News @ M-Media

Tag: EPL

  • တနင်္ဂနွေ လိဂ်ဖလားဗိုလ်လုပွဲမှာ နည်းပြသက်တမ်းတစ်လျှောက် အရေးပါဆုံးဟု မော်ရင်ဟိုပြော

    တနင်္ဂနွေ လိဂ်ဖလားဗိုလ်လုပွဲမှာ နည်းပြသက်တမ်းတစ်လျှောက် အရေးပါဆုံးဟု မော်ရင်ဟိုပြော

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅
    M-Media

    mrh

    – တနင်္ဂနွေနေ့တွင် စပါးအသင်းနှင့်ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲက မိမိ၏ နည်းပြသက်တမ်းတစ်လျှောက် အရေးပါဆုံး ဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    မော်ရင်ဟိုမှာ ချန်ပီယံလိဂ်အပါအ၀င် အင်္ဂလန်၊ အီတလီ၊ ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့မှ ပြည်တွင်းဖလားများစွာကို ရရှိထားသူဖြစ်ပြီး ယခုနှစ်တွင် ဖလားသုံးလုံး ပစ်မှတ်ထားနေသည့် ချယ်ဆီးအတွက် စပါးနှင့်ပွဲမှာ ၎င်းတို့၏ အနီးဆုံး ပစ်မှတ်လည်း ဖြစ်နေသည်။

    “ဒီဗိုလ်လုပွဲက ကျွန်တော့်ရဲ့ နည်းပြသက်တမ်းမှာ အရေးပါဆုံး ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်တွေထက်ကို အရေးပါ ပါတယ်။ ကျွန်တော် အရင်က ကစားခဲ့ဖူးတဲ့ ဖလားတွေအားလုံးထက်လည်း ပိုပြီး အရေးကြီးပါတယ်။ ကျွန်တော်ရူးသလား” ဟု မော်ရင်ဟိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ ထိုပွဲကို ပြီးခဲ့သည့်တစ်ပတ် ပရီးမီးယားလိဂ် အနီကဒ်ကြောင့် ပွဲပယ်ခံထားရသည့် အဓိက ကွင်းလယ်လူ မာတစ်မပါဘဲ ကစားရမည်ဖြစ်ပြီး မော်ရင်ဟိုကမူ ထိုအနီကဒ်မှာ မဖြစ်သင့်ကြောင်း မိမိတို့ အင်္ဂလိပ်ဘောလုံးကို ကမ္ဘာတစ်ဝှမ်း သန်းနှင့်ချီသောပြည်သူများက ယုံကြည်စွာ စောင့်ကြည့်နေကြပြီး ထိုယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • မန်ယူတွင် တစ်ရာသီ ဂိုး ၂၀ သွင်းမည့် တိုက်စစ်မှူးမရှိဟု နည်းပြဗန်ဂါးလ်ဆို

    မန်ယူတွင် တစ်ရာသီ ဂိုး ၂၀ သွင်းမည့် တိုက်စစ်မှူးမရှိဟု နည်းပြဗန်ဂါးလ်ဆို

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅
    M-Media

    Van

    – မိမိတို့အသင်းမှာ တစ်ရာသီ ဂိုး ၂၀ ခန့်သွင်းသည့် တိုက်စစ်မှူး ပျောက်ဆုံးနေသည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ လက်ရှိအချိန်တွင် ထိပ်ဆုံးမှချယ်ဆီးနှင့် ၁၃ မှတ်ကွာဟကာ တတိယနေရာ၌ ရှိနေပြီး လာမည့်နှစ် ချန်ပီယံလိဂ် တစ်နေရာအတွက် ခက်ခဲမှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် ဗန်ပါစီ၊ ဖယ်လ်ကာအိုနှင့် ရူနီတို့ကဲ့သို့ ထိပ်တန်းတိုက်စစ်မှူးများ ရှိနေသော်လည်း တိုက်စစ်ပိုင်းက ဂိုးများ လိုသလောက် မရပေ။

