News @ M-Media

Tag: Germany

  • ဂျာမနီသို့ ဒုက္ခသည်များ ရောက်ရှိ၊ ဂျာမန်ပြည်သူများ ကြိုဆို

    ဂျာမနီသို့ ဒုက္ခသည်များ ရောက်ရှိ၊ ဂျာမန်ပြည်သူများ ကြိုဆို

    စက်တင်ဘာ ၆၊ ၂၀၁၅
    M-Media

    ref

    – ဂျာမနီသို့ ရောက်ရှိရန် ရှိနေသည့် ဒုက္ခသည်ထောင်ပေါင်းများစွာမှ ပထမအသုတ်မှာ ဗီယင်နာမှ အထူးရထားဖြင့် ယမန်နေ့တွင် မြူးနစ်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဂျာမန်ပြည်သူများကလည်း ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

    ဒေသစံတော်ချိန် ယမန်နေ့မနက် စောစောပိုင်းက ရောက်ရှိလာခြင်းဖြစ်ပြီး လူပေါင်း ၁၆၀၀ ၀န်းကျင်ခန့် ပါဝင်ကာ လွန်ခဲ့သည့် ရက်အနည်းငယ်က ဟန်ဂေရီတွင် ပိတ်မိနေသူများဖြစ်သည်။ ယမန်နေ့ တစ်နေ့တည်းတွင် ဒုက္ခသည် ၃၀၀၀ ခန့် ရောက်ရှိမည်ဟု မျှော်လင့်ထားသည်။

    အဆိုပါဒုက္ခသည်များကို မြူးနစ်မြို့ရှိ စင်တာတစ်ခုတွင် နေရာချထားပေးထားပြီး စာရင်းသွင်းမှုများ ပြုလုပ်မည်ဖြစ်ကာ လာမည့်ရက်များတွင် နိုင်ငံတစ်ဝှမ်းရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်သွားမည်ဖြစ်သည်။

    ဒုက္ခသည်အများစုမှာ အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် ဂျာမနီသို့ ရောက်ရှိလာခြင်းဖြစ်ပြီး၊ စိတ်သက်သာရာရနေကာ ဂျာမန်ပြည်သူများကလည်း နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ထို့ပြင် ဒုက္ခသည် ကလေးငယ်များကိုလည်း အရုပ်များ၊ ၀က်ဝံရုပ်များကို ပေးခဲ့ကြသည်။

    ဆီးရီးယားမှ အများစုဖြစ်ပြီး ဟန်ဂေရီနယ်စပ်တွင် ပိတ်မိနေခဲ့သည့် ဒုက္ခသည်များမှ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို ဟန်ဂေရီအစိုးရက ဘတ်စ်ကားများဖြင့် သြစတြီးယားနယ်စပ်သို့ ပို့ဆောင်ပေးခဲ့သည်။

    ကျန်ဒုက္ခသည်များမှာ ဟန်ဂေရီရှိ အဝေးပြေးလမ်းမတစ်လျှောက် လမ်းလျှောက်ကာ သြစတြီးယားသို့ သွားရောက်ခဲ့ကြသည်။ ထို့နောက် ဗီယင်နာသို့ ရထားဖြင့် ပို့ဆောင်ပေးကာ ထိုမှတစ်ဆင့် ဂျာမနီသို့ ရောက်ရှိလာခြင်းဖြစ်သည်။

    အဆိုပါဒုက္ခသည်များကို ဂျာမနီနှင့် သြစတြီးယားတို့က ခွဲဝေလက်ခံသွားမည်ဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း ထိုနှစ်နိုင်ငံမှာ “လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တန်ဖိုးကို အခြေခံသော နိုင်ငံရေးခေါင်းဆောင်မှု” ရှိသည်ဟု ချီးကျူးခဲ့သည်။

    ဒုက္ခသည်များကို ကြိုဆို

    သြစတြီးယားသို့ ရောက်ရှိလာသည့် ဒုက္ခသည်များကို အကူအညီပေးရေးဝန်ထမ်းများက ရေများ၊ အသီးအနှများ ပေးအပ်ခဲ့ကြပြီး၊ သြစတြီးယားပြည်သူများကလည်း “ဒုက္ခသည်များကို ကြိုဆိုပါ၏” ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြသည်။

