News @ M-Media

Tag: EPL

  • ထိပ်ဆုံးကချယ်ဆီး သရေကျ၊ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ အနိုင်ရပြီး မန်ယူရှုံးပွဲတွေ့ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆

    ထိပ်ဆုံးကချယ်ဆီး သရေကျ၊ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ အနိုင်ရပြီး မန်ယူရှုံးပွဲတွေ့ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅
    M-Media

    epl 26 3

    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ မန်စီးတီးအသင်း ဂိုးမြူးခဲ့ပြီး၊ လီဗာပူးလ်၊ အာဆင်နယ်တို့လည်း နိုင်ပွဲဆက်ခဲ့ပါတယ်။ ချယ်ဆီးကတော့ အငြင်းပွားဖွယ်ရာတွေနဲ့ သရေကျခဲ့ပြီး မန်ယူက အဝေးကွင်းမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။

    စနေနေ့မှာကစားခဲ့တဲ့ ချယ်ဆီးနဲ့ ဘန်လေတို့ပွဲမှာ ဒိုင်လူကြီးရဲ့ မျက်နှာသာပေးခြင်း မခံရတာကြောင့် ချယ်ဆီးတို့ သရေသာ ရခဲ့ပါတယ်။ ပွဲအစ ၁၄ မိနစ်မှာပဲ အိုင်ဗန်နိုဗစ်က ဂိုးဧရိယာထဲမှာ အနီးကပ်သွင်းပေးခဲ့ပြီး ချယ်ဆီးအတွက် ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒါပေမယ့် ၃၂ မိနစ်မှာ ပင်နယ်တီ တစ်လုံး ပထမပိုင်းပြီးကာနီးမှာ ပင်နယ်တီတစ်လုံး ရခဲ့သင့်ပေမယ့် ဒိုင်လူကြီးက မပေးခဲ့တာကြောင့် ချယ်ဆီးတို့ နစ်နာခဲ့ရပါတယ်။ ဘန်လေရှေ့တန်းက ဘန်းစ်ကလည်း ကစားရာမှာ အတော့်ကို ကြမ်းတမ်းခဲ့ပြီး မိနစ် ၇၀ မှာ သူ့ရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုကြောင့် ဒေါသူပုန်ထခဲ့တဲ့ ချယ်ဆီးက မာတစ်တစ်ယောက် တိုက်ရိုက်အနီကတ်နဲ့ ထွက်ခဲ့ရပါတယ်။ တစ်ယောက်လျော့သွားပြီးတဲ့နောက် ချယ်ဆီးတို့ ကစားအား ကျသွားတာကြောင့် ၈၁ မိနစ်မှာ ဘန်ဘီးက ဧည့်သည်အသင်းအတွက် ချေပဂိုး သွင်းပေးခဲ့ပြီး တစ်ဂိုးစီသရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

    အာဆင်နယ်ကလည်း ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ပထမပိုင်း သွင်းဂိုး ၂ ဂိုးနဲ့အတူ အနိုင်ရခဲ့ပါတယ်။ ပွဲအစ ၈ မိနစ်မှာ ၀ဲလ်ဘတ်ကြောင့် ပင်နယ်တီရခဲ့တာက အာဆင်နယ်အတွက် တစ်ပန်းသာခဲ့ပြီး ဒီဂိုးကို ကာဇိုလာက အမှားအယွင်းမရှိ ကန်းသွင်းနိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီး နာကျင်အချိန်ပိုမှာ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဂျရူးက သွင်းပေးခဲ့တာပါ။ ၀ဲလ်ဘတ်၊ အိုဇေးလ်၊ ဆန်းချက်ဇ်တို့ရဲ့ ကန်သွင်းချက်တွေ ဂိုးမ၀င်ခဲ့တာကြောင့် အာဆင်နယ်တို့ ဒီထက် ဂိုးပိုမပြတ်ခဲ့တာပါ။ ခရစ္စတယ်ပဲလေ့စ်ရဲ့ တစ်လုံးတည်းသော ချေပဂိုးကိုတော့ ဒုတိယပိုင်း နာကျင်အချိန်ပိုကျမှ ဂလန်း မာရေးက သွင်းပေးခဲ့တာဖြစ်ပါတယ်။

