News @ M-Media

Tag: Germany

  • ဂျာမန်လက်ယာစွန်းရောက်များနှင့် ၎င်းတို့၏ ဆန့်ကျင်သူတို့ ထိပ်တိုက်တွေ့ဆုံ

    ဂျာမန်လက်ယာစွန်းရောက်များနှင့် ၎င်းတို့၏ ဆန့်ကျင်သူတို့ ထိပ်တိုက်တွေ့ဆုံ

    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media

    ger

    – ဒုက္ခသည်များအား နေရာချထားပေးရေးကို ဆန့်ကျင်ဆန္ဒပြသည့် ဂျာမန် လက်ယာစွန်းရောက်အဖွဲ့နှင့် ၎င်းတို့အား တန်ပြန်ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့ဆုံမှုအတွင်း ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဂျာမနီနိုင်ငံ အရှေ့ပိုင်း ဖရန့်ဖတ်မြို့တွင် ယမန်နေ့ညနေက ဖြစ်ပွားမှုအတွင်း ၂ ဦးဒဏ်ရာရရှိခဲ့ပြီး၊ ဖရန့်ဖတ်နှင့် ကီလိုမီတာ ၁၉၀ ဝေးသော ဒရက်စ်ဒန်မြို့တွင်လည်း လက်ယာစွန်းရောက် NPD ပါတီအား ထောက်ခံသူ ၁၀၀ ၀န်းကျင်ခန့်နှင့် ၎င်းတို့အား ဆန့်ကျင်သူတို့
    ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ၃ ဦး ဒဏ်ရာရရှိကာ ၁ ဦး ဖမ်းဆီးခံခဲ့ရသည်။

    ဂျာမနီနိုင်ငံမှာ ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်များကို စံချိန်တင်ပမာဏဖြင့် နေရာချထားပေးနေပြီး နှစ်မကုန်ခင်တွင် ဒုက္ခသည် ၄၅၀၀၀၀ ကို လက်ခံရန် မျှော်လင့်ထားသည်။ ထိုပမာဏမှာ ၂၀၁၄ ခုနှစ်လက်ခံခဲ့သည့် အရေအတွက် ၂ သိန်းထက် ပိုမိုများပြားနေသည်။

    သို့သော်လည်း နိုင်ငံအတွင်း ပြောင်းရွှေ့အခြေချသူများအပေါ် ရန်လိုမှုများ မြင့်တက်လာခြင်းနှင့် ပတ်သက်၍ အစိုးရက စိုးရိမ်မှုများ ရှိနေပြီး၊ ထိုရန်လိုမှုများက ဒုက္ခသည်များအား အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ၎င်း၏ နေရာထိုင်ခင်းများကို တိုက်ခိုက်ခြင်းတို့အထိ ဖြစ်လာနေသည်။ ယခုနှစ်အတွင်း ဒုက္ခသည်များ နေထိုင်ရာ ယာယီနေရာထိုင်ခင်း စုစုပေါင်း ၂၀၀ ကျော်မှာ
    ဖျက်ဆီးခြင်းခံခဲ့ရပြီး ၂၀၁၄ ခုနှစ် တစ်နှစ်လုံးတွင် ဖြစ်ပွားခဲ့သည့်ထက် ပိုမိုများပြားနေသည်။

    Ref: Reuters

  • ဂျာမန် ရုပ်မြင်သံကြားမှ မွတ်စ်လင်မ်တို့၏ ၀တ်ပြုမှုကို ပထမဆုံး သမိုင်းဝင်ထုတ်လွှင့်

    ဂျာမန် ရုပ်မြင်သံကြားမှ မွတ်စ်လင်မ်တို့၏ ၀တ်ပြုမှုကို ပထမဆုံး သမိုင်းဝင်ထုတ်လွှင့်

