News @ M-Media

Tag: DailySportsNews

  • ဇန်န၀ါရီ ၁၊ အားကစားသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၊ အားကစားသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၊ ၂၀၁၄
    M-Media

    – ယခုနှစ် ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူး ဇက်ကိုအနေဖြင့် အသင်းမှ ထွက်ခွာတော့မည်ဆိုသည့် သတင်းအား မန်စီးတီးနည်းပြ ဖြစ်သူ ပယ်လီဂရီနီက ငြင်းဆိုလိုက်သည်။ ဇက်ကိုမှာ တိုက်စစ်မှူး ဆာဂျီယိုအဂူရိုနှင့် အလ်ဗာရို နီဂရီဒိုတို့၏နောက် တတိယ ဦးစားပေး တိုက်စစ်မှူး ဖြစ်သော်လည်း ယခုနှစ် ပရီးမီးယားလိဂ်တွင် ပွဲထွက်ကစားသမားအဖြစ် ၇ ပွဲကစားထားသည်။ အသက် ၂၇ နှစ်ရွယ်ရှိ ဘော့စနီးယား တိုက်စစ်မှူးမှာ နိုင်ငံအသင်းနှင့် အတူ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားခွင့်ရရန် ပုံမှန်ကစားခွင့်ရမည့် ကလပ်တစ်ခုသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ် နေသည်။
    …………………..

    – ပြီးခဲ့သည့် ၂၀၀၁၂-၁၃ ဘောလုံးရာသီ၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို ချယ်ဆီးအသင်းမှ ထုတ်ပြန်ခဲ့ရာ ပေါက် ၄၉.၄ သန်းအရှုံးပေါ်ခဲ့သည်ဟု သိရသည်။ ယမန်နှစ်ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းက ချယ်ဆီးအသင်း၏ ဘဏ္ဍာရေးကို အထိနာစေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လာမည့်နှစ် များတွင် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေး Fair Play စည်းမျဉ်းအား လိုက်နာ အကောင်အထည်ဖော်သွားမည်ဟု ချယ်ဆီးအသင်းက ကြေညာခဲ့သည်။
    ………………………

    – ယမန်နှစ်က ရုန်းကန်ခဲ့ရသည့် နယူးကာဆယ်အသင်း၏ ယခုနှစ် ပြသနေသည့် ခြေစွမ်းအား အသင်းနည်းပြ အလန်ပါဂျူးက ချီးကျူးပြောဆိုခဲ့သည်။ နယူးကာဆယ်အသင်းမှာ ယမန်နှစ်က တန်းဆင်းဇုန်းနှင့် ၅ မှတ်အကွာ အဆင့် ၁၆ နေရာဖြင့် ရာသီသိမ်းခဲ့ပြီး ယခုနှစ် ပွဲစဉ်တစ်ဝက်ကြိုးချိန်တွင် အဆင့် ၈ နေရာ၌ ရှိနေပြီး ချန်ပီယံလိဂ် ၀င်ခွင့်နေရာနှင့် လေးမှတ်အကွာတွင်ရှိနေသည်။
    ………………………..

    – ခြေချင်းဝတ် အရွတ်စုတ်ပြဲဒဏ်ရာခံစားနေရသည့် အသင်း၏ ဘရာဇီးကွင်းလယ်ကစားသမား ပေါ်လင်ဟိုမှာ အနည်းဆုံး ၄-ပတ်ခန့် အနားယူရ မည်ဟု စပါးအသင်းက ပြောကြားခဲ့သည်။ ပေါ်လင်ဟိုမှာ စတုတ်စီးတီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒုတိယပိုင်း ၆၂ မိနစ်၌ စတုတ်ကစားသမား ချာလီအဒမ်နှင့် ထိခိုက်မိသောကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
    ……………………….

    – ပြစ်သစ်နိုင်ငံ အဲလ်ပ်စ် တောင်တန်းပေါ်ရှိ အပန်းဖြေစခန်းတစ်ခုတွင် တနင်္ဂနွေနေ့က ရေခဲပြင်လျှောစီးရင်း မတော်တဆဖြစ်မှုကြောင့် သတိလစ် မေ့မြောနေသည့် ဂျာမန်ကားမောင်းသမားဟောင်း မိုက်ကယ်ရှူးမိတ်ကာ၏ အခြေအနေမှာ ယနေ့နံနက်တွင် တည်ငြိမ်စပြုလာပြီဟု သိရသည်။ သို့သော်လည်း ဦးခေါင်းထိခိုက်သွားသည့် ရှူးမိတ်ကာ၏ အနာဂတ်အခြေအနေအား အတိအကျပြော၍မရဟု ဆရာဝန်များက ပြောကြားခဲ့သည်။

  • ဒီဇင်ဘာ ၃၁၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၁၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၁၊ ၂၀၁၃
    M-Media