    ၃-၅-၂ နဲ့ အထိုင်မကျသေးတဲ့ မန်ယူကလည်း အဝေးကွင်းမှာ ဆွမ်ဆီးကို အရှုံးပေးခဲ့ရပြန်ပါတယ်။ ပွဲအစမိနစ်တွေ ဆွမ်းဆီးရဲ့ တရစပ်တိုက်စစ်ဆင်မှုအကြား ၂၈ မိနစ်မှာ အန်ဒရေ ဟာရဲရားက မန်ယူအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ၂ မိနစ်သာခံခဲ့ပြီး မိနစ် ၃၀ မှာ ကီဆွန်ယွန်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အိမ်ရှင်ဆွမ်းဆီးတို့ မန်ယူဘက်ကို ပိုခြိမ်းခြောက်နိုင်ခဲ့ပြီး မန်ယူတိုက်စစ်ကတော့ အချိတ်အဆက် မမိခဲ့ပါဘူး။ အိမ်ရှင်အတွက် အနိုင်ဂိုးကိုတော့ ၇၃ မိနစ်မှာ ဂိုမစ်ရဲ့ကန်ချက် လူထိ
    လမ်းကြောင်းပြောင်းကာ ၀င်သွားတာကြောင့် မန်ယူတို့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

    ပါဂျူးထွက်သွားပြီးတဲ့နောက် တိုင်မင်ပျောက်နေတဲ့ နယူးကာဆယ်ကို မန်စီတီးတို့ အလွယ်တစ်ကူပဲ ၅ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ပထမပိုင်းမှာ ၃ ဂိုးသွင်းထားနိုင်တဲ့ အိမ်ရှင်တို့ တစ်ပွဲလုံးကို သက်တောင့် သက်သာ ကစားသွားနိုင်ခဲ့ပါတယ်။

    လီဗာပူးလ်ကလည်း စတုတ္ထနေရာက ဆောက်သက်တမ်ကို အဝေးကွင်းမှာ အနိုင်ကစားခဲ့ပါတယ်။ ၃ မိနစ်မှာ ကော်တင်ဟိုရဲ့ ဝေးကန်ချက်နဲ့ ဂိုးဟာ ရင်သပ်ရှူမောစရာ ကမ္ဘာ့အဆင့်မီဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ်။ ၇၃ မိနစ်မှာ စတာလင်က ဒုတိယဂိုးသွင်းပေးခဲ့ပြီးတဲ့ နောက်မှာတော့ လီဗာပူးလ်တို့ အနိုင်သေချာခဲ့ပါတယ်။ လီဗာပူးလ်ဟာ ဒီဇင်ဘာလအလယ်ကစလို့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ ဒီပွဲအနိုင်ကြောင့် ဇယားမှာ အဆင့် ၆ အထိ တက်လာခဲ့ပါတယ်။

    နည်းပြသစ် တင်ရှားဝုဒ်ရဲ့ ဇယားအောက်ခြေက အက်စတွန်ဗီလာအသင်းဟာ နောက်ဆုံးမိနစ် ပင်နယ်တီနဲ့ စတုတ်အသင်းကို အိမ်ကွင်းမှာ ရှုံးခဲ့ရပါတယ်။ ဘ၀တူလက်စတာကလည်း ၈၈ မိနစ်အထိ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ခံလူ အပ်ဆန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် အဲဗာတန်နဲ့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ ရဲ့ အနိုင်အရှုံးရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အက်စတွန်ဗီလာ ၁-၂ စတုတ်
    ချယ်ဆီး ၁-၁ ဘန်လေ
    ခရစ္စတယ်ပဲလေ့စ် ၁-၂ အာဆင်နယ်
    ဟားလ်စီးတီး ၂-၁ ကျူပီအာရ်
    ဆန်းဒါးလန်း ၀-၀ ၀က်စ်ဘရွန်း
    ဆွမ်ဆီး ၂-၁ မန်ယူ
    မန်စီးတီး ၅-၀ နယူးကာဆယ်
    စပါး ၂-၂ ၀က်စ်ဟမ်း
    အဲဗာတန် ၂-၂ လက်စတာ
    ဆောက်သက်တမ် ၀-၂ လီဗာပူးလ်

