News @ M-Media

Tag: India

  • စစ်တပ်အကြီးအကဲ လေယာဉ်ပျက်ကျသေဆုံးသွားကြောင်း အိန္ဒိယအတည်ပြု

    စစ်တပ်အကြီးအကဲ လေယာဉ်ပျက်ကျသေဆုံးသွားကြောင်း အိန္ဒိယအတည်ပြု

    ဒီဇင်ဘာ ၈၊ ၂၀၂၁
    M-Media

    -စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင် ရာ၀ပ်ဟာ နိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ လေယာဉ်ပျက်ကျ သေဆုံးသွားတယ်လို့ အိန္ဒိယလေတပ်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

    ဗိုလ်ချုပ်ကြီးရာဝပ် လိုက်ပါသွားတဲ့ Mi-17V5 ရဟတ်ယာဉ် ပျက်ကျသွားတယ်ဆိုတဲ့သတင်းတွေ ဒေသစံတော်ချိန် ဒီကနေ့ နေ့လယ်ပိုင်းလောက်ကတည်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။

    လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ရဟတ်ယာဉ်ဟာ လေတပ်စခန်းကနေ ကာကွယ်ရေးကောလိပ်ကိုအသွားမှာ ပျက်ခဲ့တာဖြစ်ပြီး ဒီအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်နေကာ ကာကွယ်ရေးဝန်ကြီးကလည်း ညနေပိုင်းမှာ လွှတ်တော်ကို တင်ပြဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

    လေယာဥ်ပျက်မှုအတွင်း ဗိုလ်ချုပ်ကြီးရာဝပ်ရဲ့ဇနီးနဲ့ လေယာဉ်ပေါ်လိုက်ပါသွားသူ အခြား ၁၁ ဦးလည်း သေဆုံးခဲ့ပါတယ်။

    ကြည်း၊ ရေ၊ လေ စစ်ဦးစီးအရာရှိချုပ်တွေကို ကွပ်ကဲမယ့် စစ်ဦးစီးချုပ်ရာထူးကို အိန္ဒိယအစိုးရက ၂၀၁၉ ခုနှစ်မှာ ဖန်တီးကာ အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်ကို ခေါ်ယူခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်ကြီးဟာ ဝန်ကြီးချုပ်မိုဒီနဲ့ နီးစပ်သူဖြစ်ပြီး၊ ကာကွယ်ရေးဝန်ကြီးဌာန အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ မိဘမျိုးရိုးက စစ်သားမျိုးဖြစ်ပြီး ဗိုလ်ချုပ်ကြီးကိုယ်တိုင်လည်း အိန္ဒိယစစ်တပ်မှာ နှစ်ပေါင်း ၄၀ လောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    ပါကစ္စတန်၊ တရုတ်တို့နဲ့ ပိုင်နက်အငြင်းပွားမှုရှိနေတဲ့ ကက်ရှ်မီးယားဒေသက တပ်တွေကို ကွပ်ကဲရသူ ဖြစ်ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခလျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့လို့ ကျော်ကြားသလို မြန်မာနိုင်ငံထဲအထိ ဝင်ရောက်ဆင်နွှဲတဲ့ သူပုန်တိုက်ဖျက်မှု စစ်ဆင်ရေးကိုလည်း ဗိုလ်ချုပ်ကြီးရာဝပ်က ကွပ်ကဲခဲ့ဖူးပါတယ်။

    Ref: Reuters

  • ဟိန္ဒူအမျိုးသားရေးဝါဒီများ၏ တိုက်ခိုက်မှုဒဏ်ကို တိုးမြှင့်ခံစားလာရသည့် အိန္ဒိယမှ ခရစ်ယာန်များ

    ဟိန္ဒူအမျိုးသားရေးဝါဒီများ၏ တိုက်ခိုက်မှုဒဏ်ကို တိုးမြှင့်ခံစားလာရသည့် အိန္ဒိယမှ ခရစ်ယာန်များ

    ဒီဇင်ဘာ ၄၊ ၂၀၂၁
    M-Media

    -အောက်တိုဘာလနှောင်းပိုင်းက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့တွေ့ဆုံခဲ့ပြီး အိန္ဒိယကို လာလည်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ အိန္ဒိယဟာ အာရှမှာ ခရစ်ယာန်ဘာသာဝင် ဒုတိယအများဆုံးရှိရာ နိုင်ငံပါ။

    ဒီမတိုင်ခင် သီတင်းနှစ်ပတ်လောက်က ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့အစည်း RSS ခေါင်းဆောင် မိုဟန် ဘဂ်ဝပ် (Mohan Bhagwat) ရဲ့ မိန့်ခွန်းမှာ ခရစ်ယာန်ဘာသာဝင်အများစုရှိရာ နိုင်ငံအရှေ့မြောက်ပိုင်းက ဘာသာကူးပြောင်းမှုတွေ၊ လူဦးရေအချိုးအစား ပြောင်းလဲမှုတွေကို သတိပြုဖို့ ဟိန္ဒူတွေကို တိုက်တွန်းခဲ့ပါတယ်။ RSS ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ အယူအဆပိုင်းဆိုင်ရာ မိခင်အဖွဲ့အစည်း ဖြစ်ပါတယ်။

    အောက်တိုဘာ ၁၄ ရက်နေ့ ဟိန္ဒူဘာသာရေးပွဲတော် Durga Puja မှာ မိုဟန် ဘဂ်ဝပ်က အခုလို မိန့်ခွန်းပြောခဲ့ပါတယ်။

