိပ်ဆုံးကပါဝင်နိုင်ပါတယ်။ ရှေးခေတ် အခါသမယတုန်းက ဆိုရင် ယောင်္ကျားတစ်ယောက်ရဲ့ သတ္တိရှိခြင်းဟာ သူ့ရဲ့ယောက်ျားပီသမှုအတွက် ပြယုဂ်တစ်ခုပဲပေါ့။ ဓား၊ လှံ၊ လက်နက်ချင်းယှဉ်ရင်း လက်ရုံးရည်ကို ပြသခဲ့ကြသလို လူသာမန်တွေလုပ်နိုင်တဲ့ စွမ်းဆောင်မှုတွေကို ထုတ်ဖော်ပြသ ခဲ့ကြတယ်။

    ဒီကနေ့ခေတ်မှာရော ယောင်္ကျားတွေဟာ သူတို့ရဲ့ကာယသတ္တိကို နည်းလမ်းမျိုးစုံနှင့် ပြသကြသည်ပဲပေါ့။ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးထဲမှာ တစ်ကိုယ်တော် ရွက်လွှင့်လား လွှင့်ရဲ့၊ မြင့်မားလှတဲ့ ချောက်ကမ်းပါးစွန်းထိပ်ကနေ ပင်လယ်ထဲကို ခုန်ချပြတာလည်းမရှား၊ ရှိသေးတယ်။ ဟိုးအမြင့်မှာ ကြိုးတန်း လမ်းလျှောက်ပြသလို မြန်နှုန်းမြင့်ပြိုင်ကားကို အရှိန်ပြင်းပြင်း မောင်းပြသူတွေလည်း ရှိပြန်ရော။ တချို့ကျပြန်တော့ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသူတွေကို အသက်စွန့် ကြိုးပမ်းကယ်ဆယ်ပေးကြလို့ မီးလောင်နေတဲ့ အဆောက်အအုံထဲကို သက်စွန့်ကြိုးပမ်း ဝင်ရောက်ပြီး ပိတ်မိနေတဲ့သူတွေကို ကယ်ခဲ့ကြတယ်။ ဘယ်လိုပုံစံနှင့်ပဲဖြစ်ဖြစ် သတ္တိရှိခြင်းကို အသွင်အမျိုးမျိုးနှင့် ပုံဖော်ကြတဲ့သဘောပါ။ ဒီလုပ်ဆောင်ချက်တွေဟာလည်း မြင်သာထင်သာရှိတဲ့ သတ္တိရှိခြင်းတွေလို့ ဆိုနိုင်ပါတယ်။

    ယေဘုယျအနေနှင့်ပြောရင် ကာယသတ္တိရှိခြင်းနှင့် စိတ်သတ္တိအစွမ်းဆိုပြီး ခွဲခြားသိရှိရသလို အဲဒီအတွက် ပြယုဂ်တွေကို အခွင့်အခါသင့်သလို ကြုံဆုံခံစားရလေ့ရှိပါတယ်။ တစ်ခါတစ်ရံကျပြန်တော့ သတ္တိအစစ်အမှန်ကို ထင်ရှားအောင် လက်တွေ့ဖော်ပြလို့ မရနိုင်ပေမယ့် ရင်ထဲကစူးနစ်သွားအောင် ခံစားလိုက်ရတဲ့ ဖြစ်ရပ်မျိုးမှာ တစ်စုံတစ်ဦးရဲ့ စိတ်သတ္တိအစွမ်းကို သိရှိလိုက်နိုင်သည်ပဲပေါ့။

    ဆိုပါစို့။ ကိုယ်လက်အဂါင်္ချို့တဲ့နေသူတစ်ဦးဟာ လောကကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ အကျိုးပြုနိုင်အောင် ပါဝင်ဆောင်ရွက်နိုင်ခြင်းဟာ စိတ်သတ္တိအင်အား ကြီးမားခြင်းပါပဲ။ မသန်ပေမယ့် စွမ်းသူတွေဟာ ဘဝကို အရှုံးမပေးဘဲ ရှင်သန်ရပ်တည်နေကြ ပါတယ်။ တစ်ခါတစ်ရံမှာတော့ လုပ်ချင်တာထက် လုပ်သင့် လုပ်ထိုက်တာတွေကို တာဝန်ကျေကျေ ဆောင်ရွက်ရတာမျိုးတွေရှိပါတယ်။ နာတာရှည်ဝေဒနာသည်တွေကို စိတ်ရှည်လက်ရှည်ပြုစုတာဟာ လက်တွေ့မှာ ထင်သလောက် မလွယ်လှပါဘူး။ ကိုယ်ပိုင်အချိန် တော်တော်များများကို လူမမာတစ်ယောက်နှင့် ကုန်ဆုံးရတာ တော်တော်လေး စိတ်ရှည်မှဖြစ်တာကိုး။ အထူးသဖြင့် စေတနာသက်သက်နှင့်ပဲ ပြုစုစောင့်ရှောက်ခြင်းမျိုးကို ဆိုလိုပါတယ်။ ကိုယ့်ရဲ့သွေးသားရင်းချာကိုပဲဖြစ်ဖြစ်၊ ခင်ရာဆွေမျိုးဖြစ်တဲ့ သံယောဇဉ်ရှိသူ သူစိမ်းတစ်ယောက်ကိုပဲဖြစ်ဖြစ် နေ့စဉ်ရက်ဆက်ပြုစုစောင့်ရှောက်နိုင်ခြင်းဟာ စိတ်သတ္တိစွမ်းအားကြီးမားခြင်းကို ဖော်ပြနေတယ်။