    ဇူလိုင် ၂၁ ၊ ၂၀၁၅
    M-Media
    German TV airs Muslim prayers in historic broadcast
    German TV သည် မြူးနစ်မြို့အနီး ဗလီဝတ်ကျောင်းတော်တစ်လုံးမှ မွတ်စ်လင်မ်တို့၏ ၀ါကျွတ်အထိမ်းအမှတ်ဝတ်ပြုခြင်း တိုက်ရိုက်လွှင့်ထုတ်မှုအစီအစဉ် ပြုလုပ်ခဲ့သည်။ ထိုအစီအစဉ်တွင် ကက်သလစ်နှင့် ပရိုတက်စတင့်ခေါင်းဆောင်များ၏ မိန့်ခွန်းများလည်း ပါဝင်သည်။၎င်းမှာ ဂျာမဏီနိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးသမိုင်းဝင်ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။

    လွန်ခဲ့သည့်သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၄း၄၅ နာရီတွင် Penzberg ဗလီမှစပြီး ပြည်သူ့ရုပ်မြင်သံကြားပေါ်မှလည်းကောင်း၊ Bayerischen Rundfunk ရေဒီယိုကြေငြာမှုမှလည်းကောင်း Penzberg ဗလီမှ ထုတ်လွှင့်သည်။ ၎င်း၌ ဥပုသ်လကုန်ဆုံးခြင်းနှင့် ၀ါကျွတ်အားလပ်ရက်စတင်ခြင်းဆိုင်ရာ ဓမ္မမိန့်ခွန်းများ ပါဝင်သည်။

    ယင်းဓမ္မမိန့်ခွန်းအား မွတ်စ်လင်မ်များ၊ မွတ်စ်လင်မ် မဟုတ်သူများကို နှစ်ဖက် လူ့အဖွဲ့အစည်းရှိ တူညီသောတန်ဖိုးတို့ပေါ် အခြေပြုရည်ညွှန်း၍ “မွတ်စ်လင်မ်တို့နှင့် ပတ်သက်ပြီး ဂျာမန် လူ့အဖွဲ့အစည်းမှ သဘောထားကြီးရန်၊ ထို့နည်းတူ ဂျာမန် လူ့အဖွဲ့အစည်းနှင့် ပတ်သက်ပြီး မွတ်စ်လင်မ်တို့မှ သဘောထားကြီးရန်” တိုက်တွန်းပြောဆိုသွားသည်။

    IS, ISIL ကဲ့သို့သော အကြမ်းဖက် အုပ်စုများ ထွက်ပေါ်လာခြင်းသည် ဂျာမဏီရှိ မွတ်စလင်မ်များအပေါ် စိတ်ဖိစီးမှုပိုမိုကြီးမား လာစေခဲ့ကြောင်း၊ အီးဒ်နေ့မြတ် အစီအစဉ် ထုတ်လွှင့်ခြင်းက မွတ်စ်လင်မ်တို့၏ စိတ်ခံစားမှုလျော့ပါးစေနိုင်ကြောင်း၊ ဂျာမဏီနှင့် တစ်သားတည်းဖြစ်စေကြောင်း အသက် ၄၃ နှစ်အရွယ် အဆိုပါဓမ္မဆရာမှ ပြောကြားခဲ့သည်။

     

    7bb54a2f1b9a4389adafe76e7652a135_19
    ဂျာမဏီရှိမွတ်စ်လင်မ်များအတွက် သမိုင်းဝင်ခြေလှမ်းသစ် ၀ါကျွတ်အီးဒ် ဆွလာသ်ဝတ်ပြုမှု တိုက်ရိုက်လွှင့် အစီအစဉ်၌ ၀တ်ပြုဦးဆောင်သူနှင့် ဓမ္မမိန့်ခွန်းခြွေသူ ဘင်ဂျမင် အီဒရစ္စ (ဓာတ်ပုံ – Penzberg ဗလီ)