    “လူဦးရေမြင့်တက်လာတာနဲ့ လူဦးရေအချိုးအစား မညီမျှတာကို ဖြေရှင်းဖို့လိုအပ်နေတယ်။ လူဦးရေဆိုင်ရာ မူဝါဒကိုလည်း ပုံစံပြောင်းရပါလိမ့်မယ်။ လူမျိုးတွေနဲ့ ဇာတ်အားလုံးအပေါ် တစ်ပြေးညီကျင့်သုံးနိုင်တဲ့ မူဝါဒမျိုးပါ။ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်လာမှုတွေ၊ နိုင်ငံအရှေ့မြောက်ပိုင်းက ဘာသာပြောင်းမှုတွေဟာ လူဦးရေအချိုးအစား ပြောင်းလဲမှုကို ပိုဖြစ်စေပါတယ်”

    RSS ဟာ အိန္ဒိယတစ်ခုလုံး ဟိန္ဒူတွေသာကြီးစိုးအောင် ရည်ရွယ်ဖန်တီးနေတာ ဖြစ်ပါတယ်။ BJP ပါဝင်တဲ့ ဟိန္ဒူအမျိုးသားရေးတပ်ပေါင်း စုSangh Parivar ခေါင်းဆောင် ဘဂ်ဝပ်ရဲ့ Durga Puja နေ့ မိန့်ခွန်းဟာ သူတို့ ရှေ့ဆက်လုပ်ဆောင်မယ့် စီမံကိန်းလို့ မှတ်ယူလို့ရပါတယ်။

    ခရစ်ယာန်များ ပိုမိုတိုက်ခိုက်ခံလာရ

    ဘဂ်ဝပ်ရဲ့ ဒီစကားတွေဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်း ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဘုရားကျောင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို မီးထိုးပေးခဲ့တယ်ဆိုတာ နောက်ပိုင်းအဖြစ်အပျက်တွေမှာ တွေ့ရပါတယ်။ တိုက်ခိုက်မှုအတွင်း လူအုပ်ကြီးဟာ ခရစ်ယာန်တွေကို ‘ခေါင်းဖြတ်သတ်ဖို့’ ဆော်ဩတာ၊ ဟိန္ဒူတွေကို အတင်းအဓမ္မ ဘာသာပြောင်းတယ်လို့ စွပ်စွဲပြီး ဒါကို ရပ်တန့်ဖို့ ပြောတာတွေ ရှိခဲ့ပါတယ်။

    ဘဂ်ဝပ်ရဲ့မိန့်ခွန်းအပြီး ၃ ရက်မြောက်နေ့ မဒ်ယာပရာဒက်ရှ်ပြည်နယ် (Madhya Pradesh) BJP လွှတ်တော်အမတ် ရမ်ရှ်ဝါ ရှရ်မာက သူ့ရဲ့မိန့်ခွန်းမှာ ‘ပုဝါဆောင်းတဲ့မွတ်စလင်နဲ့ ခရစ်ယာန်ဘုန်းကြီးကင်းစင်တဲ့ အိန္ဒိယ’ ဖြစ်ရေး တိုက်တွန်းဆော်ဩခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် တနင်္ဂနွေနေ့မှာတော့ နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် (Karnataka) ဘေလူးမြို့ (Belur) မှာ ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့ (Bajrang Dal) က အဖွဲ့ဝင်လို့ ယူဆရသူတွေဟာ ခရစ်ယာန်တွေရဲ့ ဝတ်ပြုဆုတောင်းပွဲအခမ်းအနားတစ်ခုကို ဝင်ရောက်နှောက်ယှက်ခဲ့ပြီး ခရစ်ယာန်တွေ ဘာသာကူးပြောင်းခိုင်းနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ Bajrang Dal အဖွဲ့ဟာ နိုင်ငံအတွင်းက လူနည်းစုတွေအပေါ် တိုက်ခိုက်မှုအများအပြား လုပ်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    အဲဒီနေ့မှာပဲ နယူးဒေလီမြို့က ခရစ်ယာန်ဘုရားကျောင်းအဖြစ် အသုံးပြုနေတဲ့ ဂိုထောင်တစ်ခုကို Bajrang Dal အဖွဲ့ဝင်တွေ ဝင်စီးပြီး ဝတ်ပြုဆုတောင်းပွဲကို နှောက်ယှက်တာ၊ ဘုရားကျောင်းကို တိုက်ခိုက်ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အတွင်း ‘သစ္စာဖောက်တွေကိုသတ်ပစ်’ လို့ အော်နေတဲ့ ဗီဒီယိုတစ်ခုကို အလ်ဂျာဇီးရားသတင်းဌာနက ရရှိခဲ့ပါတယ်။