    ဥရောပ နိုင်ငံခြားရေးဝန်ကြီးများနှင့် တာဝန်ရှိသူများမှာ ယမန်နေ့က လူဇင်ဘတ်တွင် တွေ့ဆုံခဲ့ကြပြီး ဒုက္ခသည်အရေးကို ဆွေးနွေးခဲ့ကြသည်။ ဥရောပ ကော်မရှင်မှာ လာမည့်သီတင်းပတ်တွင် တွေ့ဆုံရန် ရှိနေပြီး ဟန်ဂေရီ၊ ဂရိနှင့် အီတလီနိုင်ငံတို့မှ ဒုက္ခသည်များကို သတ်မှတ်ထားသည့် အရေအတွက်အရ ဥရောပနိုင်ငံများက နေရာချထားပေးရေးလုပ်ငန်းစဉ်ကို တိုးချဲ့ဆောင်ရွက်ရန် ဆွေးနွေးသွားမည်ဖြစ်သည်။

    ယခုနှစ်အတွင်း ဂျာမနီမှာ ဒုက္ခသည် ၈ သိန်းခန့်ကို လက်ခံရန် မျှော်လင့်ထားပြီး ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က မိမိအနေဖြင့် နိုင်ငံ၏ ဘက်ဂျက်ကို ချန်ညှိရန် ရည်ရွယ်နေသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဂျာမနီရှိ ဒုက္ခသည်များအတွက် ဘိုင်ယန်မြူးနစ်က ကန်ဒေါ်လာ ၁ သန်းကျော် လှူမည်

    ဂျာမနီရှိ ဒုက္ခသည်များအတွက် ဘိုင်ယန်မြူးနစ်က ကန်ဒေါ်လာ ၁ သန်းကျော် လှူမည်

    စက်တင်ဘာ ၄၊ ၂၀၁၅
    M-Media

    byarn

    – ဒုက္ခသည်များကို ကူညီရန်အတွက် ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းက ကန်ဒေါ်လာ ၁.၁၁ သန်း လှူဒါန်းမည်ဖြစ်ပြီး မြူးနစ်သို့ရောက်ရှိလာသည့် ဒုက္ခသည် ကလေးများအတွက်လည်း ဘောလုံးလေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။

    အရှေ့အလယ်ပိုင်း ပဋိ့ပက္ခများကြောင့် ခိုးကိုးရာမဲ့နေကြသော ဒုက္ခသည် ထောင်ပေါင်းများစွာမှာ ဟန်ဂေရီနှင့် သြစတြီးနိုင်ငံတို့ကို ဖြတ်၍ ဂျာမနီနိုင်ငံသို့ ၀င်ရောက်လာနေကြသည်။ ဘိုင်ယန်မြူးနစ်အသင်းကမူ အဆိုပါ ဒုက္ခသည်များကို ကူညီရန်မှာ လူမှုရေးတာဝန်ဖြစ်သည်ဟု ဆိုသည်။

    “အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့၊ ထိခိုက်ခံစားရတဲ့ ကလေးတွေ၊ အမျိုးသားတွေ၊ အမျိုးသမီးတွေကို ကူညီတာ၊ သူတို့ကို ထောက်ပံ့ပေးတာ၊ ဂျာမနီမှာ သူတို့ကို ဖေးမတာဟာ လူမှုရေးတာဝန်လို့ အက်ဖ်စီဘိုင်ယန်က ရှုမြင်ပါတယ်” ဟု အသင်းမှ ထုတ်ပြန်သော ကြေညာချက်တွင် စီအီးအို ကာလ်-ဟိန့်ဇ် ရမ်မီနစ်ဂီက ပြောကြားခဲ့သည်။

    ထို့ပြင် ဘိုင်ယန်လူငယ်အကယ်ဒမီမှာ ဒုက္ခသည်ကလေးများအတွက် ဘောလုံးလေ့ကျင့်ရေးစခန်းများကို မြူးနစ်အုပ်ချုပ်ရေးအဖွဲ့နှင့် ချိတ်ဆက်ကာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပုံမှန် လေ့ကျင်သင်ကြားပေးမှုများအပြင် အစားသောက်များ ကျွေးမွေးခြင်း၊ ဂျာမနီဘာသာစကား သင်ကြားပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