    – ဂျူးဆန့်ကျင်ရေးဝါဒနှင့် စပ်ဆက်လျက်ရှိသည့် အပြုအမူမျိုးအား နောက်ထပ် မပြုလုပ်ရန် အနယ်လ်ကာက သဘောတူလက်ခံခဲ့ကြောင်း ၀က်စ်ဘရွန်း အသင်းက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အသက် ၃၄ နှစ်အရွယ်ရှိ တိုက်စစ်မှူး အနယ်လ်ကာမှာ ပြီးခဲ့သည့် တစ်ပါတ်က ၀က်စ်ဟမ်းအသင်းနှင့် ၃ ဂိုးစီ သရေကျခဲ့သောပွဲတွင် ဂိုးသွင်းယူပြီးနောက် ၎င်း၏ လက်တစ်ဖက်အား ရင်ဘတ်ပေါ်တင်၍ အခြားလက်တစ်ဖက်အား အရှေ့ဘက်သို့ ဆန့်တန်းကာ အောင်ပွဲခံခဲ့သည်။

    ထိုကဲ့သို့ အောင်ပွဲခံခဲ့သည်ပုံမှာ ဂျူးဆန့်ကျင်ရေး ပုံစံဖြစ်နေသောကြောင့် အနယ်လ်ကာမှာ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း အနယ်လ်ကာက ၎င်းမှာ ဂျူးဆန့်ကျင်ရေးသမားတစ်ယောက်မဟုတ်သလို၊ လူမျိုးရေးခွဲခြားသူတစ်ဦးလည်းမဟုတ်ကြောင်း ထိုကဲ့သို့ လုပ်ဆောင်ခြင်း၏ အဓိပ္ပါယ်ကိုလည်း သိရှိခြင်းမရှိဘဲ၊ သူ၏သူငယ်ချင်းဖြစ်သူ လူရွှင်တော် Dieudonne အား အမှတ်တရအနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
    ……………………………

    – မိမိအသင်း၏ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်မှာ ချယ်ဆီးအသင်းနှင့်ပွဲတွင် ဒိုင်ဗင်ထိုးခဲ့ခြင်းမရှိဟု လီဗာပူးလ်အသင်းနည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာက ပြောဆိုလိုက်သည်။ ထိုပွဲတွင် ဆွာရက်ဇ်မှာ အီတူးနှင့် ဘောလုံးရရန် ကြိုးပမ်းစဉ် ပင်နယ်တီဧရိယာအတွင်း လဲကြခဲ့ပြီး ချယ်ဆီးနည်းပြ မော်ရင်ဟိုက ထိုလဲကျမှုမှာ ပင်နယ်တီရရန် ဟန်ဆောင်လှဲချခဲ့ခြင်းဖြစ်သည်ဟုပြောဆိုခဲ့သည်။

    သို့သော်လည်း ရော်ဂျာကမူ အီတူး၏ ပြစ်ဒဏ်ကျူးလွန်ခြင်းကြောင့် လဲကျခဲ့ခြင်းဖြစ်ကြောင်း ထိုပွဲကို ကြည့်ရှုသည့် မည်သူမဆို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
    …………………………….

    – အသင်း၏ အရေးကြီးသော ပွဲစဉ်အား ကစားပေးခြင်းမရှိဘဲ ရွှံ့ရေစိမ်ချိုးပွဲသို့သွားရောက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဘူဂေးရီးယား ကလပ်အသင်းဖြစ်သည့် လိုကိုမိုးတစ်ဆိုဖီယာအသင်းက ၎င်းတို့၏ ကွင်းလယ်လူ မာတင် ဒီမီထရော့ဗ်အား အသင်းမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။ သို့သော်လည်း ဒီမီထရော့ဗ်ကမူ မိမိအနေဖြင့် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ငယ်ဘ၀ကတည်းက ကစားခဲ့သည့် အသင်းမှ ထုတ်ပယ်ခံရသည့်အတွက် နာကျင်ရကြောင်း ပြောကြားခဲ့သည်။
    ……………………………

    – မိမိတို့အသင်းအနေဖြင့် ဂျူဗင်တပ်စ်အသင်းအား ကြောက်ရွံ့နေမည်မဟုတ်ဘဲ၊ မည်သည့်အသင်းနှင့်မဆို ယှဉ်ပြိုင်နိုင်ကြောင်း ရိုးမားအသင်း၏ ဘော့စနီးယား ကွင်းလယ်လူ မီရာလ်အမ် ပဂျာနစ်က ပြောကြားခဲ့သည်။ ရိုးမားအသင်းမှာ ယခုနှစ် စီးရီးအေတွင် ရှုံးပွဲမရှိသေးဘဲ လာမည့်တနင်္ဂနွေနေ့တွင် ဂျုဗင်တပ်စ်အသင်း၏ အိမ်ကွင်း၌ သွားရောက်ကစားရမည်ဖြစ်သည်။
    ……………………………

    – ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့တွင် မော်ရင်ဟိုအသင်းသို့ ရောက်ရှိလာပြီးကတည်းက မိမိတို့မှာ ယခင်ပုံစံကောင်းကို ပြန်လည်ရရှိခဲ့ကြောင်း ချယ်ဆီးအသင်း၏ နောက်ခံလူ ဂျွန်တယ်ရီက ပြောကြားခဲ့သည်။ မော်ရင်ဟိုမှာ ၂၀၀၄ ခုနှစ်က ချယ်ဆီးအသင်းသို့ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၂ လုံးနှင့် ပြည်တွင်းဖလားအား သုံးလုံးအား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အသင်းမှထွက်ခွာသွားခဲ့သည်။ သို့သော်လည်း ယခုနှစ် ဘောလုံးရာသီတွင် ပြန်လည်ရောက်ရှိလာခဲ့ပြီး ကစားပြီးသည့် ပရီးမီးယားလိဂ် ၁၉ ပွဲတွင် ၁၂ ပွဲအနိုင်ရရှိအောင်စွမ်ဆောင်ပေးထားနိုင်ကာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၂ မှတ်အကွာတွင်ရှိနေသည်။
    ……………………………

    – ယခုကဲ့သို့ အသင်းတည်ဆောက်ပုံ၊ ပျမ်းမျှ အသက်အရွယ်၊ စွမ်းရည်နှင့် အချင်းချင်းလေးစားမှုများရှိနေသည့် ဘိုင်ယန်မြူးနစ်အသင်းမှာ လာမည့် ဆယ်စုနှစ်စ်ခုအတွင်း ဥရောပဘောလုံးလောကအား လွှမ်းမိုးထားနိုင်မည်ဟု ဘိုင်ယန်အသင်း၏ နည်းပြဟောင်း ဂျက်ပ် ဟန်ကတ်စ်က ပြောကြား ခဲ့သည်။ ဟန်ကတ်စ်မှာ ယမန်နှစ်က ဘိုင်ယန်မြူးနစ်အသင်းအား ဖလားသုံးလုံးရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
    ……………………………

  • ဒီဇင်ဘာ ၃၀၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    352884_heroa

    -နယူးကာဆယ်ကွင်းလယ်လူ ကာဘာယီအား ခေါ်ယူမည့်သတင်း ဝင်းဂါးငြင်း

    –  လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် နယူးကာဆယ်ကွင်းလယ်လူ ကာဘာယီအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟူသော သတင်းအား အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးက ငြင်းဆိုလိုက်သည်။ ကာဘာယီမှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က အာဆင်နယ်အသင်း ခေါ်ယူလိုသည့် ကစားသမားများ စာရင်းတွင်ပါဝင်ခဲ့သည်။ ထိုစဉ်က အသင်းတွင် အလယ်တန်းကစား မရှိသေးသောကြောင့် ခေါ်ယူရန်စဉ်းစားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် မိမိ၌ ကွင်းလည်ကစားသမားကောင်း သုံးဦးရှိနေကြောင့် ခေါ်ယူရန်မလိုအပ်ဟု ၀င်းဂါးက Sky Sports News သို့ ပြောကြားခဲ့သည်။
    ______________________________
    ဂျာမနီကလပ် ရှော်လ်ကေး အလယ်တန်းတူ တိုက်ခိုက်ခံရ၍ ဆေးရုံတင်ထား

    – ဂျာမနီကလပ် ရှော်လ်ကေး အသင်း၏ ဂါနာအလယ်တန်းလူ ကီဗင် ပရင့်စ် ဘိုအာတင်းမှာ လမ်းပေါ်တွင် တိုက်ခိုက်ခံခဲ့ရမှုကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံနေရသည်ဟု သိရသည်။ အသက် ၂၆-နှစ်အရွယ်ရှိ ဘိုအာတင်းမှာ Dusseldorf မြို့အနီးတွင် အမည်မသိ လူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး လည်ပင်း၊ နောက်ကျောနှင့် နံရိုးများတွင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထိုကဲ့သို့ တိုက်ခိုက်ခံရခြင်းမှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခံရခြင်းဖြစ်နိုင်ပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    ______________________________
    ဆွာရက်ဇ်ကို ဒိုင်ဗင်သမားဟု မော်ရင်ဟို စွပ်စွဲ

    – လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇက်မှာ အလွန်တွန့်လိမ်လှုပ်ရှားတတ်သော ဒိုင်ဗင်သမားဖြစ်သည်ဟု ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။ ယမန်နေ့ကကစားခဲ့သည့် ချယ်ဆီးနှင့် လီဗာပူးလ်အသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆွာရက်ဇ်၏ ဂိုးဧရိယာအတွင်း ဟန်ဆောင်လှဲချမှုကို ရည်ညွန်း၍ မော်ရင်ဟိုက ပြောဆိုလိုက်ခြင်းဖြစ်ပြီး ထိုလုပ်ရပ်အတွက် မှတ်တမ်းတင်ထားသင့်သည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။
    ______________________________
    နာမည်ကြီး ပြိုင်ကားမောင်းသမား ရှူးမိတ်ကာ နှင်းလျောစီးရာ ထိခိုက်၍ ဆေးကုသခံနေရ

    – ဖော်မြူလာဝမ်း ချန်ပီယံဆုအား ၇ ကြိမ်တိုင်တိုင်ရရှိခဲ့သည့် ဂျာမန်ကားမောင်းသမား မိုက်ကယ် ရှူးမိတ်ကာမှာ ယမန်နေ့က နှင်းလျောစီးရာတွင် ထိခိုက်မိခဲ့သောကြောင့် ဆေးကုသမှုခံနေရသည်ဟု သိရသည်။

    အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ရှူးမိတ်ကာမှာ ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းရှိ Méribel အပန်းဖြေစခန်းတွင် နှင်းလျောစီးနေစဉ် ပြုကျခဲ့ပြီး သူ၏ ဦးခေါင်းမှာ ကျောက်တုန်းနှင့် ရိုက်မိခဲ့သည်။ ယခုအချိန်တွင် သတိလစ်မေ့မြောနေပြီး ဦးခေါင်းအား ချက်ချင်း ခွဲစိတ်ကုသရန် လိုအပ်နေကာ စိုးရိမ်ရသောအနေအထားတွင် ရှိနေသည်ဟု ဆေးရုံမှထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
    ______________________________
    ဂျိုကိုဗစ် ဗိုလ်စွဲတဲ့ အဘူဒါဘီ တင်းနစ်ပွဲ

    – ယူအေအီးနိုင်ငံ အဘူဒါဘီတွင် ကျင်းပခဲ့သည့် Mubadala World Tennis Championship တင်းနစ်ပြိုင်ပွဲတွင် ဆားဘီးယား တင်းနစ်သမား နိုဗက်ဂျိုကိုဗစ် ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    စနေနေ့က ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံး ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်က စပိန်တင်းနစ်သမား ဒေးဗစ်ဖာရာအား ၇-၅၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဖာရာမှာ ဆီးမီးဖိုင်နယ်တွင် ရာဖေးလ်နာဒယ်လ်အား ဖြုတ်ချနိုင်ခဲ့သူဖြစ်သည်။

    ယမန်နှစ်က ရရှိခဲ့သည့် ချန်ပီယံဘွဲ့အား ကာကွယ်နိုင်ခဲ့သည် ဂျိုကိုဗစ်က “ကျွန်တော်ကစားခဲ့တဲ့ပုံကို ကျေနပ်မိပြီး ဒီကိုပြန်လာရတာကိုလည်း ကျွန်တော်ပျော်ပါတယ်။” ဟု ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ဂျိုကိုဗစ်မှာ ယခုပြိုင်ပွဲအား နည်းပြသစ် ဘောရစ် ဖြင့် ပထမဆုံး ယှဉ်ပြိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    …………………………..

    အာဆင်နယ်၊ ချယ်ဆီး၊ စပါးနှင့် အဲဗာတန်တို့ အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ဆူပါဆန်းဒေးပွဲများ

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ၏ လက်ကျန်ပွဲများကို ယမန်နေ့က ကစားခဲ့ရာ အာဆင်နယ်အသင်းမှာ အိမ်ကွင်းကောင်းမွန်သည့် နယူးကာဆယ် အသင်းအား အနိုင်ကစားနိုင်ခဲ့ပြီး၊ အဲဗာတန်အသင်း မှလည်း ဆောက်သက်တမ်အား အနိုင်ရခဲ့သည်။ မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ လီဗာပူးလ်အား အိမ်ကွင်းတွင် သုံးမှတ် ရယူနိုင်ခဲ့ပြီး နည်းပြသစ်နှင့် စပါးအသင်းမှာလည်း ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။


    နယူးကာဆယ် ၀-၁ အာဆင်နယ်

    ယခုနှစ်ရာသီ အဝေးကွင်းရလဒ် အကောင်းဆုံးဖြစ်သည့် အာဆင်နယ် အသင်းမှာ စိန့်ဂျိမ်းစ်ပါက့်တွင် တိုက်စစ်မှူး ဂျရူး၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အာဆင်နယ်မှာ ၂၀၀၇-၀၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရာသီဝက် ချန်ပီယံဖြစ်လာခဲ့သည်။ အာဆင်နယ်တွင် အားထားရသည့် ကွင်းလယ် ကစားသမား အိုဇေးလ် ဒဏ်ရာကြောင့်မပါဝင်နိုင်ခဲ့ဘဲ၊ တိုက်စစ်မှူး ပိုဒေါစကီးကိုလည်း ၀င်းဂါးက အရန်ခုံတွင် ထိုင်စေခဲ့သည်။

