News @ M-Media

Tag: EPL 2019-20

  • အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်တိုက်စစ်မှူး မာနေး ဆွတ်ခူး

    အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်တိုက်စစ်မှူး မာနေး ဆွတ်ခူး

    ဇန်နဝါရီ ၉၊ ၂၀၂၀
    M-Media

    -၂၀၁၉ ခုနှစ်အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်အသင်းရဲ့ ဆီနီဂေါတိုက်စစ်မှူး ဆာဒီယို မာနေးက ရရှိသွားပါတယ်။

    မာနေးဟာ လီဗာပူးလ်က အသင်းဖော် အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်၊ မန်စီးတီးအသင်းရဲ့ အလ်ဂျီးရီးယားတိုက်စစ်မှူး ရီယာ့ဒ် မဟ်ရဇ်တို့ကို ကျော်ဖြတ်ကာ အာဖရိကအကောင်းဆုံး ကစားသမားအဖြစ် ပထမဆုံး ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ၂၀၁၇၊ ၂၀၁၈‌ ခုနှစ်တွေတုန်းက အသင်းဖော် အီဂျစ်တိုက်စစ်မှူး ဆာလာဟ်ရဲ့နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာပါ။

    “ဒီဆုကို ရရှိတဲ့အတွက် ပျော်ရွှင်မိသလို၊ ဂုဏ်လည်းယူပါတယ်။ ဘောလုံးဆိုတာ ကျွန်တော့်အလုပ်ဖြစ်ပြီး အဲဒီအလုပ်ကို ကျွန်တော် ချစ်ပါတယ်” လို့ အီဂျစ်နိုင်ငံ ဟူရ်ဂါဒါမြို့မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ ဆုပေးပွဲအခမ်းအနားမှာ မာနေးက ပြောကြားခဲ့ပါတယ်။

    မာနေးဟာ အာဖရိက အကောင်းဆုံးကစားသမားဆုကို ရရှိတဲ့ ဒုတိယမြောက် ဆီနီဂေါ ကစားသမားဖြစ်ပါတယ်။ ၂၀၀၁ နဲ့ ၂၀၀၂ ခုနှစ်မှာ ဆီနီဂေါတိုက်စစ်မှူး အလ် ဟာဂျီ ဒီအော့ဖ်က ဒီဆုကို ဆွတ်ခူးခဲ့ဖူးပါတယ်။

    ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ မာ‌နေးဟာ ၂၀၁၉ ခုနှစ် အာဖရိကဖလားပြိုင်ပွဲမှာ ဆီနီဂေါအသင်းကို နောက်ဆုံးဗိုလ်လုပွဲအထိ‌ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

    ပြီခဲ့တဲ့ ဘောလုံးရာသီမှာ မာနေးဟာ လီဗာပူးလ်အတွက် ပွဲ ၅၀ ကစားပြီး ၂၆ ဂိုး သွင်းယူပေးခဲ့သလို၊ ပရီးမီးယားလိဂ်မှာ ၂၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဆာလာဟ်၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမေယန်တို့နဲ့အတူ ရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။

    Ref: CNN

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၆၊ ၂၀၂၀
    M-Media

    လူမျိုးရေးခွဲခြားသည့် လာဇီယိုပရိတ်သတ်များကို ဘာလော့တယ်လီ ရှုတ်ချ

    မနေ့က စီးရီးအေ အိမ်ကွင်းပွဲစဉ်မှာ လူမျိုးရေးခွဲခြားစော်ကားခဲ့တဲ့ လာဇီယိုပရိတ်သတ်တွေကို ဘရက်စီယာတိုက်စစ်မှူး ဘာလော့တယ်လီက ‌ဝေဖန်ရှုတ်ချလိုက်ပါတယ်။ စီးရီး‌အေးမှာ ပရိတ်သတ်တွေရဲ့ လူမျိုးရေးခွဲခြားစော်ကားမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ဘာလော့တယ်လီကလည်း ဒီလိုအခြေအနေမျိုးကို မကြာခဏ ခံစားနေရပါတယ်။ မနေ့ကပွဲစဉ်မှာ ဘာလော့တယ်လီအပေါ် လူမျိုးရေးခွဲခြားမှုကြောင့် ပွဲကိုခဏတာ ရပ်ဆိုင်းခဲ့ရပါတယ်။ ဘာလော့တယ်လီက လာဇီယို ပရိတ်သတ်တွေ အရှက်မရှိဘူးလို့ ပွဲအပြီး ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    ကစားသမားသစ်များ၏ စွမ်းဆောင်ရည်ကို လီဗာပူးလ်နည်းပြ ချီးကျူး