    နိုင်ငံမြောက်ပိုင်း အူတာရက်ဟန်ပြည်နယ် (Uttarakhand)၊ ရော်ကီမြို့ (Roorkee) မှာ အောက်တိုဘာလ ၃ ရက်နေ့က ဘုရားကျောင်းတစ်ခုကို သံတုတ်တွေကိုင်ကာ လူ ၂၅၀ လောက်ပါတဲ့ ဟိန္ဒူလူအုပ်က ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ ဒီပြည်နယ်ကို အာဏာရ BJP ပါတီက အုပ်စိုးတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားတဲ့အချိန် ဘုရားကျောင်းအတွင်း ဝတ်ပြုဆုတောင်းသူ တစ်ဒါဇင်လောက်ရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    ဘုရားကျောင်းက တရားဟောဆရာရဲ့ သမီး ပဲရ်လ်လန့်စ်(Pearl Lance) ကို လူအုပ်ထဲက အမျိုးသားတွေက လိင်ပိုင်ဆိုင်ရာ အရှက်ရအောင် ပြုလုပ်ခဲ့သလို၊ အမျိုးသမီးတွေက စော်ကားတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ ဖုန်းကိုလည်း လူအုပ်က လူယူသွာပါတယ်။ ဘုရားကျောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့ ရာဂျက်ကူးမား (Rajat Kumar) ကတော့ သံတုတ်နဲ့ ခေါင်းကို အချက်များစွာ အရိုက်ခံခဲ့ရတာကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။

    “ကျွန်တော်ကို ဂုတ်ကနေကိုင်ကာ တရွတ်တိုက်ဆွဲသွားပြီး မျက်နာနဲ့ ကျောကုန်းကို ထိုးကျ၊ ကန်ကြပါတယ်။ ခေါင်းကို သံတုတ်နဲ့ အရိုက်ခံခဲ့ရပြီးတဲ့နောက် ကျွန်တော် သတိမေ့သွားပါတယ်” လို့ ကူးမားက ပြောပါတယ်။

    ကူးမားရဲ့ ညာဖက်မျက်လုံးမှာ ဖူးယောင်ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရရှိနေပါတယ်။

    တရားဟောဆရာရဲ့ သမီးကြီး အီဗာလန့်စ် (Eva Lance) က ဒီတိုက်ခိုက်မှုမဖြစ်ခင် သံသယဖြစ်ဖွယ် အဖြစ်အပျက်တွေကို မိသားစုက ရဲတပ်ဖွဲ့ထံ ၄ ကြိမ်ထက်မနည်း တိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။

    “တိုက်ခိုက်မှုမဖြစ်ခင် ဘယ်ကမှန်းမသိတဲ့လူတွေ ကျွန်မတို့နောက်လိုက်လာပြီး ခရစ်ယာန်ဆန့်ကျင်ရေး အမုန်းစကားတွေပြောကာ ခြိမ်းခြောက်မှုတွေ လုပ်ပါတယ်။ ဘာသာပြောင်းခိုင်းတယ်လို့ ကျွန်မတို့ကို စွပ်စွဲပြီး အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်တယ်။ ရဲကို အီးမေးလ်ပို့အကြောင်းအကြားခဲ့ပြီး အောက်တိုဘာ ၂ ရက်နေ့မှာ လူကိုယ်တိုင်စခန်းသွားပြီးတော့ တိုင်ချက်ဖွင့်ခဲ့ပါတယ်”

    တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်မှာ ရဲတပ်ဖွဲ့ရဲ့ တုန့်ပြန်မှုက နောက်ကျခဲ့တယ်လို့ အီဗာက ပြောပါတယ်။

    “ရဲက လုံခြုံရေးပေးမယ်လို့ ပြောလွှတ်လိုက်တယ်။ ဒါပေမယ့် ဘာမှ ရောက်မလာပါဘူး။ တိုက်ခိုက်မှုဖြစ်တဲ့နေ့မှာလည်း ကျွန်မတို့ တောက်လျှောက် ရဲစခန်းကို ဖုန်းဆက်တယ်။ ဒါပေမယ့် လူအုပ်က တိုက်ခိုက်ဖျက်ဆီးပြီးလို့ ပြန်သွားပြီး တစ်နာရီလောက်ကြာမှ ရဲတွေရောက်လာပါတယ်”

    ရဲတပ်ဖွဲ့ဟာ ဘုရားကျောင်းက တရားဟောဆရာရဲ့မိသားစုကို အမှုဖွင့်ခဲ့ပါတယ်။ အဓမ္မ ဘာသာပြောင်းခိုင်းတာ၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လုပ်တာ၊ ဓားပြမှုနဲ့ ရာဇဝတ်မှုမှာ ပူးပေါင်းပါဝင်တာ စတဲ့ စွဲချက်တွေနဲ့ပါ။

    ခရစ်ယာန်ဆန့်ကျင်ရေး စမ်းသပ်ရာ နယ်မြေသစ်

    လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အောက်တိုဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုနှစ် ပထမ ၉ လအတွင်း အိန္ဒိယနိုင်ငံတစ်ဝှမ်း ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီအထဲက ၃၂ ခုက ကာနာတာကာပြည်နယ် (Karnataka) မှာ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုပေါင်း ၃၀၅ ခုဖြစ်ခဲ့ရာမှာ အိန္ဒိယမြောက်ပိုင်း ပြည်နယ် ၄ ခုအတွင်း ၁၆၉ ခု၊ BJP အုပ်စိုးတဲ့ အူတာပရာဒက်ရှ်ပြည်နယ် (Uttar Pradesh) မှာ ၆၆ ခု၊ ကွန်ဂရက်ပါတီအုပ်စိုးတဲ့ ချက်တီဂါပြည်နယ် (Chhattisgarh) မှာ ၄၇ ခု၊ လူမျိုးစုတွေအဓိကနေထိုင်တဲ့ ဂျာ့ခ်ဟန်းပြည်နယ် (Jharkhand) မှာ ၃၀၊ BJP အုပ်စိုးတဲ့ မဒ်ယာပရာဒက်ရှ်ပြည်နယ်(Madhya Pradesh) မှာ ၃၀ ရှိခဲ့ပါတယ်။