    နယူးကာဆယ်အသင်းတွင် ရီမီ၊ ဂေါ့ဖ်ရန်၊ ကဘာယီ စသည့် အဓိက ကစားသမားများအားလုံး ပါဝင်ခဲ့ပြီး ပထမပိုင်းတွင် နယူးကာဆယ်က ပိုမိုဖိကစားနိုင်ခဲ့ကာ အာဆင်နယ်အသင်း ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ သို့သော်လည်း ဒုတိယပိုင်းအစတွင် အာဆင်နယ်တို့ အချိတ်အဆက် ပိုမိလာခဲ့ပြီး ၆၅ မိနစ်တွင် ဝေါ့လ်ကော့၏ ပြစ်ဒဏ်ဘော ကန်ချက်မှတစ်ဆင့် ဂျရူးက ခေါင်းတိုက်ကာ အနိုင်ဂိုးကိုသွင်းယူပေးခဲ့သည်။ ၃ မိနစ်အကြာတွင် အာဆင်နယ်တို့ ဒုတိယဂိုး ရရှိရန် နီးစပ်ခဲ့ပြီး ဝေါ့လ်ကော့၏ ဂိုးစည်းအတွင်းမှ အသာအယာကန်သွင်းမှုအား နယူးကာဆယ် ကစားသမား ဒီဘောက်ချီက အကောင်းဆုံး ရှင်းထုတ်နိုင်ခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် အိမ်ရှင် နယူးကာဆယ်က အာဆင်နယ်အသင်းအား တရစပ်ဖိကစားခဲ့သော်လည်း အာဆင်နယ်နောက်ခံလူများက စနစ်တကျ ကာကွယ် ပိတ်ဆို့နိုင်ခဲ့သောကြောင့် နယူးကာဆယ်အသင်းမှာ ချေပဂိုးမရှိခဲ့ဘဲ အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ရသည်။
    ……………………………..
    ချယ်ဆီး ၂-၁ လီဗာပူးလ်

    အိမ်ကွင်း၌ ရှုံးပွဲမရှိသေးသည့် ချယ်ဆီးအသင်းမှာ ယခုပွဲတွင်လည်း ဆွာရက်ဇ်ဦးဆောင်သည့် လီဗာပူးလ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ သို့သော်လည်း လီဗာပူးလ်အသင်းက စောစီးစွာ အဖွင့်ဂိုးစရခဲ့ခြင်းဖြစ်ပြီး ချယ်ဆီးက နောက်မှ လိုက်ကစားကာ အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ချယ်ဆီးအသင်းတွင်း ကွင်းလယ်လူ လမ်းပတ်ပါဝင်လာခဲ့ပြီး တိုက်စစ်တွင် ခြေစွမ်းမပြနိုင်မှုကြောင့် ဝေဖန်ခံနေရသည့် အီတူးဖြင့် ပွဲထွက်ခဲ့သည်။ လီဗာပူးလ်အသင်းတွင်လည်း လူစုံခဲ့ပြီး ဆစ်ဆိုခိုအစား ဒန်နီယဲလ်အဂ္ဂါက ပွဲထွက်လာခဲ့သည်။ ပထမပိုင်း ၃ မိနစ်မှာပင် လီဗာပူးလ်တို့ ဦးဆောင်ဂိုးရခဲ့ပြီး မာတင်စကာတယ်က ဧရီယာအတွင်းမှ အနီးကပ်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ချယ်ဆီးအသင်းမှာ ထိန်းကစားနိုင်ခဲ့ပြီး ချေပဂိုးနှင့် အနိုင်ဂိုးများကို ပထမပိုင်းတွင်ပင်ရရှိခဲ့သည်။ ၁၇ မိနစ်တွင် အေဒင် ဟာဇာဒ့်နှင့် ၃၄ မိနစ်တွင် အီတူးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် ချယ်ဆီးမှာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၂ မှတ်အကွာ အဆင့် ၃ နေရာတွင်ရှိနေပြီး လီဗာပူးလ်အသင်းမှာ အဆင့် ၅ နေရာသို့ ရောက်ရှိသွားခဲ့သည်။
    ………………………………….
    စပါး ၃-၀ စတုတ်

