News @ M-Media
Tag: DailySportNews
  • နေးမာ၏ အပြောင်းအရွှေ့ ပြဿနာကြောင့် ဘာစီလိုနာ ဥက္ကဌ ရာထူးမှ နှုတ်ထွက်
    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    Barca president Rosell resigns
    – နေးမာ၏ အပြောင်းအရွှေ့ ပြဿနာများ ပေါ်ပေါက်လာခဲ့ပြီးနောက် ဘာစီလိုနာအသင်း ဥက္ကဌအဖြစ် ၃ နှစ်ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဆန်ဒရို ရိုဆဲလ်မှာ ယမန်နေ့က ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။
    နေးမာ၏အပြောင်းအရွှေ့ ကိစ္စတွင် မသမာမှုများရှိနေသည်ဟု စပိန်တရားရုံးက သတ်မှတ်ခဲ့ပြီး၊ ထိုကိစ္စအား ကြားနာစစ်ဆေးရန်အတွက် ရိုဆဲလ်အား ဗုဒ္ဓဟူးနေ့က ဆင့်ခေါ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။
    အသက် ၄၉ နှစ်အရွယ်ရှိ ရိုဆဲလ်၏ ဥက္ကဌသက်တမ်းမှာ ၂၀၁၆ ခုနှစ်အထိဖြစ်ပြီး အသင်းဘုတ်အဖွဲ့ဝင်များ၏ ရွေးချယ်မှုအရ အသင်း၏ အားကစားလက်ထောက် ဥက္ကဌ ဂျိုးဆက်ပ်မာရီယာ ဘာတိုမြူက ရိုဆဲလ်၏နေရာအား တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။
    ရိုဆဲလ်ကမူ ထိုအပြောင်းရွှေ့ကိစ္စမသမာမူတွင် ၎င်းအနေဖြင့်ပါဝင် ပက်သက်ခြင်း မရှိကြောင်း ငြင်းဆိုသွားခဲ့ပြီး၊ ၎င်းအား စွပ်စွဲမှုများမှာ အကျိုးအကြောင်း ဆီလျော်ခြင်းမရှိဟု ပြောကြားသွားခဲ့သည်။
    နေးမာအား ဘရာဇီးကလပ် ဆန်းတို့စ်မှ ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့တွင် ပြောင်းရွှေ့ကြေး ယူရို ၅၇.၁ သန်းဖြင့် ခေါ်ယူခဲ့သည်ဟု ဘာစီလိုနာက ကြေညာခဲ့သော်လည်း ဆန်းတို့စ်ကမူ ၎င်းတို့မှာ ပြောင်းရွှေ့ကြေးအနည်းငယ်သာ ရရှိခဲ့ကြောင်း တိုင်ကြားခဲ့သောကြောင့် စပိန်ရှိ အားကစားဆိုင်ရာ တရားရုံးက ထိုအပြောင်းအရွှေ့အား စစ်ဆေးနေခြင်းဖြစ်သည်။
    Ref: CNA
  • မန်ယူ ပင်နယ်တီဖြင့်ရှုံးပြီး၊ မန်စီတီး ဂိုးပြတ်နိုင်က ဗိုလ်လုပွဲတက်တဲ့ လိဂ်ဖလား ဆီမီးပွဲစဉ်များ
    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    M-Media
    ပင်နယ်တီကြောင့် ဗိုလ်လုပွဲတက်ရေးအိပ်မက် စွန့်လွှတ်ခဲ့ရတဲ့ မန်ယူ၊ မန်စီတီးဂိုးပြတ်ခဲ့တဲ့ လိဂ်ဖလား ဆီးမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ
    _72460375_d0d77d0f-e7de-44d0-a7b7-e3b1c0c1da75
    မန်ယူ ၂-၁ ဆန်းဒါးလန်း (နှစ်ကျော့ပေါင်း ၃ ဂိုးစီသရေ၊ ပင်နယ်တီဖြင့် ဆန်းဒါးလန်းနိုင်)
