News @ M-Media

Tag: India

  • ကိုဗစ်ကြောင့် အိန္ဒိယတွင် အမှန်တကယ်သေဆုံးသူ ၄ သန်းကျော်နိုင်ဟု ပညာရှင်များ သုံးသပ်

    ကိုဗစ်ကြောင့် အိန္ဒိယတွင် အမှန်တကယ်သေဆုံးသူ ၄ သန်းကျော်နိုင်ဟု ပညာရှင်များ သုံးသပ်

    ဇူလိုင် ၂၁၊ ၂၀၂၁

    M-Media 

    – အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တရားဝင်ထုတ်ပြန်ထားတာထက် ၁၀ ဆလောက် ပိုများနိုင်ပြီး ခေတ်သစ်အိန္ဒိယသမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ရပ်ဆိုးကြီး ဖြစ်ဖွယ်ရှိတယ်လို့ နောက်ဆုံး ထွက်ပေါ်လာတဲ့ သုတေသန စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ 

    ကိုဗစ်ကပ်ရောဂါ စဖြစ်ကတည်းက အခုအချိန်အထိ သေဆုံးမှုအရေအတွက် ၄၁၄၀၀၀ ရှိတယ်လို့ အစိုးရမှတ်တမ်းတွေက ဖော်ပြပါတယ်။

    အိန္ဒိယအစိုးရ စီးပွားရေးအကြီးအကဲဟောင်း အာရ်ဗင် ဆူဘရာမာနီယန်၊ Center for Global Development နဲ့ Harvard တက္ကသိုလ်က သုတေသနပညာရှင် ၂ ဦး စုစုပေါင်း ၃ ဦး မနေ့က ထုတ်ပြန်တဲ့ သုတေသနစာတမ်းမှာ ၂၀၂၀ ဇန်နဝါရီလကနေ ၂၀၂၁ ဇွန်လအထိ အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၃ သန်းကနေ ၄.၇ သန်းလောက်အထိ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    အတိအကျကို တွက်ချက်ရခက်ပေမယ့် အစိုးရထုတ်ပြန်ချက်ထက်တော့ သိသိသာသာများပြားတယ်လို့ ဆိုပါတယ်။ အိန္ဒိယအစိုးရက ဒီစာတမ်းကို ပယ်ချခဲ့ပြီး ချဲ့ကားပြောဆိုမှုသာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    လူနာမနိုင်တော့တဲ့ ဆေးရုံတွေက သေဆုံးမှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီမပေးနိုင်တာကြောင့် သေဆုံးမှုတွေ၊ အထူးသဖြင့် အခုနှစ်အစောပိုင်း ဒုတိယလှိုင်းက သေဆုံးမှုတွေကို ထည့်သွင်းတွက်ချက်ဖို့ ကျန်သွားတာမျိုး ဖြစ်နိုင်တယ်လို့လည်း သုတေသနပညာရှင်တွေက ပြောပါတယ်။ 

    “သေဆုံးမှုဟာ သိန်းချီမဟုတ်ဘဲ သန်းချီရှိနိုင်ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း အိန္ဒိယရဲ့ အဆိုးရွားဆုံး လူသားထုကပ်ဆိုးကြီးလို့တောင် ပြောလို့ရပါတယ်”

    အခုနှစ်အစောပိုင်းကစလို့ အိန္ဒိယဟာ ပုံပြောင်းကိုဗစ်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရပြီး သေဆုံးသူတွေ တောင်လိုပုံတာအထိ ဖြစ်ခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် မိုးကြိုးပစ်မှုကြောင့် လူ ၄၀ နီးပါး သေဆုံး

    အိန္ဒိယတွင် မိုးကြိုးပစ်မှုကြောင့် လူ ၄၀ နီးပါး သေဆုံး

    ဇူလိုင် ၁၄၊ ၂၀၂၁
    M-Media

    -အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေက မိုးကြိုးပစ်မှုကြောင့် နိုင်ငံတစ်ဝှမ်း အနည်းဆုံး ၃၈ ဦး သေဆုံးခဲ့ပါတယ်။

    သေဆုံးမှုအများစုဟာ နိုင်ငံအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စုစုပေါင်း လူ ၂၀ သေဆုံးခဲ့ပါတယ်။

    ​ခရီးသွားတွေ စိတ်ဝင်စားတဲ့ ၂၀ ရာစု ရှေးဟောင်းခံတပ်တစ်ခုက ကင်းမျှော်စင်အနီးမှာ လူ ၁၁ ဦးသေဆုံးခဲ့ပြီး အဲဒီအထဲကတစ်ချို့ဟာ ဆဲလ်ဖီရိုက်နေစဉ် မိုးကြိုးပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ရာဂျက်စသန်ပြည်နယ်က အခြားနေရာတွေမှာလည်း မိုးကြိုးပစ်မှုကြောင့် အနည်းဆုံး နောက်ထပ် လူ ၉ ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ်မှာ မိုးကြိုးကြောင့် ၁၈ ဦးသေဆုံးခဲ့ပြီး အများစုဟာ ကွင်းပြင်းတွေမှာ အလုပ်လုပ်နေကြတဲ့ လယ်သမားတွေဖြစ်ပါတယ်။