    ဗန်ပါစီမှာ ယခုနှစ်တွင် ၁၀ ဂိုးသာ သွင်းထားနိုင်ပြီး ဒဏ်ရာများနှင့် ရုန်းကန်နေရကာ ရူနီကလည်း အလန်တန်းတွင် ဆင်းကစားနေရသည်။ ထို့ပြင် ဖယ်လ်ကာအိုကလည်း အသင်းနှင့် အထိုင်မကျသေးပေ။

    “ဗန်ပါစီကလည်း မရဘူး၊ ဖယ်လ်ကာအိုကလည်း မရဘူး။ ရူနီကလည်း ရှေ့တန်းမှာ မကစားတော့ဘူး။ အခုအချိန် ကျွန်တော်တို့မှာ တစ်ရာသီမှာ ဂိုး ၂၀ လောက်သွင်းမယ့် ကစားသမားမျိုး မရှိပါဘူး” ဟု ဗန်ဂါလ်းက သတင်းထောက်များအား ပြောကြာဲး့သည်။

    အသင်းအား ရလဒ်ကောင်းအောင် မဆောင်ရွက်နိုင်သောကြောင့် ဗန်ဂါလ်းမှာ မကြာသေးမီ သီတင်းပတ်များအတွင်း ဝေဖန်မှုများ ခံနေရပြီး ၎င်းကမူ ကစားသမားများ၏ အပြစ်လည်းပါသည်ဟု ဆိုသည်။

    “ကစားသမားတွေက ကောင်းကောင်းမစွမ်းဆောင်နိုင်တဲ့အခါ အမြဲတမ်း နည်းပြရဲ့ အပြစ် မဟုတ်ပါဘူး။ ဒီမာရီယာတစ်ယောက်တည်း ရုန်းကန်နေရတာမဟုတ်ပါဘူး၊ ကစားသမား အားလုံးပါပဲ”

    Ref: Goal.com

  • မန်ယူနှင့်ပွဲမှ အမှားများကို ပြင်ဆင်ခဲ့သောကြောင့် ပိုကောင်းလာခြင်းဟု လီဗာပူးတိုက်စစ်မှူး စတာလင်ဆို

    မန်ယူနှင့်ပွဲမှ အမှားများကို ပြင်ဆင်ခဲ့သောကြောင့် ပိုကောင်းလာခြင်းဟု လီဗာပူးတိုက်စစ်မှူး စတာလင်ဆို

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
    M-Media

    stl

    – အိုးထရက်ဖို့ဒ်တွင် မန်ယူအား ရှုံးနိမ့်ခဲ့သည့်ပွဲ၌ မိမိ၏ အဆုံးသတ်မသေချာမှုများကို ပြင်ဆင်ခဲ့ပြီးနောက် ယခုကဲ့သို့ ပိုကောင်းလာခြင်းဖြစ်သည်ဟု လီဗာပူးလ် တိုက်စစ်မှူး စတာလင်က ပြောကြားလိုက်သည်။

    ဒီဇင်ဘာ ၁၄ ရက်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် စတာလင်၏ အပိုင်ဂိုးသွင်းခွင့် လွဲချော်မှုများနှင့်အတူ လီဗာပူးလ်က ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ စတာလင်ကမူ ထိုပွဲတွင် ကျူးလွန်ခဲ့သည့် မိမိ၏အမှားများကို နောက်ပိုင်းတွင် ဗီဒီယိုဖြင့် ပြန်ကြည့်ခဲ့ပြီး ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။

    “အဲဒီနေ့က ကျွန်တော့်အတွက် တော်တော်ဆိုးတဲ့နေ့ပါပဲ။ ကျွန်တော်တို့ နိုင်သွားနိုင်တဲ့ အခွင့်အရေးတစ်ချို့ကို ကျွန်တော်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ကျွန်တော် စိတ်ပျက်သွားပြီး အိမ်ရောက်တဲ့အခါ အဲဒီဗီဒီယိုကို ထပ်ခါတလဲလဲ ပြန်ကြည့်ခဲ့ပါတယ်။ ကျွန်တော်ဘာတွေ ပိုကောင်းအောင် လုပ်ရမလဲဆိုတာ သိဖို့ ကြည့်ခဲ့တာပါ” ဟု စတာလင်က ပြောကြားခဲ့သည်။