    နောက်တစ်ခုကတော့ သက်ကြီးရွယ်အို မိဘဘိုးဘွားတွေကို မညည်းညူပြုစုခြင်းပါပဲ။ ဒါ့အပြင် ပြင်းထန်တဲ့ ဝေဒနာခံစားနေရတဲ့ မသန်စွမ်း သားသမီးကို (တစ်ဘဝလုံး) လုံးဝမညည်းညူဘဲ ပြုစုစောင့်ရှောက်ခြင်းဟာ မလွဲသာလို့ ထမ်းဆောင်ရတဲ့ (သားသမီးတာဝန်၊ မိဘတာဝန်) ပဲလို့ မပြောနိုင်ပါဘူး။ စေတနာ၊ မေတ္တာအပြင် ကြီးမားတဲ့ စိတ်သတ္တိမျိုးလည်း လိုအပ်သေးတာကြောင့်ပဲပေါ့။

    တစ်ခါတုန်းကပေါ့။ ခရီးသည်တင် သဘောင်္ငယ်တစ်စင်းဟာ ရေစီးသန်တဲ့မြစ်တစ်ခုမှာ နစ်မြုပ်သွားတယ်။ ကယ်ပါယူပါ တစာစာအော်နေသူတွေကို မြစ်ကမ်းပေါ်မှာ ရှိသူတွေက မြစ်ထဲခုန်ဆင်းပြီး ကယ်ဖို့ကြိုးစားကြတယ်။ အဲဒီမှာ လူမမည်ကလေးတစ်ယောက်ရေထဲ မြုပ်ခါနီးဖြစ်နေတဲ့ မြင်ကွင်းကို လှမ်းမြင်လိုက်ရတဲ့ မြစ်ကမ်းပေါ်က လူတစ်ယောက်ဟာ ရေထဲကို တစ်ဟုန်တိုးခုန်ဆင်းပြီး ကလေးငယ်ရှိရာကို ရောက်အောင်သွားရင်း ကလေးကိုလှမ်းဆွဲနိုင်ခဲ့တယ်။ နောက်ပြီး တခြားကယ်ဆယ်ရေးသမားတစ်ဦးကို လှမ်းပေးလိုက်တယ်။ သူကိုယ်တိုင်ကတော့ ရေနစ်သေဆုံးသွားခဲ့တယ်။ သူရဲ့မိတ်ဆွေတွေ ပြန်ပြောပြလို့ သိကြရတာက အဲဒီသူဟာ ရေလုံးဝမကူးတတ်သူ မဟုတ်ဘူးဆိုတာပါပဲ။ လတ်တလော ဖြစ်ပေါ်လာတဲ့သတ္တိက သူများအတွက် အသက်စွန့်ကယ်ဆယ်ဖို့ တွန်းအားဖြစ်သွားတဲ့ သဘောပါ။

    ရှိသေးတယ်။ အဲဒီသဘောင်္ပေါ်ပါလာတဲ့ ခရီးသည်တွေထဲမှာ မိန်းမနှင့်ကလေးတွေကို ရတတ်သရွေ့ အသက်ကယ်လှေတွေထဲ ချပေးကြတယ်။ (အသက်ကယ်လှေ အရေအတွက် နည်းတယ်) ။ ဒါပေမယ့် ယောက်ျားတွေကတော့ လှေထဲကို လုံးဝမဆင်းကြဘူး။ ယောင်္ကျားတော်တော်များများဟာ သူများအတွက် ကိုယ်ကျိုးစွန့်ရင်း အသက်ဆုံးရူံးခံခဲ့ကြတယ်။ မြင့်မြတ်တဲ့စိတ်သတ္တိကို ချီးကျူးမဆုံးဖြစ်ကြတဲ့အကြောင်း စူမတြာကျွန်းအနီးက အဖြစ်အပျက်တစ်ခုက ဖော်ပြနေပါတယ်။

    ကနေဒီးယန်း စစ်ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသနေတဲ့ စစ်ပြန် စစ်သားတစ်ဦးကတော့ တကယ့်ကို အထင်ကရပါပဲ။ သူ့ကို ကိုးရီးယားသေနတ်သမားတစ်ယောက်က စစ်မြေပြင်မှာ ပစ်လိုက်တဲ့ ကျည်တောင့်ဟာ တစ်မဆုံကအရိုးကိုထိမှန်ပြီး အဲဒီအရိုးဟာ အပိုင်းအစလေးပေါင်း (၁၀၀) လောက်အထိ ပဲ့စဉ်သွားခဲ့တယ်။ အရိုးအပိုင်းအစလေးတွေက ကိုယ်ခန္ဓာရဲ့တော်တော်များများကို စတီးရိုးတွေနှင့် ဖြည့်စွက်ခဲ့ရတယ်။ ခွဲစိတ်ကုသမှုပြီးလို့ သတိရလာတဲ့အခါ နာကျင်တဲ့ဝေဒနာကို အလူးအလိမ့်ခံစားရတာပေါ့။ သူဟာ အဲဒီဆေးရုံတစ်ခုလုံးမှာ ဒဏ်ရာအပြင်းအထန်ဆုံး ရရှိသူပဲ။ ဒါပေမယ့် ခံစားနေရတဲ့ဝေဒနာကို သတ္တိရှိရှိ ကြိတ်မှိတ်ခံစားရင်း ပြောတာက…
    “ကျွန်တော်က သိပ်ကိုကံကောင်းတဲ့သူပါ။ ဘာဖြစ်လို့လဲဆိုတော့ ခြေတွေလက်တွေ ဖြတ်ပစ်ရသူတွေထက်စာရင် အများကြီးသက်သာတာပေါ့။ ကျွန်တော့်မှာ ကိုယ်ပိုင် ခြေတွေလက်တွေ ကျန်နေသေးတယ်လေ။ ခြေလက်တွေ ပြတ်နေရသူတွေကလည်း မျက်စိကန်းသွားသူတွေထက် ကံကောင်းတာပဲ။ ဟော – မျက်စိကန်းသူတွေကလည်း ကိုယ်ခန္ဓာ အောက်ပိုင်းသေသွားသူတွေ ထက်တော့ ကံကောင်းသေးတာပေါ့ဗျာ ” တဲ့။

