News @ M-Media

Tag: Germany

  • ဒုက္ခသည်များအတွက် အွန်လိုင်းတက္ကသိုလ်တစ်ခုကို ဂျာမနီဖွင့်လှစ်

    ဒုက္ခသည်များအတွက် အွန်လိုင်းတက္ကသိုလ်တစ်ခုကို ဂျာမနီဖွင့်လှစ်

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    ref

    – ကမ္ဘာကြီး၏ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ဒုက္ခသည်များအနေဖြင့် အဆင့်မြင့်ပညာရပ်များကို သင်ယူနိုင်မည့် ပထမဆုံး အွန်လိုင်းတက္ကသိုလ်ကို ဂျာမနီနိုင်ငံက စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    Kiron ဟု အမည်ရသည့် တက္ကသိုလ်ဖြစ်ပြီး တက်ရောက်ရန်အတွက် ကျောင်းသားများမှာ ကွန်ပျူတာနှင့် အင်တာနက်လိုင်းသာ လိုအပ်မည်ဖြစ်သည်။ သို့သော်လည်း အင်တာနက်လိုင်း အမြဲတမ်း မရသူများအနေဖြင့် အင်တာနက်ရရှိသည့်အချိန်တွင် သင်ရိုးများကို Download လုပ်ကာ လေ့လာနိုင်ရန်လည်း စီစဉ်ထားသည်။

    ထိုတက္ကသိုလ်တွင် တက်ရောက်ရန် စာရင်းပေးသွင်းသူများမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ထုတ်ပေးသည့် ဒုက္ခသည်အသိအမှတ်ပြု  စာရွက်စာတမ်းကို တင်ပြရမည်ဖြစ်သည်။ အကျိုးအမြတ်မယူသည့် အဆိုပါတက္ကသိုလ်အတွက် ပြည်သူများထံမှ ရန်ပုံငွေ ကောက်ခံခဲ့ပြီး ကန်ဒေါ်လာ ၂၁၆၆၃၆ ဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

    မြို့တော်ဘာလင်တွင် အခြေစိုက်သည့် အဆိုပါ Kiron တက္ကသိုလ်မှာ ယခုပထမနှစ်တွင် ကျောင်းသားပေါင်း ၁၀၀၀ ကို သင်ကြားပေးမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဒုက္ခသည် အနည်းဆုံး ၁၅၀၀၀ ခန့်က တက်ရောက်ရန် စိတ်ဝင်စားနေသည်။

    Kiron တက္ကသိုလ်မှ ပြောရေးဆိုခွင့်ရှိသူ တင်မ် ဘရန့်ဒ်က တည်ထောင်သူများဖြစ်ကြသည့် ဗင်းဆင့် ဇင်မာနှင့် မာကစ်က် ကရက်စ်လာတို့က ၂၀၁၄ ခုနှစ်နွေရာသီတွင် ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း ဒုက္ခသည်များအတွက် အွန်လိုင်းတက္ကသိုလ်တစ်ခု တည်ထောင်ရန် အတွေးရခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် ၎င်းတို့နှစ်ဦးမှာ အွန်လိုင်းသင်ကြားမှုပေးသော တက္ကသိုလ်များ၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး ဒုက္ခသည်များ အဆင့်မြင့်ပညာရေးကို ရရှိရန် မဖြစ်နိုင်သည့် အဆီးအတားများအတွက် လွယ်ကူသောအဖြေကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    အင်္ဂလိပ်စာဖြင့် သင်ကြားမည်

    Kiron တက္ကသိုလ်တွင် ဟားဗဒ်၊ စတမ်းဖို့ဒ်၊ MIT နှင့် ယေးလ်တက္ကသိုလ်များမှ သင်ရိုးများကိုလည်း အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသွားမည်ဖြစ်ပြီး စီးပွားရေး စီမံခန့်ခွဲမှု၊ ဗိသုကာပညာ၊ အင်ဂျင်နီယာပညာ၊ ကွန်ပျူတာသိပ္ပံနှင့် အခြားသော သိပ္ပံဆိုင်ရာ ပညာရပ်များအတွက် ဘွဲ့ပေးအပ်သွားမည် ဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်နှင့် ဂျာမန်ဘာသာစကား အထူးပြုဖြင့်လည်း သင်ကြားနိုင်မည်ဖြစ်သည်။