    ထိုပွဲပြီးနောက် ကစားခဲ့သည့် ဘုန်းမောက်နှင့် လိဂ်ဖလား ကွာတားဖိုင်နယ်တွင် စတာလင်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့က ကစားခဲ့သည့် ဘန်လေနှင့်ပွဲတွင်လည်း ဂိုးထပ်သွင်းနိုင်ခဲ့ကာ လီဗာပူးလ်၏ အားထားရသည့် တိုက်စစ်မှူး ဖြစ်လာခဲ့သည်။

    “ကျွန်တော့်ရဲ့ပုံစံက နည်းနည်းလေး တန့်သွားသလို ရှိပါတယ်။ ဒါပေမယ့် ဒါဟာ လူငယ်ကစားသမားတစ်ယောက်အတွက် ဖြစ်တတ်တဲ့သဘာဝပါပဲ။ တကယ်လို့များ ကျွန်တော်ဟာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ချင်တယ်ဆိုရင်တော့ ကျွန်တော် တည်ငြိမ်ဖို့ လိုပါတယ်”

    Ref: Dailymail

  • ဗန်ဂါးလ်မှာ အသင်းအား ကြောက်ရွံ့မှုဖြင့် အုပ်ချုပ်နေသည်ဟု ဆောက်သက်တမ်နည်းပြဆို

    ဗန်ဂါးလ်မှာ အသင်းအား ကြောက်ရွံ့မှုဖြင့် အုပ်ချုပ်နေသည်ဟု ဆောက်သက်တမ်နည်းပြဆို

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅

    M-Media

    vangal

    – မန်ယူအသင်း၏ နည်းပြဖြစ်သူ ဗန်ဂါးလ်မှာ အသင်းအား ကြောက်ရွံ့မှုဖြင့် အုပ်ချုပ်နေပြီး ၎င်း၏ တိုက်ပွဲဝင်ပုံစံက ကစားသမားများနှင့် ပဋိပက္ခများ ဖြစ်လာနိုင်သည်ဟု ဆောက်သက်တမ်နည်းပြ ရော်နယ်ကိုးမန်းက ပြောကြားလိုက်သည်။

    အဆင့် ၄ နေရာကို ဆုပ်ကိုင်ထားနိုင်သည့် မန်ယူမှာ စနေနေ့က ဆွမ်ဆီးအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့်လျော့ကျခဲ့သည်။ ၁၉၉၈ မှ ၂၀၀၀ ပြည့်နှစ်အတွင်း ဘာစီလိုနာတွင် ဗန်ဂါးလ်၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည့် ကိုးမန်းကမူ ဗန်ဂါးလ်၏ ကစားသမားများပေါ် တောင်းဆိုမှုများက ဖိအားများဖြစ်စေသည်ဟု ဆိုသည်။

    “ဗန်ဂါးလ်ကို အိမ်ထဲခေါ်သွင်းလာတာဟာ အရည်အသွေးကို အိမ်ထဲခေါ်သွင်းလာသလိုပါပဲ။ ဒါပေမယ့် အားလုံးကို သိတယ်တတ်တယ်လို့ ထင်နေသူတစ်ယောက်ကို ခေါ်သွင်းလာတာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဒါက ပြဿနာတွေကို ဖြစ်စေပါလိမ့်မယ်” ဟု ကိုးမန်းက ဆိုသည်။

    ထို့ပြင် မိမိမှာ ၎င်းထံမှပညာများစွာကို သင်ယူရရှိခဲ့သော်လည်း မိမိနှင့် ဗန်ဂါးလ်တို့၏ အလုပ်လုပ်ပုံမှာ မတူကြောင်း မိမိမှာ ကစားသမားများ၏ ပုခုံးပေါ်တွင် ဖိအားများ တင်ပေးလေ့မရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဗန်ဂါလ်းကို အသင်းမှာ ခန့်လိုက်တဲ့အခါ သူရဲ့အသင်းမှာ ကြောက်ရွံ့မှု လွှမ်းမိုးသွားပါတယ်။ ကစားသမားတွေက မစ္စတာဗန်ဂါးကို ကြောက်ရွံ့ကြရပြီး ဒါဟာ အမြဲတမ်းတော့မကောင်းပါဘူး”

