News @ M-Media

Tag: Germany Muslim

  • ဂျာမန်မွတ်စလင်အမျိုးသမီးတစ်ဦး လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်ခံရ

    ဂျာမန်မွတ်စလင်အမျိုးသမီးတစ်ဦး လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်ခံရ

    မေ ၁၄၊ ၂၀၁၆
    M-Media

    german

    – ဂျာမနီနိုင်ငံရှိ Baden-Wuerttemberg ပြည်နယ် လွှတ်တော်ဥက္ကဌနေရာအတွက် မွတ်စလင်အမျိုးသမီးတစ်ဦး ပထမဆုံး ရွေးချယ်ခံခဲ့ရသည်ဟု သိရသည်။

    Green ပါတီမှ အသက် ၅၀ အရွယ်ရှိ မူဟ်သီရမ် အေရက်စ်ဖြစ်ပြီး သူမကမူ မိမိအား ထိုကဲ့သို့ ရွေးချယ်မှုမှာ နိုင်ငံအတွက် သမိုင်းဝင်ခြေလှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အေရက်စ်မှာ ပြောင်းရွှေ့အခြေချသူဆန့်ကျင်ရေး ပါတီဝင်တစ်ဦးထံမှ လွှတ်တော် ဥက္ကဌနေရာကို ဗုဒ္ဓဟူးနေ့တွင် လွှဲပြောင်းရယူခဲ့သည်။

    “ဒီနေ့ ကျွန်မတို့ သမိုင်းသစ် ရေးထိုးခဲ့ပါပြီ” ဟု အေရက်ဇ်က အမတ်အများစု၏ ထောက်ခံမှုဖြင့် ရွေးချယ်ခံရပြီးနောက် ပြောကြားခဲ့သည်။ ထို့ပြင် သူမ၏ ထိုအောင်ပွဲမှာ ပွင့်လင်းမှု၊ သည်းခံမှုနှင့် အောင်မြင်သော ပူးပေါင်းပါဝင်မှု သတင်းစကားဖြစ်သည်ဟုလည်း ဆိုသည်။

    အေရက်ဇ်မှာ တူရကီတွင် မွေးဖွားခဲ့သူဖြစ်ပြီး ကလေးဘ၀ကတည်းက စတုဂတ်မြို့အနီးရှိ မြို့ငယ်လေးသို့ မိသားစုဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် စီးပွားရေးပညာရပ်ကို လေ့လာခဲ့ကာ အခွန်ဆိုင်ရာ အကြံပေးလုပ်ငန်းတစ်ခုကို ဖွင့်လှစ်ထားသည်။

    သူမ၏ နိုင်ငံရေးသမားဘ၀မှာ ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး Green ပါတီဝင်အဖြစ် မြိုနယ်ကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ပါတီ၏ မြို့နယ်ဆိုင်ရာ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပြီး Baden-Wuerttemberg ပြည်နယ်လွှတ်တော်တွင် ကိုယ်စားပြုခွင့် ရရှိခဲ့သည်။

    Ref: Independent

  • ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေးပါတီကို ခရစ်ယာန် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရှုတ်ချ

    ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေးပါတီကို ခရစ်ယာန် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရှုတ်ချ

    ဧပြီ ၂၈၊ ၂၀၁၆
    M-Media

    german

    – ဂျာမနီနိုင်ငံ ကိုးလုံးမြို့၏ ခရစ်ယာန်ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးက နိုင်ငံအတွင်းရှိ အစ္စလာမ်ဆန့်ကျင်ရေး လက်ယာစွန်းရောက်ပါတီ Alternative for Deutchsland (AfD) အား ရှုတ်ချလိုက်သည်။