    ချက်တီဂါ ပြည်နယ်အပါအဝင် အနည်းဆုံး ပြည်နယ် ၉ ခုမှာ ခရစ်ယာန်ဘာသာ ကူးပြောင်းမှု ပိတ်ပင်ရေးဥပဒေ ပြဌာန်းဖို့ စီစဉ်နေပါတယ်။ ချက်တီဂါပြည်နယ်ဟာ ခရစ်ယာန်ဆန့်ကျင်ရေးဝါဒ စမ်းသပ်ရာ ‘နယ်မြေသစ်’ ဖြစ်လာတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    အောက်တိုဘာ ၁ ရက်နေ့က ချက်တီဂါပြည်နယ် ဆူရ်ဂူဂျာခရိုင်(Surguja) မှာ ‘ဘာသာကူးပြောင်းမှုရပ်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ချီတက်ဆန္ဒပြပွဲတစ်ခု လုပ်ခဲ့ပြီး လူ ၁ ထောင်ကျော် ပါဝင်ခဲ့ပါတယ်။ နိုင်ငံအလယ်ပိုင်း ချက်တီဂါပြည်နယ်မှာ ဒီလိုချီတက်ပွဲမျိုး တောက်လျှောက် လုပ်လာကြတာ ဖြစ်ပါတယ်။

    ဟိန္ဒူလက်ယာစွန်းခေါင်းဆောင် ပါမတ်မာနန် မဟာရက်ဂျ် (Parmatmanand Maharaj) က ‘ဘာသာပြောင်းမှုမှာ ပျော်မွေ့နေတဲ့ ခရစ်ယာန်တွေကို ပုဆိန်တွေကိုင်ကာ ပညာပေးဖို့’ ချီတက်ပွဲမှာ ဟောပြောခဲ့ပါတယ်။

    “ပုဆိန်တွေကို ဘာလုပ်ဖို့ သိမ်းထားတာလဲ။ အဲ့ကောင်တွေခေါင်းကို ဖြတ်ပစ်လိုက်” လို့ မဟာရက်ဂျ်ရဲ့ တိုက်တွန်းမှုအပြီးမှာ လူအုပ်ကြီးက “ရပ်ခိုင်း၊ သတိပေး၊ သတ်ပစ်” လို့ ခရစ်ယာန်တွေကို ရည်ညွှန်းပြီး သံပြိုင်အော်ကြပါတယ်။

    ဒီချီတက်ပွဲမှာ BJP ပါတီက လွှတ်တော်အမတ် ရမ်ဗီချာ နီတမ် (Ramvichar Netam)၊ BJP လွှတ်​တော် အမတ်ဟောင်း နန်ကူမားဆိုင်း (Nand Kumar Sai) နဲ့ ချက်တီဂါပြည်နယ် BJP ပါတီ ပြောရေးဆိုခွင့်ရှိသူ အနူရဂ် ဆင်း ဒီယို (Anurag Singh Deo) တို့ ပါဝင်ပါတယ်။

    ချက်တီဂါပြည်နယ်ကို အုပ်စိုးတဲ့ ကွန်ဂရက်ပါတီ ဆက်သွယ်ရေးဌာန အကြီးအကဲ ဆူဟီလ် ရှူကလာ (Sushil Shukla) က BJP ပါတီဟာ ‘ပြဿနာမရှိ ပြဿနာရှာနေပြီး၊ ဘာသာရေးအမုန်းတရားတွေ မီးထိုးပေးနေတယ်’ လို့ ပြောပါတယ်။ ဆူရ်ဂူဂျာခရိုင်က အဲဒီချီတက်ပွဲအတွက် ပြည်နယ်အစိုးရက စုံစမ်းစစ်​ဆေးမှု လုပ်နေပြီး ပွဲစီစဉ်သူတွေကို အရေးယူသွားမယ်လို့လည်း သူက ဆိုပါတယ်။

    ဆူရ်ဂူဂျာခရိုင်ရဲမှူး တီအာရ်ကိုရှီမာ (T R Koshima) က ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှု လုပ်နေပေမယ့် တိုက်ချက်လာဖွင့်တာမျိုး မရှိသေးတဲ့အတွက် အမှုမဖွင့်ရ​သေးဘူးလို့ ပြောပါတယ်။

    “စုံစမ်းစစ်ဆေးမှု ဆက်လုပ်နေပေမယ့် ဒီပွဲအပြီး အကြမ်းဖက်မှုတွေ မဖြစ်ခဲ့တဲ့အတွက် မိန့်ခွန်းက ဘယ်လောက်အတိုင်းအတာအထိ လှုံဆော်ပေးခဲ့သလဲဆိုတာ သုံးသပ်လို့ မရပါဘူး”

    ပြီးခဲ့တဲ့လတွေအတွင်း ချက်တီဂါမှာဖြစ်ခဲ့တဲ့ ချီတက်ပွဲတွေဟာ ဒီတစ်ခုတည်း မဟုတ်ပါဘူး။

    ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့တွေရဲ့ တိုင်ချက်ဖွင့်မှုကြောင့် စက်တင်ဘာ ၅ ရက်နေ့က ပြည်နယ်မြို့တော် ရိုင်ပူး (Raipur) မှာ ရဲတပ်ဖွဲ့က ခရစ်ယာန်တရားဟောဆရာတစ်ယောက်ကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။ တရားဟောဆရာ ရဲစခန်းကိုရောက်တဲ့အခါ တိုင်ထားတဲ့အဖွဲ့တွေက ကိုယ်ထိလက်ရောက် စော်ကားပါတယ်။

    ဘီလိုင်းခရိုင် (Bhilai)မှာ ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့တစ်ခုကို ဦးစီးနေတဲ့ အမျိုးသမီတစ်ဦးက ခရစ်ယာန်တရားဟောဆရာတစ်ယောက်ကို ရဲတွေအရှေ့မှာ ရိုက်နှက်နေတဲ့ဗီဒီယိုတစ်ခုလည်း စက်တင်ဘာလအတွင်းက ထွက်ပေါ်လာပြီး အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပါတယ်။

    တရားဟောဆရာကို ရိုက်နှက်ခဲ့တဲ့ အမျိုးသမီး ဂျိုတီရှရ်မာ (Jyoti Sharma) က ဒီလိုလုပ်တာ သူမမှားဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အပေါ် တိုင်ချက်ဖွင့်ထားမှုကို လက်ခံပြီး ဒါဟာ ‘ခြိမ်းခြောက်တဲ့လုပ်ရပ်’ တစ်ခုဖြစ်ကာ ‘တိုက်ခိုက်မှုတွေ’ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သူမက ဆိုပါတယ်။

    အခုနှစ်ဇူလိုင်လတုန်းက ချက်တီဂါပြည်နယ် ဆူကမာခရိုင် (Sukma) ရဲမှူးဟာ သူ့လက်အောက်မှာရှိတဲ့ စခန်းတွေကို ညွှန်ကြားချက်တစ်ခု ပေးပို့ခဲ့ပြီး အဲဒီအထဲမှာ ခရစ်ယာန်သာသနာပြုအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်မှု တိုးမြှင့်လုပ်ဆောင်ဖို့ အမိန့်ပေးထားပါတယ်။

    BJP အုပ်စိုးတဲ့ ကာနာတာကာပြည်နယ် (Karnataka) မှာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ မြင့်တက်လာတယ်လို့ ခရစ်ယာန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ United Christian Front ရဲ့ ဥက္ကဌ ဝီလီယံမိုက်ကယ်က ပြောပါတယ်။

    ပြည်နယ်အတွင်းမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်တမ်းကောက်ယူဖို့၊ ‘အဓမ္မ ဘာသာပြောင်းမှု’ ကို စောင့်ကြည့်ဖို့၊ ထောက်လှမ်းရေးတွေချပြီး သတင်းအချက်အလက်တွေ ပိုမိုရယူဖို့ ပြည်နယ်အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

    အောက်တိုဘာလတုန်းက ဟဘ်ဘာလီမြို့ (Hubballi) မှာ ဟိန္ဒူလက်ယာစွန်းရောက်တွေ ကိုယ်ထူကိုယ်ထ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို ဝင်စီးပြီး ဟိန္ဒူဘုရားသီချင်း ‘bhajans’ ကို ရွတ်ဆိုခဲ့ပါတယ်။ ဘာသာကူးပြောင်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီလိုလုပ်ဆောင်တာလို့ ဆိုပါတယ်။

    ဘီလာဂါဗီမြို့ (Belagavi) မှာ ရဲတွေက ဒီဇင်ဘာလအလယ်မှာလုပ်မယ့် ပြည်နယ်လွှတ်တော်အစည်းအဝေး မစမချင်း ဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းတာတွေ မလုပ်ကြဖို့ ‘သတိထားဖို့ပြောတာပါ’ လို့ စကားခံပြီး သတိပေးထားကြောင်း ခရစ်ယာန်တရားဟောဆရာတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေက ပြောပါတယ်။ အဲဒီ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ခရစ်ယာန်ဘာသာကူးပြောင်းမှု တားဆီးရေးဥပဒေကို BJP ပါတီက တင်သွင်းဖို့ ရှိနေပါတယ်။

    မွတ်စလင်တွေအပြီး ခရစ်ယာန်ဖက်လှည့်

    ချက်တီဂါပြည်နယ်လွှတ်တော်က BJP ပါတီကိုယ်စားပြု အမတ်တစ်ဦးဖြစ်ပြီး အတိုက်အခံအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ဒါရာမလာ ကူရှစ် (Dharamlal Kaushik) က သူတို့ပါတီဟာ ‘ဘယ်လူ့အဖွဲ့အစည်းကိုမှ မဆန့်ကျင်ပေမယ့် ကွန်ဂရက်ပါတီအနေနဲ့ မဲအမြတ်ထုတ်တဲ့နိုင်ငံရေးမျိုး လုပ်တာကို ရပ်တန့်ရမယ်’ လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံအတွင်းက လူနည်းစုတွေကို ရွေးကောက်ပွဲ အဆုံးအဖြတ်ပေးမယ့် မဲဆန္ဒရှင်တွေအဖြစ် သတ်မှတ်ထားမှုကို ရည်ညွှန်းပြောကြားခဲ့တာပါ။

