News @ M-Media

Tag: fifa

  • ဖီဖာဥက္ကဌအဖြစ် ယူအီးအက်ဖ်အေအတွင်းရေးမှူး ရွေးချယ်ခံရ

    ဖီဖာဥက္ကဌအဖြစ် ယူအီးအက်ဖ်အေအတွင်းရေးမှူး ရွေးချယ်ခံရ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    gianni-infantino_3583775b

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ ဥက္ကဌအဖြစ် ယူအီးအက်ဖ်အေ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂီယန်နီ အင်ဖန်တီနိုမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် မဲပေးမှု ဒုတိယအကျော့တွင် ဆွစ်ဇာလန်နိုင်ငံသား အင်ဖန်တီနိုမှာ စုစုပေါင်း ထောက်ခံမဲ ၁၁၅ မဲ ရရှိခဲ့ပြီး အဖွဲ့ဝင် ၂၀၇ ဦးရှိသည့် ဖီဖာတွင် လိုအပ်သော မဲအရေအတွက် ၁၀၄ မဲထက် ပို၍ ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ ၂၀၁၉ ခုနှစ်အထိ ဖီဖာဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

    အခြားရေးပန်းစားသူ တစ်ဦးဖြစ်သည့် ဘာရိန်းနိုင်ငံမှ ရှိခ် ဆလ်မန် ဘင် အီဘရာဟင် အလ် ခါလီဖာမှာ ၈၈ မဲ ရရှိခဲ့ သည်။ ဂျော်ဒန်နိုင်ငံမှ အိမ်ရှေ့မင်းသား အလီ ဘင် အလ် ဟူစိန်ကမူ ၄ မဲသာ ရရှိခဲ့ပြီး ပြင်သစ်မှ ဂျယ်ရိုမီ ရှမ်ပိန်က မဲ မရခဲ့ပေ။ အသက် ၄၅ နှစ်အရွယ်ရှိပြီး ရှေ့နေဟောင်းဖြစ်သူ အင်ဖန်တီနိုမှာ ၎င်းအား မဲပေးသူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ဖီဖာရဲ့ပုံရိပ် ပြန်ကောင်းအောင်နဲ့ လေးစားမှုပြန်ရောက်အောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ ကမ္ဘာတစ်ဝှမ်းက လူတိုင်း ကျွန်တော်တို့ကို လေးစားလာကြပါလိမ့်မယ်။ ခင်ဗျားတို့အားလုံးရဲ့ ဥက္ကဌ ဖြစ်ချင်ပါတယ်။ အခုအချိန်ဟာ ဘောလုံးလောကကို ပြန်လည်အဖတ်ဆယ်ဖို့ အချိန်ပါပဲ။ ဖီဖာဟာ ခက်ခဲတဲ့အချိန်တွေနဲ့ ပြဿနာတွေကို ဖြတ်သန်းခဲ့ပြီးပါပြီ။ ဒါတွေက ပြီးဆုံးသွားပါပြီ။ လေးစားမှုပြန်ရအောင် ကျွန်တော်တို့ ကြိုးစားရမှာဖြစ်ပြီး ဘောလုံးဆိုတဲ့ အံ့သြဖွယ် အားကစားနည်းကို ပြန်လည် အာရုံစိုက်ရပါမယ်” ဟု ဥက္ကဌအဖြစ် ရွေးချယ်ခံရပြီးနောက် အင်ဖန်တီနိုက ပြောကြားခဲ့သည်။

    အန်ဖန်တီနိုမှာ ပထမကျော့ မဲပေးမှုကတည်းက ၈၈ မဲဖြင့် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • တောင်အမေရိကဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူဟောင်းများ၏ ခြစားမှုအပုပ်နံ့ထွက်လာ

    တောင်အမေရိကဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူဟောင်းများ၏ ခြစားမှုအပုပ်နံ့ထွက်လာ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
    M-Media

    jadue

    – တောင်အမေရိကဘောလုံးအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၂ ဦး၏ လုပ်ရပ်များတွင်လိမ်လည်မှုများ၊ မရိုသားသည့် လုပ်ရပ်များကို တွေ့ခဲ့ရခြင်းကြောင့် ၎င်းတို့အား ဘောလုံးလောကမှ ရာသက်ပန်ပိတ်ပင်ရန် ဖီဖာကျင့်ဝတ်ကော်မတီက အကြံပြုလိုက်သည်ဟု သိရသည်။