    ဘုန်းတော်ကြီး ရီန်နာ ၀ိုလ်ကီဖြစ်ပြီး အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော ၎င်း၏ ဗီဒီယိုတွင် ထိုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်ကာ အစ္စလာမ်မှာ ဂျာမနီဖွဲ့စည်းပုံနှင့် သင့်လျော်မှုမရှိဆိုသည့် ထိုပါတီ၏ပြောစကားမှာလည်း အဓိပ္ပါယ်မရှိသည့်စကားဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    လက်ယာစွန်းရောက် AfD ပါတီမှာ နိုင်ငံအတွင်း ဗလီဝတ်ကျောင်းတော်များရှိ ၀တ်ပြုရန်နှိုးဆော်သည့် မျှော်စင် (မင်နာရတ်) နှင့် မွတ်စလင်အမျိုးသမီးများ၏ ခြုံထည် (ဘုရ်ခါ)တို့ကို ပိတ်ပင်ရန် ဆောင်ရွက်နေသည်။

    “AfD ခေါင်းဆောင်ပိုင်းက လုပ်သလိုမျိုး မွတ်စလင်တွေကိုနှိမ့်ချတဲ့ ဘယ်သူမဆို သိထားရမှာက ကျွန်တော်တို့ရဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးထားသလိုမျိုး ၀တ်ပြုဆောင်တွေ၊ ဗလီဝတ်ကျောင်းတော်တွေဟာလည်း ညီတူညီမျှ ကာကွယ်စောင့်ရှောက်ခြင်း ခံရပါလိမ့်မယ်။ ဘုရားကျောင်းမှာ မျှော်စင်ရှိရမယ်လို့ ပြောတဲ့သူတိုင်း မင်နာရတ်လည်း ရှိရမယ်လို့ ပြောကိုပြောရမှာပါ” ဟု ဘုန်းတော်ကြီး ၀ိုလ်ကီက ပြောကြားခဲ့သည်။

    အဆိုပါ လက်ရောက်စွန်းရောက်ပါတီက အစ္စလာမ်သာသနာမှာ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု ပြောကြားမှုကိုလည်း ဘုန်းတော်ကြီး ၀ိုလ်ကီက

    “အစ္စလာမ်သာသနာဟာ ဂျူးနဲ့ ခရစ်ယာန်တို့လိုပဲ ဂျာမနီဖွဲ့စည်းပုံနဲ့ သင့်မြတ်လျော်ကန်ပါတယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံပေးထားတဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို မေးခွန်းထုတ်တဲ့သူတွေ ကိုယ်တိုင်သာ သူတို့ရဲ့ပြောကြားမှုတွေဟာ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှုရှိလား၊ မရှိဘူးလားဆိုတာ ဆန်းစစ်ရမှာပါ။ ဂျာမနီနိုင်ငံမှာ အခြားလမ်းတစ်လမ်း မလိုပါဘူး။ ကျွန်တော်တို့တိုင်းပြည်က ဘာသာရေးလွတ်လပ်ခွင့်ဟာ ချွင်းချက်မရှိပါဘူး” ဟု ပြန်လည် ချေပ ပြောဆိုခဲ့သည်။

    ထို့ပြင် ဂျာမနီ၏ အတိတ်ဆိုးကို တစ်ကျော့ပြန်လာစေ၍ မရဟုလည်း ၀ိုလ်ကီက ထပ်လောင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ဂျာမနီမှာ နာကျည်စရာ သမိုင်းရှိနေပါတယ်။ ဒီတိုင်းပြည်က ဘယ်သူမဆို သူတို့ရဲ့ လူမျိုး၊ ဇာတိ၊ ဘာသာတရားတွေအတွက် ခွဲခြားမှု၊ ဖိနှိပ်ချုပ်ချယ်ခံရမှု ထပ်ဖြစ်လို့ မရပါဘူး”

    Ref: Christiantoday

  • ဂျာမနီမှ အစ္စလာမ်ဆန့်ကျင်ရေး အဖွဲ့ခေါင်းဆောင်ဟောင်း အမုန်းတရားဖြန့်ဝေမှုဖြင့် တရားစွဲခံရ

    ဂျာမနီမှ အစ္စလာမ်ဆန့်ကျင်ရေး အဖွဲ့ခေါင်းဆောင်ဟောင်း အမုန်းတရားဖြန့်ဝေမှုဖြင့် တရားစွဲခံရ