    အသင်းရဲ့စွမ်းဆောင်ရည်ဟာ အလွန်အမင်း ကောင်းမွန်နေတယ်လို့ ဒီကနေ့မနက် အဲဗာတန်အသင်းကို အနိုင်ရတဲ့ FA ဖလားပွဲအပြီးမှာ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်ကို ၁၃ မှတ်ဖြတ် ဦးဆောင်ထားနိုင်တဲ့ လီဗာပူးလ်ဟာ မနက်ကပွဲမှာ ၉ နေရာအထိ အပြောင်းအလဲလုပ်ကာ ကစားသမားသစ်တွေ ထည့်သွင်းကစားခဲ့ပေမယ့် ခြေစွမ်းကောင်း ပြသနိုင်ခဲ့ပြီး ၁ ဂိုး ဂိုးမရှိတဲ့ အနိုင်ရခဲ့ပါတယ်။ ကလော့ပ်က ကစားသမားသစ်တွေရဲ့ စွမ်းဆောင်အတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။

    FA ဖလားတွင် အနိုင်ရလိုစိတ်ပြင်းပြရန် အာဆင်နယ်အသင်းကို နည်းပြတိုက်တွန်း

    အသင်းအနေနဲ့ FA ဖလားကို အာရုံစိုက်ကာ အနိုင်ရလိုစိတ် ပြင်းပြဖို့လိုတယ်လို့ အာဆင်နယ် နည်းပြ မီခေးလ် အာတီတာက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ၃ ကြိမ်အပါအဝင် FA ဖလား စုစုပေါင်း ၁၃ ကြိမ် ရရှိထားတဲ့ အာဆင်နယ်ဟာ တတိယအဆင့်ပွဲစဉ်အဖြစ် ဒီကနေ့ညမှာ လိဒ်ယူနိုက်တက်အသင်းနဲ့ ကစားရမှာပါ။ ပြီးခဲ့တဲ့လက ၃ နှစ်ခွဲစာချုပ်နဲ့ နည်းပြအဖြစ် ပြန်ရောက်လာတဲ့ ကစားသမားဟောင်း အာတီတာက ချိမြိန်တဲ့အတွေ့အကြုံမျိုးကို အသင်းမှာ ဆက်လက်မွေးမြူထားသင့်တယ်လို့လည်း ဆိုပါတယ်။

    Ref: Aljazeera, BBC

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၄၊ ၂၀၂၀
    M-Media

    ဘောလုံးကစားရန် မီလန်သို့ပြန်လာခြင်းဟု မိုဗစ်ပြော

    အေစီမီလန်အသင်းကို ပြန်ရောက်လာတာဟာ လာဘ်ကောင်တစ်ခုအဖြစ်မဟုတ်ဘဲ အမှန်တကယ် ဘောလုံးကစားချင်လို့ဖြစ်တယ်လို့ အသက် ၃၈ နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပြောကြားလိုက်ပါတယ်။ မိုဗစ်ဟာ မီလန်နဲ့ ၆ လစာချုပ် ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ် ထပ်ရှိနေမယ့် အချက်တစ်ခုလည်း စာချုပ်မှာ ပါဝင်ပါတယ်။ မိုဗစ်ဟာ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အထိ မီလန်အတွက် ၆၁ ပွဲကစားကာ ၄၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ‌

    ကာတာတွင်လေ့ကျင့်မည့်အစီအစဉ်ကို ကန်ဘောလုံးအသင်း ဖျက်သိမ်း

    အရှေ့အလယ်ပိုင်းမှာ လတ်တလော‌ မြင့်တက်လာတဲ့ တင်းမာမှုတွေကြောင့် ကာတာမှာ လေ့ကျင့်ဖို့အစီအစဉ်ကို အမေရိကန် အမျိုးသားလက်ရွေးစင်အသင်းက ရပ်ဆိုင်းလိုက်ပါတယ်။ မနေ့က အီရတ်မှာ အီရန်ထိပ်တန်းဗိုလ်ချုပ်ကို အမေရိကန်က လုပ်ကြံခဲ့ပြီးနောက် တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာပါ။ အမေရိကန်ဘောလုံးအသင်းဟာ ဇန်နဝါရီ ၅ ရက်ကနေ ၂၅ ရက်နေ့အထိ လေ့ကျင်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ကာတာကပေးနိုင်တဲ့ လေ့ကျင့်ရေးအဆင့်အတန်းမျိုး၊ ဖော်ရွေးမှုမျိုးပေးနိုင်တဲ့ အခြားနေရာတစ်ခုကို ရှာဖွေနေတယ်လို့ ကန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