    အဲဒီစစ်သားဟာ သူ့ဝေဒနာကို သတ္တိရှိရှိရင်ဆိုင်ခဲ့တဲ့အပြင် တခြားဝေဒနာသည်တွေကို အားပေးစကားတရင်းတနှီးပြောခဲ့တယ်။ ဒါကြောင့် အဲဒီဆေးရုံမှာတော့ သူ့ရဲ့ဇွဲသတ္တိကို မှတ်တမ်းတင်ရတဲ့အထိပါပဲ။ ကျော်ကြားတဲ့သမားတော်ကြီးတစ်ဦးက “သတ္တိဆိုသော အရာကို ခြားစိတ်ဖြာခြင်း” ဆိုတဲ့စာအုပ်မှာရေးထားတယ်။ “သတ္တိဆိုတာ ခွန်အားမဟုတ်ဘူး၊ နှလုံးသားရဲ့အစွမ်း” လို့ဆိုတယ်။ ဒါကြောင့် ကာယသတ္တိရော စိတ်သတ္တိပါ ပြည့်စုံအောင်ကြိုးပမ်းသင့်တယ်ဆိုတဲ့အကြောင်း။

  • အမေ တစ်ယောက်ရဲ့ဘဝ

    မတ် ၁၉ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    mother
    မိန်းမသားတစ်ယောက်ရဲ့ဘဝတစ်ခုမှာ သမီးပြီးတော့အမေ၊ အဲဒီကနေတစ်ဆင့် အဘွား စသည်ဖြင့် ကူးပြောင်းကြတာ ဖြစ်ရိုးဖြစ်စဉ် တစ်ခု။ ဒါပေမယ့် လက်တွဲဖော်မလို တစ်ကိုယ်တည်း ကျင်လည်နေသူတွေအတွက်တော့ တစ်မျိုးပေါ့။ သမီးကညာမို့ အချိန်မလင့်ချင်တဲ့ စိတ်ရင်းစေတနာကြောင့် လူကြီးမိဘတွေက သင့်ရာတော်ရာ အိမ်ထောင်ဖက်တစ်ဦးဦးကို ရွေးချယ်ပေးတာလည်းရှိတယ်။ တိုးတက်ခေတ်မှီပါတယ်ဆိုတဲ့ ဒီကနေ့ အိုင်တီခေတ်ကြီးထဲမှာလည်း တချို့တချို့တွေက အမေရှာပေးသူကိုပဲ ခေါင်းညိမ့်ရွေးချယ် တတ်ကြပါသေးတယ်။ အမေရွေးပေးတာပဲဖြစ်ဖြစ် နှလုံးသားရဲ့ရင်ခုန်ခံစားတာကြောင့်ပဲဆိုဆို အိမ်ထောင်သည် ဘဝကို ရောက်ရှိခဲ့ကြတယ်။

    သားသမီးငယ်လေးတွေ ပွားစည်းလာတဲ့အခါ အမေဆိုတဲ့ ဝိသေသနတစ်ခုကို ပိုင်ဆိုင်ခွင့်ရသည်ပဲပေါ့။ အမေရယ်လို့ဖြစ်လာတဲ့အခါ အတွေးအမြင်နှင့် အသိစိတ်တွေဟာ တဖြည်းဖြည်းချင်းမဟုတ်ဘဲ ဗြုန်းစားကြီးဆိုသလို ပြောင်းလဲသွားတတ်တယ်။ သားကိုသခင်လို့ ဆိုထားတာမို့ အရာရာမှာ သားသမီးတွေအတွက်ပဲ ဦးစားပေးချင်စိတ်ဟာ အမေတိုင်းရဲ့နှလုံးသားမှာ အလိုလိုဖြစ်လာတတ်တာကိုး။ ကိုယ့်ရင်ထဲမှာ အကြာကြီးကြာအောင်ထားပြီးမှ လူ့လောကထဲကိုပို့ပေးခဲတဲ့ ဒီသား၊ သမီး မချစ်ဘယ်သူ့ရှိပါ့မလဲနော်။ ချစ်သမျှတုန်နေအောင်၊ ရူးလောက်အောင်ချစ်ရတာလေ။ အမေကသားသမီးတွေကိုချစ်တာ ဘွဲ့တွေ ဂုဏ်တွေ၊ ငွေကြေးဓနတွေ ဘယ်လိုပဲကွာခြားပါစေ အချစ်စိတ်က တစ်သားတည်း အဆင့်ခွဲလို့ကိုမရပါဘူး။ ငွေကြေးချို့တဲ့တဲ့ မိန်းမသားတစ်ယောက်အတွက် သူမရဲ့ရင်သွေးအပေါ်ထားတဲ့အချစ်က အခြားသူတွေလောက်တော့ မလျော့တာအသေချာပဲပေါ့။ ထိတွေ့ကိုင်တွယ်နိုင်စွမ်းမရှိပေမယ့် အမေနှင့်သားသမီးကြားက သံယောဇဉ်ကြိုးဆိုတာ ခိုင်မှခိုင်။

    အမေတစ်ယောက်ကပြောဖူးတယ်။ သူမရဲ့အဝေးရောက်သမီးလေးက Message လေးတစ်ခုပို့လိုက်တယ်။
    “အမေ… အမေ့ကိုသမီးချစ်တယ်” တဲ့။
    စကားလုံးနည်းနည်းလေးပေမယ့် ရင်ထဲ ထိ လောက်အောင် ထွင်းဖောက်သွားလိုက်တာ။ ပြီးတော့ ရှိသေးတယ်။ သမီးကဆက်ပြီးရေးထားတာက