    အီးဒ်နေ့မတိုင်မီ နှစ်ပတ် အလိုက ဂျာမဏီဝန်ကြီးချုပ် အင်ဂျလာ မာကေးလ်သည် ရမဿွာန်လ၏ ၀ါဖြေပွဲတစ်ခုသို့တက်ရောက်ခဲ့ပြီး ဂျာမဏီ အစိုးရ အကြီးအကဲများ အနက် ပထမဦးဆုံး ယင်းသို့ဆောင်ရွက်သူဖြစ်ခဲ့သည်။ ၎င်း၌ သူမက “အစ္စလာမ်ဟာ ဂျာမဏီရဲ့ တစ်သားတည်း အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    Bavarian မြို့ငယ်လေးရှိ Penzberg ဗလီ၌ ၀တ်ပြုသူဦးရေ အနည်းဆုံး တစ်ထောင်ကျော်ရှိမည်ဟု ခန့်မှန်းရပြီး နိုင်ငံအနှံ့မှ လူများစွာတို့က လာရောက် စုရုံးဝတ်ပြုခဲ့ကြသည်။ ထိုဗလီ၏ အတွင်းဝတ်ပြု ခန်းမဆောင်သည် ဂျာမဏီရှိ အစ္စလာမ့်ဝတ်ပြုနေရာများ အနက် အကျော်ကြားဆုံးတစ်ခု ဖြစ်ကာ ၀တ်ပြုသူဦးရေ ၃၀၀ မှ ၄၀၀ အထိ ၀င်ဆန့်သည်။ အဆိုပါလူဦးရေအတွက် အခြားသော ဗလီဝတ်ကျောင်းခန်းမများကိုပါ အသုံးပြုခဲ့ရသည်ဟုဆိုသည်။

    2123_l

    ၂၀၀၅ ခုနှစ်က တည်ဆောက်ခဲ့သော ကုဗပုံဗလီဝတ်ကျောင်းတော်။ ၎င်း၌ အရဗီ လက်ရေးပုံဟန်ရှိ သံမဏိ အမိုးအကာအုပ် မျှော်စင်နှင့် တကွ ခေတ်ပြိုင် အနုသုခုမ လက်ရာဆန်း တစ်ရပ်အဖြစ်တွေ့ရသည်။

    ဂျာမဏီတွင် မွတ်စ်လင်မ်ပေါင်း လေးသန်းခန့်နေထိုင်လျက်ရှိသည်။ ၎င်းတို့အနက် ၂၀၁၄ ခုနှစ်မှတ်တမ်းအရ လူဦးရေ နှစ်သိန်းကျော်မှာ အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ခိုလှုံဝင်ရောက်လာသူအများစု ဖြစ်သည်။

    ဂျာမဏီတွင် ဒုက္ခသည်ဦးရေ လျှောက်ထား/လက်ခံခြင်း မြင့်မားလာမှုနှင့်အတူ ဥရောပသား မဟုတ်သော ရွှေ့ပြောင်းဝင်ရောက် သူတို့အပေါ် ပစ်မှတ်ထားသည့် လူမျိုးခြားကြောက်ရောဂါလည်း ကြီးမားလာခဲ့ရာ ဒုက္ခသည်အိမ်ရာများကို လက်ျာစွန်းရောက် အုပ်စုများ၏တိုက်ခိုက်မှုပေါင်း ၁၅၀ ကြိမ် ဖြစ်ပွားခဲ့သည်။

    ယခုနှစ်အစောပိုင်းတွင်  “အနောက်တိုင်း၌အစ္စလာမ့်လွှမ်းမိုးမှုဆန့်ကျင်ရေး မျိုးချစ်ဥရောပသားများ” Patriotic Europeans Against the Islamisation of the West (PEGIDA)အမည်ရှိ အောက်ခြေဆင့် လှုပ်ရှားမှုအဖွဲ့မှု ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာ ၀န်ကြီးချုပ် မာကေးလ်က လူမျိုးစွဲအရူး(racist) ဟု သမုတ်ခဲ့သည်။