    ဧပြီ ၁၉၊ ၂၀၁၆
    M-Media

    Pegida

    – ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေးနှင့် နိုင်ငံခြားသားဆန့်ကျင်ရေးအဖွဲ့ PEGIDA ကို တည်ထောင်သူ လက်ဇ် ဘတ်ခ်ျမန်းမှာ အမုန်းစကားဖြန့်ဝေမှု၊ သွေးထိုးလှုံ့ဆော်မှုတို့ဖြင့် ယနေ့တွင် တရားရင်ဆိုင်ရမည်ဟု သိရသည်။

    အသက် ၄၁ နှစ်အရွယ်ရှိ ဘတ်ချက်မန်းမှာ ယခင်က ဖောက်ထွင်းမှု၊ မူးယစ်ဆေးရောင်းဝယ်မှုတို့ဖြင့် ပြစ်ဒဏ်ကျခံခဲ့ဖူးသူဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် PEDIDA လှုပ်ရှားမှုကို စတင်ခဲ့သူဖြစ်သည်။ ၎င်းမှာ နိုင်ငံခြားသားများကို ကျွဲနွားများ၊ အမှိုက်များဖြစ်သည်ဟု ပြောကြားခဲ့သူဖြစ်ကာ ယခုစွဲဆိုထားသော အမှုများအတွက် အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၃ လမှ ၅ နှစ်အထိ ကျခံရဖွယ်ရှိနေသည်။

    ၎င်းမှာ ဆိုရှယ်မီဒီယာတွင် လူမျိုးရေးခွဲခြားစော်ကားမှုပို့စ်များစွာ မျှဝေခဲ့ပြီးနောက် လူမျိုးရေးအမုန်းတရား ဖြန့်ဝေမှုဖြင့် ပြီးခဲ့သည့်အောက်တိုဘာက တရားစွဲဆိုခံခဲ့ရသည်။

    PEGIDA အဖွဲ့မှာ ရွှေ့ပြောင်းအခြေချနေထိုင်သူများအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုများကို မကြာခဏ ပြုလုပ်လေ့ရှိပြီး ဖက်စစ်ဆန့်ကျင်သူများ၏ တန်ပြန်ဆန္ဒပြမှုကိုလည်း အမြဲလိုလို ခံနေရသည်။

    ဘတ်ခ်ျမန်းမှာ ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလက ၎င်း၏ပုံအား ဟစ်တလာပုံစံပြုလုပ်၍ အွန်လိုင်းတွင် လွှင့်တင်ခဲ့ပြီးနောက် ဂျာမန်ပြည်သူများ၏ ဝေဖန်ရှုတ်ချမှုများကို ခံခဲ့ရကာ PEGIDA အဖွဲ့၏ ခေါင်းဆောင်နေရာမှ နှုတ်ထွက်ခဲ့ရသည်။

    Ref : IINA

  • ဟိဂျဘ်ပုဝါ ၀တ်ဆင်ခြင်းက တည်ငြိမ်အေးချမ်းမှုကို ရရှိစေသည်ဟု ဂျာမန်မင်းသမီးပြော

    ဟိဂျဘ်ပုဝါ ၀တ်ဆင်ခြင်းက တည်ငြိမ်အေးချမ်းမှုကို ရရှိစေသည်ဟု ဂျာမန်မင်းသမီးပြော

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    german]

    – မိမိ၏ နောက်ဆုံးရုပ်ရှင်တွင် မွတ်စလင်အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ရန်အတွက် ဟိဂျဘ်ကို အစမ်း ၀တ်ကြည့်လိုက်သည့် အခါတွင် ယခင်မရရှိခဲ့သည့် တည်ငြိမ်အေးချမ်းမှုကို ရရှိလိုက်သည်ဟု ဂျာမနီ လူငယ်မင်းသမီး အေဗာ စီလစ်က ပြောကြားလိုက်သည်။