    ကျန်ရစ်သူမိသားစုနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့ကြေးတွေ ပေးထားတယ်လို့ ပြည်နယ်အစိုးရတွေက ထုတ်ပြန်ပါတယ်။ အိန္ဒိယ မိုးလေဝသဌာနက နောက်ထပ် ၂ ရက်အတွင်း နိုင်ငံတစ်ဝှမ်း မိုးကြိုးပစ်မှုတွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အိန္ဒိယမှာ မိုးတွင်းရောက်ရင် မိုးကြိုးပစ်မှုကြောင့် လူအမြောက်အများသေဆုံးမှု ဖြစ်ပွားတတ်ပြီး ၂၀၁၉ ခုနှစ်မှာ နိုင်ငံတစ်ဝှမ်း မိုးကြိုးကြောင့် လူ ၂၉၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် အကြမ်းဖက်ခေါင်းစဉ်တပ်၍ ဖမ်းဆီးခံရသည့် ခရစ်ယာန်ဘုန်းကြီး ကွယ်လွန်

    အိန္ဒိယတွင် အကြမ်းဖက်ခေါင်းစဉ်တပ်၍ ဖမ်းဆီးခံရသည့် ခရစ်ယာန်ဘုန်းကြီး ကွယ်လွန်

    ဇူလိုင် ၆၊ ၂၀၂၁
    M-Media

    -အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရတဲ့ အိန္ဒိယက ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာ စတန် ဆွာမိဟာ မနေ့က ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

    နိုင်ငံအတွင်း ခွဲခြားဖိနှိပ်ခံနေရတဲ့ မျိုးနွယ်စုတွေ တန်းတူအခွင့်အရေးရရေး လှုပ်ရှားခဲ့တဲ့ ဖာသာ ဆွာမိကို အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP အစိုးရက ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်က လှုပ်ရှားမှုတစ်ခုအတွင်း ဖာသာ ဆွာမိဟာ မျိုးနွယ်ဇာတ်တွေအကြား အကြမ်းဖက်မှုဖြစ်အောင် လှုံဆော်တယ်လို့ အစိုးရက စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

    သက်တော် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဖာသာ ဆွာမိဟာ ပါကင်ဆန်နဲ့ အခြားရောဂါတွေကို ခံစားခဲ့ရပြီး မေလက ကိုဗစ်ကူးစက်ခံခဲ့ရကာ ပြီးခဲ့တဲ့တစ်ပတ်မှာလည်း နှလုံးဖောက်ခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးက သူ့ကို အာမခံ မပေးခဲ့ပါဘူး။

    အကြမ်းဖက်တိုက်ဖျက်ရေးဥပ​ဒေကို အသုံးပြုပြီး တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ၊ ကျောင်းသားတွေနဲ့ အတိုက်ခံတွေကို အိန္ဒိယအစိုးရက နှိပ်ကွပ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

    ကျန်းမာရေးအခြေအနေ ဆိုးရွားတဲ့ ဖာသာ ဆွာမိဟာ ဖန်ခွက်ကိုင်ပြီး ရေမသောက်နိုင်တဲ့အတွက် ပိုက်နဲ့ ရေသောက်ခွင့်ရရေး ရှေ့နေတွေက တရားရုံးမှာ အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။

    လူ့အခွင့်အရေး ကာကွယ်သူများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မေရီလော်လာက အကြမ်းဖက်ဝါဒနဲ့ မတရား တရားစွဲဆိုခံရပြီး ၉ လကြာ ချုပ်နှောင်ခံခဲ့ရတဲ့ ဖာသာဆွာမိသေဆုံးမှုအတွက် ၀မ်းနည်းရပြီး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို အခုလိုထောင်ချမှုကို ဘာဆင်ခြေမှ ပေးလို့မရဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: AFP

  • အိန္ဒိယတွင် ကိုဗစ်ဗားရှင်းအသစ်တစ်ခု ထပ်ပေါ်လာ

    အိန္ဒိယတွင် ကိုဗစ်ဗားရှင်းအသစ်တစ်ခု ထပ်ပေါ်လာ

    ဇွန် ၂၃၊ ၂၀၂၁
    M-Media

    -ပြည်နယ် ၃ ခုမှာ တွေ့လာရတဲ့ ပုံပြောင်း ကိုဗစ်ဗိုင်းရပ်စ်အသစ် Delta plus ဟာ စိုးရိမ်စရာဖြစ်ပြီး သတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ အိန္ဒိယနိုင်ငံက ထုတ်ပြန်ပါတယ်။