    မိမိ၏သောကြာနေ့ဓမ္မသဘင်မိန့်ခွန်း၌ ဒုက္ခသည်များကို ကရုစိုက်ပေးဖို့၊ လူ့အဖွဲ့အစည်းအတွင်း ၀င်ဆန့်ခွင့်ပေးဖို့ ဂျာမန်တို့အား နှိုးဆော် သွားမည်ဟု အိဒ်ရစ္စက အလ်ဂျဇီးရားသို့ ပြောကြားခဲ့သည်။

    Ref : Al Jazeera

  • အသက် ၉၄ နှစ်အရွယ် နာဇီစစ်သားဟောင်း ထောင်ဒဏ်ချမှတ်ခံရ

    အသက် ၉၄ နှစ်အရွယ် နာဇီစစ်သားဟောင်း ထောင်ဒဏ်ချမှတ်ခံရ

    ဇူလိုင် ၁၆၊ ၂၀၁၅
    M-Media

    nazi

    – ဂျူးလူမျိုး ၃ သိန်းအား နာဇီတို့၏ သတ်ဖြတ်မှုတွင် ကြံရာပါဖြစ်သူ အသက် ၉၄ နှစ်အရွယ်ရှိ အော့ဇ၀စ်အကျဉ်းစခန်း တာဝန်ရှိသူဟောင်း တစ်ဦးအား ဂျာမနီတရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

    ပြစ်ဒဏ်ချမှတ်ခံရသူမှာ အက်စ်အက်စ်အဖွဲ့ဝင်၊ အော့ဇ၀စ်အကျဉ်းစခန်း စာရင်းကိုင်ဟောင်း အော်စကာ ဂရိုနင်ဆိုသူဖြစ်ပြီး ၃ လကြာ ကြားနာမှုများ ပြုလုပ်ခဲ့ပြီးနောက် လူပေါင်း ၃၀၀၀ အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် စီစဉ်ပေးခဲ့မှုတွင် အပြစ်ရှိကြောင်း တွေ့ခဲ့ရသည်။

    အဆိုပါ ထောင်ဒဏ်ချမှတ်မှုတွင် ကြားနာသည့် ၃ လကို ထုတ်နှုတ်ခံစားခွင့်ရှိပြီး၊ ဂျူးအဖွဲ့များနှင့် နာဇီတို့၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဟိုလိုကော့စ်အစီအစဉ်မှ လွတ်မြောက်လာသူများက ထိုစီရင်မှုကို ကြိုဆိုခဲ့ကြသည်။ ဥရောပ ဂျူးကွန်ဂရက်စ်မှ ဥက္ကဌဖြစ်သူ ဒေါက်တာ မိုရှေး ကန်တောရ်ကမူ အဆိုပါ စီရင်မှုမှာ သမိုင်းဝင် အရေးပါမှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “နာဇီတွေရဲ့ မရဏအကျဉ်းစခန်းကနေ လွတ်မြောက်မှုဟာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပေမယ့် ဒီတရားစီရင်မှုက နာဇီတို့ရဲ့ ကြောက်မက်ဖွယ်ရာတွေမှာ တာဝန်ရှိသူတွေအတွက် ကန့်သတ်ချက်တွေ မရှိဘူးဆိုတာ ကျွန်တော်တို့ကို အသိပေးနေပါတယ်” ဟု ကန်တောရ်က ဆိုသည်။

    နာဇီတို့၏ အဆိုးဝါးဆုံး မရဏအကျဉ်းစခန်းများထဲမှ တစ်ခုဖြစ်သည့် အော့ဇ၀စ်အကျဉ်းစခန်းတွင် တာဝန်ထမ်းဆောင်မှုကို ဂရိုနင်က မငြင်းဆန်ခဲ့ဘဲ ပြစ်မှုများအတွက် အမူအကျင့်ပိုင်းဆိုင်ရာတွင် အပြစ်ရှိကြောင်းကိုလည်း လက်ခံခဲ့သည်။ သို့သော်လည်း သတ်ဖြတ်မှုများတွင် မိမိအနေဖြင့် တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိဟု ဆိုကာ ရာဇ၀တ်မှုဆိုင်ရာ တာဝန်ရှိမှုကိုမူ ငြင်းဆိုခဲ့သည်။