    “ဟိဂျဘ်ပုဝါကို ၀တ်ဆင်လိုက်တဲ့အခါ ကျွန်မရဲ့မျက်နှာ ကြည်လင်သွားတာကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ ထူးခြားတဲ့ခံစားမှုကိုလည်း အဲဒီတစ်ခဏမှာ ခံစားခဲ့ရပါတယ်။ အဲဒါဟာ ကျွန်မ သရုပ်ဆောင်ရမယ့် နေရာအတွက် ပြင်ဆင်တာပါ။ ဒါကို ၀တ်ဆင်လိုက်တဲ့အချိန်မှာ ကျွန်မဟာ သိက္ခာရှိသလို ခံစားခဲ့ရပြီး ထူခြားတဲ့ တည်ကြည်လေးနက်မှုကိုလည်း ရရှိခဲ့ပါတယ်” ဟု စီလစ်က ဂျာမန်သတင်းစာ တစ်စောင်ဖြစ်သော Bild သို့ ပြောကြားခဲ့သည်။

    ဂျာမနီ ရုပ်သံလိုင်းတစ်ခုဖြစ်သော ZDF က ရိုက်ကူးမည့် ရုပ်ရှင်ကားတွင် အသက် ၂၅ နှစ်အရွယ် စီလစ်မှာ ဘာလင်အထက်တန်းကျောင်းတစ်ခု၌ ကျောင်းတက်နေသော Sevda ဆိုသည့် မွတ်စလင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးအဖြစ် သရုပ်ဆောင်ရမည်ဖြစ်သည်။

    အဆိုပါဇာတ်ကားမှာ ဂျာမနီလူ့အဖွဲ့အစည်းအတွင်း မွတ်စလင်များ တစ်သားတည်းရှိမှုကို ဖော်ပြရန်နှင့် မွတ်စလင်အမျိုးသမီးများမှာ ဖိနှိပ်ဖယ်ကျဉ်ခြင်း ခံရသည်ဟု ထင်နေသော သမရိုးကျအမြင်များကို ဖယ်ရှားရန်အတွက် ရည်ရွယ်ရိုက်ကူးခြင်းဖြစ်သည်။

    ဟိဂျဘ်ဝတ်ဆင်မှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်၏ တုန့်ပြန်မှုကိုလည်း စီလစ်က ဖွင့်ဟခဲ့သည်။

    “လမ်းပေါ်မှာဆို ကျွန်မကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြန်လှည့်ကြည့်တာမျိုးတွေ ကြုံရပါတယ်။ ဒါပေမယ့် ကျွန်မကို ဘာ့ကြောင့် အဲဒီလိုလှည့်ကြည့်မှန်း တကယ်ကို စဉ်းစားမရဘူး”

    ဂျာမနီမှာ ဥရောပတွင် ပြင်သစ်ပြီးနောက် ဒုတိမြောက် အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ ၈၂ သန်းတွင် ၅ ရာခိုင်နှုန်းခန့် ရှိလေသည်။

    Ref: Onislam

  • ဂျာမနီတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း စတင်

    ဂျာမနီတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း စတင်

    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media

    german

    – ဂျာမနီနိုင်ငံ၏ ပထမဆုံး အစ္စလာမ့်နည်းကျဘဏ်တစ်ခုကို ဖရန့်ဖတ်မြို့၌ ဖွင့်လှစ်လိုက်ပြီး နိုင်ငံအတွင်း မွတ်စလင်လူ့အဖွဲ့အစည်းအား ဟာလာလ် ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်ခွင့်ရရန် လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

    “ဒီလိုင်စင်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ရှရီအာဥပဒေနဲ့ ကိုက်ညီတဲ့ ဘဏ်လုပ်ငန်းကို အကောင်အထည်ဖော်ဖို့က ဂျာမနီရဲ့ ဘဏ္ဍာရေးအခြေအနေကို မြင့်တက်လာအောင် ဆောင်ရွက်လိုတဲ့ ဂျာမန်တွေအတွက်သာမကဘဲ ဂျာမနီရဲ့ မြို့ကြီး ၃ မြို့မှာရှိတဲ့ ဘဏ်တွေက ၀န်ဆောင်မှုတွေကို အသုံးပြုဖို့ ဆန္ဒရှိကြတဲ့ သန်းပေါင်းများစွာသော ဖောက်သည်တွေအတွက်လည်း
    တော်တော်လေး အရေးပါပါတယ်” ဟု ကူဝိတ်ဘဏ္ဍာရေးရိပ်မြုံ KFH မှ ဘုတ်အဖွဲ့ဥက္ကဌ ဟာမဒ် အလ် မာဇူက်က ကူဝိတ်သတင်းဌာနဖြစ်သော KUNA သို့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