    အိန္ဒိယမှာ လက်ရှိ ဒီပုံပြောင်းကိုဗစ် ကူးစက်ထားသူ အနည်းဆုံး ၂ ဒါဇင်လောက် ရှိနေတာ ဖြစ်ပါတယ်။​

    ပြည်ထောင်စုအစိုးရ ကျန်းမာရေးဝန်ကြီး ရာဂျစ် ဘူရှန်က Delta plus ဟာ ကူးစက်မှုနှုန်း ပိုမြင့်ပြီး စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ပြည်နယ်တွေကို အကြံပြုခဲ့ပါတယ်။

    ပုံပြောင်းကိုဗစ်ကြောင့် အိန္ဒိယဟာ ဧပြီလနဲ့ မေလမှာ ဒုတိယလှိုင်းကို အကြီးအကျယ်ခံစားခဲ့ရပြီး လူ သိန်းချီသေဆုံးကာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်လည်း ပြိုလဲလုနီးနီး ဖြစ်ခဲ့ပါတယ်။

    လက်ရှိမှာ နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးထိုးမှု အရှိန်မြှင့်ဆောင်ရွက်နေပြီး တနင်္လာနေ့က တစ်ရက်အတွင်း စုစုပေါင်း လူ ဦးရေ ၈.၆ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်။

    အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၃၀.၀၃ သန်းရှိပြီး သေဆုံးသူကတော့ ၄ သိန်းနီးပါး ရှိလာပြီဖြစ်ပါတယ်။

    Ref: Reuters

  • အိန္ဒိယတွင် မိန်းမ ၃၈ ယောက်ယူထားသည့် အဖိုးအို ကွယ်လွန်

    အိန္ဒိယတွင် မိန်းမ ၃၈ ယောက်ယူထားသည့် အဖိုးအို ကွယ်လွန်

    ဇွန် ၁၅၊ ၂၀၂၁
    M-Media

    -မိန်းမ ၃၈ ယောက်ယူကာ ကလေး ၈၉ ယောက်မွေထားတဲ့ အိန္ဒိယက ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ဇီယိုနာ ချာနာဟာ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့ပါတယ်။

    မီဇိုရမ်ပြည်နယ်က အသက် ၇၆ နှစ်အရွယ်ရှိတဲ့ ချာနာဟာ Chana Pawl ဆိုတဲ့ ခရစ်ယာန်ဘာသာရေးဂိုဏ်းတစ်ခုကို ဦးဆောင်သူပါ။ မိန်းမအများအပြားယူတာကို အားပေးတဲ့ ဒီဂိုဏ်းကို ချာနာရဲ့ဖခင်က ၁၉၄၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

    မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါက ကမ္ဘာ့အကြီးဆုံး မိသားစုကို ဦးဆောင်တဲ့ ချာနာ သေဆုံးမှုအတွက် ၀မ်းနည်းရတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ချာနာရဲ့မိသားစုကြောင့် မီဇိုရမ်က ဘက်တာ၀မ်ရွာဟာ ခရီးသွားလုပ်ငန်းရဲ့ အချက်အခြာနေရာ ဖြစ်လာတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ချာနာမှာ မြေး ၃၃ ယောက်ရှိပါတယ်။ ဆီးချို၊ သွေတိုးရောဂါတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး၊ ကွန်ဂရက်ပါတီက ထင်ရှားတဲ့ နိုင်ငံရေးသမားလည်းဖြစ်တဲ့ လာလ် သန်ဟော်လာက ချာနာကွယ်လွန်မှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ချာနဟာ ၁၉၅၉ ခုနှစ် အသက် ၁၇ နှစ်အရွယ်မှာ ပထမဆုံး အိမ်ထောင်ပြုခဲ့ပြီး၊တစ်နှစ်အတွင်း မိန်းမ ၁၀ ယောက်အထိ ယူတာမျိုး ရှိခဲ့ပါတယ်။ ချာနာရဲ့ နောက်ဆုံး လက်ထပ်မှုဟာ ၂၀၀၄ ခု နှစ်ကဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို ယူခဲ့တာပါ။

    အိန္ဒိယ ဥပဒေအရ မယားပြိုင်ထားတာကို ခွင့်မပြုပေမယ့် နိုင်ငံအရှေ့မြောက်ပိုင်းက လူမျိုးစုတစ်ချို့ရဲ့ ထုံးတမ်းဥပဒေမှာတော့ မယားပြိုင်ထားမှုကို တရား၀င်တယ်လို့ သတ်မှတ်ထားပါတယ်။

    Ref: Reuters