    နည်းပြသစ်နှင့် ခြေစွမ်းတည်ငြိမ်လာသည့် စပါးအသင်းမှာ ယခုပွဲအိမ်ကွင်း၌ ဂိုးပြတ်ဖြင့်အနိုင်ယူနိုင်ခဲ့သည်။ ယခုပွဲအနိုင်ကြောင့် စပါးအသင်းမှာ အဆင့် ၇ နေရာသို့ တက်လာနိုင်ခဲ့သည်။ စပါးအသင်းအတွက် ဂိုးများကို ပထမပိုင်းတွင် ဆိုလ်ဒါဒိုက ပင်နယ်တီမှလည်းကောင်း၊ ဒုတိယပိုင်းတွင် မူဆာဒမ်ဘီလီနှင့် အာရွန်လန်နွန်တို့ကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ……………………….
    အဲဗာတန် ၂-၁ ဆောက်သက်တမ်

    ရာသီအစပိုင်းတွင် အဆင့်လေးနေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီးနောက် တဖြည်းဖြည်း ခြေစွမ်းကျလာသည့် ဆောက်သက်တမ်အသင်းမှာ ယခုပွဲတွင်လည်း အိမ်ရှင် အဲဗာတန်အသင်းအား အရှုံးပေးခဲ့ရသည်။ ပွဲစသည်နှင့် ဖိကစားနိုင်ခဲ့သည့် အဲဗာတန်အသင်းမှာ ပထမပိုင်း ၉ မိနစ်တွင် အဖွင်ဂိုးရရှိခဲ့ပြီး လီယွန် အိုစမန်၏ ဖန်တီးပေးမှုမှတစ်ဆင့် ကိုးလ်မန်းက သွင်းယူပေးခဲ့သည်။ ထို့နောက် အဲဗာတန်အသင်းကသာ ဖိကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်း ၆၅ မိနစ်နောက်ပိုင်း တွင် ဆောက်သက်တမ်တို့ ပြန်လည် တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဂက်စ်တန် ရာမီရက်ဇ်က ချေပဂိုး သွင်းယူပေးခဲ့သည်။ ၃ မိနစ်ကြာပြီးနောက် အိမ်ရှင်တို့ အနိုင်ဂိုးရခဲ့ကာ လူကာကူက ကန်သွင်းယူပေးခဲ့သည်။ ထိုဂိုးကြောင့် လူကာကူ၏ ငါးပွဲဆက် ဂိုးမသွင်းနိုင်မှုလည်း ရပ်တန့်သွားခဲ့ပြီဖြစ်သည်။

  • ဒီဇင်ဘာ ၂၆၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၆၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media

    –  အင်တာမီလန်အသင်း၏ စပိန် ဂန္ထ၀င် အလယ်တန်း ကစားသမား လူးဝစ်ဆွာရက်ဇ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ကစားခဲ့သည့် မီလန်ဒါဘီတွင် ပြသခဲ့သော အီတလီတိုက်စစ်မှူး ဘာလော့တယ်လီ၏ ခြေစွမ်းမှာ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်၍ မရသေးဟု ပြောဆို လိုက်သည်။ ထိုပွဲတွင် အေစီမီလန်အသင်းမှာ ၁-ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဘာလော့တယ်လီမှာလည်း အသင်းအား အထောက်အကူ မပြုနိုင်ခဲ့သော ကြောင့် ဆွာရက်ဇ်က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

    ………………………….

    –  တိုက်စစ်မှူး ခရစ္စတီယာ ရော်နယ်ဒိုမှာ ရီးယဲလ်အသင်းအား မောင်းနှင်သူဖြစ်သော်လည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or အား ရရှိရန် ဘိုင်ယန်ကွင်းလယ်လူ ရီဘာရီကသာ ထိုက်တန်သည်ဟု နယူးကာဆယ်အသင်းကွင်းလယ်လူ ဘင်အာဖာက ပြောကြားလိုက်သည်။ လာမည့်လ ဒုတိယပတ်အတွင်း ပေးအပ်မည့် ထိုဆု၏ ဇကာတင်စာရင်းတွင် မက်ဆီ၊ ရော်နယ်ဒိုနှင့် ရီဘာရီတို့ ပါဝင်ကြသော်လည်း မက်ဆီမှာ ဒဏ်ရာကြောင့် အနားယူနေရပြီး ရော်နယ်ဒိုနှင့် ရီဘာရီနှစ်ဦးတို့သာ ထိုဆုအား ရရှိရန် ရေပန်းစားနေသည်။

    …………………………..

    –  ယခုလက်ရှိ ရရှိနေသည့် ပုံစံကောင်းများကို ထိန်းသိမ်းကာ ရာသီအဆုံးတွင် ထိပ်ဆုံးလေးသင်းစာရင်းဝင်အောင်ကြိုးစားကြရန် အသင်းဖော်များ အား လီဗာပူးလ်အသင်းကွင်းလယ်လူ ဂျာရတ်က တိုက်တွန်းလိုက်သည် လီဗာပူးလ်အသင်းမှာ ယခုနောက်ပိုင်းတွင် ခြေစွမ်းပြနေပြီး အာဆင်နယ် အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ဇယားထိပ်တွင်ဦးဆောင်နေသည်။ သို့သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမှာ အသင်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သည်ဟု ဂျရတ်က Sky Spotrs သို့ ပြောကြားခဲ့သည်။