    စက်တင်ဘာ ၁၂ ရက်နေ့တွင် ကစားမည့် အော့စ်ဘာ့ဂ်နှင့် အိမ်ကွင်းပွဲစဉ်တွင် ဘိုင်ယန်အသင်းကြီးမှာ ဒုက္ခသည် ကလေးငယ်များနှင့်အတူ ကွင်းအတွင်းသို့ဝင်ရောက်မည်ဖြစ်သည်။ ထို့ပြင် ကန်ဒေါ်လာ ၁.၁၁ သန်းခန့် အမြတ်အစွန်းရမည့် ချစ်ကြည်ရေးဘောလုံးပွဲတစ်ပွဲကိုလည်း စီစဉ်နေပြီး ထိုငွေများကို ဒုက္ခသည်များအတွက် လှူဒါန်းသွားမည်ဖြစ်သည်။

    “ဘိုင်ယန်မြူးနစ်ဟာ မားမားမတ်မတ် ရပ်တည်နေပြီး အသင်းရဲ့ ဒီလိုပါဝင်မှုအတွက် ကျွန်တော် ပျော်ရွှင်ရပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ၀မ်မြောက်ဝမ်းသာစွာနဲ့ ထောက်ပံ့ပေးဖို့ အတည်ပြုခဲ့တာပေါ့” ဟု မြူးနစ်မြို့တော်ဝန် ဒီတာ ရီတာက ပြောကြားခဲ့သည်။

    ဂျာမနီမှာ ယနှစ်အတွက် ဒုက္ခသည် ၈ သိန်းကို လက်ခံရန် စီစဉ်ထားပြီး ၂၀၁၄ ခုနှစ်က လက်ခံသည့် ပမာဏထက် ၄ ဆကျော် ပိုမိုလက်ခံခြင်းလည်း ဖြစ်သည်။

    ပြီးခဲ့သည့် တစ်ပတ်က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်များအားလုံးတွင် “ဒုက္ခသည်များကို ကြိုဆိုသည်” “ဂျာမနီမှ ကြိုဆိုပါ၏” ဟူသော ပိုစတာများကို ပရိတ်သတ်များက လွှင့်ထူခဲ့ကြပြီး အသင်းအများစုမှာလည်း ပြောင်းရွှေ့အခြေချသူများကို ဘောလုံးပွဲ လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ခဲ့သည်။

    ဂျာမနီဘောလုံးအဖွဲ့ချုပ် DFB က ဗုဒ္ဓဟူးနေ့တွင် ဗီဒီယိုတစ်ခု ထုတ်ပြန်ခဲ့ပြီး အဆိုပါဗီဒီယိုတွင် ဒုက္ခသည်များနှင့် ၎င်းတို့နေထိုင်ရာနေရာများအား တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း၊ နိုင်ငံခြားသားကြောက်ရောဂါကိုလည်း ရှုတ်ချကြောင်း ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် “ဒုက္ခသည် ယူနိုက်တက်” ဟုအမည်ပေးထားပြီး ပြောင်းရွှေ့အခြေချသူများပါဝင်သည့် ဘောလုံးအသင်းနှင့် ဂျာမနီဘောလုံးအဖွဲ့ချုပ်မှ ၀န်ထမ်းများပါဝင်သော အသင်းတို့ ချစ်ကြည်ရေးဘောလုံးပွဲတစ်ခုကို လာမည့်သီတင်းပတ်တွင် ကစားရန်လည်း စီစဉ်ထားသည်။

    Ref: Aljazeera

  • ဂျာမနီ၏ အမုန်တရားဖြန့်ဖြူးမှု ပိတ်ပင်သည့် ဥပဒေကို Facebook က လိုက်နာရမည်ဟု တရားရေးဝန်ကြီး ပြော

    ဂျာမနီ၏ အမုန်တရားဖြန့်ဖြူးမှု ပိတ်ပင်သည့် ဥပဒေကို Facebook က လိုက်နာရမည်ဟု တရားရေးဝန်ကြီး ပြော