    သို့သော်လည်း တရားသူကြီး ဖရန့်ဇ် ကွမ်ပစ်ရှ်က ၎င်း၏ လျှောက်လဲချက်ကို ငြင်းဆိုခဲ့ပြီး အော့ဇ၀စ်အကျဉ်းစခန်းတွင် ၁၉၄၄ ခုနှစ် မေလမှ ဇူလိုင်လအထိ ဂျူးလူမျိုး ၃ သိန်းကို ဓာတ်ငွေ့ခန်းထဲသို့ ထည့်၍ သတ်ဖြတ်ရာတွင် ကြံရာပါမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

    ထို့ပြင် ဂရိုနင်မှာ လူသားများအား လုံးဝတ်သတ်ဖြတ်ရန် ဖော်ဆောင်ထားသည့် ယန္တယားတွင် စာရင်းစစ်အလုပ်ကို လိုလိုချင်ချင်ပင် တာဝန်ယူဆောင်ရွက်ခဲ့သည်ဟု ကွမ်ပစ်ရှ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dialymail

  • ပါလက်စတိုင်းတို့၏ အမှတ်အသား ကာတွန်းရုပ်ပုံကို ဂျာမနီက တံဆိပ်ခေါင်းတွင် ရိုက်နှိပ်ဖြန့်ချီ

    ပါလက်စတိုင်းတို့၏ အမှတ်အသား ကာတွန်းရုပ်ပုံကို ဂျာမနီက တံဆိပ်ခေါင်းတွင် ရိုက်နှိပ်ဖြန့်ချီ

    ဇွန် ၁၈၊ ၂၀၁၅
    M-Media

    franc

    – ၁၉၇၀ ပြည့်နှစ်များက ပါလက်စတိုင်း၏ အမှတ်သညာနှင့် ခုခံကာကွယ်ရေးလှုပ်ရှားမှုများ၏ ထင်ရှားသည့်အမှတ်သားဖြစ်ခဲ့သော Handala ကာတွန်းရုပ်ပုံအား ဂျာမနီက တံဆိပ်ခေါင်းများတွင် ရိုက်နှိပ်ကာ ထုတ်ဝေဖြန့်ချီလိုက်သည်ဟု သိသည်။

    အစ္စရေး၏ တိုက်ခိုက်မှုကြောင့် မိဘမဲ့ဖြစ်သွားသော ကလေးငယ်တစ်ဦး၏ ပုံကို ရေးဆွဲထားသည့် အဆိုပါကာတွန်းမှာ ပါလက်စတိုင်း နာမည်ကြီးကာတွန်းဆရာ နာဂျီ အလ်-အလီ၏ လက်ရာဖြစ်ပြီး ပါလက်စတိုင်းပြည်သူများ၏ မနှစ်မြို့စရာကောင်းသည့် အခြေအနေများနှင့်ပတ်သက်၍ ကမ္ဘာကြီးက သတိမူမိစေရန် ဂျာမနီစာတိုက်ကြီး Deutsche post က တံဆိပ်ခေါင်းအဖြစ် ရိုက်နှိပ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

    တံဆိပ်ခေါင်းရောင်းချမှုမှ ရရှိသည့် အကျိုးအမြတ်ငွေများဖြင့် ဂျာမနီအစိုးရက ပါလက်စတိုင်း ဘီအစ်ဆာဟိုရ်မြို့ရှိ ဆေးရုံတစ်ရုံတွင် ကိရိယာတန်ဆာပလာများ တပ်ဆင်ပေးသွားမည်ဟု ပါလက်စတိုင်း ရုပ်သံ Paltoday.tv က အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