    …………………………

    –  ပြီးခဲ့သည့် ရာသီကမှ အသင်းသို့ရောက်ရှိလာခဲ့ပြီး ၁၂ ဂိုးအထိ သွင်းယူပေးထားနိုင်သည့် ဂျူဗင်တပ်စ်အသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး တီဗက်ဇ် က ၎င်းတို့အသင်းမှာ ကြီးကျယ်ခမ်းနားသော ကလပ်အသင်းတစ်ခုဖြစ်ပြီး ၎င်းအနေဖြင့်လည်း ဂျူဗီတွင် ကစားရသည်ကို ပျော်ရွှင်မိကြောင်း ပြောကြား ခဲ့သည်။ ဂျှူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်တွင် ရုန်းကန်ခဲ့ရသော်လည်း စီးရီးအေတွင် ခြေစွမ်းကောင်းများ ဆက်လက်ပြသကာ ထိပ်ဆုံးတွင် ရှိနေ ပြီး၊ တီဗက်ဇ်မှာလည်း ပွဲထွက် ၁၁ ယောက်စာရင်းတွင် ပုံမှန်ပါဝင်နေသည်။

    ……………………………..

    –  ၂၀၂၂-ခုနှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား ဆောင်းရာသီတွင် ပြောင်းရွှေ့ကျင်းပရမည်ဟု အငြင်းပွားမှုများ ထွက်ပေါ်နေသော်လည်း ကာတာရှိ ပြိုင်ပွဲကျင်းပရေးကော်မတီက ပုံမှန်အတိုင်း နွေရာသီတွင်ကျင်းပရန်ကိုသာ စိတ်အား ထက်သန်နေကြသည်။

    ပြိုင်ပွဲကျင်းပမည့်အချိန်တွင် ကာတာနိုင်ငံ၏ အပူချိန်မှာ ၅၀ ဒီဂရီ စဲလ်စီယက်စ်အထိ ရှိနေမည်ဖြစ်သောကြောင့် ကစားသမားများနှင့် ပရိတ်သတ် များ၏ ကျန်းမာရေးအား အန္တရာယ်မဖြစ်စေရန်အတွက် ပြိုင်ပွဲကို ဆောင်းရာသီ၌ ပြောင်းရွှေ့ကျင်းပရန် သင့်မသင့်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဥက္ကဌ ဆပ်ဘလတ္တာက အကြံဥာဏ်ရယူခြင်းများကို ပြုလုပ်နေသည်။

    သို့သော်လည်း အပူချိန်သက်သာအောင် ကစားကွင်းများတွင် အအေးပေးစနစ်များ တပ်ဆင်ရန် အစီအစဉ်အား ဆက်လက်လုပ်ဆောင်ပြီး ကမ္ဘာ့ ဖလားပြိုင်ပွဲကို နွေရာသီတွင် ကျင်းပနိုင်ကြောင်း၊ ကမ္ဘာ့ဘောလုံးလောကနှင့် ဖီဖာတို့က ပြိုင်ပွဲအား ဆောင်းရာသီတွင်ကျင်းပစေချင်ပါက ၎င်းတို့ အနေဖြင့် အသင့်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ အထွေထွေအတွင်းရေးမှူး ဟာဆန် အလ် သာဝါဒီက ပြောကြားခဲ့သည်။

  • ဒီဇင်ဘာ ၂၄၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၄၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    ယာယီ နည်းပြ တင်ရှားဝဒ်အား အမြဲတန်းနည်းပြအဖြစ် စပါးခန့်အပ်

    – နည်းပြဘိုအာ့စ် မရှိတော့သည့်နောက် အသင်း၏ ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသည့် တင်မ်ရှားဝုဒ်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဟု စပါးအသင်းက ကြေညာခဲ့သည်။

    အသက် ၄၄-နှစ်အရွယ်ရှိ တင်မ်ရှားဝုဒ်မှာ ယခင်က အစပါးအသင်း၏ နည်းစနစ် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ဆောက်သမ်တမ် အသင်းအား ၃-ဂိုး ၂-ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အသင်းက ၁၈-လ သက်တမ်းရှိသည့် စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရှားဝုဒ်မှာ ၂၀၁၄-၁၅ ဘောလုံးရာသီကုန် အထိ အသင်းအား ကိုင်တွယ်ခွင့်ရရှိမည်ဖြစ်သည်။
    _______________________
    ဆွမ်ဆီးတိုက်စစ်မှူး ရက်ရှည်နားရတော့မည်။