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    – အမေရိကန်တွင် လွတ်လပ်စွာပြောဆိုမှုခေါင်းစဉ်အောက်၌ လူမျိုးရေးခွဲခြားမှု သဘောထားများကို ခွင့်ပြုထားသော်လည်း ထိုသဘောထားများ ဖော်ပြမှုကို ပိတ်ပင်ထားသော ဂျာမနီ၏ ဥပေဒများကို Fabebook က လိုက်နာရလိမ့်မည်ဟု ဂျာမနီတရားရေးဝန်ကြီး ဟေကို မာ့စ်က ပြောကြားလိုက်သည်။

    Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် မာ့စ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး လူမျိုးရေးခွဲခြားမှု ပို့စ်များနှင့် အမုန်းတရားပို့စ်များအား ရပ်တန့်ရန် ထိထိရောက်ရောက် မလုပ်ဆောင်မှုအတွက်လည်း Facebook တာဝန်ရှိသူများကို အပြစ်တင်ခဲ့သည်။ ထို့ပြင် ဂျာမနီအနေဖြင့် ထိုကဲ့သို့သော ဖော်ပြမှုများအတွက် လုံးဝ သည်းခံမည်မဟုတ်ဘဲ Facebook ကလည်း ပို၍ သတိရှိရန် မျှော်လင့်သည်ဟု ဆိုသည်။

    “ခပ်ရှင်းရှင်းပြောချင်တာက – တကယ်လို့ Facebook ဟာ ဂျာမနီမှာအလုပ်လုပ်ချင်ရင် ဂျာမနီဥပဒေတွေကို လိုက်ကိုလိုက်နာရပါမယ်။ သမိုင်းကြောင်းဆိုင်ရာ အကြောင်းအရင်းတွေကြောင့် ကျွန်တော်တို့ဟာ အမေရိကန်ထက်ပိုပြီး လွတ်လပ်စွာပြောဆိုမှုကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတာ အထူးတလည်ကိစ္စ မဟုတ်ပါဘူး။ ဟိုလိုကော့စ် (နာဇီများက ဂျူးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု) ကို ငြင်းပယ်တာနဲ့ လူမျိုးရေး အမုန်းတွေ လှုံ့ဆော်တာဟာ ဂျာမနီမှာ ရာဇ၀တ်မှုမြောက်ပါတယ်။ Facebook မှာ ပို့စ်တင်တာမျိုး၊ ဈေးကတစ်နေရာမှာသွားပြီး ကျွေးကြော်တာမျိုး ဘယ်လိုပဲဖြစ်ဖြစ်ပေါ့” ဟု မာ့စ်က ထည့်သွင်းပြောကြားခဲ့သည်။

    မာ့စ်မှာ Facebook ၏ ပြည်သူ့ရေးရာပေါ်လစီ ဒါရိုက်တာဖြစ်သူ ရစ်ချက် အလန်ထံသို့လည်း စာတစ်စောင် ပေးပို့ခဲ့ပြီး လူမျိုးရေးခွဲခြားမှု ပို့စ်များနှင့်ပတ်သက်၍ Facebook အား သတင်းပို့မှုများကို လစ်လျူရှုခံရသည်ဟု အသုံးပြုသူများ၏ တိုင်ကြားမှုများ မိမိရရှိနေကြောင်း ရေးသားဖော်ပြခဲ့သည်။

    ဂျာမနီနိုင်ငံတွင် ယခုနောက်ပိုင်း၌ လက်ယာစွန်းရောက်များ ခေါင်းထောင်ထလာပြီး လူမျိုးရေးခွဲခြားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြတာ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများပင် ဖြစ်လာခဲ့သည်။

    မာ့စ်ခေါင်းဆောင်သည့် ဗဟိုလက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်ပါတီ SPD မှာ လက်ယာစွန်းရောက်များအား ဆန့်ကျင်မှုကြောင့် လူမျိုးရေးခွဲခြားသည့် အီးမေးလ်များ၊ ဖုန်းခေါ်ဆိုမှုများနှင့် ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်မှုများပင် ရရှိခဲ့သည်။

