News @ M-Media
Tag: fifa
  • ဖီဖာဒုဥက္ကဌ ခြစားမှုဖြင့် တရားရင်ဆိုင်ရမည်
    ဖီဖာဒုဥက္ကဌ ခြစားမှုဖြင့် တရားရင်ဆိုင်ရမည်
    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media
    fifa
    – ဖီဖာ၏ ခြစားမှုစွဲချက်ဖြင့် တရားရင်ဆိုင်ရန်အတွက် အမေရိကန်သို့ လွှဲပြောင်းပေါ်အပ်ရေးကို ရာထူမှအနားပေးခြင်းခံထားရသည့် ဖီဖာဒုဥက္ကဌ အလ်ဖရက်ဒို ဟာဝစ်က သဘောတူခဲ့သည်ဟု သိရသည်။
    ကွန်ကာကဖ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်းဖြစ်သူ ဟာဝစ်မှာ ပြီးခဲ့သည့်နှစ်မေလက ဇူးရစ်ခ်ျရှိ ဟိုတယ်သို့ ဆွစ်ဇ်ဇာလန် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းကာ ဖီဖာတာဝန်ရှိသူများအား ထိန်းသိမ်းမှုတွင် ပါဝင်ခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာက ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်းမှ ရက်ပေါင်း ၉၀ ပိတ်ပင်ခံခဲ့ရသည်။
    ဟာဝစ်မှာ လက်တင်အမေရိကရှိ ဘောလုံးပြိုင်ပွဲများ၏ ဈေးကွက်လုပ်ပိုင်ခွင့်ကို အားကစား ဈေးကွက်လုပ်ငန်းများအား ရောင်းချမှုနှင့် ဆက်စပ်၍ ဒေါ်လာသန်းနှင့်ချီ လာဘ်ငွေရယူခဲ့သည်ဟု စွပ်စွဲခံထားရသည်ဟု ဆွစ်ဇာလန် ဖက်ဒရယ် တရားရေးရုံးက ဖော်ပြခဲ့သည်။
    တရားရင်ဆိုင်ရေးအတွက် အမေရိကန်သို့ လွှဲပြောင်းမှုကို စောစောပိုင်းက ဟာဝစ်က ငြင်းဆန်ခဲ့သော်လည်း ယခုအချိန်တွင် သဘောတူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့် ၁၀ ရက်အတွင်း ၎င်းကို ပို့ဆောင်သွားမည်ဖြစ်သည်။
    အသက် ၆၄ နှစ်အရွယ်ရှိ ဟာဝစ်မှာ ၎င်းအား စွပ်စွဲထားမှုများနှင့်ပတ်သက်၍ ငြင်းဆိုထားပြီး မိမိမှာ မည်သည့်အမှားမှ မလုပ်ခဲ့ဟု ပြောကြားခဲ့သည်။
    Ref: Goal
  • ဖီဖာဥက္ကဌနှင့် ယူအီးအက်ဖ်အေဥက္ကဌတို့ ဘောလုံးလောကမှ ၈ နှစ် ပိတ်ပင်ခံရ
    ဖီဖာဥက္ကဌနှင့် ယူအီးအက်ဖ်အေဥက္ကဌတို့ ဘောလုံးလောကမှ ၈ နှစ် ပိတ်ပင်ခံရ
    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    fifa
    – ငွေကြေးအပေးအယူပြဿနာအတွက် ရာထူးမှ ယာယီရပ်ဆိုင်းခံထားရသည့် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာနှင့် ယူအီးအက်ဖ်အေဥက္ကဌ မိုက်ကယ် ပလာတီနီတို့အား ဖီဖာကျင့်ဝတ်ကော်မတီက ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများအားလုံးမှ ၈ နှစ်တာ ပိတ်ပင်လိုက်သည်ဟု သိရသည်။
    ဆုံးဖြတ်ချက်အား ယနေ့တွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဘလတ္တာနှင့် ပလာတီနီတို့မှာ အကျိုးစီးပွား ရောထွေးမှုနှင့်ပတ်သက်သည့် ဖီဖာ၏ ကျင့်ဝတ်များကို ချိုးဖောက်ကာ၊ သစ္စာစောင့်သိမှု၊ စွမ်းဆောင်နိုင်မှု စည်းမျဉ်းများကိုလည်း ဖောက်ဖျက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးစလုံးမှာ ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်များမှာ ကင်းရှင်းသည်ဟု ဆိုသည်။