    မေ နှင့် ဖေ
    သမီးသက်တမ်းတစ်လျှောက်လုံး မေနှင့်ဖေ နှစ်ဦးစလုံးကို ဘယ်တော့မှမမေ့ဘူး။ ရင်ထဲအမြဲရှိနေခဲ့ပါတယ်။ သမီးဘဝအနာဂတ်လှပဖို့ စီမံကိန်းချပြီး တအားကြိုးစားပေးခဲ့ကြတယ်နော်။ အစစအရာရာ ချိုးခြံချွေတာခဲ့တာတွေ သမီးသိတာပေါ့။
    မေနှင့်ဖေရယ်   သမီးရဲ့စာတိုလေးဟာ သတိရနေပါတယ်ဆိုတဲ့ အမှတ်အသားလေးတစ်ခုပါ။ သမီးဟာ မေတို့ဖေတို့ကို သိပ်ချစ်တဲ့ သမီးဆိုတာ ယုံပါနော်။

    အဲဒီအမေက သူ့သမီးရေးလိုက်တဲ့စာတိုလေးအတွက် အားရကျေနပ်ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

    တကယ်တမ်းပြောရရင် အမေဆိုတာ မိသားစုလေးတစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ အိမ်ထောင်ရဲ့အရှင်သခင်မပဲလို့ ဆိုရမယ်။ (မိသားစု စားဝတ်နေရေးကို အဓိကတာဝန်ယူတဲ့အဖေက အိမ်ဦးနတ်ဆိုရင်ပေါ့) အမေတစ်ယောက်ရှိခြင်း မရှိခြင်းဟာ အဲဒီမိသားစု အတွက် တကယ့်ကိုအရေးပါတယ်ဆိုတာတော့ လက်တွေ့သိနိုင်တာမျိုး နွေးထွေးတဲ့အမေ့ရင်ခွင်ကို တမ်းတမ်းတတဖြစ်ကြတာ မဆန်းပါဘူး။

    အနေတည်ပြီးရှိန်ရတဲ့ (များသောအားဖြင့်) အဖေထက် အမေ့နားကပ်ပြီး တိုးတိုးမွတ်မွတ်နေဖြစ်ကြတယ်။ လိုအပ်တာမှန်သမျှ အမေ့အနားကပ်ပြီး ပူဆာရသလို အဖေ့ကို တိုက်ရိုက်မချဉ်းကပ်ဝံ့တာမှန်သမျှ အမေ့ကိုပဲနားပူနားဆာလုပ်ရရော။ အမေဆိုတာ မျိုးကလည်း သည်းခံနိုင်စွမ်းရှိတဲ့ အံ့သြစရာကောင်းလောက်တဲ့ မိန်းမသားတစ်ဦးပဲပေါ့။ လူပုံနွဲ့ပေမယ့် သားတွေသမီးတွေ အတွက် ခြင်္သေ့လိုရဲရင့်တဲ့ နှလုံးသားပိုင်ရှင်မျိုးပေါ့။

    အမေတစ်ယောက်ဟာ သူငယ်ငယ်က ကြီးပြင်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံကို အရင်းခံပြီး သားသမီးလေးတွေအလှည့်မှာ အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေးနိုင်ပြီး သားသမီးတွေရဲ့ရင်ကို (မပြောဘဲနဲ့) ထွင်းဖောက်မြင်နိုင် သိနိုင်တာအမေပဲ၊ သားသမီးတွေကို စိတ်ဓာတ်ခွန်အားပေးနိုင်တာလည်း ဒီအမေပဲ။ အားငယ်နေချိန်မှာ အမေ့ရင်ခွင်ကိုတိုးဝင်ပြီး ငိုလိုက်ရရင် သောကမှန်သမျှ ပြေပျောက်သွားအောင် ချော့မော့နှစ်သိမ့်ပေးနိုင်တာလည်း ဒီအမေပဲပေါ့။

    တချို့ ထက်မြတ်ကျော်ကြားတဲ့ မိန်းမသားတွေဟာ သူတို့ရဲ့မိခင်ဘဝကို သိပ်ပြီးတန်ဖိုးထားဂုဏ်ယူကြတယ်။ လူလွတ်ဘဝကထက် အိမ်ထောင်ရှင်မိခင်ဘဝမှာ လောကကြီးအပေါ် ​ရှုထောင့်အမြင်တွေအများကြီး ကွာခြားသွားတယ်။ ပိုပြီးရင့်ကျက်တည်ငြိမ်လာတယ်။ သားသမီးတွေရဲ့ စံထားလောက်တဲ့ အမေတစ်ယောက်ဖြစ်အောင် အစွမ်းကုန်ကြိုးစားသလို သူတို့ရဲ့သားသမီးလေးတွေအတွက်လည်း အမြဲဂုဏ်ယူတယ်။ အချစ်ဆိုးချစ်သလို နားလည်စာနာနိုင်ဆုံးသူတစ်ဦးဖြစ်အောင်နေတယ်။

    သားသမီးလေးတွေကို နားဝင်အောင်သွန်သင်ဆုံးမတတ်သလို  လောကကြီးကို အလှဆင်တဲ့လူသားတစ်ယောက်ဖြစ်အောင် သိမ်သိမ်မွေ့မွေ့လေး ဆွဲဆောင်နိုင်တာ မိခင်ကောင်းတစ်ဦးရဲ့ အရည်အချင်းလို့ ပြောပါရစေ။ အမေဟာ မိသားစုဝင်တွေအတွက် အနီးဆုံးနှင့်အချစ်တတ်ဆုံး သူတစ်ဦးအဖြစ် တစ်သက်လုံး ရှိသွားမှာပါ။ အမေရှိနေခြင်းဟာ ကိုယ့်အတွက်ကြီးမားတဲ့ ခွန်အားတစ်မျိုးကို ပိုင်ဆိုင်ခွင့်ရတာနှင့် အတူတူပါပဲ။ လောကကြီးမှာ တိုးဝင်လှုပ်ရှားရုန်းကန်ဖို့ မဝံ့မရဲမဖြစ်အောင် အဓိကတွန်းအားပေးနေတာ၊ အမေရဲ့အားမာန်ပါလို့ဆိုရင်….

