News @ M-Media

Tag: DailySportNews

  • အလှဆုံး ဂိုးအတွက် ဖီဖာမှပေးအပ်သည့် Puskas ဆုအား အီဗရာဟီမိုဗစ် ဆွတ်ခူး

    ဇန်န၀ါရီ ၁၄၊ ၂၀၁၄
    M-Media
    570x355x228748-2077643.jpg.pagespeed.ic.mHATJe9Vf0
    – ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်မှာ အလှဆုံး ဂိုးသွင်းယူမှုများအတွက် ချီးမြှင့်သော Puskas ဆုအား ရရှိသွားခဲ့သည်ဟု သိရသည်။

    ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အင်္ဂလန်အသင်းအာ စတော့ဟုမ်း၌ ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ခြေစမ်းပွဲတွင် အီဗရာဟီမိုဗစ်သွင်းယူခဲ့သည့် ဂိုးအတွက် ရရှိခဲ့ခြင်းဖြစ်သည်။ ထိုပွဲတွင် အနိုင်ဂိုး ၄ ဂိုးစလုံးအား သွင်းယူနိုင်ခဲ့သည့် မိုဗစ်မှာ နောက်ဆုံးမိနစ်တွင် သူ၏နောက်ဆုံးဂိုးအား အင်္ဂလန်အသင်း၏ ဂိုးဧရိယအပြင်ဘက်မှ ဘိုင်စကယ် ကန်ချက်ဖြင့် လှပစွာ ကန်သွင်းယူနိုင်ခဲ့သည်။

    အီဗရာဟီမိုဗစ်မှာ အလှဂိုးသွင်းယူထားသူများဖြစ်သည့် ဘင်ဖီကာကစားသမား နီမန်ဂျာ မာတစ်နှင့် ဘရာဇီးတိုက်စစ်မှူး နေးမာတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းလည်းဖြစ်သည်။

    Puskas ဆုမှာ ၁၉၅၀ ပြည့်နှစ်များမှ ၁၉၆၀ ပြည့်နှစ်များအထိ ရီးယဲလ်အသင်းတွင် ကစားခဲ့သည့် ဂန္တ၀င်တိုက်စစ်မှူး Ferenc Puskas အား ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာမှ ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ထိုဆုအားရရှိခဲ့သည့် မိုဗစ်မှာ ဖီဖာမှရွေးချယ်သည့် ကမ္ဘာ့အကောင်းဆုံးအသင်း၏ တိုက်စစ်တွင် ရော်နယ်ဒို၊ မက်ဆီတို့နှင့်အတူ ပါဝင်ခဲ့သည်။

  • မန်ယူပွဲများ ဖာဂူဆန်လာကြည့်၍ အနှောက်အယှက်မဖြစ်ဟု မိုယက်စ်ပြော

    ဇန်နဝါရီ ၁၄၊ ၂၀၁၄
    M-Media

    356422_heroa
    – အသင်း၏ ပွဲစဉ်များအား နည်းပြဟောင်း ဖာဂူဆန်လာရောက်ကြည့်ရှုခြင်းအတွက် မိမိတွင် မည်သည့်ပြဿနာမှမရှိဟု မန်ချက်ယူနိုက်တက်အသင်း၏ နည်းပြ မိုယက်စ်က ပြောကြားလိုက်သည်။

    ဖာဂူဆန်လက်ထက်တွင် အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သည့် မန်ယူအသင်းမှာ မိုယက်စ် လက်ထက်တွင် အခြေအနေ ဆိုးရွားနေပြီး တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာမှ ပွဲလာရောက်ကြည့်ရှုသည့် နည်းပြဟောင်း ဖာဂူဆန်အား သေချာစွာ ရိုက်ပြလေ့ရှိသည်။ သို့သော်လည်း ထိုအခြေအနေက မိမိနှင့် အသင်းအတွက် မည်သည့် အနှောက်အယှက်မှ မဖြစ်ဟု မိုယက်စ်က ဆိုသည်။

    “ဆာအဲလက်စ်(ဖာဂူဆန်)ဟာ အလွန်ပြောင်မြောက်တဲ့ နည်းပြတစ်ဦးပါ။ သူပွဲကြည့်စင်ပေါ်မှာရှိနေတာဟာ ကျွန်တော့်ကို ကူညီဖို့ပါ။ ကျွန်တော်လိုအပ်တဲ့ အချိန်တွေမှာ သူနဲ့ စကားပြောဖြစ်ပါတယ်။ ပွဲအပြီး ၁ မိနစ် ၂ မိနစ်လောက် ကျွန်တော် သူနဲ့ တွေ့ဖို့ ကျွန်တော် အဆန္ဒရှိပါတယ်” ဟု မိုယက်စ်က MUTV သို့ပြောကြားခဲ့သည်။