    Handala မှာ အသက် ၁၀ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်ကို အသွင်ယူရေးဆွဲထားခြင်းဖြစ်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ ကျောပေးရပ်နေသည့် ပုံစံဖြစ်သည်။ အဆိုပါပုံစံမှာ ပါလက်စတိုင်းများအပေါ် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်သည့် သတင်းစကားပေးသော အမှတ်အသားလည်းဖြစ်သည်။

    “Handala ဟာ အသက် ၁၀ နှစ်ပဲ ရှိအုံးမှာပါ။ အဲဒီနောက်မှာ သူကြီးလာမှာပါ။ သဘာဝတရားရဲ့ နိယာမတွေက သူ့ကို ပျော်ရွှင်အောင် မလုပ်နိုင်ပါဘူး။ သူဟာ ထူးခြားပါတယ်။ အမိမြေ ပြန်ရတဲ့အခါ အရာရာတိုင်းဟာ ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်” ဟု Handala ၏ တရားဝင်ဝဘ်ဆိုက်တွင် လွှင့်တင်ထားသော ကာတွန်းဆရာအလီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    Handala ကာတွန်းရုပ်ကလေးမှာ စုတ်ပြဲနေသော အင်္ကျီကို ၀တ်ဆင်ထားပြီး ခြေထောက်တွင်လည်း ဖိနပ်မပါ ဗလာဖြစ်နေကာ ဆင်းရဲချို့တဲ့ကြသည့် ပါလက်စတိုင်း ဒုက္ခသည်ကလေးငယ်များနှင့် တစ်သားတည်းရှိနေကြာင်း ပြသခြင်းလည်း ဖြစ်သည်။

    ဂျာမနီ ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့တစ်ခုမှ ကိုယ်စားလှယ်အဖွဲ့မှာ ဘီအစ် ဆာဟိုရ်ရှိ ပစ္စည်းကိရိယာ ဆိုးဆိုးဝါးဝါး ချို့တဲ့နေသော Ahmad Maslamani ဆေးရုံသို့ သွားရောက်လည်ပတ်ပြီးနောက်ပိုင်း ထိုကဲ့သို့ လှုပ်ရှားမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    သွားရောက်လည်ပတ်စဉ်အတွင်း အလီ၏ အဆိုပါကာတွန်းအား ဆေးရုံ၏နံရံတွင် ရေးဆွဲထားသည်ကို တွေ့ရှိခဲ့ရပြီးနောက် ကိုယ်စားလှယ်အဖွဲ့မှာ စိတ်ဝင်စားခဲ့ပြီး ပြင်သစ်သို့ ပြန်လည်ရောက်ရှိသည့်အခါတွင် ပါလက်စတိုင်းတို့၏ ဒုက္ခများကို ဂျာမနီ၏ စာတိုက်စနစ်မှတစ်ဆင့် အသိပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

    Ahmad Maslamani ဆေးရုံမှ တာဝန်ရှိသူတစ်ဦးကမူ ဂျာမနီ၏ ထိုဆောင်ရွက်ချက်ကို ချီးကျူးခဲ့ပြီး ဆေးရုံတွင် ဆေးဝါးများနှင့် ပစ္စည်းကိရိယာများ လိုအပ်နေဆဲဟု ထည့်သွင်းပြောကြားခဲ့သည်။

    Handala ကာတွန်းကို ရေးဆွဲခဲ့သည့် အလီမှာ အစ္စရေးနှင့် ဆော်ဒီတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်သူဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် လန်ဒန်၌ လုပ်ကြံခြင်း ခံခဲ့ရသည်။

    Ref: PressTV

  • အစ္စလာမ့်မစ် ဘာသာရပ်အား သင်ယူရန် ဥပဒေ ပြဌာန်းလာသော ဂျာမဏီမှ အခြေခံပညာရေးကျောင်းများ