    ဆောင်းရာသီအပြောင်းအရွှေ့တွင် မန်ယူက ကွင်းလည်အားဖြည့်မည်

    ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကွင်လယ်အင်အားကို ဖြည့်တင်းသွားမယ်လို့ မန်ယူနည်းပြ ဆိုလ်းရှားက ပြောကြားလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ဖရဒ်ကို ပေါင် ၆၂ သန်းနဲ့ ခေါ်ယူပြီးနောက်ပိုင်း မန်ယူဟာ ကွင်းလယ်လူ ထပ်မံခေါ်ယူခြင်း မရှိပါဘူး။ ဒါပေမယ့် ကွင်းလယ်လူတစ်ချို့ အသင်းကနေထွက်သွားတာ၊ ဒဏ်ရာရတာတွေကြောင့် အားနည်းလာခဲ့ပါတယ်။ ဆိုလ်းရှားက အရေးပါတဲ့ပွဲတွေ ရှိနေတာကြောင့် ကွင်းလယ်လူ အနည်းဆုံး ၂ ယောက်လောက်‌ခေါ်ယူသွားဖို့ရှိပြီး အခြားနေရာတွေကိုလည်း ဖြည့်တင်းသွားမယ်လို့ ဆိုပါတယ်။

    Ref: BBC, Goal

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    နိုဝင်ဘာ ၈၊ ၂၀၁၉
    M-Media

    အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် အေစီမီလန်သို့ ပြောင်းမည်

    အသင်းရဲ့ ဆွီဒင်တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ဟာ အခုရာသီကုန်ရင် စီးရီးအေကလပ် အေစီမီလန်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ မေဂျာလိဂ်ကလပ် LA Glaxy အသင်းက အတည်ပြု ပြောကြားလိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ ၂၀၁၈ ခုနှစ် မတ်လကမှ မေဂျာလိဂ်ကို ပြောင်းရွှေ့လာတာပါ။ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အထိ အေစီမီလန်မှာကစားစဉ် ၆၁ ပွဲပါဝင်ခဲ့ပြီး ၄၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ မေဂျာလိဂ်မှာ ၅၃ ဂိုး သွင်းထားပြီး ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ မေဂျာလိဂ် အကောင်းဆုံး ၁၁ ယောက်စာရင်းမှာလည်း ပါဝင်နေပါတယ်။

    ဘာ‌လော့တယ်လီကို ဘာရက်စီယာအသင်း အားပေးသူများအဖွဲ့က ဝေဖန်

    ပြီးခဲ့တဲ့တစ်ပတ် ဗီရိုနာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ အပြုအမူအတွက် တိုက်စစ်မှူး ဘာလော့တယ်လီကို ဘရက်စီယာအသင်း အားပေးသူများအဖွဲ့က ‘အသိဉာဏ်မဲ့သူ’ လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ အဲဒီပွဲမှာ တစ်ဖက်အသင်းပရိတ်သတ်ရဲ့ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရပြီးတဲ့နောက် ဘာလော့တယ်လီဟာ ဘောလုံးကို ပရိတ်သတ်တွေထဲ ကန်ထည့်ပြီး ပွဲဆက်မကစားတော့ဘူးလို့ ခြိမ်းခြောက်ခဲ့တာပါ။ လူမျိုးရေးခွဲခြားမှုအတွက် ဗီရိုနာအသင်းကွင်းကို စီးရီးအေ အာဏာပိုင်တွေက တစ်ပွဲ ပိတ်ပင်ခဲ့ပါတယ်။ ဘရက်စီယာအသင်း အားပေးသူများအဖွဲ့က ဗီရိုနာ ပရိတ်သတ်အားလုံးဟာ လူမျိုးရေးခွဲခြားသူတွေ မဟုတ်ကြောင်း၊ ဘာလော့တယ်လီအနေနဲ့ ဘယ်တော့မှ အီတလီနိုင်ငံသား စစ်စစ် ဖြစ်မလာနိုင်ကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပရီးမီးယားလိဂ် တစ်လတာ နည်းပြဆုကို ချယ်ဆီးနည်းပြ လမ်းပတ် ရရှိ