    အင်္ဂလိပ် လိဂ်ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို ဒီတစ်ပါတ်ရဲ့ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့တွေမှာကစားခဲ့ကြပါတယ်။ ၀က်စ်ဟမ်းနဲ့ မန်စီးတီး၊ မန်ယူနဲ့ ဆန်းဒါးလန်းတို့ ကစားခဲ့ကြတဲ့ အခုပွဲမှာ မန်စီးတီးနဲ့ ဆန်းဒါးလန်းတို့က နောက်ဆုံးဗိုလ်ပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
    ပထမအကျော့ အိမ်ကွင်းမှာ ၆ ဂိုးပြတ်နဲ့ ၀က်စ်ဟမ်းကိုအနိုင်ရခဲ့တဲ့ မန်စီးတီးတို့ အခုပွဲမှာလည်း ၃ ဂိုးပြတ်နဲ့ ထပ်မံအနိုင်ရခဲ့ပြီး
    နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့တဲ့ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို နီဂရီဒိုက ၂ ဂိုးနဲ့ ဒဏ်ရာကနေ သက်သာလာပြီး အသင်းမှာ ပြန်လည်ပါဝင်ခဲ့တဲ့ အဂူရိုက ၁ ဂိုးသွင်းပေးခဲ့တာပါ။ ပွဲအပြီးမှာတော့ နည်းပြ ပယ်လီဂရီနီက အသင်းရဲ့ကစားပုံကိုချီးကျူးခဲ့ပြီး၊ တိုက်စစ်မှူး နီဂရီဒို ပခုံးဒဏ်ရာရသွားကြောင်းပြောကြားခဲ့ပါတယ်။
    မိုယက်စ်ရဲ့မန်ယူကတော့ ပထမအကျော့က ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဆန်းဒါးလန်းအသင်းကို အိုးထရက်ဖို့ဒ်မှာ နောက်ခံလူ အီဗန့်စ်ရဲ့ ၃၇ မိနစ်ဂိုးနဲ့ ပွဲပြီးတဲ့အထိ ဦးဆောင်နေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂ ဂိုးစီသရေဖြစ်နေတာမို့ အချိန်ပိုဆက်လက်ကစားခဲ့ရပြီး ၁၁၉ မိနစ်မှာ ဘာ့ဒ်စလေက ဆန်းဒါးလန်းအတွက် ဂိုးသွင်းယူခဲ့တဲ့ပါတယ်။ သို့သော်လည်း အချိန်ပို နောက်ဆုံးမိနစ်မှာ ဟာနန်ဒက်ဇ်က ဧရိယာအတွင်းက အနီးကပ်ကန်သွင်းယူခဲ့ပြီး မန်ယူရဲ့ ဗိုလ်လုပွဲတက်ရေး မျှော်လင့်ချက်ကို ရှင်သန်စေခဲ့ပါတယ်။
    ပွဲအပြီးရလဒ်က ၃ ဂိုးစီသရေဖြစ်နေတဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ပြီး ၇ လုံးအထိကန်သွင်းခဲ့ရာမှာ မန်ယူက ဒါဆေးလ်ဗားနဲ့ ရာဖေးလ်တို့ရဲ့ ပင်နယ်တီလွဲချော်ခဲ့ပြီး ဆန်းဒါးလန်းက ၁ လုံးသာ လွဲချော်ခဲ့တဲ့အတွက် ဆန်းဒါးလန်းအသင်းက နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မိုယက်စ်ကတော့ အသင်းရဲ့ရှုံးနိမ့်မှုမှာ ထိုက်တန်သည်ဟု ပြောကြားခဲ့ပြီး၊ ဆန်းဒါးလန်းအသင်းကိုတော့ ချီးကျူးသွားခဲ့ပါတယ်။
    Photo-BBC
  • ပရိသတ်များအနေဖြင့် အိုဇေးလ်အပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိနေသည်ဟု ၀င်းဂါးဆို
    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media
    353757_heroa