    အစ္စလာမ့်မစ် ဘာသာရပ်အား သင်ယူရန် ဥပဒေ ပြဌာန်းလာသော ဂျာမဏီမှ အခြေခံပညာရေးကျောင်းများ

    ဧပြီ ၃၀၊ ၂၀၁၅
    M-Media
    မင်းသိန်း
    0,,3191976_4,00
    စာရေးသူ နေထိုင်ရာ ဂျာမဏီနိုင်ငံ Nordrhein-Westfalen ပြည်နယ်သည် လူဦးရေ (၁၇သန်း)ခန့် နေထိုင်သော ပြည်နယ် တစ်ခုဖြစ်ပြီး ဂျာမဏီ နိုင်ငံ၏ ပြည်နယ်(၁၆-ခု)တွင် အကြီးဆုံးပြည်နယ်ဖြစ်သည်။

    ပြည်နယ်အတွင်း နေထိုင်သော မွတ်စလင်လူဦးရေမှာ (၁.၅ သန်း) ခန့်ရှိပြီး လူဦးရေ စုစုပေါင်း၏  (၁၀ %) နီးပါးခန့်ရှိသည်။ အဆိုပါလူဦးရေ (၁.၅ သန်း) ခန့် အနက် (၃၂၀၀၀၀) ကျော်မှာ မူလတန်း နှင့် အလယ်တန်း (တစ်တန်း မှ ဆယ်တန်းထိ)ကျောင်းသား များဖြစ်ကြသည်။ မွတ်စလင်လူဦးရေ၏ (၂၀%) ကျော်မှာ အခြေခံပညာ သင်ယူနေကြသော ကျောင်းသား/ကျောင်းသူ များ ဖြစ်ကြသည်။ ပြည်နယ်ပညာရေး စနစ် အရ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် မူလတန်းမှစတင်ကာ အလယ်တန်းပြီးဆုံးသည့် အထိ (Religious) ဘာသာရပ်အား သင်ယူကြရသည်။ ပြည်နယ်လူဦးရေ၏ (၄၀%) ခန့်သက်ဝင်ယုံကြည်ကြသော (Romen- catholic) ဘာသာရပ်သည် ကျောင်းများတွင်အဓိက သင်ကြားပေးသော ဘာသာရပ်ဖြစ်သည်။ (Roman-Catholic) ဘာသာဝင် မဟုတ်သော (Protestant, Muslims နှင့် ဘာသာမဲ့ ခံယူထားသူများ အနေနှင့် အဆိုပါ (Religious) ဘာသာရပ်အစား (Theology) ဘာသာရပ်အားသင်ယူကြရသည်။

    ၂၀၁၁ ခု နှစ် ဖေဖေါ်ဝါရီလအတွင်း ပြည်နယ် ပညာရေးဝန်ကြီးနှင့် မွတ်စလင့်ကောင်စီ တို့ပူပေါင်းပြီး ကျောင်းများတွင် အစ္စလာမ့်မစ် ဘာသာရပ်အား သင်ကြားနိုင်ရန် ဆွေးနွေးခဲ့ကြသည်။ ၂၀၁၁ ခု ဒီဇင်ဘာလ တွင် ပြည်နယ် ပညာရေးဥပဒေ အတွင်း အစ္စလာမ့်မစ် ဘာသာရပ် သင်ကြားခွင့် ဥပဒေအား ထည့်သွင်းရေးဆွဲနိုင်ခဲ့ကြသည်။

    (၂၀၁၂- ၂၀၁၃) ပညာသင်နှစ်မှ စတင်ကာ ကျောင်းများတွင် အစ္စလာမ့်မစ် ဘာသာရပ် သင်ကြားမှု အား စတင်ခဲ့ကြသည်။အစ္စလာမ်မစ် ဘာသာရပ်အား သင်ကြားလိုသော(မည်သည့် ဘာသာဝင်မဆို) ကျောင်းသူ/ ကျောင်းသားများ အနေဖြင့် လျှောက်လွှာတင်ကြရပြီး ကျောင်း တစ်ကျောင်းတွင် အစ္စလာမ့်မစ် ဘာသာရပ်အား သင်ကြားလိုသော အနိမ့်ဆုံးကျောင်းသားစုစုပေါင်း (၇ ဦး)ခန့်ရှိပါက ပြည်နယ်မှ ဆရာ/ဆရာမ တစ်ဦးအား ခန့်အပ်ပေးသည်။

    ထို့အပြင် ပြည်နယ်အတွင်းရှိ တက္ကသိုလ် နှစ်ခု (Westfälischen Wilhelms-Universität Münster နှင့် Universität Osnabrück) တို့တွင် ဆရာ/ဆရာမ များအတွက် အစ္စလာမ့်မစ်ဘာသာရပ်အား အထူးပြုသင်ပြပေးပြီး၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အနေဖြင့်လည်း အစ္စလာမ့်မစ်ဘာသာရပ်အား အထူးပြု ဘာသာရပ်အဖြစ် သင်ကြားနိုင်သော အခွင့်အရေးများလည်း ပြည်နယ်အစိုးရမှ တာဝန်ယူ ဖန်တီးပေးထားသည်။

    ပြည်နယ်ပညာရေးဌာန ၏စစ်တမ်းများအရ အစ္စလာမ့်မစ် ဘာသာရပ်အား မွတ်စလင် ကျောင်းသား/ ကျောင်းသူများသာမက တခြားဘာသာဝင် ကျောင်းသူ/ကျောင်းသားများလည်း စိတ်ဝင်တစား သင်ယူလာကြသည်ကို တွေ့မြင်လာရသည်။
    ဘာသာတရားများ၏ ဓမ္မစစ်ကို သိရှိလာကြသည့်အလျှောက် သက်ဆိုင်ရာဘာသာဝင်များအကြား ဘာသာရေးအား တလွှဲအသုံးချနေသော လူများ၏ အစွန်းရောက်မှု့ အန္တရာယ်မှ ကာကွယ်နိုင်သည့်အပြင် မတူညီသောဘာသာဝင်များအကြား သဘောထားကြီးမှု့နှင့် နားလည်အသိအမှတ်ပြုမှုများ တိုးပွားလာကြရသည်။

    အသိဥာဏ်ရင့်ကျက်သော လူ့အဖွဲ့စည်းအတွင်း မတူကွဲပြားခြင်းအား နိုင်ငံနှင့် လူထုအတွက် အင်အားသစ် တစ်ရပ်အဖြစ်ဖန်တီးနိုင်ရန် ကြိုးစားကြပြီး အသိညာဏ်အားနည်းသော လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားခြင်းအား ပြသနာတစ်ရပ်အဖြစ် ဖန်တီးကာ လူသားဂုဏ်သိက္ခာအား မျက်ကွယ်ပြုလာကြသည်။ ဤသို့ဖြင့် ကမ္ဘာပေါ်တွင် လူ့အရောင်အသွေးကင်းမဲ့သော လူသားအများစုနေထိုင်ရာ ပျက်သုန်းနိုင်ငံများပေါ်ပေါက်လာရသည်။

    မင်းသိန်း(၂၉.၀၄.၂၀၁၅)

    ** M-Media သို့ စာရေးသူ “မင်းသိန်း” ပေးပို့လာသည့် သတင်းဆောင်းပါးဖြစ်ပါသည်။ M-Media သို့ စာမူများ ပေးပို့လိုလျှင် M-Media FB Fan Page သို့ မက်ဆစ်ပို့၍ လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပို့၍ လည်းကောင်း ဆက်သွယ်ပေးပို့နိုင်ပါတယ်။ ဖတ်ရှုစိစစ်၍ ဖော်ပြပေးသွားပါမည်။