    “အင်တာနက်ဆိုတာ တရားစွဲလို့ရတဲ့ မှတ်ချက်တွေကို အကြောက်အလန့်မရှိ ဖြန့်ဖြူးလို့ရတဲ့ ဥပဒေပနေရာ မဟုတ်ပါဘူး” ဟု မာ့စ်က ဆိုပြီး အချို့မှာ Facebook ကို ဒုက္ခသည်များ၊ ၎င်းတို့အား ကူညီနေသည့် ဂျာမန်များနှင့်ပတ်သက်၍ အမုန်းတရားဖြန့်ဖြူးရန် အသုံးပြုနေကြသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Facebook မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ မိမိတို့ကုမ္ပဏီအနေဖြင့် အသေအချာ ဂရုတစ်စိုက် ဆောင်ရွက်နေပြီး၊ တရားရေးဝန်ကြီး မာ့စ်နှင့် တွေ့ဆုံရန်လည်း စိတ်ဝင်စားသည်ဟု ပြောကြားခဲ့သည်။ မာ့စ်ကလည်း မိမိအနေဖြင့် တွေ့ဆုံရန် မျှော်လင့်သည်ဟုဆိုသည်။

    Ref: Reuters

  • ဒုက္ခသည်များအား ကြိုဆိုသည့်အနေဖြင့် ချီတက်ဆန္ဒပြမှုကို ဂျာမန်ပြည်သူများ ပြုလုပ်

    ဒုက္ခသည်များအား ကြိုဆိုသည့်အနေဖြင့် ချီတက်ဆန္ဒပြမှုကို ဂျာမန်ပြည်သူများ ပြုလုပ်

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    german

    – ပဋိပက္ခများကြောင့် အတိဒုက္ခရောက်နေကြသော ဒုက္ခသည်များအား မိမိတို့နိုင်ငံမှ ကြိုဆိုသည်ဆိုသော သတင်းစကားပေးရန်အတွက် ဂျာမန်ပြည်သူ ထောင်ပေါင်းများစွာက နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန်မြို့တွင် ယမန်နေ့က လှည့်လည်ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ဒုက္ခသည်များအား ကယ်ဆယ်စောင့်ရှောက်ပေးရေးကို ထောက်ခံသော ပိုစတာများကို ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့၏ အစောင့်ရှောက်အောက်တွင် လူအုပ်ကြီးမှာ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြခြင်းဖြစ်ပြီး “ကျယ်ကျယ်ပြော၊ ရှင်ရှင်းပြော၊ ဒုက္ခသည်တွေကို ဒီကနေကြိုဆိုတယ်” ဟူသည့် ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

    နာဇီဆန့်ကျင်ရေး ချီတက်ပွဲဟု အမည်ပေးထားသည့် အဆိုပါဆန္ဒပြပွဲသို့ လူပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း ပွဲစီစဉ်သူများကမူ တက်ရောက်လာသူဦးရေမှာ ၅၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။ ဆန္ဒပြပွဲကျင်းပရာ ဒရက်စ်ဒန်မြို့မှာ အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ဖြစ်သော လက်ယာစွန်းရောက် PEGIDA အဖွဲ့၏ အမာခံဒေသဖြစ်သည်။

    ဒရက်စ်ဒန်မြို့တည်ရှိရာ ဆာဇိုနီပြည်နယ်မှာ ပြောင်းရွှေ့အခြေချသူများနှင့် ဒုက္ခသည်များအား ဆိုးဆိုးရွားရွား ဆန့်ကျင်ဆန္ဒပြသော ဒေသလည်းဖြစ်ပြီး၊ ဒရက်စ်ဒန်မြို့အနီး ဟိုင်ဒီနူဒေသရှိ ဒုက္ခသည်စခန်းမှာ လက်ယာစွန်းရောက်များ၏ ပစ်မှတ်ထားဆန္ဒပြရာနေရာ ဖြစ်လာခဲ့ကာ ပြီးခဲ့သည့် တစ်ပတ်အတွင်း ဆန္ဒပြမှုများ၌ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကာ ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။

    ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကမူ အဆိုပါဒုက္ခသည်စခန်းသို့ ယခုတစ်ပတ်တွင် သွားရောက်လည်ပတ်ခဲ့ပြီး လက်ယာစွန်းရောက်များမှာ ၎င်းကိုပင် လှောင်ပြောင်ခဲ့ကြသည်။ မာကဲလ်ကမူ ဒုက္ခသည်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို လုံးဝ သည်းခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    စစ်တမ်းကောက်ယူမှုများအရ ဂျာမန်ပြည်သူများ၏ ၆၀ ရာခိုင်နှုန်းမှာ မာကဲလ်၏သဘောထားအား ထောက်ခံကြသည်။ ဂျာမနီမှာ ယခုနှစ်တွင် ဒုက္ခသည် ၈ သိန်းအထိ လက်ခံရန် စီစဉ်ထားပြီး စံချိန်တင် ပမာဏလည်းဖြစ်သည်။