    စာဖတ်သူမှာ “အမေ” ဆိုတာ သက်ရှိထင်ရှားရှိနေသလား။ ဒါဆိုရင် ကံကောင်းလိုက်တာ။

    နှင်းဆီခင်

  • ပီပြင်တဲ့ အနာဂတ်ဘဝ

    ပီပြင်တဲ့ အနာဂတ်ဘဝ

    မတ် ၁၁ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    Blog-The-Future
    လူတိုင်းလိုလိုရဲ့ရင်ထဲမှာ အနာဂတ်အတွက် စိတ်ကူးလေးတွေ ကိုယ်စီရှိထားနှင့်ကြသည်က သဘာဝပါပဲ။ အဲဒီအတွက် ပုံဖော်နိုင်အောင်လည်း ကြိုးပမ်းကြရတယ်။ စိတ်ကူးနှင့် လက်တွေ့ဘဝ တစ်ထပ်တည်းကျလို့ အောင်မြင်ပျော်ရွှင်ရသူတွေလည်း ရှိသလို၊ မှန်းထားတဲ့ အတွေး စိတ်ကူးတွေနှင့် အံချော်လွဲဖယ်သွားသူတွေလည်း ရှိပါတယ်။ တချို့ရှိတယ်။ လက်တွေ့မပါ စိတ်ကူးချည်း သက်သက်နှင့် အဖိုးတန် အချိန်တွေကို နှမြောစရာကောင်းလောက်အောင် ဖြုန်းပစ်နေကြရော။ ဒီတော့လည်း ပီပြင်တဲ့အနာဂတ်ဘဝ တစ်ခုကို ပိုင်ဆိုင်ခွင့်မရတာ အံ့သြစရာ မရှိပါဘူးနော်။ တကယ်တော့ ပြန်ပြီးဖြည့်ဆည်းလို့မရ၊ ဝယ်လို့လည်းမရတာ အချိန်ပါပဲလို့ဆိုရင် အဲဒီလောက်အဖိုးတန်တဲ့အချိန်ကာလတွေမှာ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက် ကျယ်ကျယ်ပြန့်ပြန့်ပြောရင် ကိုယ့်ဝန်းကျင်နှင့် လူသားအကျိုးပြုလုပ်ရပ် တစ်ခုခုလုပ်ရင်း ကုန်ဆုံးသင့်သည်ပဲပေါ့။

    ပီပြင်တယ်ဆိုတာဟာ ရှင်းလင်းပြတ်သားပြီး ရိုးရှင်းစွာပုံပေါ်နေတာမျိုးလို့ ဆိုနိုင်တယ်။ လာမယ့် မနက်ဖြန်ကနေ နောက်ဆုံး ထွက်သက်အထိ ကာလကိုတော့ တစ်ဦးချင်းရဲ့အနာဂတ်လို့သတ်မှတ်ရင် ထင်ရှားပြတ်သားတဲ့ အနာဂတ်ဘဝကို ပုံဖော်ဖို့ဆိုတာ ကာယကံရှင်ရဲ့  သဘောဆန္ဒအတိုင်းပါ။

    ကောင်းပြီ။ ပီပြင်တဲ့ အနာဂတ်ကိုတည်ဆောက်ဖို့ ဘယ်သူတွေ၊ ဘယ်လိုတည်ဆောက်ကြမယ် ဆိုတာကို ဆန်းစစ်လေ့လာကြည့်ကြ ရအောင်ပါ။ တကယ်တမ်းပြောရရင် အရွယ်သုံးပါးမရွေး လူတိုင်းလူတိုင်းမှာ ကြိုးစားတည်ဆောက်ခွင့်ရှိနေတယ်။ လူ့သက်တမ်းကို အကြမ်းဖျင်းအနေနှင့် နှစ် (၇၀) လို့သတ်မှတ်မယ်ဆိုရင် သက်တမ်း ၁/၃ ရှိတဲ့ လူငယ်သက်တမ်း တစ်ဝက်လောက်ရှိတဲ့ လူလတ်ပိုင်းနှင့် သက်တမ်းစေ့ (လွန်) သက်ကြီးပိုင်းလို့ သတ်မှတ်နိုင်တယ်။

    လူငယ်တွေအနေနှင့် ငယ်ဂုဏ်က ရှိပြီးသားမို့ စိတ်သွားတိုင်းကိုယ်ပါ၊ တက်ကြွဖျတ်လတ်တယ်။ ဇွဲနပဲကြီးကြီးထားပြီး မဖြစ်မနေကြိုးစားတာ လူငယ်အများစုရဲ့သဘာဝ။ လူငယ်ဘဝမှာ အတတ်ပညာတွေကို ရတတ်သရွေ့ကြိုးပမ်းရှာတယ်။ ပြီးတော့ လက်တွေ့အသုံးချရင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တယ်။ အောင်မြင်တဲ့အခြေအနေတစ်ခုကို မျှော်မှန်းထားတာ လူငယ်ရဲ့ပီပြင်တဲ့အနာဂတ်လို့ ဆိုနိုင်တယ်။

    လူလတ်ပိုင်းအရွယ်မှာတော့ ဘဝတစ်ခုကိုအခြေတကျ တည်ဆောက်ပြီးတဲ့ အရေအတွက်က များတယ်လို့ ဆိုရမယ်။ အလုပ်ပြီးအလုပ်၊ စီးပွားပြီးစီးပွားရှာရင်း မိသားစုအတွက် ကြိုးပမ်းနေကြတယ်။ ကိုယ့်ရဲ့အိမ်ထောင်ဖက်နှင့် သားတွေသမီးတွေအတွက် အားတက်သရော ရှာဖွေနေကြသူတွေလည်း ဖြစ်တယ်။ အထူးသဖြင့် ကိုယ့်သားသမီးလေးတွေရဲ့ အနာဂတ်ဘဝ ပီပြင်လှပဖို့ ပညာ၊ ငွေနှင့် အချိန်တွေကို အရင်းအနှီးလုပ်ပေးနေရချိန်ပါပဲ။ သူတို့လေးတွေအတွက် ခိုင်မာတဲ့ အဖြေတစ်ခုခုကို ဖန်တီးပေးချင်တာဟာ အဓိကမျှော်မှန်းချက်ဖြစ်သလို ကိုယ်တိုင်လည်းစိတ်အေးချမ်းတည်ငြိမ်လှပတဲ့ အနာဂတ်ဘဝကို တည်ဆောက်ချင်တာ ပြင်းပြတဲ့ဆန္ဒတစ်ခုလို့ ဆိုရမယ်။