    မန်ယူအသင်းအား နှစ်ပေါင်း ၂၀ ကျော်ကြာကိုင်တွယ်လာခဲ့ပြီး ယခုနှစ်မှ အနားယူသွားခဲ့သည့် ဖာဂူဆန်မှာ အသင်း၏ အနေအထားကို ယခုအချိန်အထိ စောင့်ကြည့်နေပြီး စနေနေ့က ကစားခဲ့သည့် ဆွမ်ဆီးနှင့် ပွဲမတိုင်မီတွင်လည်း အသင်း၏ နည်းဗျူဟာနှင့် ပတ်သက်၍ နည်းပြမိုယက်စ်အား အကြံဥာဏ်ပေးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

  • စိန့်ဂျိမ်းစ်ပ့ါက်မှာ အနိုင်ရခဲ့တဲ့ မန်စီတီး၊ လီဗာပူးလ်ဂိုး ပြတ်ခဲ့တဲ့ ပရီးမီးယားလိဂ် စူပါဆန်းဒေး ပွဲစဉ်များ

    ဇန်နဝါရီ ၁၃၊ ၂၀၁၄
    M-Media

    NEWMCI-1314-ps7

    ပရီးမီးယားလိပ်ပွဲစဉ် ၂၁ ရဲ့ လက်ကျန်ပွဲ ၂ ပွဲကို မနေ့က ကစားခဲ့ပြီး မန်စီးတီးနဲ့၊ လီဗာပူးလ်နှစ်သင်းစလုံး အနိုင်ရခဲ့ကြပါတယ်။ နယူးကာဆယ်အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ မန်စီတီး အနိုင်ရခဲ့တယ်ဆိုပေမယ့် အိမ်ရှင်အသင်းကို အပြတ်အသတ် အသာစီး ရယူနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ချယ်ဆီး၊ မန်ယူတို့ကို အနိုင်ကစားနိုင်ခဲ့တဲ့ နယူးကာဆယ် ဒီပွဲမှာလည်း ပွဲအစကတည်းက မန်စီးတီးအသင်း ဘက်ကို ဖိကစားနိုင်ခဲ့ပေမယ့် ၈ မိနစ်မှာ ဇစ်ကိုရဲ့ဂိုးနဲ့ မန်စီးတီးက ဦးဆောင်နိုင်ခဲ့တာပါ။ ပထမပိုင်းပြီးကာနီးမှာရရှိခဲ့တဲ့ တီယိုတီရဲ့ဂိုးကို ဒိုင်က ခွင့်မပြုခဲ့တာဟာ နယူးကာဆယ်အတွက် အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နယူးကာဆယ်တို့ ဂိုးရဖို့ကြိုးစားခဲ့သလို မန်စီးတီးအသင်းကလည်း ဂိုးရမယ့်အခွင့်အရေးတစ်ချို့ရရှိခဲ့ပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပိုမှာ နီဂရီဒိုက တစ်ဂိုးထပ်သွင်းခဲ့တာကြောင့် ချယ်ဆီးတို့ အနိုင်သေချာစေခဲ့ပြီး ဇယားထိပ်ဆုံးမှာ တစ်မှတ်အသာနဲ့ရှိနေခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် ကံဆိုးမှုတစ်ခုကတော့ ဒီပွဲမှာ အသင်းရဲ့ အားထားရတဲ့ အလယ်တန်းကစားသမား နာဆရီ ဒူးခေါင်းဒဏ်ရာ ရရှိသွားပြီး ဒဏ်ရာအခြေအနေဆိုးရွားနိုင်တယ်ဆိုတဲ့ သတင်းပါပဲ။