    ၂၀၁၁ ခုနှစ်က ဘလတ္တာ၏လက်မှတ်ဖြင့် ဖီဖာက ကန်ဒေါ်လာ ၂ သန်းကို ပလာတီနီအား ပေးချေခဲ့မှုနှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦစလုံးမှာ ဖီဖာ ကျင့်ဝတ်ကော်မတီ၏ စစ်ဆေးမှုကို ခံယူခဲ့ရပြီး ရက်ပေါင်း ၉၀ ရာထူးမှ အနားပေးခြင်း ခံခဲ့ရသည်။
    နှစ်ဦးစလုံးကမူ ထိုကိစ္စတွင် အမှားလုပ်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သော်လည်း ဖီဖာက ယခုကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ပြစ်ဒဏ်မှာ ချက်ခြင်းချခံရမည်ဖြစ်ပြီး ဖီဖာအယူခံကော်မတီနှင့် CAS သို့ အယူခံဝင်ခွင့် ရှိမည်ဖြစ်သည်။
    Ref: CNN
  • ဖီဖာနှင့်သက်ဆိုင်သည့် သန်းနှင့်ချီသောငွေများကို ဆွစ်ဇာလန်က ထိန်းချုပ်
    ဖီဖာနှင့်သက်ဆိုင်သည့် သန်းနှင့်ချီသောငွေများကို ဆွစ်ဇာလန်က ထိန်းချုပ်
    ဒီဇင်ဘာ ၁၇၊ ၂၀၁၅
    M-Media
    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာနှင့် ဆက်စပ်ပတ်သက်နေသည့် ဆွစ်ဇ်ဖရန့် သန်းပေါင်းများစွာကို ဆွစ်ဇာလန် တရားရေးဝန်ကြီးဌာနက ထိန်းချုပ်ထားလိုက်သည်ဟု ၀န်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် အတည်ပြု ပြောကြားလိုက်သည်။
    နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီဖြစ်သည့် ဖီဖာမှာ ပြီးခဲ့သည် လများအတွင်း ခြစားမှုပြဿနာများဖြင့် အကြီအကျယ်ရင်ဆိုင်နေရပြီး အကြီးတန်းတာဝန်ရှိသူများ ဖမ်းဆီးတရားစွဲဆိုခံရခြင်း၊ ဥက္ကဌဘလတ္တာမှာလည်း ရာထူးမှရပ်ဆိုင်းခံရခြင်းတို့နှင့် တွေ့ကြုံခဲ့သည်။
    “အမေရိကန်အာဏာပိုင်တွေဟာ မတူညီတဲ့ ဘဏ်တွေက ငွေစာရင်း ၅၀ နဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေကို တောင်းဆိုခဲ့ပြီး အဲဒီဘဏ်စာရင်းတွေကနေ လာဘ်ငွေတွေကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ယူဆရပါတယ်” ဟု ဆွစ်ဇ် တရားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖိုလ်ကို ဂါလီက ပြောကြားခဲ့သည်။
    ဖီဖာဥက္ကဌ ဘလတ္တာနှင့် ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီတို့မှာ ငွေရေးကြေးရေးအပေးအယူ အရှုပ်အထွေးများကြောင့် ရက်ပေါင်း ၉၀ ရာထူးမှ ရပ်ဆိုင်းခံထားရသည်။ ဆွစ်ဇာလန်အာဏာပိုင်များမှာ အမေရိကန်၏ မေတ္တရပ်ခံမှုကြောင့် ဖီဖာအာဏာပိုင်များအား ဖမ်းဆီးမှုများ၊ လွှဲပြောင်းပေးအပ်မှုများ ပြုလုပ်ခဲ့သည်။
    Ref: Channelnewsasia
  • ဖီဖာဒုဥက္ကဌဟောင်းကို အမေရိကန်သို့ ဆွစ်ဇာလန်က လွှဲပြောင်းပေးအပ်
    ဖီဖာဒုဥက္ကဌဟောင်းကို အမေရိကန်သို့ ဆွစ်ဇာလန်က လွှဲပြောင်းပေးအပ်
    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media
    fifa
    – ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှု သံသယဖြင့် ဖမ်းဆီးထားသည့် ဖီဖာဒုဥက္ကဌ အိန်ဂျယ် နပ်အောက်ကို အမေရိကန် အာဏာပိုင်များထံသို့ ဆွစ်ဇာလန်က လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