  • မိမိတို့ကစားသမားများမှာ ထိုက်တန်သည့် လေးစားမှုမရဟု မော်ရင်ဟိုဆို

    မိမိတို့ကစားသမားများမှာ ထိုက်တန်သည့် လေးစားမှုမရဟု မော်ရင်ဟိုဆို

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    morihno

    – မိမိတို့အသင်းမှ ကစားသမားများမှာ ဒိုင်လူကြီးများထံမှ ထိုက်တန်သည့် လေးစားမှုများကို မရရှိဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပြီး ဘန်လေအသင်း၏ တိုက်စစ်မှူး ဘန်းစ်ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    ယမန်နေ့က ကစားခဲ့သည့် ဘန်လေနှင့်ပွဲတွင် ချယ်ဆီးမှာ ၁ ဂိုးစီ သရေကျခဲ့ပြီး မော်ရဟင်ဟိုကမူ ထိုပွဲတွင် ဘန်လေအသင်း၏
    ဖြတ်ထုတ်မှု ၄ ကြိမ်ကို ဒိုင်လူကြီးက မပေးခဲ့ဘဲ မာတစ်အား ကြမ်းတ်းစွာဖြတ်ထုတ်ခဲ့သည့် ဘန်းစ်၏ လုပ်ရပ်များအတွက်လည်း
    ပြောစရာစကားပင် မရှိဟု ဆိုသည်။

    “ဘောလုံးဟာ ဘောလုံးဆိုတာတော့ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အဲဒါ (ဘန်လေနဲ့ပွဲ) ကတော့ သိပ်လွန်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု Sky Sports ၏ Goals on Sunday အစီအစဉ်တွင် မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် ဒိုင်လူကြီးများ၏ ပြစ်ဒဏ်မပေးမှုများအတွက်လည်း “ကျွန်တော့်ကစားသမားတွေက (အကာအကွယ်ပေးဖို့) မထိုက်တန်လို့လား။ ဆောက်သက်တမ်နဲ့ပွဲမှာ ပင်နယ်တီ တစ်လုံး၊ တော့တင်ဟမ်နဲ့ပွဲ၊ လီဗာပူးလ်နဲ့ပွဲတွေမှာ ကြည့်ပါ။ ဘန်းစ်အတွက် သုံးနှုန်းစရာ နာမ်စားတောင် ကျွန်တော့်မှာ မရှိပါဘူး။ (ဘန်းစ်ရဲ့ ဖြတ်ထုတ်မှုဟာ) မာတစ်ရဲ့ ကစားသမားဘ၀ကို အဆုံးသတ်သွားစေနိုင်ပါတယ်။ မာတစ် ကံကောင်းသွားပါတယ်။ အဲဒီကစားသမား (ဘန်းစ်)ရဲ့ လုပ်ခဲ့တာအတွက် ပြောစရာစကားတောင် မရှိပါဘူး” ဟု မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။

    ချယ်ဆီးအသင်း ကြုံတွေ့ရသည်များနှင့်ပတ်သက်၍ ပရီးမီးယားလိဂ် တာဝန်ရှိသူများအား ဝေဖန်ပြောကြားမှုကြောင့် မော်ရင်ဟိုမှာ ယခင်က FA ၏ အရေးယူမှုကို ခံယူခဲ့ရသည်။ သို့သော်လည်း မော်ရင်ဟိုကမူ မိမိအနေဖြင့် အရှိကို အရှိအတိုင်း ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဒါတွေဟာ တစ်ကယ်ဖြစ်ခဲ့တာတွေပါ။ ပြီးတော့ တကယ်လို့ မှတ်ချက်တွေ ဘောင်ကျော်သွားတယ်ဆိုရင်တော့ (နည်းပြတစ်ယောက်ကို ပြစ်ဒဏ်ပေးတာဟာ) နားလည်လို့ရပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ တိုက်ခိုက်မှုမရှိဘဲ အရှိကို အရှိအတိုင်းပြောမယ်ဆိုရင်တော့ ဒါဟာ ပြဿနာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: goal.com

  • ပဲရစ်တွင် လူမျိုးရေးခွဲခြားခဲ့သည့် ပရိတ်သတ်များကို ချယ်ဆီး အရေးယူမည်

    ပဲရစ်တွင် လူမျိုးရေးခွဲခြားခဲ့သည့် ပရိတ်သတ်များကို ချယ်ဆီး အရေးယူမည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media

    chlse

    – ယမန်နေ့က ပဲရစ်မြို့ရှိ ရထားဘူတာတွင် လူမည်းတစ်ယောက်အား လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့သည့် မိမိတို့ပရိတ်သတ်များကို မည်သူမည်ဝါဖြစ်ကြောင်း သိရပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ချယ်ဆီးအသင်းက ပြောကြားလိုက်သည်။