    ခရစ်ယာန်တွေအပေါ် အမုန်းစကားပြောဆိုမှု၊ တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အကြောင်း မေးမြန်းရာမှာတော့ ကူရှစ်က ဖြေကြားခဲ့ခြင်းမရှိဘဲ ‘ဘာသာကူးပြောင်းမှုအပေါ် ကွန်ဂရက်ပါတီက ဘာ့ကြောင့် နှုတ်ဆိတ်နေတာလဲ’ လို့ ပြန်မေးခွန်းထုတ်ခဲ့ပြီး ‘ဟိန္ဒူတွေ ခရစ်ယာန်ဘာသာကိုကူးပြောင်းမှု မြင့်တက်လာတာ’ ဟာ ကွန်ဂရက်ပါတီကြောင့်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ (ချက်တီဂါပြည်နယ်ကို ကွန်ဂရက်ပါတီက အုပ်ချုပ်နေတာ ဖြစ်ပါတယ်)

    “သိပ်မကြာခင်ကစလို့ ဟိန္ဒူအမျိုးသားရေးအဖွဲ့တွေဟာ ခရစ်ယာန်တွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတယ်။ ချက်တီဂါမှာ အကြီးအကျယ် လှုပ်ရှားလာတာ၊ ရော်ကီက ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်တာ၊ ဆူကမာမှာ ရဲက ညွှန်ကြားချက်ထုတ်တာ၊ ကာနာတာကာပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်တမ်းကောက်ခိုင်းတာ။ ချီတက်ပွဲတွေမှာ မိုဟန် ဘဂ်ဝပ်က ခရစ်ယာန်သာသနာပြုမှုအကြောင်းတွေပြောတာ – ဒါတွေကို ကျွန်တော်တို့ မျက်ကွယ်ပြုထားလို့ မရပါဘူး။ မွတ်စလင်တွေပြီးတော့ ခရစ်ယာန်တွေဖက် လှည့်လာတယ်ဆိုတာ သိပ်ရှင်းပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ အရင်ကတည်းက ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ လူထူကြားမှာ ပိုပြီး ထင်သာမြင်သာရှိလာအောင် လုပ်ဆောင်လာပုံရပါတယ်” လို့ ခရစ်ယာန်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ခရစ်ယာန်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

    ဒေလီတက္ကသိုလ်မှာ ဟင်ဒီစာပေဘာသာရပ်ကို သင်ကြားပေးနေပြီး နိုင်ငံအတွင်းက ဘာသာရေးအကြမ်းဖက်မှုတွေအကြောင်း ပုံမှန် ဆောင်းပါးရေးလေ့ရှိတဲ့ အပူရ်ဗာနန် (Apoorvanand) က ‘ခရစ်ယာန်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေ ပုံမှန်လိုလို ဖြစ်လာနေတာ အလွန်စိုးရိမ်ဖွယ်ကောင်းတယ်’ လို့ ပြောပါတယ်။

    “သတင်းမထွက်တာတွေလည်း အများကြီး ရှိအုံးမှာပါ။ (မွတ်စလင်တွေအပြီး) ပစ်မှတ်အသစ်ရှာကာ ရာဇဝတ်မှုကျူးလွန်တာကိုကြည့်ရင် အိန္ဒိယက ဟိန္ဒူကြီးစိုးရေးစီမံကိန်း (Hindutva) ရဲ့ လူနည်းစုမုန်းတီးရေး လှုပ်ရှားမှုမှာ ဘာသာစုံလူမျိုးစုံကို ရည်ရွယ်ချက်ရှိရှိ ပေါင်းထည့်လာတာ တွေ့ရပါတယ်။ ဒါဟာ လူနည်းစုကို မုန်းတီးတာတွေ၊ လူအုပ်စုအင်အားနဲ့ ကိုယ်တိုင်တရားစီရင်တာတွေဟာ မှန်တယ်၊ လုပ်ရမယ်လို့ ဟိန္ဒူဘာသာဝင်တွေအကြား ထင်မြင်လာစေပါတယ်”

    Ref: Aljazeera

    (အလ်ဂျာဇီးရားသတင်းဌာနတွင် ဖော်ပြထားသည့် Why India is witnessing spike in attacks on Christians, churches ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • အိန္ဒိယတွင် ဇနီးအား မြွေလွှတ် ပေါက်သတ်ခိုင်းသည့် အမျိုးသား ထောင် နှစ်သက် နှစ်ကျွန်းကျ

    အိန္ဒိယတွင် ဇနီးအား မြွေလွှတ် ပေါက်သတ်ခိုင်းသည့် အမျိုးသား ထောင် နှစ်သက် နှစ်ကျွန်းကျ

    အောက်တိုဘာ ၁၄၊ ၂၀၂၁

    M-Media

    -ဇနီးဖြစ်သူကို မြွေဟောက်၊ မြွေပွေးတွေတွေလွှတ်ပြီး ပေါက်သတ်ခိုင်းတဲ့ အမျိုးသားတစ်ဦးကို အိန္ဒိယ တရားရုံးက ထောင်ဒဏ် နှစ်သက် နှစ်ကျွန်း ချမှတ်လိုက်ပါတယ်။

    အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တာပါ။ ဆူရဂျ် ကူးမားလို့ခေါ်တဲ့ အသက် ၂၈ နှစ်ရွယ် အမျိုးသားဟာ ၂၅ နှစ်အရွယ် ဇနီးဖြစ်သူ အူသရာကို မြွေပွေး၊ မြွေဟောက်တွေနဲ့ နှစ်ကြိမ်တိုင်တိုင် ပေါက်သတ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