    အောက်တိုဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုကို ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ရရှိသွားပါတယ်။ ချယ်ဆီးဟာ အောက်တိုဘာလအတွင်း ဆောက်သက်တမ်၊ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာတို့ကို အနိုင်ကစားနိုင်ခဲ့ပြီး အသင်းကလည်း အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ မန်ယူကို ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် လမ်းပတ်ဟာ ချယ်ဆီးကို အကောင်းဆုံးအနေအထားတစ်ခု ပြန်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ အကောင်းဆုံး နည်းပြဆုကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့၊ ဘရိုက်တန်နည်းပြ ဂရေဟန် ပေါ်တာ၊ လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာနဲ့ အက်စတွန်ဗီလာနည်းပြ ဒီယန် စမတ်တို့ကို ကျော်ဖြတ်ပြီး လမ်းပတ်က ရရှိခဲ့တာပါ။

    Ref: BBC

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၃၁၊ ၂၀၁၉
    M-Media

    နေးမာကိုခေါ်ရန် လစာစောင့်ယူပေးမည်ဟု ဘာကာကစားသမားများ ကမ်းလှမ်း
    ===============
    နေးမာကို ပီအက်စ်ဂျီကနေ ပြန်လည်ခေါ်ယူရေး လိုအပ်လာရင် လစာကို စောင့်ယူပေးလို့ရတယ်လို့ ဘာစီလိုနာ ကစားသမားတွေက အသင်းကို ကမ်းလှမ်းလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ နဲ့ ပြောင်းသွားတဲ့ နေးမာကို ပြန်လည်ခေါ်ယူရေးအတွက် ဘာစီလိုနာဟာ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပေမယ့် လက်တွေ့မှာ ဖြစ်မလာပါဘူး။ နောက်ခံလူ ပီကေးက Financial Fair Play သတ်မှတ်ချက် ပြည့်မီရေးအတွက် လစာတစ်ချို့တစ်ဝက်ကို ၁ နှစ်၊ ၂ နှစ်လောက် စောင့်ယူကာ အသင်းကို အကူအညီပေးလို့ ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗြိတိန်တွင် လွှမ်းမိုးမှုအရှိဆုံးလူမည်းကစားသမားစာရင်း ထုတ်ပြန်
    =====================
    ဗြိတိန်ရဲ့ လွှမ်းမိုးမှုအရှိဆုံး လူမည်းကစားသမားစာရင်း Football Black List မှာ မန်စီးတီးအသင်း တိုက်စစ်မှူး ရဟင်း စတာလင်က ထိပ်ဆုံးမှာ ရှိနေပါတယ်။ ၂၀၀၈ ခုနှစ်က စတင်ထုတ်ပြန်ခဲ့တဲ့ ဒီစာရင်းမှာ ကစားသမားတစ်ဦးရဲ့ နယ်ပယ်စုံ ကြိုးစားအားထုတ်မှုတွေကို လေ့လာဆန်းစစ်ကာ အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။ စတာလင်ရဲ့အနောက်မှာ ဆာဒီယို မာနေး၊ ဒန်နီရို့စ်၊ အီနီလို အလူကိုနဲ့ အန်နီတာ အေဆန်တီတို့က အစဉ်လိုက်ရှိနေပါတယ်။ စတာလင်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လူမျိုးရေးခွဲခြားမှုကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်မှုအတွက် အသိအမှတ်ပြုခံခဲ့ရပါတယ်။

    မန်စီးတီးဒေတာဘေ့စ်ကို ဟက်ခဲ့မှုအတွက် လီဗာပူးလ်ကို FA က ဖြေရှင်းချက်တောင်း
    =======================
    ဘောလုံးသမားရှာဖွေတဲ့ ကွန်ပျူတာစနစ်ကို ချိုးဖျက်ဝင်ရောက်မှုအတွက် မန်စီးတီးကို လီဗာပူးလ်က ပေါင် ၁ သန်း ပေးခဲ့ရတယ်ဆိုတဲ့သတင်းအတွက် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် FA က လီဗာပူးလ်အသင်းထံ ဖြေရှင်းချက် တောင်းလိုက်ပါတယ်။ လီဗာပူးလ်ဟာ မန်စီးတီးရဲ့ ဒေတာဘေ့စ် ၇ ခုထဲကို အကြိမ်ရေ ရာနဲ့ချီ ၀င်ရောက်ခဲ့တယ်လို့ဆိုပြီး ဒီအတွက် ၂၀၁၃ ခုနှစ်က ပေါင် ၁ သန်းနဲ့ ကျေအေးမှုယူခဲ့တာပါ။ လီဗာပူးလ်ကတော့ ဒီသတင်းကို ငြင်းဆိုပါတယ်။ လက်ရှိမှာ FA ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးရမလားဆိုတာ သုံးသပ်မှုတွေ လုပ်ဆောင်နေပါတယ်။

    Ref: BBC, Daily Mail