    – အသင်းပရိတ်သတ်များအနေဖြင့် အသင်း၏ ကွင်းလယ်လူ အိုဇေးလ်အပေါ် အလွန်ကြီးမားသော မျှော်လင့်ချက်များ ထားနေသည်ဟု ၀င်းဂါးက ဖွင့်ဟခဲ့ပြီး အိုဇေးလ်၏ တောက်ပလာမည့် နေ့ရက်များမှာ အရှေ့တွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။
    အသက် ၂၅ နှစ်အရွယ်ရှိ အိုဇေးလ်မှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ရီးယဲလ်မက်ဒရစ် အသင်းမှ အာဆင်နယ်အသင်းသို့ အသင်း စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အာဆင်နယ် အသင်း ဇယားထပ်ဆုံး၌ ရပ်တည်နိုင်ရန်အတွက် အကောင်းဆုံး ကူညီပေးနိုင်ခဲ့သူဖြစ်သည်။
    သို့သော်လည်း ယခုလောလောဆယ်တွင် ခြေစွမ်းနည်းငယ်ကျနေပြီး၊ ပရိတ်သတ်များကလည်း အိုးဇေးလ်အား ဂိုးများများ သွင်းသူအဖြစ် မျှော်လင့်နေကြသည်။ ၀င်းဂါးကမူ ထိုကဲ့သို့မျှော်လင့်မှုများမှာ မဖြစ်နိုင်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
    “တစ်ခါတရံမှာ လူတွေက သူ့ရဲ့(အိုဇေးလ်ရဲ့) ကိုယ်ပိုင်ဟန်ကို ပြောင်းလဲဖို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် တစ်ချို့အချိန်တွေမှာ ဘောလုံးကိုဆွဲပြေးပြီး ဂိုးကန်သွင်းတာက သူ့အတွက် သိပ်အလုပ်မဖြစ်ပါဘူး။ သူဟာ ဘောလုံးဖြန့်ဝေသူ၊ ဂိုးသွင်းသူ တစ်ဦးထက်ကို ပိုပါတယ်” ဟု ၀င်းဂါးက ကလပ်အသင်း ၀ဘ်ဆိုဒ်တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဂိုးသွင်းယူခြင်းမှာ ပွဲအတွင်း အိုဇေးလ်လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး ဝေဖန်ရန်ထက် တိုက်တွန်း အားပေးရန် ပိုလိုအပ်ကြောင်း ၀င်းဂါးက ထည့်သွင်းပြောကြားခဲ့သည်။
  • စပါးအသင်းအား ပျက်ရယ်ပြုသည့် စာတန်းကိုင်ဆောင်ခဲ့မှု ကာဇိုလာ ပြန်လည်တောင်းပန်
    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media
    CAZORLA-MAIN-3042045
    – စပါအသင်းအား ပျက်ရယ်ပြုသောသဘောဖြင့် ရေးသားထားသော စာတမ်းတစ်ခုအား ကိုင်ဆောင်ကာ ဓာတ်ပုံရိုက်ခံခဲ့သည့်အတွက် ဆင်နယ်အသင်း၏တိုက်စစ်မှူး ကာဇိုလာက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။
    စပါးအသင်းမှာ အာဆင်နယ်အသင်း၏ ခါးသီးသောပြိုင်ဘက်ဖြစ်ပြီး ကာဇိုလာနှင့် အာဆင်နယ်ကစားသမားဟောင်း ရောဘတ်ပီရက်ဇ်တို့က အမျိုးသမီးပရိတ်သတ် တစ်ဦးနှင့်အတူ စပါးအသင်းအား ပျက်ရယ်ပြုသော စာတန်းကို ကိုင်ဆောင်ကာ ဓာတ်ပုံရိုက်ခံခဲ့ခြင်းဖြစ်သည်။