    ပထမတစ်ကြိမ် ၂၀၂၀ ခုနှစ်အစောပိုင်းက အဆိပ်အလွန်ပြင်းတဲ့ မြွေပွေး (Russell’s viper) နဲ့ ပေါက်သတ်ခိုင်းရာမှာ အူသရာ နှစ်လနီးပါး ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံက ပြန်ဆင်းပြီးနောက်ပိုင်းမှာလည်း အူသရာအိပ်နေတဲ့အချိန် မြွေဟောက်လွှတ်ပြီး ပေါက်သတ်ခိုင်းတာကြောင့် ၂၀၂၀ ခုနှစ် မေလမှာ အူသရာတစ်ယောက် သေဆုံးသွားခဲ့ပါတယ်။

    အူသရာရဲ့ မိဘတွေက သေဆုံးမှုကို သံသယဖြစ်တဲ့အတွက် ရဲတိုင်ခဲ့ပြီးနောက်မှာ ကူးမားတစ်ယောက် အဖမ်းခံခဲ့ရတာပါ။ တင်တောင်းငွေ ပိုမပေးတဲ့အတွက် ကူးမားမိသားစုရဲ့ စော်ကားမှုကို အူသရာက ခံခဲ့ရပြီး အခုလူသတ်မှုကလည်း သမီးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်တဲ့အတွက် လုပ်ဆောင်တာမျိုးဖြစ်တယ်လို့ အူသရာရဲ့ မိဘတွေက ပြောပါတယ်။

    ကူးမားရဲ့ အိမ်နားမှာ အူသရာရဲ့ လက်ဝတ်လက်စားတွေ မြှုပ်နှံထားတာကို တွေ့ခဲ့ရပြီး ကူးမားရဲ့မိသားစုပါ ဒီလူသတ်မှုကို ပူးပေါင်း ကြံစည်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    ကူးမားက ဒီအမှုကို မကျူးလွန်ကြောင်း ငြင်းဆိုခဲ့ပေမယ့် မြွေအလမ္ပါယ်ဆရာတစ်ဦးဆီက မြွေဟောက်တစ်ကောင် တောင်းယူတဲ့ မှတ်တမ်းတွေ၊ ပြစ်မှူမကျူးလွန်ခင် မြွေနဲ့သက်ဆိုင်တဲ့ ဗီဒီယိုတွေ ကြည့်တာကို ကူးမားရဲ့ဖုန်းထဲမှာ တွေ့ခဲ့ရပါတယ်။

    မနေ့က ရုံးချိန်မှာ တရားသူကြီးက ကူးမားကို ထောင်ဒဏ် နှစ်သက်နှစ်ကျွန်း ချမှတ်ခဲ့ပါတယ်။ တရားလိုရှေ့နေတွေက သေဒဏ်ချမှတ်ဖို့အထိ တောင်းဆိုခဲ့ပေမယ့် တရားသူကြီးက ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးပေးတဲ့အနေနဲ့ ထောင်ဒဏ်သာ ချမှတ်တာလို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ မကျေနပ်တဲ့သူတွေကို မြွေနဲ့ပေါက်သတ်ခိုင်းတဲ့ကိစ္စတွေ အဖြစ်များနေပြီး တရားရုံးချုပ်ကတောင် သတိပေးခဲ့ရပါတယ်။ ဒီလိုအမှုမျိုးမှာ မတော်တဆ မြွေကိုက်ခံရတာလား ဒါမှမဟုတ် လူက တမင်ပေါက်သတ်ခိုင်းလားဆိုတာကို ဆန်းစစ်ရာမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

    တမင်ပေါက်သတ်ခိုင်းတယ်ဆိုတာကို သက်သေမပြနိုင်တဲ့အတွက် ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို တရားသေ လွှတ်ပေးလိုက်ရတာတွေလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယမှာ ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာမတည်​ငြိမ်မှုကြောင့် နယ်စပ်တွင် မူးယစ်မှောင်ခိုမှု မြင့်တက်လာကြောင်း အိန္ဒိယပြော

    မြန်မာမတည်​ငြိမ်မှုကြောင့် နယ်စပ်တွင် မူးယစ်မှောင်ခိုမှု မြင့်တက်လာကြောင်း အိန္ဒိယပြော

    အောက်တိုဘာ ၁၁၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကြောင့် အိန္ဒိယနိုင်ငံထဲကို ဒုက္ခသည်တွေတင်မကဘဲ မူးယစ်ဆေးဝါးတွေပါ မှောင်ခိုဝင်ရောက်မှု မြင့်တက်လာတယ်လို့ အိန္ဒိယ မူးယစ်နှိမ်နှင်းရေးဌာန ရင်းမြစ်တွေကို ကိုးကားပြီး Times of India သတင်းဌာနက ဖော်ပြပါတယ်။

    အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာတို့အကြား နယ်စပ်ဟာ ၄၀၄ ကီလိုမီတာလောက် ရှည်လျားတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကြောင့် ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး မီဇိုရမ်ဖက်ကို ထွက်ပြေးခိုလှုံနေရပါတယ်။

    ဒုက္ခသည်တွေ ဝင်ရောက်မှု မြင့်တက်လာသလို၊ မူးယစ်ဆေးဝါး ကုန်ကူးမှုလည်း မြင့်လာတယ်လို့ အိန္ဒိယ မူးယစ်နှိမ်နှင်းရေးဌာနရဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