    ယမန်နေ့က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲအဖြစ် ပီအက်စ်ဂျီနှင့် ချယ်ဆီးတို့ ပထမအကျော့ မကစားမီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲရစ်ရှိ မက်ထရိုရထားပေါ်သို့ တက်ရောက်ရန် ဟန်ပြင်နေသည့် လူမည်းတစ်ဦးကို ချယ်ဆီးပရိတ်သတ်များက တားဆီးကာ ပလက်ဖောင်းပေါ်သို့ ပြန်လည် တွန်းထုတ်ခဲ့သည်။

    ထို့ပြင် ချယ်ဆီးပရိတ်သတ်များမှာ “ငါတို့က လူမျိုးရေးခွဲခြားသူတွေ။ ဒါမျိုးကိုပဲ ငါတို့ကြိုက်တယ်” ဟု ဟစ်အော်ခဲ့ကြပြီး ထိုအဖြစ်အပျက်ကို ရိုက်ကူးထားသော ဗီဒီယိုမှာ အင်တာနက် စာမျက်နှာပေါ်သို့ ရောက်လာခဲ့သည်။ ထို့နောက် အင်တာနက်အသုံးပြုသူများက အဆိုပါဗီဒီယိုအား တစ်ဆင့် ပြန်လည်မျှဝေခဲ့ပြီး ဝေဖန်မှုများလည်း ရှိခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ချယ်ဆီးဘက်ကလည်း ရှုတ်ချခဲ့ပြီး ပရိတ်သတ်များအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ပြောကြားခဲ့သည်။

    “ဒီလိုအပြုအမူမျိုးဟာ စက်ဆုပ်စရာကောင်းပြီး ဘောလုံးလောကနဲ့ လူ့အဖွဲ့အစည်းမှာ နေရာမရှိတဲ့ အပြုအမူမျိုးပါပဲ။ ဒီလုပ်ရပ်မှာ ပါဝင်ခဲ့သူတွေကို ရာဇ၀တ်မှုအရ အရေးယူတာကို ကျွန်တော်တို့က ထောက်ခံအားပေးသွားမှာဖြစ်ပြီး ဒီအထဲမှာ ချယ်ဆီးရဲ့ တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေပါရင် သူတို့ကို ပွဲကြည့်ရှုခွင့် ပိတ်ပင်ခြင်းအပါအ၀င် အသင်းအနေနဲ့ အပြင်းထန်ဆုံး အပြစ်ပေးအရေးယူသွားမှာဖြစ်ပါတယ်” ဟု ချယ်ဆီးအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref: goal.com

  • အငတ်ဘေးဒဏ်ကြုံတွေ့နေသူများအတွက် အသိပညာပေးတဲ့ အီဗရာဟီမိုဗစ်

    အငတ်ဘေးဒဏ်ကြုံတွေ့နေသူများအတွက် အသိပညာပေးတဲ့ အီဗရာဟီမိုဗစ်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    ibhmv

    – စနေနေ့က ကစားခဲ့သည့်ပွဲတွင် ဂိုးသွင်းပြီးနောက် အင်္ကျီချွတ်ကာ ပြသခဲ့သည့် မိမိခန္ဓာကိုယ်မှ ဆေးမင်ကြောင်ထိုးထားသော အမည်များမှာ ကမ္ဘာပေါ်တွင် အငတ်ဘေးဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရသူများဖြစ်သည်ဟု ပီအက်စ်ဂျီ တိုက်စစ်မှူး အီရောဟီမိုဗစ်က ပြောကြားလိုက်သည်။

    Cane အသင်းအား ၂ ဂိုးစီသရေကျခဲ့သည့် အဆိုပါပွဲတွင် မိုဗစ်မှာ ပွဲအစ ၂ မိနစ်တွင်ပင် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် အောင်ပွဲခံရာတွင် ၎င်း၏ အင်္ကျီအားချွတ်ကာ ခန္ဓာကိုယ်မှ ဆေးမင်ကြောင်များကို ပြသခဲ့ဖြစ်သည်။

    ထိုကဲ့သို့ ပြသခြင်း၏ နောက်ကွယ်တွင် အဓိပ္ပါယ်တစ်ခုရှိနေပြီး ကမ္ဘာတစ်ဝှမ်း အငတ်ဘေးဒဏ်ကို ဆန့်ကျင်တိုက်ထုတ်နေသော ကုလသမဂ္ဂမှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် ပတ်သက်၍ အသိပညာပေးရန်ဖြစ်သည်ဟု မိုဗစ်က ပြောကြားခဲ့သည်။ ထို့ပြင် မိမိ၏ ခန္ဓာကိုယ်တွင် မင်ကြောင်ထိုထားသောအမည်များမှာ အငတ်ဘေးဒဏ်ကို ရင်ဆိုင်ခံစားနေရသော သူများ၏ အမည်များဖြစ်သည်ဟု ဆိုသည်။