    “တော့တင်ဟမ်(စပါး)ကို ငါတို့ဘာထင်လဲသိလား။ ဒါ****ပဲ!။ ***** ကိုငါတို့ ဘာထင်လဲသိလား။ တော့တင်ဟမ်!” ဟု ရေးသားထားသော စာတန်းဖြစ်ပြီး ထိုဓာတ်ပုံအား Frech TV တွင် ဖော်ပြခဲ့သည်။ ထို့ပြင် Twitter စာမျက်နှာတွင်လည်း ထိုဓာတ်ပုံမှာ ပေါ်ပြူလာဖြစ်လာခဲ့ကာ ရာပေါင်းများစွာအထိ ထပ်မံမျှဝေခဲ့ကြပြီး ကာဇိုလာကိုလည်း ပြစ်တင်ပြောဆိုမှုများလည်း ရှိခဲ့သည်။
    မာလာဂါအသင်းမှ  အာဆင်နယ်သို့ပြောင်းရွှေ့လာခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက အင်္ဂလိပ်ဘာသာစကားကို သင်ယူနေသည့် ကာဇိုလာက ၎င်းအနေဖြင့် ထိုစာရွက်တွင် မည်သည့်အကြောင်းအရာ ရေးထားသည်ကို မသိကြောင်း ဖွင့်ဟခဲ့သည်။
    “တော့တင်ဟမ်အသင်း ပရိတ်သတ်တွေကို ကျွန်တော်တို့တောင်းပန်ပါတယ်။ ကျွန်တော်တို့ အဲဒီစာရွက်ကို မကြည့်မိခဲ့ပါဘူး” ဟု ၎င်း၏ Twitter စာမျက်နှာတွင် ကာဇိုလာက တောင်းပန်စကား ရေးသားခဲ့သည်။
    ယခုလအစောပိုင်းက ကစားခဲ့သည့် FA ဖလားပွဲစဉ်တွင်လည်း အာဆင်နယ်အသင်း၏ တိုက်စစ်မှူး သီယိုဝေါလ်ကော့က စပါးအသင်း ပရိတ်သတ်များအား လှောင်ပြောင်သည့် အပြုအမူတစ်ခု ပြုလုပ်ခဲ့သေးသည်။
    Ref: .mirror
  • အနယ်လ်ကာ၏ ဂျူးဆန့်ကျင်ရေး အမူအယာကြောင့် ၀က်စ်ဘရွန်း စပွန်ဆာ ရပ်ဆိုင်းတောမည်
    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media
    354628_heroa
    – ၀က်စ်ဘရွန်းတိုက်စစ်မှူး အနယ်လ်ကာ၏ ဂျူးဆန့်ကျင်ရေး အမူအယာကြောင့် အသင်းအား အဓိက စပွန်စာပေးနေသည့် အိမ်ခြံမြေကုမ္ပဏီ Zoopla က ယခုနှစ်ဘောလုံးရာသီအကုန်တွင် ၎င်းတို့၏ စပွန်စာပေးခြင်းအား ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့သည်။
    တနင်္လာနေ့ည (ယနေ့နံနက်) ကစားမည့် အဲဗာတန်အသင်းနှင့်ပွဲစဉ်တွင် အနယ်လ်ကာဝတ်ဆင်မည့် အင်္ကျီမှ ၎င်းတို့၏ လိုဂိုတံဆိပ်ကို ဖြုတ်ပစ်ရန် အသင်းအား တောင်းဆိုထားသည့် Zoopla ကုမ္ပဏီမှာ ဂျူးလူမျိုးပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၀က်စ်ဘရွန်းအသင်းနှင့် ၂ နှစ်စပွန်စာ စာချုပ် ချုပ်ဆိုထားသည်။
    ‘quenelle’ ခေါ်သည့် အဆိုပါ ဂျူးဆန့်ကျင်ရေးသင်္ကေတအား ဒီဇင်ဘာ ၂၈ ရက်နေ့က ကစားခဲ့သည့် ၀က်စ်ဟမ်းအသင်းအား အနိုင်ရခဲ့သောပွဲတွင် ဂိုးသွင်းပြီးနောက် အနယ်လ်ကာက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    အနယ်လ်ကာက ထိုအပြုအမူမှာ ၎င်း၏ သူငယ်ချင်း ပြင်သစ်လူရွှင်တော်  Dieudonne M’bala M’bala အား ရည်ညွှန်းကာ ပြုလုပ် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ထိုလုပ်ရပ် အတွက် ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ် FA ကလည်း အရေးယူရန် ပြင်ဆင်နေသည်။