News @ M-Media

သေဆုံးမှုများလာသည့် အီဘိုလာဗိုင်းရပ်စ် ပြဿနာအား ဖြေရှင်းရန် အတွက် WHO တိုက်တွန်း

ဇွန်လ ၂၇ ရက်၊ ၂၀၁၄
M-Media
WHO calls urgent 11-nation meeting on Ebola
– အာဖရိကနိုင်ငံအချို့တွင် ပြန့်နှံ့နေသည့် အီဘိုလာဗိုင်းရပ်စ်ကြောင့် စံချိန်တင်သေဆုံးမှုများကို ဖြေရှင်းရန် အတွက် ၁၁ နိုင်ငံ အစည်းအဝေးပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ယနေ့တွင် တိုက်တွန်းလိုက်သည်ဟု သိရသည်။

ဂီနီ၊ လိုက်ဘေးရီးယားနှင့် လီယိုနီနိုင်ငံများတွင် သေဆုံးမှုများ မြင့်တက်လာခဲ့ပြီး အိမ်နီးချင်းနိုင်ငံများ သို့ ပြန့်နှံ့နေမှုနှင့် နိုင်ငံတကာသို့ ပြန့်နှံ့ရန် အလားအလာရှိနေမှုက အလွန်စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု  WHO အာဖရိကဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဒေါက်တာ လူးဝစ်ဆမ်ဘိုက ပြောကြားခဲ့သည်။

ထိုပြဿနာအား ဖြေရှင်းရန်အတွက် WHO မှ ကျွမ်းကျင်သူ ၁၅၀ ကျော်ကို စေလွှတ်ထားပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေသော်လည်း လွန်ခဲ့သည့် ၃ပတ်တာကာလ အတွင်း သေဆုံးမှုများမှာ နေ့စဉ် တိုးလာခဲ့သည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ထိုဗိုင်းရပ်စ်ပြန့်နှံ့မှုမှာ ထိန်းချုပ်၍မရဟုဆိုပြီး ဥရောပကော်မရှင် ကလည်း ထိုပြဿနာအား ဖြေရှင်းရန် အင်္ဂါနေ့က ယူရို ၅ သိန်းထောက်ပံ့ခဲ့ကာ ၎င်းတို့၏ ထောက်ပံ့မှုမှာ ယူရို ၁.၉ သန်း ရှိလာပြီဖြစ်သည်။

ကွန်ဂိုနိုင်ငံရှိ မြစ်တစ်ခု၏ အမည်ကို အစွဲပြုခေါ်ဝေါ်သည့် အီဘိုလာဗိုင်းရပ်စ်မှာ ၁၉၇၆ ခုနှစ်က ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး ကုသရန် ဆေးမရှိသေးချေ။ ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၈၀ ရှိပြီဟု WHO ၏ မှတ်တမ်းများအရ သိရသည်။ နိုင်ငံ ၁၁ နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများပါဝင်မည့် အဆိုပါအစည်းအဝေးကို ဇွန်လိုင်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ဂါနာနိုင်ငံ အက္ကရာမြို့တွင် ပြုလုပ်ဖွယ်ရှိနေသည်။

Ref:  Agencies

Comments

Leave a Reply