    အဖေက ကျွန်မတို့ငယ်ဘဝမှာ မကြာမကြာပြောလေ့ရှိတဲ့ စကားလေးတစ်ခွန်းက
    “Be content with what you have, but not with what you are”
    “ရှိတာနဲ့ ရောင့်ရဲကျေနပ်၊ ဒါပေမယ့် လက်ရှိဘဝကို ဘယ်တော့မှ မရောင့်ရဲနဲ့” တဲ့။

    တတ်ထားတဲ့ပညာ၊ လေ့လာထားတဲ့အသိပညာတွေဟာ ပြည့်စုံလုံလောက်ပြီလို့ ဘယ်တော့မှ မယူဆဘဲ၊ ပိုပြီးတိုးတက်အောင်မြင်အောင် ကြိုးစားနေကြရမှာပဲလို့ ဆိုလိုတဲ့သဘော။ လှပတဲ့အနာဂတ်တစ်ခုကို ရိုးရိုးစင်းစင်းလေး တည်ဆောက်ချင်သူဟာ ကိုယ့်ရဲ့စိတ်ကူးတွေပီပြင်လာအောင် အတတ်နိုင်ဆုံး ကြိုးစားလေ့ရှိကြပြီး သူများတကာရဲ့ ကြွယ်ဝမှုနှင့် အောင်မြင်မှုတွေကို ဝန်တိုစိတ်ကင်းကင်း ထားတတ်ကြတယ်။

    ဘဝဆိုတာရှိရင် အနာဂတ်ဆိုတာ ရှိကိုရှိရမယ်။ အဲဒီအနာဂတ်ဟာလည်း ပီပြင်လှပအောင် ပုံဖော်ထားတာမျိုးဖြစ်ရမယ်။ အရေးကြီးတာက ကိုယ့်ကိုယ်ကို ဦးဆုံးဆန်းစစ်ကြည့်မှ ဘဝမှာဘာဖြစ်ချင်တာလဲ၊ အဲဒီရည်မှန်းချက်ပြည့်အောင် ဘာလုပ်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖွေကြည့်နိုင်မှာဖြစ်တယ်။ နည်းလမ်းတွေ ရှာဖွေလေ့လာလို့တွေ့ပြီပဲထား လက်တွေ့လိုက်နာကျင့်ကြံဖို့က လိုပြန်ရော။ သိပ်ပြီးကောင်းပါတယ်ဆိုတဲ့ သီအိုရီတွေ အဆိုအမိန့်တွေကို ဖတ်မှတ်ထားရုံနှင့် မလုံလောက်ဘူးလေ။ ကိုယ်တိုင်လက်တွေ့ကြိုးစားဦးမှ ဖြစ်တာကိုး။

    ကိုယ့်အတွက် တကယ်တမ်းအားဖြည့်ကူညီပြီး လမ်းညွှန်ပေးနိုင်တာကတော့ အတွေ့အကြုံများတဲ့ အသိပညာရှင်တွေနှင့် စာအုပ်စာတမ်းတွေပါပဲ။ တစ်ခုရှိတာက ဘဝအတွက်တိုးတက်ရာ တိုးတက်ကြောင်း ညွှန်ပြပေးမယ့်သူတွေဆိုတာ အခန့်သင့် ကြုံချင်မှကြုံကြိုက်တာမျိုး။ အားကိုးအားထားပြုရမယ့်သူ ကိုယ့်အကျိုးကို တကယ်လိုလားပြီး နည်းပေးလမ်းပြ လုပ်မယ့်သူဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါဆိုရင် ရင်ထဲမှာစိတ်ကူးထားတဲ့ အနာဂတ်ဘဝကို ကောင်းကောင်းကြီးအကောင်အထည်ဖော်နိုင်ပြီပေါ့။

    အဲဒီလိုမဟုတ်ခဲ့ရင် ဘာလုပ်မလဲ။ စာဖတ်ရမှာပေါ့။ ဘဝအတွက် အကောင်းဆုံး လမ်းညွှန်မိတ်ဆွေတွေဟာ စာအုပ်တွေပဲလို့ ယေဘုယျ သတ်မှတ်ထားကြသည်။ ကိုယ့်ရည်မှန်းချက်နှင့် အနီးစပ်ဆုံး ကိုက်ညီမည့် စာအုပ်တွေဟာ တကယ့်ကိုအားထားရာတွေပါပဲ။ တချို့က ပြောကြမယ်။ နေထွက်ကနေဝင် ဇယ်စက်သလို သွားလာလှုပ်ရှားနေရတာမို့ စာဖတ်ချိန်မရှိပါဘူး။ တကယ်တမ်းဖြစ်ချင်တဲ့အာသီသရှိသူဟာ နေ့တစ်နေ့ရဲ့ မိနစ်ပိုင်းလောက်ကိုပဲဖြစ်ဖြစ် စာဖတ်ချိန်သီးသန့်ဖယ်ခွင့်ရှိပါတယ်။ လက်တွေ့လုပ်ကြည့်ဖို့တော့ လိုမှာပေါ့။

    ဆိုပါစို့။ စာရေးသူတစ်ယောက်ဖြစ်ဖို့ ဝါသနာကြီးသူတစ်ယောက်အတွက် စာဖတ်နာရမယ်၊ စာစုံဖတ်ရမယ်၊ မှတ်မယ်၊ အတွေးတွေကို စကားလုံးအဖြစ် ရေးချမယ်၊ သတ်ပုံသတ်ညွှန်း၊ အရေးအသားစတာတွေကို မျက်ခြေမပြတ် လေ့လာနိုင်ရမယ်၊ စတာတွေကို တစိုက်မတ်မတ်လုပ်ရင်း မျှော်မှန်းထားတဲ့ စာရေးသူတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေရလာမှာပါ။ ကြိုးစားနေရမှာက ကိုယ့်တာဝန်ပဲမဟုတ်လား။