    “စနေနေ့က Caen နဲ့ပွဲမှာ ကျွန်တော့်အင်္ကျီချွတ်လိုက်တဲ့အခါ လူတိုင်းက ဒီမင်ကြောင်တွေက ဘာတွေလဲလို့ မေးကြပါတယ်။ ကျွန်တော့်ခန္ဓာကိုယ်မှာ လောလောဆယ် လူ ၅၀ ရဲ့အမည်ကို ရေးထိုးထားပါတယ်။ သူတို့ဟာ ကမ္ဘာတစ်ဝှမ်းမှာ အငတ်ဘေးဒဏ်ကို တကယ့်ကို ခံစားနေရတဲ့သူတွေပါ။ ဆေးမင်ကြောင်တွေ ကုန်သွားပေမယ့် အငတ်ဘေးဒဏ်ခံစားရတဲ့လူတွေကတော့ ဆက်လက်ရှိနေပါလိမ့်မယ်။ ကမ္ဘာတစ်ဝှမ်းမှာ အငတ်ဘေးဒဏ် ခံစားနေရသူ ၈၀၅ သန်းလောက် ရှိပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကို ကူညီဖို့ ကျွန်တော်ကနေတစ်ဆင့် ခင်ဗျားတို့ကို သိစေချင်တာပါ” ဟု အီဗရာဟီမိုဗစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အလှူဒါနနှင့်ပတ်သက်၍ မိမိမှာ ပထမဆုံး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ မိတို့က ကမ္ဘာတစ်ဝှမ်း အငတ်ဘေးပြဿနာကို ဖြေရှင်းနိုင်မည်မှာ အသေအချာပင်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: goal.com

  • ယခင်အရှုံးများက အသင်းကောင်းတစ်သင်းဖြစ်စေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာဆို

    ယခင်အရှုံးများက အသင်းကောင်းတစ်သင်းဖြစ်စေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာဆို

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    rodger

    – ယမန်နေ့က ကစားခဲ့သည့် FA ဖလားပွဲတွင် ခရစ္စတယ်ပဲလေ့စ်အား ၁ ဂိုးအရှုံးမှ နောက်ကလိုက်၍ အနိုင်ယူနိုင်ခဲ့သည့်
    မိမိအသင်းအား လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ချီးကျူးလိုက်ပြီး ယခင်အရှုံးများက အသင်းကောင်းတစ်သင်းဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

    ထိုပွဲ၌ ပွဲအစ ၁၅ မိနစ်မှာပင် ဖရေဇာကမ်းဘဲလ်က ခရစ္စတယ်ပဲလေ့စ်အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ဒုတိယပိုင်းတွင်
    ဒန်နီယဲလ်စတားရစ်ခ်ျနှင့် အဒမ်လာလနာတို့က ချေပဂိုးနှင့်အနိုင်ဂိုးများ သွင်းယူပေးခဲ့ကာ လီဗာပူးလ်အား ကွာတားဖိုင်နယ်သို့ တက်ရောက်စေခဲ့သည်။

    ရော်ဂျာကမူ ယခင်အရှုံးများက အနိုင်ရလိုစိတ်ဖြစ်စေရန် မိမိတို့အသင်းသားများအား တွန်းအားပေးလိုက်သကဲ့သို့
    ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ရာသီအစတုန်းက ကျွန်တော်တို့ သိပ်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာ အသင်းကောင်းတစ်သင်းကို ဖန်တီးနိုင်ခဲ့တာလည်း
    ဖြစ်ပါတယ်။ ဒါမျိုးဖြစ်လာဖို့ဟာ တော်တော့်ကို ခက်ခဲပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုပွဲအနိုင်ရခဲ့သည့် လီဗာပူးလ်မှာ နောက်ဆုံး ၂၂ ပွဲတွင် ၂ ပွဲသာရှုံးနိမ့်ထားသည်။ ရော်ဂျာကမူ ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် မိမိတို့မှာ ဂိုးသွင်းခွင့်အများအပြားရခဲ့ကြောင်း ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် မိမိတို့မှာ ပိုကောင်းလာခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref:goal.com