    တက်ရောက်ရမည့်ကာလမှာ ၃ နှစ်ဖြစ်ပြီး ပထမ ၂ နှစ်ကို အွန်လိုင်း၌ သင်ယူရမည်ဖြစ်ကာ နောက်ထပ်တစ်နှစ်ကိုမူ အော့ဖ်လိုင်းဖြင့် သင်ယူရမည်ဖြစ်သည်။

    မိမိယူမည့် အထူးပြုဘာသာရပ်များအတွက် ပြင်ဆင်ပေးမည့်အတန်းများ၊ ဘာသာစကားဆိုင်ရာ အတန်းများ၊ စိတ်ပိုင်းဆိုင်ရာ အကြံဥာဏ်ပေးမှုများနှင့် အခြားသော ထပ်တိုးသင်ကြားမှုများကိုလည်း ထိုတက္ကသိုလ်မှ ဘာလင်တွင် ပြုလုပ်ပေးမည်ဖြစ်သည်။

    အင်္ဂလိပ်စာ မရသောသူများအတွက်လည်း Kiron အွန်လိုင်းတက္ကသိုလ်က အင်္ဂလိပ်စာသင်တန်းကို စီစဉ်ပေးသွားမည်ဖြစ်သည်။ ဘရန့်ဒ်ကမူ တက္ကသိုလ်၏ ကျောင်းခွဲများကို တူရကီ၊ ပြင်သစ်နှင့် ယူကေတို့တွင် ထပ်တိုးဖွင့်လှစ်သွားရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဒုက္ခသည်အား စာနာမှုကြောင့် ဓားထိုးခံရသူ ဂျာမန်အမျိုးသမီး မြို့တော်ဝန်ဖြစ်လာ

    ဒုက္ခသည်အား စာနာမှုကြောင့် ဓားထိုးခံရသူ ဂျာမန်အမျိုးသမီး မြို့တော်ဝန်ဖြစ်လာ

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    jerman

    – နိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များအပေါ် စာနာထောက်ထားသော မှတ်ချက်များ ပေးခဲ့ခြင်းကြောင့် စနေနေ့က ဓားထိုးခံခဲ့ရသည့် ဂျာမန်မြို့တော်ဝန်လောင်း အမျိုသမီးမှာ ယမန်နေ့ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည်ဟု သိရသည်။

    နိုင်ငံအနောက်ပိုင်း ကိုးလုံးမြို့တွင် တစ်သီးပုဂ္ဂလအဖြစ် မြို့တော်ဝန်နေရာကို ယှဉ်ပြိုင်သည့် ဟင်နရီယက်တီ ရက်ကာဆိုသူ အမျိုးသမီးဖြစ်ပြီး စုစုပေါင်းမဲရေအတွက်၏ ၅၂ ရာခိုင်နှုန်းရရှိကာ မြို့တော်ဝန် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူမမှာ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်၏ အာဏာရ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီနှင့် နီးစပ်သူတစ်ဦးလည်း ဖြစ်သည်။

    မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည့် ရက်ကာ၏လည်ပင်းကို ကို အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးက စနေနေ့တွင် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး သူမ၏ ဒုက္ခသည်ထောက်ခံမှုကို မကျေနပ်သောကြောင့် ထိုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ရက်ကာမှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည်။

    Ref: CNN

  • ယခုနှစ်တွင် ဂျာမနီမှလက်ခံမည့် ဒုက္ခသည်ဦးရေ ၁.၅ သန်း ရှိမည်

    ယခုနှစ်တွင် ဂျာမနီမှလက်ခံမည့် ဒုက္ခသည်ဦးရေ ၁.၅ သန်း ရှိမည်

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    ref

    – ဂျာမနီနိုင်ငံမှာ ယခုနှစ်အတွင်း ဒုက္ခသည် ၁.၅ သန်းခန့် လက်ခံမည့်အစီအစဉ် ရှိနေသည်ဟု ယုံကြည်ရသည့် သတင်းရင်းမြစ်ကို ကိုးကား၍ ဂျာမန်သတင်းစာ Bild က ဖော်ပြလိုက်ပြီး တရားဝင်ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုမိုများပြားနေသည်။