    ဒီတော့ ဘယ်လိုအသက်အရွယ်ပဲဖြစ်ဖြစ် အနာဂတ်ကိုမျှော်လင့်ရင်း ရှင်သန်နေကြတာ အများစုရဲ့ ရင်တွင်းဆန္ဒပဲ။ ဖြစ်မလာနိုင်တော့ပါဘူးဆိုတဲ့ အားလျှော့သံဟာ ပီပြင်တဲ့အနာဂတ်နှင့် ဝေးသည်ထက်ဝေးစေတာတော့ အမှန်ပါပဲဆိုတာကိုတော့။

    နှင်းဆီခင်

  • အကျင့်ကောင်းကလေးတွေ

    အကျင့်ကောင်းကလေးတွေ

    မတ် ၃ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်

    good_bad_habits_large

    လူတွေကပြောကြတယ်။ ဗီဇဆိုတာ မွေးရာပါ။ ပြင်မရဘူး။ အကျင့်ဆိုတာက မကြာခဏ လုပ်လေ့လုပ်ထရှိရင်းက စွဲသွားတာ၊ ဒီတော့ ဖျောက်လို့ရတယ်တဲ့။ ဘယ်လိုပဲဆိုဆို လူဆိုတာ စွဲမိစွဲရာစွဲသွားရင်းက မလုပ်ရမနေနိုင်အောင် အကျင့်ဖြစ်သွား တတ်ကြတယ်လေ။ ကိုယ့်အတွက်ပဲဖြစ်ဖြစ် သူများတကာအတွက်ပဲဆိုဆို ကောင်းကျိုးပြုနိုင်တဲ့ အကျင့်ကောင်းလေးတွေရှိသလို ကိုယ်တိုင်ရောသူများပါ အကျိုးမဲ့စေတဲ့ အကျင့်ဆိုးလေးတွေလည်း လူ့ပတ်ဝန်းကျင်မှာ ရှိနေတတ်ပြန်တယ်။ ကိုယ့်မှာရှိတဲ့အကျင့်တွေကို ကိုယ်တိုင်ဆင်ခြင်ကြည့်ရင်တော့ ခွဲခြားသိနိုင်မှာပါ။ ပြင်ယူဖို့ကတော့ သူများတိုက်တွန်းတာထက် ကိုယ်တိုင်စိတ်ခိုင်ခိုင်ထားပြီး ဖျက်ဖို့ပဲလိုတယ်။

    အထူးသဖြင့်ကတော့ လူငယ်တွေထဲမှာ ဘာရယ်မဟုတ်။ အသိုင်းအဝိုင်းရဲ့ အငွေ့အသက်ကြောင့် အကျင့်ဆိုးလေးတွေ စွဲမှန်းမသိစွဲသွားတတ်ကြတယ်။ ပြောစရာတော့ရှိတာပေါ့။ ဆင်ခြင်ဥာဏ်ကြီးတယ်ဆိုတဲ့ လူကြီးတွေမှာရော မကောင်းတဲ့အကျင့်တွေ ရှိနေတတ်တာပဲမဟုတ်လားလို့။ မှန်ပါတယ်၊ လူကြီးရော လူငယ်မှာပါ မကောင်းတဲ့အကျင့်တွေ စွဲတတ်တာပဲပေါ့။ ခက်တာက စိတ်ထဲမှာ မကောာင်းဘူးဆိုတာ သိသိကြီးနှင့်ပဲ အကျင့်ဖျောက်ဖို့က ခဲယဉ်းနေပြန်တယ်။

    ဆိုပါစို့ ဆေးလိပ်သောက်တာ၊ ဆေးပညာရှင်တွေက ဆေးလိပ်သောက်ခြင်းရဲ့ဆိုးကျိုးတွေကို တဖွဖွပြောပြကြ ပညာပေးကြတဲ့ကြားက အဲဒီဆေးလိပ်ကိုပဲ စွဲစွဲလမ်းလမ်း သောက်ဖြစ်နေကြတယ်။ ဆယ်ကျော်သက်လေးတွေကလည်း အရွယ်ရောက်ပြီး လူလတ်ပိုင်းတွေကို အတုခိုးပြီး ဖွာရင်းရှိုက်ရင်းကပဲ တစ်စစနှင့်စွဲမှန်းမသိစွဲသွားကြတယ်။

    ဒီအတိုင်းပါပဲ ဘာရယ်မဟုတ်စမ်းကြည့်ရင်းက ဘီယာ၊ အရက်အစ မူးယစ်ဆေးဝါးစွဲတဲ့အထိ ဖြစ်သွားကြသူတွေလည်း မရှားပါးလို့ မကောင်းဘူးလို့ အများကလက်ခံထားကြတဲ့ အကျင့်တွေထဲမှာတဝဲဝဲလည်လည် ဖြစ်နေကြတာပဲပေါ့။

    ကောင်းပြီ။ လူအများစုက ဒီလိုမကောင်းတဲ့အကျင့်တွေကိုပဲ ခုံခုံမင်မင်ဖြစ်နေကြတာလား မဟုတ်ပါဘူး။ ဖြူစင်စိတ်ဓာတ်နှင့် မွန်မြတ်တဲ့အကျင့်ကောင်းလေးတွေကို အသက်လို တန်ဖိုးထားသူတွေဟာ လောကကြီးမှာ ရှိနေပါသေးတယ်။