    Kuveyt Turk (KT) ဟု အမည်ပေးထားသည့် အဆိုပါဘဏ် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၁ ရက်နေ့က ဖရန့်ဖတ်မြို့ရှိ ရုံးချုပ်တွင် တရားဝင်ပြုလုပ်ခဲ့ပြီး မာဇူက်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

    ဘဏ်၏ အထွေထွေမန်နေဂျာဖြစ်သူ အူဂွါလူ ဆွိုင်လူက ယခုဖွင့်လှစ်လိုက်သည့် ဘဏ်အသစ်မှာ စစ်မှန်သည့် စီးပွားရေးကို တိုးမြှင့်ပေးရန် မျှော်လင့်ရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းက အန္တရာယ်အလွန်နည်းပြီး ဘဏ်စနစ်တစ်ခုလုံး ပြိုလဲမှုမှာ မဖြစ်နိုင်သလောက်ဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    ဖရန့်ဖတ်မြို့အား အခြေစိုက်အဖြစ် အသုံးပြုသော အဆိုပါဘဏ်သစ်မှာ ဥရောပ၏ ဒုတိယအကြီးဆုံးဖြစ်သော ဂျာမနီမွတ်စလင်လူ့အဖွဲ့အစည်းကို လှုပ်နှိုးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

    Kuveyt Turk ဘဏ်မှာ တူရကီနိုင်ငံတွင် အကြီးဆုံး အစ္စလာမ့်နည်းကျဘဏ်ဖြစ်ပြီး ရှယ်ယာ ၆၂ ရာခိုင်နှုန်းကို ကူဝိတ်ဘဏ္ဍာရေးရိပ်မြုံ KFH က ပိုင်ဆိုင်သည်။ ဂျာမနီနိုင်ငံတွင် စတင်ခဲ့သည့် အဆိုပါ ဘဏ်အတွက် ကနဦးအရင်းအနှီး ယူရို ၄၅ သန်း သုံးစွဲသွားရန် စီစဉ်ထားသည်။

    အစ္စလာမ်သာသနာမှာ ငွေတိုးပေးခြင်း၊ ချေးငွေများအတွက် အတိုးယူခြင်း၊ အတိုးပေးခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားသည်။

    အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများနှင့် ဘဏ္ဍာရေးလုပ်ငန်းများမှာ အရက်၊ လောင်းကစား၊ အပြာလုပ်ငန်း၊ ဆေးရွက်ကြီး၊ လက်နက်၊ ၀က်သားနှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် ရန်ပုံငွေ ထောက်ပံ့ခြင်း၊ ရယူခြင်းမျိုး ဆောင်ရွက်၍မရပေ။

    ရှရီအာနှင့် ကိုက်ညီသည့် ဘဏ္ဍာရေးလုပ်ငန်းများမှာ အရစ်ကျဝယ်ခြင်း၊ အချိန်ကာလတစ်ခုအထိ ငွေသွင်း၍ တန်ဖိုးပြည့်သည့်အချိန်မှ ပစ္စည်းယူခြင်း၊ အကျိုးတူးရင်းနှီးမြှုပ်နှံခြင်း စသည်တို့နှင့် ဆင်တူသည်။

    ရင်းနှီးမြှုပ်နှံ့သူများအနေဖြင့် ၎င်းတို့၏ ငွေကြေးများကို မည်သည့်နေရာတွင် အသုံးပြုသည်ကို သိရှိပိုင်ခွင့်လည်း ရှိသည်။

    လွန်ခဲ့သည့် နှစ်များအတွင်း အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းများမှာ ဥရောပတွင် ဖြည်းဖြည်းချင်း ခြေချနိုင်ခဲ့ပြီး ဗြိတိန်မှာ ဥရောပတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်း အထွန်းကားဆုံး ဒေသဖြစ်သည်။

    Ref: Onislam