    အာဏာပိုင်များကမူ ဥရောပ၏ စီးပွားရေးအကြီးဆုံးဖြစ်သော ဂျာမနီနိုင်ငံမှာ ယခုနှစ်အတွင်း စံချိန်တင် ပမာဏအဖြစ် ဒုက္ခသည် ၈ သိန်းမှ တစ်သန်းကြားအထိ လက်ခံမည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း Blid ၏ ဖော်ပြမှုတွင် လာမည့် ၃ လအတွင်း ဒုက္ခသည်အရေအတွက် ၉၂၀၀၀၀ လက်ခံရန်ရှိနေပြီး နှစ်ကုန်တွင် ၁.၅ သန်း ရောက်လာမည်ဟု တွက်ချက်ထားသည်။

    ရောက်ရှိလာသူများမှာ ဒုက္ခသည်အဖြစ် နိုင်ငံအတွင်း နေုထိုင်ခွင့်ရမည်ဖြစ်ပြီး တစ်ဦးလျှင် မိသားစုဝင် ၄ ဦးမှ ၈ ဦးအထိ ခေါ်ဆောင်ခွင့်ရှိမည်ဖြစ်သောကြောင့် ကနဦးရောက်လာသည့် ၉၂၀၀၀၀ နှင့်ဆက်စပ်၍ လူပေါင်း ၇.၃၆ သန်းခန့်မှာ ဂျာမနီသို့ ရွှေ့ပြောင်းနေထိုင်ခွင့် ရမည်ဖြစ်သည်။

    ဥရောပနိုင်ငံတစ်ချို့က ဒုက္ခသည်များအား လက်ခံရေး ငြင်းဆန်ကြသော်လည်း ဂျာမနီနိုင်ငံက အဆီးအတားမရှိ လက်ခံခဲ့သည့်အတွက် ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်ကို ကမ္ဘာ့ခေါင်းဆောင်များက ချီးကျူးခဲ့ကြသည်။

    Ref: Aljazeera

  • ဒုက္ခသည်များအတွက် အခြေခံဥပဒေကို အာရဘီဘာသာပြန်၍ ဂျာမနီထုတ်ဝေ

    ဒုက္ခသည်များအတွက် အခြေခံဥပဒေကို အာရဘီဘာသာပြန်၍ ဂျာမနီထုတ်ဝေ

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    german

    – ဂျာမနီနိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် ဒုက္ခသည် ၅ သိန်းခန့်မှာ ဂျာမန်လူ့အဖွဲ့အစည်းအတွင်း အလျင်အမြန် ၀င်ဆန့်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပထမဆုံး အခန်း ၂၀ ကို အာရဘီဘာသာစကားဖြင့် ဘာသာပြန်ဆိုပြီး ရိုက်နှိပ်ထုတ်ဝေခဲ့သည်ဟု ဂျာမန် နိုင်ငံရေးသမားများက ပြောကြားလိုက်သည်။

    အဆိုပါ အခြေခံဥပဒေ ဘာသာပြန်များကို လက်ခံရေးစင်တာများမှတစ်ဆင့် ဒုက္ခသည်များထံ ဝေငှသွားမည်ဖြစ်သည်။ ဂျာမန်ဘာသာစကား မတတ်သော ၎င်းတို့မှာ နိုင်ငံသားတစ်ယောက်၏ အခွင့်အရေး၊ တာဝန် စသည်တို့ကို မသိရှိဘဲ လူ့အဖွဲ့အစည်းအတွင်း မည်ကဲ့သို့ အကောင်းဆုံး ပေါင်းစည်းနိုင်မည်ဆိုခြင်းနှင့် ပတ်သက်၍ မိမိတို့မှာ သောကရောက်နေသည်ဟု
    ဒုတိယ၀န်ကြီးချုပ် ဆစ်ဂါမာ ဂါဘရီယဲလ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဂျာမနီမှာ ယနှစ်အတွင်း စံချိန်တင်ပမာဏအဖြစ် ဒုက္ခသည် ၈ သိန်းခန့်ကို လက်ခံရန် မျှော်လင့်ထားသည်။ ဒုက္ခသည်များအတွက် ဘာသာစကားနှင့် ယဉ်ကျေးမှု သတင်တန်းတို့ကိုလည်း ဂျာမန်အစိုးရက စီစဉ်ပေးထားသည်။