    Ref: Channelnewsasia

  • လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံခြားသားကြောက်ရောဂါကို ဂျာမနီ ပြင်းပြင်းထန်ထန် နှိမ်နင်းမည်

    လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံခြားသားကြောက်ရောဂါကို ဂျာမနီ ပြင်းပြင်းထန်ထန် နှိမ်နင်းမည်

    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media

    ger

    – ဟိုင်ဒန်နူမြို့ရှိ ဒုက္ခသည်များနေထိုင်ရာနေရာ အပြင်ဘက်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တနင်္ဂနွေနေ့က ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ လက်ယာယိမ်း စစ်သွေးကြွများနှင့် လူမျိုးရေးခွဲခြားသူများအား နှိမ်နင်းရန် ဂျာမနီပြည်ထဲရေးဝန်ကြီးက တိုက်တွန်းဆော်သြလိုက်သည်။

    အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ဒုတိယမြောက်နေ့ဖြစ်ပြီး စနေနေ့ကလည်း ထိုနေရာတွင်ပင် လူ ၂၀၀ ခန့်မှာ ဒုက္ခသည်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြကာ မီးပန်းများ၊ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဆန္ဒပြသူများတွင် အချို့မှာ “ဟိုင်းဟစ်တာလာ” ဟု အော်ခဲ့ကြသည်။

    ပဋိပက္ခများကြောင့် ခိုလှုံလာသူများအတွက် ဂျာမနီတွင် လစ်ဘရယ်ကျသည့် ဥပဒေများရှိပြီး ယခုနှစ်အတွင်း ဒုက္ခသည် ၈ သိန်းခန့်ကို လက်ခံရန် စီစဉ်ထားသည်။ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကမူ အဆိုပါ ဒုက္ခသည်ပြဿနာမှာ ဂရိ၏ အကြွေးပြဿနာထက် ဥရောပအတွက် ပိုမိုကြီးမားသည့် ပြဿနာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြည်ထဲရေးဝန်ကြီး သောမက်စ် ဒီ မိုက်ဇီရီကလည်း ထိုအခြအနေမှာ စိန်ခေါ်မှုကြီးဖြစ်ပြီး ဒုက္ခသည်များအား တိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။

    “တစ်ချိန်တည်းမှာ ကူညီချင်တဲ့လူတွေကို ကျွန်တော်တို့ မြင်တွေ့ရသလို၊ အမုန်းတွေ၊ စော်ကားမှုတွေနဲ့ ခိုလှုံလာသူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း မြင့်လာပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံအတွက် တန်ဖိုးမရှိတဲ့ လုပ်ရပ်တွေပါပဲ။ ဒီလိုမျိုးလုပ်တဲ့ ဘယ်သူမဆို ဥပဒေကို အပြည့်အ၀ ရင်ဆိုင်ရမှာပါ” ဟု မိုက်ဇီရီက ပြောကြားခဲ့သည်။

    တရားရေးဝန်ကြီး ဟေကို မက်စ်ကလည်း ဟိုင်ဒန်နူမြို့ရှိ အဆိုပါအဖြစ်အပျက်ကို ဆန့်ကျင်ခဲ့ပြီး နိုင်ငံခြားသားကြောက်ရောဂါနှင့် လူမျိုးရေးခွဲခြားမှုများအား လုံးဝ သည်းခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ဂျာမနီနိုင်ငံအတွင်း နိုင်ငံခြားသားများအပေါ် ရန်လိုမှုများ မြင့်တက်လာခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးသမား အများစုက သတိပေးခဲ့ကြပြီး ယခုနှစ် ပထမနှစ်ဝက်မှာပင် ဒုက္ခသည်များနေထိုင်ရာ နေရာများသို့ မီးရှို့မှုနှင့် အခြားတိုက်ခိုက်မှုပေါင်း ၁၅၀ ခန့် ဖြစ်ပွားခဲ့သည်။

    Ref: Reuters