    – တနင်္ဂနွေနေ့က အိမ်ကွင်းတွင် အဲဗာတန်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဆွမ်ဆီးအသင်း၏ တိုက်စစ်မှူး မီချူးမှာ သုံးလခန့် အနားယူရတော့မည်ဟု သိရသည်။ ထိုပွဲတွင် မီချူးမှာ ခြေချင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က စစ်ဆေးမှုများအရ ခွဲစိတ်ကုသရန် လိုအပ်နေသောကြောင့် ယခုကဲ့သို့ ကာလကြာရှည်အနားယူရခြင်း ဖြစ်သည်ဟု ဆွမ်းဆီးအသင်းက သတင်းထုတ်ပြန်ခဲ့သည်။
    _______________________
    ၁ နှစ်အတွင်း ၆၉ ဂိုးသွင်းထားသော်လည်း အကောင်းဆုံး ခြေစွမ်း မရသေးဟု ရော်နယ်ဒိုပြော

    – လွန်ခဲ့သည့် ၁၂-လ အတွင်း စုစုပေါင်း ၆၉-ဂိုး သွင်းယူပေးထားသော်လည်း မိမိမှာ အကောင်းဆုံးအနေအထားကို မရရှိသေးဟု ရီးယဲလ်မက်ဒရစ် အသင်း တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဇကာတင် စာရင်းတွင် ပါဝင်နေသည့် ရော်နယ်ဒိုမှာ ယခုနှစ် ဥရောပတွင် ဂိုးသွင်းအများဆုံး စားရင်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ သို့သော်လည်း ရော်နယ်ဒိုက ၎င်း၏ အကောင်းဆုံး ပုံစံကို မရောက်ရှိသေးဘဲ လာမည့် နှစ်တွင် ပိုကောင်းလာလိမ့်မည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
    _______________________
    အေစီနှင့် သက်တမ်းတိုးလိုက်သော်လည်း ဆန်းတိုးစ်အား နှစ်သက်စဲဟု ရော်ဘင်ဟိုပြော

    – ပြီးခဲ့သည့် နွေရာသီကမှ အသင်းနှင့် စာချုပ်သက်တမ်းတိုးထားသည့် ဘရာဇီးလ်တိုက်စစ်မှူး ရော်ဘင်ဟိုက ဆန်းတို့စ် အသင်းအား နှစ်သက်စဲ ဖြစ်သည်ဟု ၀န်ခံပြောကြားခဲ့သည်။ ဥရောပသို့ မပြောင်းရွှေ့မီ ဆန်းတို့စ်အသင်းတွင် ကစားခဲ့ပြီး အသင်းပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့သည် ရော်ဘင်ဟိုက ဆန်းတို့စ်အသင်းမှာ ၎င်းကြီးပြင်းလာသည့် ကလပ်တစ်ခုဖြစ်ပြီး၊ ပရိတ်သတ်များ၏ လေးစားမှု ကိုလည်း ရရှိကြောင်း၊ ယခုလက်ရှိ အေစီမီလန် အသင်းတွင် ကစားနေသော်လည်း အနာဂတ်မှာ ဘုရားသခင်၏လက်ထဲတွင်ရှိကြောင်း ဘရာဇီး သတင်းဌာနတစ်ခုဖြစ်သည့် Globoesporte သို့ ပြောကြားခဲ့သည်။ ရော်ဘင်ဟိုမှာ ဆန်းတို့စ် အသင်းသို့ ပြန်လည်ပြောင်းရွှေ့မ ည်ဟု သတင်းများထွက်ပေါ်နေသည်။
    _______________________
    ကမ္ဘာအဆင့် ၃ တင်းနစ်သမား နည်းပြနှင့် လမ်းခွဲ

    – ကမ္ဘာ့နံပါတ်-၃ စပိန်တင်းနစ်ကစားသမားဖြစ်သူ ဒေးဗစ်ဖာရာမှာ ၁၅ နှစ်ကြာ လက်တွဲလာသည့် နည်းပြဖြစ်သူ ဂျာဗီယာပိုင်းလ်စ်နှင့် လမ်းခွဲခဲ့သည် ဟု သိရသည်။ ယခုနှစ် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဖိုင်နယ်သို့ ရောက်ရှိခဲ့ပြီး ကစားသမားသက်တမ်းတစ်လျှောက် ဂရင်းစလင်းဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက်နိုင်ခဲ့သည့် ဖာရာက အလွန်ရင်းနှီးသည့် ဆက်သွယ်မှုတစ်ခုကို ဖြတ်တောက်လိုက်ရခြင်းအတွက် ၀မ်းနည်းမိကြောင်း၊ မိမိတို့တွင် မည်သည့် ကိုယ်ရေးကိုတာ ပြဿနာ ရပ်မှမရှိဘဲ အလုပ်သဘောဆက်ဆံရေးကိုသာ အဆုံးသတ် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖာရာမှာ လာမည့် ကြာသာပတေးနေ့တွင် အဘူဒါဘီ၌ စတင်မည့် Mubadala World Tennis Championship တင်းနစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။