    Ref: goal.com

  • ချယ်ဆီးပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားခံခဲ့ရသူက တုန်လှုပ်မိသည်ဟု ဆို

    ချယ်ဆီးပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားခံခဲ့ရသူက တုန်လှုပ်မိသည်ဟု ဆို

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅
    M-Media

    chelsea

    – ပဲရစ်ရှိ ရထားဘူတာတစ်ခုတွင် ချယ်ဆီးပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရသော ပြင်သစ်နိုင်ငံသား ၎င်းအနေဖြင့် ထိုအဖြစ်အပျက်အတွက် အလွန်အမင်းတုန်လှုပ်မိပြီး သယ်ယူပို့ဆောင်ရေး အစီးအနင်းများ အသုံးပြုရန်ကိုပင် ကြောက်မိသည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် ပီအက်စ်ဂျီအသင်းနှင့် ချယ်ဆီးတို့ မကစားမီ ပဲရစ်ရှိ ဘူတာရုံတွင် ချယ်ဆီးပရိတ်သတ် အုပ်စုတစ်စုက အသက် ၃၃ နှစ်အရွယ်ရှိ ဆူလေမန်နီဟုခေါ်သော လူမည်းတစ်ဦး ရထားပေါ်သို့ တက်ရောက်သည်ကို တွန်းထုတ်ခဲ့ပြီး လူမျိုးရေးခွဲခြားသည့် စကားလုံးများဖြင့် ဟစ်အော်ခဲ့သည်။

    ထိုအဖြစ်အပျက်အတွက် ပဲရစ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ချယ်ဆီးအသင်းကလည်း ထိုအဖြစ်အပျက်တွင် ပါဝင်သည့် ပရိတ်သတ် ၃ ဦးကို စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ၀င်ရောက်ကြည့်ရှုခြင်းမှ ရာသက်ပန်ပိတ်ပင်ခဲ့သည်။

    ဆူလေမန်နီကလည်း ထိုအဖြစ်အပျက်အတွက် တိုင်ကြားထားပြီး ကျူးလွန်သူများအား တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်လာရမည်ဟု ပြောကြားခဲ့သည်။

    “ဖြစ်ပျက်ခဲ့တဲ့အရာတွေက ကျွန်တော့်ကို တုန်လှုပ်စေပါတယ်။ ကျွန်တော် ရထားပေါ်တက်ဖို့ ကြိုးစားတဲ့အခါ ချက်ချင်းဆိုသလိုပဲ လူနှစ်ယောက်က ကျွန်တော့်ကို တွန်းထုတ်လိုက်ပါတယ်။ ကျွန်တော် နားမလည်ခဲ့ပါဘူး။ သာမန်မဟုတ်ဘူးလို့ပဲ ကျွန်တော်ထင်ခဲ့တာပါ။ ဒါမျိုးက ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလေ။ သူတို့က အော်ထုတ်ခဲ့ပြီး လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေကိုလည်း ကျွေးကျော်ခဲ့ပါတယ်။ ကျွန်တော် လက်မခံနိုင်သလို့ ဘာ့ကြောင့်လဲဆိုတာလည်း ကျွန်တော်နားမလည်ခဲ့ပါဘူး” ဟု ဆူလေမန်နီက
    ပြောကြားခဲ့သည်။

    ချယ်ဆီးကလည်း ထိုအဖြစ်အပျက်အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ချယ်ဆီးနည်းပြမော်ရင်ဟိုက မိမိအနေဖြင့် ရှက်မိသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဆူလေမန်နီအား စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ လာရောက်ရန် မော်ရင်ဟိုက ဖိတ်ခေါ်ခဲ့ပြီး ဆူလေမန်နီကမူ လက်ခံခဲ့ခြင်းမရှိပေ။

    Ref:goal.com