    လူအစ် ဘီဒိုယာနှင့် ဆာဂျီယို ဂျာဒူအီတို့ဖြစ်ကြပြီး ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက အမေရိကန်၏ တရားစွဲဆိုခံခဲ့ရကာ တရားမ၀င်ငွေကြေးရယူရန်အတွက် ပူးပေါင်းကြံစည်မှုနှင့် လိမ်လည်မှု စွဲချက် ၂ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ဖီဖာကျင့်ဝတ်ကော်မတီမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်၌ ၎င်းတို့နှစ်ဦးအား ရာသက်ပန်ပိတ်ပင်ရန် အကြံပြုခဲ့ခြင်းဖြစ်သည်။ ကိုဘံဘီယာ ဘောလုံးအဖွဲ့ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လူအစ် ဘီဒိုယာမှာ ဖီဖာ၏ အမှုဆောင်ကော်မတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ ဂျာဒူအီမှာ ချီလီဘောလုံးအဖွဲ့ချုပ် ဥက္ကဌလည်းဟောင်းဖြစ်သည်။

    “ကျင့်ဝတ်ကော်မတီ စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကျင့်ဝတ်ကျင့်ထုံးဥပဒေတွေ၊ သစ္စာရှိမှု၊ တာဝန်တွေကို ထုတ်ဖော်ပြောဆိုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ သတင်းပေးပို့ခြင်း၊ အကျိုးစီးပွား ထိပ်တိုက်တွေ့ခြင်း၊ ခြစားမှုနဲ့ လာဘ်ပေးလာလ်ယူခြင်း စတာတွေကို ချိုးဖောက်တယ်လို့ တွေ့မြင်ရမှုအတွက် ဘီဒိုယာနဲ့ ဂျာဒူအီ ၂ ဦးစလုံးအပေါ် ဘောလုံးနဲ့ဆက်စပ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ခြင်းကို ရာသက်ပန်ပိတ်ပင်ဖို့ အကြံပြုခဲ့ပါတယ်” ဟု ဖီဖာမှထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: Goal

  • ဖီဖာဥက္ကဌလောင်း အလ်-ခါလီဖာကို အာဖရိကဘောလုံးအဖွဲ့ချုပ်က ထောက်ခံ

    ဖီဖာဥက္ကဌလောင်း အလ်-ခါလီဖာကို အာဖရိကဘောလုံးအဖွဲ့ချုပ်က ထောက်ခံ

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    fifa 2

    – ယခုလအတွင်း ပြုလုပ်မည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဘာရိန်းမှ ရှိခ် ဆလ်မန် ဘင် အီဘရာဟင် အလ်-ခလီဖာကို အာဖရိကဘောလုံးအဖွဲ့ချုပ် CAF က ယမန်နေ့တွင် ထောက်ခံခဲ့သည်ဟု သိရသည်။

    ထို့ကြောင့် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ခါလီဖာမှာ ဖီဖာဥက္ကဌအဖြစ် အရွေးခံမည့် ၅ ဦးတွင် ဆွစ်ဇာလန်နိုင်ငံမှ ဂီယန်နီ အင်ဖန်တီနိုနှင့်အတူ ပြတ်ပြတ်သားသား ရေပန်းစားလာခဲ့ပြီဖြစ်သည်။ အဖွဲ့ဝင် ၅၄ နိုင်ငံပါဝင်သော CAF ကမူ ခါလီဖာမှာ မိမိတို့၏ နှစ်သက်သည့် ကိုယ်စားလှယ်လောင်းဖြစ်သည်ဟု ကြေငြာခဲ့ခြင်းဖြစ်သည်။

    “CAF ဟာ ရှိခ်ဆလ်မန် ဘင် အီဘရာဟင် အလ် ခါလီဖာရဲ့ ဖီဖာဥက္ကဌရာထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်မှုကို အပြည့်အ၀ ထောက်ခံပါတယ်” ဟု CAF ဒုတိယဥက္ကဌ ဆူကေတူ ပါတဲလ်က ပြောကြားခဲ့သည်။

    အလ်-ခါလီဖာမှာ အာရှဘောလုံးအဖွဲ့ချုပ်၏ ထောက်ခံမှုကိုလည်း ရရှိထားပြီး၊ ယူအီးအက်ဖ် အထွေထွေအတွင်းရေးမှူး အင်ဖန်တီနိုကမူ ယူအီးအက်ဖ်အေနှင့် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်တို့၏ ထောက်ခံမှုကို ရရှိထားသည်။ အာဖရိကဘောလုံးအဖွဲ့ချုပ်၏ ဆလ်မန်အပေါ် ထောက်ခံမှုမှာ ဖီဖာဥက္ကဌလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် တောင်အာဖရိကမှ ကိုစားလှယ်လောင်း တိုကျို ဆက်ဇ်ဝဲလ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။ ဖီဖာဥက္ကဌ ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

    Ref: Channelnewsasia

  • ဖီဖာဥက္ကဌနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ၅ ဦးစာရင်း ထွက်ပေါ်လာ

    ဖီဖာဥက္ကဌနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ၅ ဦးစာရင်း ထွက်ပေါ်လာ