    Ref: Aljazeera

  • လက်ယာအုပ်စု၏ အစွန်းရောက်မှုများကို ဂျာမနီထောက်လှမ်းရေးအကြီးအကဲ သတိပေး

    လက်ယာအုပ်စု၏ အစွန်းရောက်မှုများကို ဂျာမနီထောက်လှမ်းရေးအကြီးအကဲ သတိပေး

    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    germany

    – ပြောင်းရွှေ့အခြေချသူများ စံချိန်တင်ရောက်ရှိလာသည့်အချိန်တွင် နိုင်ငံတစ်ဝှမ်း နိုင်ငံခြားသားဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုများနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်ယာစွန်းရောက်အုပ်စုများ၏ အစွန်းရောက်မှုနှင့်ပတ်သက်၍ ဂျာမနီ ပြည်တွင်း
    ထောက်လှမ်းရေးအကြီးအကဲက သတိပေး ပြောကြားလိုက်သည်။

    ဂျာမနီမှာ ယခုနှစ်တွင် ဒုက္ခသည် ၁ သန်းအထိ လက်ခံမည်ဖြစ်ပြီး၊ နိုင်ငံအတွင်းရှိ လက်ယာစွန်းရောက် အုပ်စုများကလည်း ပြောင်းရွှေ့ခြေချသူ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တိုးမြှင့်ပြုလုပ်လာခဲ့ကြကာ ဒုက္ခသည်များ၊ ၎င်းတို့၏ နေထိုင်ရာ နေရာများကို တိုက်ခိုက်မှုများပင် ရှိလာခဲ့သည်။

    ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေကလည်း ဂျာမနီရှိ မြို့အများအပြားတွင် အဆိုပါလက်ယာစွန်းရောက်များမှာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    “ဒုက္ခသည်ပြဿနာနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့ တွေ့နေရတာက လက်ယာအစွန်းရောက်တွေနဲ့ သူတို့ကို ဆန့်ကျင်ကြတဲ့ လက်ဝဲအစွန်းရောက်တွေ လမ်းပေါ်ထွက် ဆန္ဒပြတာပါပဲ” ဟု ပြည်တွင်းထောက်လှမ်းရေး အကြီးအကဲ မက်ဆန်က Deutschlandfunk ရေဒီယိုသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    နိုင်ငံအရှေ့ပိုင်း ဆာဇိုနီပြည်နယ်ရှိ နိုင်နီရူမြို့တွင် စနေနေ့က ရဲတပ်ဖွဲ့နှင့် စစ်သားများမှာ ဒုက္ခသည် ၁၀၀ ခန့်ကို စောင့်ရှောက်ကာ လက်ခံရေးစင်တာသို့ ခေါ်လာခဲ့ပြီး၊ ထိုလက်ခံရေးစင်တာတွင် လက်ယာစွန်းရောက် ဆန္ဒပြသူများမှာ သောကြာနေ့ကတည်းက ဆန္ဒပြခဲ့ကာ ဒုက္ခသည်များ၏ ဘတ်စ်ကားများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။

    အခြားပြည်နယ်တစ်ခုဖြစ်သည့် Mecklenburg-Western Pomerania မှ မြို့အများအပြားတွင် ဆန္ဒပြသူ ၁၀၀၀ ကျော်မှာ သောကြာနေ့က ဆန္ဒပြခဲ့ကြပြီး၊ ကမ်းရိုးတန်းမြို့ဖြစ်သည့် စထရာလ်ဆန်းတွင်မူ ၎င်းတို့အား ဆန့်ကျင်သူများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ၃ ဦး ဒဏ်ရာရခဲ့သည်။

    Ref: Aljazeera