    ကျွန်မတို့ဝန်းကျင်မှာနေတဲ့ အသက်ကြီးပိုင်း အမျိုးသားကြီးတစ်ယောက်ဟာ မနက်စောစောတိုင်းမှာ လမ်းတစ်လျှောက်မှာရှိတဲ့ အမှိုက်သရိုက် (အထူးသဖြင့် ပလပ်စတစ်နှင့် ကြွပ်ကြွပ်အိတ်) တွေကို ညှပ်နှင့်ကောက်ပြီး ပလစ်စတစ်အိတ်တစ်လုံးထဲထည့် ပြီးရင်အမှိုက်ပုံးထဲထည့်တယ်။ ဝန်ထမ်း (အငြိမ်းစား) အရာရှိတစ်ယောက်က အခုလိုလုပ်ကိုင်နေတာကို အနီးအနားအိမ်တွေက လူငယ်လေးတွေကလည်း ဝိုင်းဝန်းကူညီပေးလာကြတယ်။ တစ်နည်းပြောရရင် အကျင့်ကောင်းလေးတွေ လက်ဆင့်ကမ်းတဲ့သဘော။ အခုချိန်မှာတော့ အဲဒီအမျိုးသားကြီး ဆုံးပါးသွားပါပြီ။ ဒါပေမယ့် လူငယ်လေးတွေက သူရဲ့လုပ်ရပ်တွေကိုဆက်ပြီး အကောင်အထည်ဖော်နေကြဆဲပါ။ လမ်းမကြီးမဟုတ်တဲ့ လမ်းသွယ်ထဲမှာ အခုလိုနည်းနှင့် ဖြေရှင်းဆောင်ရွက်ပေးတာကြောင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို တစ်နည်းတစ်လမ်း အထောက်အကူပြုနေတာပေါ့။

    ပြောရဦးမယ်။ တစ်ရက်မှာပေါ့။ ဆရာမအသစ်တစ်ယောက် ကျွန်တော်တို့အတန်းထဲမှာ စာသင်တယ်။ အတန်းထဲမှာရှိတဲ့ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်က ဆရာမဆီကို စက္ကူမြှားပစ်လိုက်တယ်။ ဆရာမရဲ့ခေါင်းမှာ သွားစိုက်တော့ ဆရာမက ဘယ်သူပစ်တာလဲ၊ ဝန်ခံရင် အပြစ်ပေးတာသက်သာမယ်။ ဝန်မခံရင်တော့ တစ်တန်းလုံးကို အပြစ်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် အဲဒီသူက ဝန်မခံဘူး။ တစ်တန်းလုံးကလည်း ဗိုလ်ကျအနိုင်ကျင့်တတ်တဲ့သူကို ကြောက်လို့မပြောရဲကြဘူး။ နောက်ဆုံးတော့ အိမ်စာအဖြစ် စာကြောင်းရေ ငါးရာရေးခိုင်းလိုက်ရော။ အပြစ်ကိုဝန်မခံခြင်းသည် အကျင့်ကောင်းတစ်ခုမဟုတ်ပါတဲ့လေ။ အိမ်မှာ လက်အံသေအောင်ရေး လိုက်ရတာဗျာ။ ရေးမလာရင် ကျောင်းအုပ်ကြီးရုံးခန်းကို ပို့မှာလို့ဆရာမကပြောထားတော့ မရေးလို့လည်း မရဘူးပေါ့။ နောက်တစ်နေ့ကျတော့ အဲဒီကျောင်းသားက ဆရာမကသူလုပ်တဲ့ အကြောင်းဝန်ခံတော့ ဆရာမကတစ်တန်းလုံးရှေ့မှာ ချီးကျူးတယ်။ အပြစ်ရှိရင်ဝန်ခံတတ်တဲ့အကျင့်ကောင်းကို လေ့ကျင့်ပေးခဲ့တာလေ။ နောက်ပြီး အပြစ်လုပ်တဲ့အတွင်တော့ လက်ဝါးကိုသုံးချက်ရိုက်တယ် တဲ့။

    တကယ်တော့ လူမှုရေးစိတ်ဓာတ်အပြည့်အဝရှိတဲ့ လူငယ်လေးတွေဟာ လောကကြီးကို အလှဆင်နေကြသူတွေထဲမှာ အရေးပါတဲ့ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါတယ်။ ကားစီးတဲ့အခါ အသက်ကြီးသူတွေကို နေရာပေးတာ၊ လမ်းကူးရင် အကူအညီပေးတာတွေဟာ အသေးအဖွဲလို့ ထင်ရပေမယ့် အကူအညီပေးခံရသူတွေရင်ထဲမှာ စိမ့်ဝင်အောင် ကြည်နူးကျေနပ်မိကြတာတော့ အမှန်ပါပဲ။

    အကျင့်ကောင်းရှိသူဟာ စိတ်ဓာတ်မြင့်မားတယ်။ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းတယ်။ လူ့ဘောင်ကိုအကျိုးပြုတယ်။ မိဘဆရာသမားနှင့် တတ်သိနားလည်သူတွေက စေတနာစကားဆိုရင်း လေ့ကျင့်သင်ကြားပေးတဲ့အခါ လေးလေးစားစား နာယူလိုက်နာဖို့တော့လိုမယ်။ အမူအကျင့်ဆိုတာ ငယ်ငယ်တုန်းကတော့ ပင့်ကူမျှင်လေးပါပဲ။ ကြီးလာတဲ့အခါ ကျောက်ကြိုးတွေ ဖြစ်သွားရောဆိုတဲ့ ပညာရှင်အဆိုအမိန့်တစ်ခုလိုပေါ့။ ကိုယ်စွဲမိနေတဲ့ အကျင့်တွေထဲမှာ ကောင်းမကောင်း ခွဲခြားမြင်တတ်ပြီး စိတ်ဓာတ်ခိုင်ခိုင်ထားလို့ ပြုပြင်သွားရင် ပြင်မရဘူးဆိုတာ မရှိပါဘူး။ လိုနေတာက ပြုပြင်ချင်တဲ့စိတ်ဓာတ်။

    နှင်းဆီခင်