    ကိုဗစ်ကြောင့် နယ်စပ်ပိတ်ထားစဉ်က ဘိန်းဖြူ ၁၃ ဂရမ်တစ်ထုတ်ကို ရူပီး ၈ သောင်းလောက် စျေးပေါက်ရာကနေ အခုအချိန်မှာတော့ မြန်မာနိုင်ငံကနေ ၂၅၀၀၀ ခွဲလောက်နဲ့ဝယ်ကာ မီဇိုရမ်မှာ ၃ သောင်း၊ ၃ သောင်းခွဲလောက်နဲ့ ရောင်းနေကြပြီး၊ ဒီလိုရောင်းသူတွေ မြင့်တက်လာတယ်လို့လည်း သူက ဆိုပါတယ်။

    ဘိန်းဖြူတွေကို မြန်မာဘက်ကနေ ကားတွေနဲ့ မီဇိုရမ်ကို သွင်းကြပြီး တစ်ခါတစ်ရံမှာ ကားမောင်းသူမသိအောင် ထည့်ပေးတာမျိုးတွေလည်း ရှိပါတယ်။ အီလက်ထရောနစ် ငွေပေးချေမှုစနစ်တွေနဲ့ ပိုက်ဆံပေးလို့ရတာကလည်း မူးယစ်မှောင်ခိုမှုကို ပိုမိုမြင့်တက်စေပါတယ်။

    အိန္ဒိယ မူးယစ်နှိမ်နှင်းရေး အရာရှိက မီဇိုရမ်ဒေသဟာ မူးယစ်မှောင်ခိုလုပ်ငန်းရဲ့ အဓိကလမ်းကြောင်းတွေထဲက တစ်ခုဖြစ်ပြီး အဲဒီကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ မဏိပူရ၊ အာသံနဲ့ ထရီပူရာတို့ကိုဖြတ်ကာ အနောက်နိုင်ငံတွေကို ထွက်တာလို့ ပြောပါတယ်။ မက်တာဖက်သမင်းလို့ခေါ်တဲ့ စိတ်ကြွဆေးပြားတွေကိုလည်း မီဇိုရမ်ကိုဖြတ်ကာ ဥရောပနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအထိ တင်ပို့ကြပါတယ်။

    Ref: Times of India

  • အကြမ်းဖက်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံဟု အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် စွပ်စွဲပြောဆို

    အကြမ်းဖက်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံဟု အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် စွပ်စွဲပြောဆို

    စက်တင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -တောင်အာရှ ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အပြန်အလှန် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

    သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ နိုင်ငံအတွင်းက မွတ်စလင်တွေကို ‘မျိုးဖြုတ်ဖို့ စီစဉ်နေတယ်’ လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

    ဒါ့အပြင် မိုဒီဦးဆောင်တဲ့ အိန္ဒိယအစိုးရကို ‘ဖက်ဆစ်’ လို့လည်း သမုတ်ခဲ့ပါတယ်။

    “အစ္စလာမ်ကြောက်ရောဂါ ဆိုးဆိုးရွားရွား ဖိစီးနေတဲ့သူက လက်ရှိမှာ အိန္ဒိယကို အုပ်စိုးနေတယ်။ ဖက်ဆစ်အဖွဲ့ RSS-BJP က ဖြန့်ဖြူးပြီး အမုန်းပြည့်နေတဲ့ Hindutva အတွေးအခေါ်ဟာ အိန္ဒိယက သန်းပေါင်း ၂၀၀ သော မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် အကြမ်းဖက်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို မွေးဖွားပေးလိုက်တာပါ ”

    BJP ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီဖြစ်ပြီး၊ RSS ဟာ BJP ရဲ့ အတွေးအခေါ်ပိုင်းကို မွေးဖွားပေးတဲ့ ဟိန္ဒူအစွန်းရောက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

    BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ် ခုနှစ်ကစပြီး အိန္ဒိယမှာ ဟိန္ဒူအစွန်းရောက်တွေ ခေါင်းထောင်ထလာကာ ဒါလစ်ဇာတ်နိမ့်၊ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။

    အိန္ဒိယက တုန့်ပြန်

    စနေနေ့က ကုလအထွေထွေညီလာခံမိန့်ခွန်းမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက အာဖဂန်နစ္စတန်မှာဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအပေါ် ဘယ်နိုင်ငံကမှ အမြတ်ထုတ်လို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်က အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ လူနည်းစုတွေကို ကူညီပေးဖို့ မိုဒီက နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ပြီး၊ တစ်ချို့နိုင်ငံတွေက ကိုယ့်အကျိုးစီးပွားအတွက် အာဖဂန်နစ္စတန်ကို အမြတ်ထုတ်မယ့်အရေး သတိထားဖို့ လိုအပ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ဒါဟာ ပါကစ္စတန်ကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    အိန္ဒိယရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က တာဝန်ရှိသူ စနီဟာ ဒူဘီက အလ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို ခိုလှုံခွင့်ပေးခဲ့တာကို ထောက်ပြခဲ့ပြီး ပါကစ္စတန်ဟာ အကြမ်းဖက်တွေကို မွေးထုတ်ပေးတဲ့နိုင်ငံဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲမှာ ဘင်္ဂါလီတွေကို ဘာသာရေး၊ ယာဉ်ကျေးမှု မျိုးတုန်းအောင် လုပ်ဆောင်ခဲ့ကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera