News @ M-Media

Tag: India

  • အကြမ်းဖက်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံဟု အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် စွပ်စွဲပြောဆို

    အကြမ်းဖက်နိုင်ငံ၊ ဖက်ဆစ်နိုင်ငံဟု အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် စွပ်စွဲပြောဆို

    စက်တင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -တောင်အာရှ ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အပြန်အလှန် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

    သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ နိုင်ငံအတွင်းက မွတ်စလင်တွေကို ‘မျိုးဖြုတ်ဖို့ စီစဉ်နေတယ်’ လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

    ဒါ့အပြင် မိုဒီဦးဆောင်တဲ့ အိန္ဒိယအစိုးရကို ‘ဖက်ဆစ်’ လို့လည်း သမုတ်ခဲ့ပါတယ်။

    “အစ္စလာမ်ကြောက်ရောဂါ ဆိုးဆိုးရွားရွား ဖိစီးနေတဲ့သူက လက်ရှိမှာ အိန္ဒိယကို အုပ်စိုးနေတယ်။ ဖက်ဆစ်အဖွဲ့ RSS-BJP က ဖြန့်ဖြူးပြီး အမုန်းပြည့်နေတဲ့ Hindutva အတွေးအခေါ်ဟာ အိန္ဒိယက သန်းပေါင်း ၂၀၀ သော မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် အကြမ်းဖက်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို မွေးဖွားပေးလိုက်တာပါ ”

    BJP ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီဖြစ်ပြီး၊ RSS ဟာ BJP ရဲ့ အတွေးအခေါ်ပိုင်းကို မွေးဖွားပေးတဲ့ ဟိန္ဒူအစွန်းရောက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

    BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ် ခုနှစ်ကစပြီး အိန္ဒိယမှာ ဟိန္ဒူအစွန်းရောက်တွေ ခေါင်းထောင်ထလာကာ ဒါလစ်ဇာတ်နိမ့်၊ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။

    အိန္ဒိယက တုန့်ပြန်

    စနေနေ့က ကုလအထွေထွေညီလာခံမိန့်ခွန်းမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက အာဖဂန်နစ္စတန်မှာဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအပေါ် ဘယ်နိုင်ငံကမှ အမြတ်ထုတ်လို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်က အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ လူနည်းစုတွေကို ကူညီပေးဖို့ မိုဒီက နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ပြီး၊ တစ်ချို့နိုင်ငံတွေက ကိုယ့်အကျိုးစီးပွားအတွက် အာဖဂန်နစ္စတန်ကို အမြတ်ထုတ်မယ့်အရေး သတိထားဖို့ လိုအပ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    ဒါဟာ ပါကစ္စတန်ကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    အိန္ဒိယရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က တာဝန်ရှိသူ စနီဟာ ဒူဘီက အလ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို ခိုလှုံခွင့်ပေးခဲ့တာကို ထောက်ပြခဲ့ပြီး ပါကစ္စတန်ဟာ အကြမ်းဖက်တွေကို မွေးထုတ်ပေးတဲ့နိုင်ငံဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲမှာ ဘင်္ဂါလီတွေကို ဘာသာရေး၊ ယာဉ်ကျေးမှု မျိုးတုန်းအောင် လုပ်ဆောင်ခဲ့ကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယမှ နာမည်ကြီးလူဆိုးဂိုဏ်းခေါင်းဆောင် တရားခွင်တွင် ပစ်သတ်ခံရ

    အိန္ဒိယမှ နာမည်ကြီးလူဆိုးဂိုဏ်းခေါင်းဆောင် တရားခွင်တွင် ပစ်သတ်ခံရ

    စက်တင်ဘာ ၂၄၊ ၂၀၂၁
    M-Media

    -အိန္ဒိယနိုင်ငံမှာ လူသတ်မှု ပြန်ပေးဆွဲမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ နာမည်ကြီး လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးဟာ ဒီကနေ့ တရားခွင်မှာ လူ ၂ ဦးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံလိုက်ရပါတယ်။

    ဂျီတန်ဒါ မာအန် ဂိုဂီဆိုတဲ့ အဲဒီ လူဆိုးဂိုဏ်းခေါင်းဆောင် ဒေလီမြို့က တရားရုံးတစ်ခုမှာ အမှုရင်ဆိုင်ဖို့ ရှိနေစဥ် ရှေ့နေဝတ်စုံဝတ်ထားပြီး ဝင်လာတဲ့ လူ ၂ ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုကို ပြိုင်ဘက်လူဆိုးဂိုဏ်းက လုပ်ဆောင်တာဖြစ်ပြီး ကျူးလွန်သူတွေကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေလီရဲတပ်ဖွဲ့က ပြောပါတယ်။

    ဂိုဂီဟာ ဒေလီရဲတပ်ဖွဲ့က အလိုအရှိဆုံး လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ လိမ်လည်မှုပေါင်းများစွာ ကျူးလွန်ထားသူပါ။ ပြိုင်ဘက် လူဆိုးဂိုဏ်းတွေကလည်း ဂိုဂီကို ရှင်းလင်းဖို့ အပြိုင်ကြိုးစားနေကြတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် မတ်လမှာ ဂိုဂီကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး တရားစွဲဆိုခဲ့တာပါ။

    ဂိုဂီဟာ ဆယ်ကျော်သက်ဘ၀ကတည်းက ရာဇဝတ်မှုတွေကို ကျူးလွန်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဟာရာနာပြည်နယ်က နာမည်ကြီးအဆိုတော်တစ်ဦးအပါအဝင် နာမည်ကျော် သတ်ဖြတ်မှုတော်တော်များများကို ကျူးလွန်ခဲ့သူဖြစ်ပါတယ်။

    အခုအဖြစ်အပျက်ကြောင့် ဒေလီရဲတပ်ဖွဲ့ရဲ့ တရားခွင်လုံခြုံရေးဆောင်ရွက်မှုအပေါ် ဝေဖန်မှုတွေလည်း ပေါ်ထွက်လာပါတယ်။

    Ref: BBC

  • ၉ နှစ်အရွယ် ဒါလစ်ဇာတ်နိမ့် မိန်းကလေးငယ် အဓမ္မကျင့် သတ်ဖြတ်ခံရမှု အိန္ဒိယတွင် ဖြစ်ပွား

    ၉ နှစ်အရွယ် ဒါလစ်ဇာတ်နိမ့် မိန်းကလေးငယ် အဓမ္မကျင့် သတ်ဖြတ်ခံရမှု အိန္ဒိယတွင် ဖြစ်ပွား

    ဩဂုတ် ၃၁၊ ၂၀၂၁
    M-Media

    -အသက် ၉ နှစ်အရွယ် ဒါလစ်ဇာတ်နိမ့် မိန်းကလေးငယ်တစ်ယောက် အုပ်စုဖွဲ့ အဓမ္မကျင့်သတ်ဖြတ်မှုအတွက် အိန္ဒိယရဲတပ်ဖွဲ့က ဟိန္ဒူဘုန်းကြီတစ်ဦးနဲ့ လူ ၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

    ဒီအဖြစ်အပျက်ဟာ ​မြို့တော်ဒေလီမှာ ဩဂုတ်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ မီးသင်္ဂြိုဟ်စက်ရှိရာ အဆောက်အဦးမှာ မိန်းကလေးငယ်က ရေယူဖို့ သွားစဉ်အတွင်း အသက် ၅၃ နှစ်အရွယ် ဘုန်းကြီးနဲ့ သင်္ဂြိုဟ်စက်အလုပ်သမား ၃ ဦးတို့က အဓမ္မကျင့် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    အဲဒီနောက် မိခင်ဖြစ်သူကိုခေါ်ပြီး မိန်းကလေးငယ်ဟာ ဓာတ်လိုက်သေဆုံးသွားကြောင်း၊ ရဲတပ်ဖွဲ့ကို အကြောင်းကြားရင် အလောင်းခွဲစိပ်စစ်ဆေးမှုမှာ ဆရာဝန်တွေက ကိုယ်တွင်းကလီစာတွေကို ထုတ်ယူရောင်းစားမှာ ဖြစ်တဲ့အတွက် ချက်ခြင်းသ​င်္ဂြိုဟ်ဖို့ ပြောကြားခဲ့ပါတယ်။ အလောင်းကို မီးသင်္ဂြိုဟ်စဉ်အတွင်း ပတ်ဝန်းကျင်က ကြားဝင်တားဆီးတဲ့အတွက် လူသိရှင်ကြား ဖြစ်လာတာပါ။

    ကျူးလွန်သူတွေကို ဩဂုတ်လ အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ မြို့တော် ဒေလီမှာ ဆန္ဒပြတောင်းဆိုမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေဟာ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်တဲ့ စွဲချက်တွေနဲ့ တရားစွဲဆို ခံထားရပါတယ်။

    အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် မလုံခြုံဆုံး တိုင်းပြည်လို့ သတ်မှတ်ခံထားရတာပါ။ အဓမ္မကျင့် သတ်ဖြတ်မှုအတွက် ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ သတ်မှတ်ထားပေမယ့် မြေပြင်မှာ အမျိုးသမီးတွေရဲ့ ဘ၀က တိုးတက်မှု မရှိပါဘူး။

    အိန္ဒိယရာဇဝတ်မှုမှတ်တမ်းဌာန စာရင်းအရ ၂၀၁၉ ခုနှစ်အတွင်း အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ တစ်နေ့ကို ပျမ်းမျှ ၉၀ လောက် အဓမ္မပြုကျင့်မှု ခံရတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ထံ လာမတိုင်တဲ့ အမှုတွေ တော်တော်များများ ရှိနေတာကြောင့် အမှန်ကတယ်ဖြစ်ပွားတဲ့အရေအတွက် ဒီထက်ပိုပြီး များနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    အခုဖြစ်ပွားတဲ့ အဓမ္မကျင့်လူသတ်မှုဟာ နိုင်ငံအတွင်း လူဦးရေ သန်း ၂၀၀ လောက်ရှိနေတဲ့​ ဟိန္ဒူ ဒါလစ်ဇာနိမ့်တွေ ဖိနှိပ်ခံရမှု အဖြစ်အပျက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဇာတ်ခွဲခြားမှုစနစ်အရ အရင်ကတည်းက ခွဲခြားဖိနှိပ်မှု ခံခဲ့ရတဲ့ ဒါလစ်လူ့အဖွဲ့အစည်းဟာ ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ပိုခံလာရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    Ref: AFP

  • ကမ္ဘာ့ပထမဆုံး မျိုးဗီဇအခြေပြု ကို​ဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင် စင်တင်အသုံးပြု

    ကမ္ဘာ့ပထမဆုံး မျိုးဗီဇအခြေပြု ကို​ဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင် စင်တင်အသုံးပြု

    ဩဂုတ် ၂၁၊ ၂၀၂၁
    M-Media

    -ပြည်တွင်းထုတ် မျိုးဗီဇအခြေပြု ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီး ဒါဟာ ကိုဗစ်အတွက် ဒီလိုကာကွယ်ဆေးမျိုးကို ကမ္ဘာပေါ်မှာ ပထမဆုံးအသုံးပြုနိုင်တာ ဖြစ်ပါတယ်။

    မျိုးဗီဇအခြေပြုကာကွယ်ဆေး (DNA vaccine) ဆိုတာ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ထဲက မျိုးဗီဇီအစိတ်အပိုင်းကို ခန္ဓာကိုယ်ထဲ ထိုးသွင်းပြီး ဗိုင်းရပ်စ် မွေးခိုင်းကာ ခန္ဓာကိုယ်ထဲက ကိုယ်ခံစွမ်းအား ထွက်လာအောင် လုပ်ဆောင်တာဖြစ်ပါတယ်။ သာမန်ကာကွယ်ဆေးက ဗိုင်းရပ်စ်ပိုးကို ထိုးသွင်းတာပါ။

    အိန္ဒိယအစိုးရက ခွင့်ပြုတဲ့ မျိုးဗီဇအခြေပြု ကိုဗစ်ကာကွယ်ဆေး ZyCoV-D ကို ပြည်တွင်းကုမ္ပဏီ Cadila Healthcare က ထုတ်လုပ်တာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား ကာကွယ်ဆေးထိုးရမယ့်သူတွေအားလုံး ဒီဇင်ဘာလမှာ အပြီးထိုးပေးဖို့ ရည်ရွယ်ထားတဲ့ အိန္ဒိယရဲ့ ကိုဗစ်ကာကွယ်ဆေး စီမံကိန်းကို ZyCoV-D က အထောက်အကူဖြစ်စေမှာပါ။

    လက်ရှိ ကိုဗစ်ကာကွယ်ဆေးအများစုဟာ ၂ ကြိမ်ထိုးရပြီး ZyCoV-D ကိုတော့ ၃ ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို တစ်နှစ် အလုံးရေ သန်း ၁၀၀ နဲ့ သန်း ၁၂၀ ကြား ထုတ်လုပ်ဖို့ ကုမ္ပဏီက ရည်ရွယ်ထားပြီး လက်ရှိမှာ အမြောက်အများ စတင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ အိန္ဒိဟာ သမရိုးကျ ကိုဗစ်ကာကွယ်ဆေးတစ်ခုဖြစ်တဲ့ Covaxin ကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်ထားနိုင်ပါတယ်။

    အိန္ဒိယမှာ လူဦးရေရဲ့ ၉.၁၈ ရာခိုင်နှုန်းသာ ကိုဗစ်ကာကွယ်ဆေးထိုးထားနိုင်ပြီး၊ အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးအရေအတွက်က ၆ မျိုးရှိပါတယ်။

    ZyCoV-D ကာကွယ်ဆေးကို နိုင်ငံတစ်ဝှမ်းက စေတနာ့ဝန်ထမ်းပေါင်း ၂၈၀၀၀ ကို ထိုးနှံပေးထားရာမှာ ၆၆.၆ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ကုမ္ပဏီဖက်က ပြောထားပြီး၊ လက်ရှိ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ် Delta ကို ကာကွယ်နိုင်တယ်လို့လည်းဆိုပါတယ်။

    Ref: Aljazeera

  • အိန္ဒိယပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော၏ ပထမဆုံး ပင်လယ်ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး

    အိန္ဒိယပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော၏ ပထမဆုံး ပင်လယ်ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး

    ဩဂုတ် ၁၀၊ ၂၀၂၁

    M-Media 

    -အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော Vikrant ရဲ့ ပွဲဦးထွက် ၅ ရက်တာ ပင်လယ်ခရီးစဉ်ဟာ တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပါတယ်။ 

    ဒါဟာ အိန္ဒိယသမုဒ္ဒရာနဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့လွှမ်းမိုးမှုကို ယှဉ်နိုင်ဖို့ အိန္ဒိယရေတပ်ရဲ့ ကြိုးပမ်းမှုမှာ အရေးပါတဲ့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်နိုင်တာလည်း ဖြစ်ပါတယ်။ 

    Vikrant ဟာ တန်ချိန်ပေါင်း ၄ သောင်းရှိပြီး ရူပီး ကုဋေပေါင်း ၂ သောင်း ၃ ထောင် ကုန်ကျခဲ့ကာ လာမယ့်နှစ် ဩဂုတ်လမှာ တပ်တော်ဝင်ဖို့ စီစဉ်ထားပါတယ်။ ကီရာလာပြည်နယ်က သင်္ဘောကျင်းမှာ တည်ဆောက်ထားတဲ့ Vikrant မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့  လေယာဉ်တင်သင်္ဘော Vikramaditya ထက် ပိုပြီး အဆင့်မြင့်တဲ့ ဖွဲ့စည်းပုံတွေ ပါဝင်ပါတယ်။ တည်ဆောက်မှုမှာ အီတလီ သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီ Fincantieri က လိုအပ်တဲ့အကြံဉာဏ်တွေ ပေးခဲ့ပါတယ်။

    ရေတပ်သား ၁၇၀၀ လိုက်ပါမယ့် အဲဒီသင်္ဘောမှာ အမျိုးသမီးတပ်ဖွဲ့ဝင်တွေအတွက် သီးသန့် အဆောင်ထားပေးထားသလို၊ စက်ပိုင်းဆိုင်ရာ၊ ရေကြောင်းပြစနစ်နဲ့ ခံနိုင်ရည်စွမ်းမှာလည်း
    Vikramaditya ထက် ပိုမိုကောင်းမွန်ပါတယ်။ Vikramaditya ဟာ ဆိုဗီယက် Kiev အမျိုးအစား လေယာဉ်တင်သင်္ဘောကို အိန္ဒိယကဝယ်ယူပြီး အဆင့်မြင့်ကာ ၂၀၁၃ ခုနှစ်မှာ တပ်တော်ဝင်ခဲ့တာပါ။

    အိန္ဒိယရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တပ်မှူး Vivek Madhwal က Vikrant ရဲ့ ပထမဆုံး ပင်လယ်ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး သင်္ဘောရဲ့ ကိုယ်ထည်ပိုင်း၊ အင်ဂျင်ပိုင်း၊ စက်ပစ္စည်းပိုင်း၊ လုပ်ဆောင်ချက်ပိုင်းအားလုံးမှာ ကျေနပ်လောက်စရာ ရလဒ်တွေကို ရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ အိန္ဒိယ လွတ်လပ်ရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 

    ရေတပ် ဒုတိယဦးစီးချုပ် AK Chawla က ဒါဟာ တိုင်းပြည်ရဲ့ သမိုင်းဝင်ကာလဖြစ်တယ်လို့ ပြောပါတယ်။

    Vikrant မှာ လောလောဆယ် ရုရှားထုတ် MiG-29K တိုက်လေယာဉ်၊ ကင်းထောက်ရဟတ်ယာဉ် Kamov Ka-31 Helix၊ ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ် Ka-28 Helix၊ ဘက်စုံသုံး ရဟတ်ယာဉ် HAL Chetak တို့ကို ချထားမှာ ဖြစ်ပါတယ်။ အိန္ဒိယဟာ Vikrant မှာ ချထားဖို့အတွက် ဘက်စုံသုံး တိုက်လေယာဉ်သစ်တွေ ရရှိဖို့ ကြိုးပမ်းနေပါတယ်။

    သင်္ဘောရဲ့ ရေဒါပိုင်းနဲ့ လက်နက်ပိုင်းမှာ ရုရှားနဲ့ အစ္စရေးက စနစ်တွေ တပ်ဆင်ထားပြီး၊ မြေပြင်က ဝေဟင်ပစ် Rafael Barak 8 ဒုံးကျည်၊ အနီးပစ် AK-630 Gatling လက်နက်စနစ် တွေလည်း ပါဝင်ပါတယ်။ 

    Vikrant ကို ဒီထက်ပိုစောစော စမ်းသပ်မောင်းနှင်ဖို့ စီစဉ်ထားပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့ရတာပါ။ 

    အိန္ဒိယရေတပ်မှာ လက်ရှိ လေယာဉ်တင်သင်္ဘော ၂ စီး ရှိထားပြီး သူတို့ထက်ပိုကြီးကာ ပိုအဆင့်မြင့်မယ့် ဒုတိယမြောက် ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော INS Vishal ကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ဒီသင်္ဘောအတွက် အိန္ဒိယဟာ အမေရိကန်၊ ယူကေတို့နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီသင်္ဘောသစ်ကို ၂၀၃၀ ပြည့်နှစ်တွေမှာ တပ်တော်ဝင်ဖို့ စီစဉ်ထားပါတယ်။

    Ref: Asia Times