    လီဗာပူးလ်အသင်းကလည်း စတုတ်စီးတီးကွင်းမှာ ဂိုးတွေအပြန်အလှန်သွင်းပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ ပွဲအစမှာ လီဗာပူးလ်တို့ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ၄ မိနစ်မှာ ရှော ခရော့စ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ ဦးဆောင်ဂိုး စရခဲ့ပေမယ့် ပထမပိုင်းအပြီးမှာ ၂ ဂိုး စီသရေကျနေခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့ အနိုင် ၃ ဂိုး ထပ်ရခဲ့တဲ့အတွက် ၃ မှတ်သေချာခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး စတားရစ်ခ်ျ ဒုတိယပိုင်းမှာ လူစားဝင်ရောက်လာခဲ့ပြီး တစ်ဂိုးသွင်းယူခဲ့ကာ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လီးဗာပူးလ်အတွက် ဂိုးတွေကိုတော့ ဆွာရက်ဇ်က ၂ ဂိုး ဂျရတ်ကပင်နယ်တီက ၁ ဂိုးနဲ့ စတားရစ်ခ်ျက ပွဲပြီးကာနီးမှာ ၁ ဂိုး အသီးသီးသွင်းယူပေးခဲ့ပါတယ်။

    နယူးကာဆယ် ၀-၂ မန်စီးတီး
    စတုတ်စီးတီး ၃-၅ လီဗာပူးလ်

    #DailySportNews

    Photo- premierleague official web

  • နာပိုလီ ပြောင်း၍ နောင်တမရဟု ဟီဂူအင်ဆို & ဘာလော့တယ်လီမှာ ထိပ်တန်း ကစားသမား မဟုတ်ဟု အန်ဆယ်လော့တီဆို

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media
    355777_heroa
    – ရီးယဲလ်မက်ဒရစ်အသင်းအား စွန့်ခွာပြီး နာပိုလီအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းကို နောင်တရမည်မဟုတ်ဘဲ နာပိုလီအသင်းတွင် ပျော်ရွှင်နေသည်ဟု တိုက်စစ်မှူး ဟီဂူအင်က ပြောဆိုလိုက်သည်။

    အာဂျင်တိုင်းတိုက်စစ်မှူး ဟီဂူအင်မှာ ရီးယဲလ်အသင်းဖော်များဖြစ်ကြသည့် ဂျိုဆေး ကဲလ်လီဂျွန်နှင့် ရာအူးလ် အလ်ဘီအိုတို့နှင့်အတူ နာပိုလီအသင်းသို့ ပြီးခဲ့သည့် နွေရာသီက ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းပြနိုင်သောကြောင့် အသင်း၏ အဓိက ကစားသမားဖြစ်လာခဲ့သည်။

    “(နာပိုလီကို ပြောင်းရွှေ့ဖို့) ကျွန်တော် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို နေ့တိုင်းကျွန်တော် ဂုဏ်ယူနေပါတယ်။ နေပဲလ်မြို့နဲ့ ဒီက ပြည်သူတွေကို ကျွန်တော် ချစ်ပါတယ်။ ဒီကို ပြောင်းရွှေ့ကို မာရာဒိုနာက ဆွဲဆောင်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော်ကိုယ်တိုင် ချမှတ်ခဲ့တာဖြစ်ပြီး နောင်တလည်း ရမှာမဟုတ်ပါဘူး” ဟု ဟီဂူအင်က Sportsweek အားကစားစာစောင်သို့ ပြောကြားခဲ့သည်။

    နာပိုလီအသင်းမှာ အာဂျင်တီးနား ဂန္တ၀င်တိုက်စစ်မှူး မာရာဒိုနာ အောင်မြင်ခဲ့သည့် အသင်းဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်ရှိ ဟီဂူအင်မှာ ယခုနှစ် စီးရီးအေ ၁၇ ပွဲတွင် ၉ ဂိုး သွင်းယူပေးထားသည်။

    ————————————————————–

    ဘာလော့တယ်လီမှာ ထိပ်တန်းကစာသမား မဟုတ်ဟု အန်ဆယ်လော့တီဆို

    – အေစီမီလန်အသင်းတိုက်စစ်မှူး ဘာလော့တယ်လီမှာ စိတ်ချရသော ကစားသမားမဟုတ်ဘဲ အီတလီအသင်းကိုလည်း ဦးဆောင်နိုင်မည်မဟုတ်ဟု ရီးယဲလ်အသင်းနည်းပြ ကားလို အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    လာမည့်နှစ်တွင် ဘရာဇီးလ်၌ကစားမည့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီတလီအသင်း တိုက်စစ်တွင် ဦးဆောင်ကစားမည့် ရော့စီမှာ ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲနှင့် လွဲချော်ရဖွယ်ရှိနေပြီး ဘာလော့တယ်လီက အသင်းတိုက်စစ်အတွက် အရေးပါသောသူဖြစ်လာခဲ့သည်။

    သို့သော်လည်း အန်ဆယ်လော့တီက ဘာလော့တယ်လီမှာ ထိပ်တန်းအဆင့်ရှိ ကစားသမားမဟုတ်ဟု ပြောဆိုခဲ့သည်။

    “အီတလီအသင်းရဲ့ တကယ့်ပြဿနာကတော့ တိုက်စစ်မှာပါ။ တိုက်စစ်အတွက် သူတို့မှာ ထိပ်တန်းကစားသမားမရှိပါဘူး။ ဘာလော့တယ်လီကို စောင့်နေပေမယ့်လည်း သိပ်ပြောင်းလဲဖို့ မရှိပါဘူး။ သူဟာ ပါရမီရှိပေမယ့် ယုံကြည်လို့မရသေးပါဘူး။ (စိတ်ဆတ်လွယ်တဲ့အတွက်) အချိန်မရွေး အသင်းဟာ ၁၀ ယောက်ဖြစ်သွားနိုင်ပါတယ်” ဟု RNE စပိန်ရေဒီယို သတင်းဌာနသို့ အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    အီတလီအသင်းမှာ ကမ္ဘာ့ဖလား အုပ်စု D တွင် ဥရုဂွေး၊ ကော်စတာရီကာ၊ အင်္ဂလန်အသင်းနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ဇွန်လ ၁၄ ရက်နေ့တွင် အင်္ဂလန်အသင်းနှင့် အဖွင့်ပွဲ စတင်ကစားရမည်ဖြစ်သည်။

  • အသင်းမှ ကစားသမားအချို့အား မိုယက်စ်ထွက်ခွာခွင့်ပေးမည်

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    – မန်ချက်စတာယူနိုက်တက်အသင်း၏ ကစားသမား အချို့အား နည်းပြ မိုယက်စ်က ထွက်ခွာခွင့်ပြုတော့မည်ဟု သိရသည်။
    article-0-1BD0C45D000005DC-227_634x412
    ထိုကစားသမားများတွင် ကွင်းလယ်လူ အန်ဒါဆန်၊ နာနီနှင့် ၀ီလ်ဖရိုင်း ဇာဟာတို့ပါဝင်နေသည်။ ဖာဂူဆန်လက်ထက်က ပေါင် ၁၇ သန်းဖြင့် ၀ယ်ယူခဲ့သည့် အန်ဒါဆန်မှာ စီးရီးအေကလပ် ဖီအိုရင်တီးနားသို့ ဇန်န၀ါရီတွင် ပြောင်းရွှေ့ရန်ရှိနေပြီး ပေါ်တူဂီကွင်းလယ်လူ နာနီက အသင်းဟောင်း စပို့တင်း လစ္စဘွန်းသို့လည်းကာင်း၊ ဇာဟာမှာ မန်ယူ တိုက်စစ်မှူးဟောင်း ဆိုးလ်ရှား ကိုင်တွယ်နေသည့် ကာဒစ်ဖ်အသင်းသို့လည်းကောင်း ပြောင်းရွှေ့ရန်ရှိနေသည်။

    ထို့ပြင်ပထမအသင်းမှ ကစားသမားအချို့ကိုလည်း မိုက်ယက်စ်က လာမည့် နွေရာသီတွင် လက်လွှတ်ဖွယ်ရှိနေပြီး၊ ထိုကစားသမားများထဲတွင် ဖာဒီနန်၊ ဗီဒစ်၊ ဘတ္တနာ၊ ကာဂါဝါ၊ ဟာနန်ဒက်ဇ်၊ အီဗရာ၊ ဗလင်စီယာနှင့် အန်ဒါ လင်ဒဂ်အာ့ဒ်တို့ ပါဝင်နေသည်။

    အသင်း၏ အားထားရသည့် တိုက်စစ်မှူး ရူနီမှာလည်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ငြင်းဆန်ထားသောကြောင့် ရူနီ၏ အနာဂတ်မှာလည်း မသေချာဖြစ်နေပြီး၊ အသင်း၏ စီနီယာကစားသမားများနှင့် နည်းပြ မိုယက်စ်မှာ အဆင်မပြေမှုများဖြစ်နေသည်ဟု သတင်းများထွက်ပေါ်လာသည်။ အတွင်း သတင်းများအရ မိုယက်စ်မှာ ယခုဆောင်းရာသီအပြောင်းအရွှေ့နှင့် လာမည့် နွေရာသီ အပြောင်းအရွှေ့တို့တွင် သုံးစွဲရန်အတွက် ယူရို သန်း ၁၈၀ ခွင့် ပြုချက်ရရှိထားသည်ဟု သိရသည်။
    Ref: dailymail