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    fifa

    – လာမည့်လတွင် ကျင်းပပြုလုပ်မည့် ဥက္ကဌနေရာ ရွေးချယ်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသည့် ကိုယ်စားလှယ်လောင်း ၅ ဦးကို ဖီဖာက ယနေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ဖီဖာ၏ ရွေးကောက်ပွဲကော်မတီကထုတ်ပြန်ခဲ့သည့် အဆိုပါ ၅ ဦးမှာ ဖီဖာဒုဥက္ကဌဖြစ်သည့် ဂျော်ဒန်အိမ်ရှေ့မင်းသား အလီ ဘင် အလ် ဟူစိန်၊ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်သော ဘာရိန်းတော်ဝင်မိသားစုဝင် ရှိခ် ဆလ်မန် ဘင် အီ ဘရာဟင် အလ်ခါလီဖာ၊ ယူအီးအက်ဖ်အေ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆွစ်ဇာလန်နိုင်ငံမှ ဂီယန်နီ အင်ဖန်တီနို၊ တောင်အာဖရိက လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေးဝန်ကြီး တိုကျို ဆက်ဝါလေးနှင့် ဖီဖာအမှုဆောင်ကောင်စီဝင်ဟောင်း ပြင်သစ် နိုင်ငံရေးသမား ဂျယ်ရိုမီ ရှန်ပိန်တို့ဖြစ်ကြသည်။

    ဥက္ကဌဟောင်းဖြစ်သူ ဆပ်ဘလတ္တာက ၎င်းမှာ ရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြီးခဲ့သည့်ဇွန်လက ကြေငြာခဲ့ပြီးနောက်ပိုင်း ဖီဖာဥက္ကဌရွေးကောက်ပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့ရခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဆပ်ဘလတ္တာမှာ ယူအီးအက်ဖ်အေဥက္ကဌပလာတီနီနှင့် ငွေအပေးအယူကိစ္စတစ်ခု မသမာမှုကြောင့် ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများအားလုံးမှ ၈ နှစ် ပိတ်ပင်ခြင်းခံထားရသည်။

    Ref : Channelnewsasia

  • ခြစားမှုပြဿနာဖြင့် အထွေထွေအတွင်းရေးမှူးကို ဖီဖာက ထုတ်ပယ်

    ခြစားမှုပြဿနာဖြင့် အထွေထွေအတွင်းရေးမှူးကို ဖီဖာက ထုတ်ပယ်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    fifa

    – ခြစားမှုစွပ်စွဲချက်များ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂျဲရိုမီ ဗာ့လ်ခ်ကီကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဟု ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာက ကြေငြာလိုက်သည်။

    အသက် ၅၅ နှစ်အရွယ်ရှိ ဗာ့လ်ခ်ကီမှာ ခြစားမှုများရှိခဲ့သည်ဟု သတင်းများကြောင့် ဘောလုံးနှင့်ဆက်စပ်သည့် လှုပ်ရှားမှုအားလုံးမှ ရပ်ဆိုင်းခံထားရသူဖြစ်ပြီး ကျင့်ဝတ်ကော်မတီက တရားဝင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

    ဥက္ကဌဘလတ္တာ၏ ညာလက်ရုံးဖြစ်သော ဗာ့လ်ခ်ကီမှာ ၂၀၁၄ ဘရာဇီးလ်ကမ္ဘာဖလားပြိုင်ပွဲအတွက် လက်မှတ်များကို နားလည်မှုဖြင့် လက်သိပ်ထိုးရောင်းချရန် ရည်ရွယ်သော ကိစ္စတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံခဲ့ရသည်။ သို့သော်လည်း အဆိုပါကိစ္စမှာ ဖြစ်လာခဲ့ခြင်းမရှိပေ။ ၎င်းကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

    “ဖီဖာအရေးပေါ်ကော်မတီက ဂျဲရိုမီ ဗာ့လ်ခ်ကီကို ဖီဖာအထွေထွေအတွင်းရေးမှူးနေရာကနေ ချက်ချင်းထုတ်ပယ်ဖို့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို ဗာ့လ်ခ်ကီဟာ ဖီဖာရဲ့ အထွေထွေအတွင်းရေးမှူး မဟုတ်တော့ပါဘူး။ ဖီဖာနဲ့ ဗာ့လ်ခ်ကီကြားက အလုပ်သဘောအရ ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါပြီ” ဟု ဖီဖာမှ တရားဝင်ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ခြစားမှုပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည့် ဖီဖာမှာ ဥက္ကဌ ဘလတ္တာနှင့် ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီတို့အား မကြာသေးမီကပင် ဘောလုံးလောကမှ ၈ နှစ်ပိတ်ပင်ခဲ့သည်။

    Ref: Goal