    နပ်အောက်ကို ဒီဇင်ဘာ ၃ ရက်နေ့က အမေရိကန်၏ မေတ္တာရပ်ခံမှုဖြင့် ဆွစ်ဇ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နပ်အောက်မှာ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဌလည်းဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။
    ၎င်းမှာ လာဘ်ငွေ ကန်ဒေါ်လာ သန်းနှင့်ချီ၍ ရယူထားမှု၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကို ရိုက်ခတ်နေသည့် ခြစားမှုပြဿနာများတွင် ပါဝင်ပတ်သက်မှုတို့ဖြင့် စွပ်စွဲခြင်းခံထားသည်။ ထိုကဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့မှုကို ဆွစ်ဇာလန် ဖက်ဒရယ်တရားရေးဌာန အတည်ပြုခဲ့ပြီး လွှဲပြောင်းမှု ပြီးဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် လွှဲပြောင်းပေးအပ်မှုအတွက် ကော်စတာရီကာဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်း၏ အယူခံကိုလည်း ပယ်ချထားသည်ဟု တရားရေးဌာနက ထည့်သွင်းပြောကြားခဲ့ပြီး လွှဲပြောင်းပေးအပ်မည့်နေ့ကို ဖော်ပြခဲ့ခြင်းမရှိချေ။
    Ref: Goal
  • ခြစားမှုအတွက် ဖမ်းဆီးခံထားရသည့် ဖီဖာတာဝန်ရှိသူများမှ ၈ ဦးက အပြစ်ရှိကြောင်း ၀န်ခံတော့မည်
    ခြစားမှုအတွက် ဖမ်းဆီးခံထားရသည့် ဖီဖာတာဝန်ရှိသူများမှ ၈ ဦးက အပြစ်ရှိကြောင်း ၀န်ခံတော့မည်
    ဒီဇင်ဘာ ၄၊ ၂၀၁၅
    M-Media
    fifa 2
    အမေရိကန် တရားသူကြီးချုပ် လော်ရက်တာ လင့်ခ်ျ
    – ခြစားမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ ဖီဖာတာဝန်ရှိသူများမှ ၈ ဦးမှာ ၎င်းတို့တွင် အပြစ်ရှိကြောင်း ၀န်ခံရန် သဘောတူထားသည်ဟု အမေရိကန် တရားသူကြီးချုပ် လော်ရက်တာ လင့်ခ်ျက ပြောကြားလိုက်သည်။
    အမေရိကန်တာဝန်ရှိသူများမှာ ထိုကိစ္စနှင့်ပတ်သက်၍ ဖီဖာမှ လက်ရှိနှင့် ယခင်တာဝန်ရှိသူ ၁၆ ဦးအား တရားစွဲဆိုထားပြီး၊ ၎င်းတို့ကို လာဘ်ငွေနှင့် တရားမ၀င် ငွေပေးထားမှုပမာဏ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကိစ္စတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲမှုအတွက် အသေးစိတ်အချက်အလက်များကို အမေရိကန်တရားရေးဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
    လင့်ချင်ကမူ ဖီဖာနှင့် ဆက်စပ်နေသူ ၈ ဦးမှာ ယခုအခါ အပြစ်ရှိကြောင်းဝန်ခံရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းတို့ထဲမှ ၅ ဦးမှာ မည်သည့်အချိန်တွင် ၀န်ခံမည်ဆိုသည်ကို ပြောကြားခဲ့ခြင်းမရှိဟု ဆိုသည်။
    “တရားခံတစ်ယောက်က ဖီဖာ စည်းကမ်းထိန်းသိမ်းရေးကော်မတီ အကြီးအကဲဖြစ်ပြီး ခြစားမှုနဲ့ပတ်သက်ပြီး တရားစွဲဆို ခံထားရတာပါ။ အခုတော့ အဲဒီကိစ္စမှာ ပါဝင်တယ်လို့ ပြောကြားထားပါတယ်။ ဒါက တော်တော်လေးကို ဆိုးရွားပြီး ဖီဖာရဲ့ ခြစားမှုပမာဏက မယုံနိုင်လောက်စရာပါပဲ” ဟု လင့်ခ်ျက ပြောကြားခဲ့သည်။
    ထို့ပြင် ခြစားမှုနှင့်ပတ်သက်၍ အပြစ်ရှိကြောင်း ၀န်ခံမည်သူများတွင် မေလက ဖမ်းဆီးခဲ့သည့် ဖီဖာဒုတိယဥက္ကဌဟောင်း ဂျက်ဖရီဝဘ်လည်း ပါဝင်ပြီး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal