News @ M-Media

Tag: India

  • အိန္ဒိယတောင်ပိုင်းတွင် မည်မသိရောဂါကြောင့် လူ ၃၀၀ ကျော် ဆေးရုံတက်ရ

    အိန္ဒိယတောင်ပိုင်းတွင် မည်မသိရောဂါကြောင့် လူ ၃၀၀ ကျော် ဆေးရုံတက်ရ

    ဒီဇင်ဘာ ၈၊ ၂၀၂၀
    M-Media

    District govt hospital , Elooru, Andhra, Sunday, Dec.6

    -အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ အမျိုးအမည်မသိတဲ့ ရောဂါတစ်ခု ဖြစ်ပွားတာကြောင့် အနည်းဆုံး လူ ၃၀၀ ကျော်လောက် ဆေးရုံတင်ခဲ့ရပြီး အနည်းဆုံး ၁ ဦး သေဆုံးခဲ့ပါတယ်။

    အန်ဒရာ ပရာဒက်ရှ်က အီလူရူဆိုတဲ့မြို့မှာ လူတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မူးမေ့လဲကျတာ၊ အော့အန်တာတွေ ဖြစ်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာပါ။

    အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှု ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်ပြီး လူ ၈ သိန်းကျော် ကူးစက်ခံထားရပါတယ်။ ဒါပေမယ့် အီလူရူက အခုအဖြစ်အပျက်ဟာ ကိုဗစ်ကြောင့်မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

    ဆေးရုံတင်လိုက်ရတဲ့ ၃၀၀ ကျော်မှာ ၁၈၀ လောက်က အခြေအနေကောင်းတာကြောင့် ဆေးရုံက ဆင်းသွားပြိလို့ ဆိုပါတယ်။ သေဆုံးသွားသူဟာ အခြားလူတွေလို မူးမေ့အော့အန်တာတွေ ဖြစ်ခဲ့ပေမယ့် နှလုံးရောဂါကြောင့် သေဆုံးခဲ့တာပါ။

    အန်ဒါပရာဒက်ရှ် ကျန်းမာရေးဌာနက လူနာတွေကို သွေးစစ်ကြည့်ရာမှာ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးလို ကူးစက်ရောဂါမျိုး မဟုတ်ဘူးဆိုတာ တွေ့ရကြောင်း ထုတ်ပြန်ပါတယ်။

    ဝေဒနာခံစားရသူ အားလုံးဟာ ရေအရင်းမြစ်တစ်ခုတည်းကို မျှဝေသုံးစွဲနေကြတဲ့အတွက် အဲဒီရေကို ဓာတ်ခွဲခန်းပို့ စစ်ဆေးထားတယ်လို့ ဆိုပါတယ်။

    Ref: CNN

  • မြန်မာနယ်စပ်ရှိ အိန္ဒိယသူပုန်များကို တရုတ်က ထောက်ပံ့ပေးနေသည်ဟု အိန္ဒိယစွပ်စွဲ

    မြန်မာနယ်စပ်ရှိ အိန္ဒိယသူပုန်များကို တရုတ်က ထောက်ပံ့ပေးနေသည်ဟု အိန္ဒိယစွပ်စွဲ

    ဒီဇင်ဘာ ၇၊ ၂၀၂၀
    M-Media

    -မြန်မာနိုင်ငံနယ်စပ်မှာ အခြေစိုက်ပြီး မိမိတို့ကို တိုက်ခိုက်နေတဲ့ ခွဲထွက်ရေးသူပုန်တွေကို တရုတ်က ကူညီပံ့ပိုးပေးနေတယ်လို့ အိန္ဒိယအစိုးရက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး Bloomberg သတင်းဌာနက ဒီကနေ့မှာ ဖော်ပြပါတယ်။

    တရုတ်ဟာ ၀,လက်နက်ကိုင်တပ်ဖွဲ့ (UWSA)၊ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့လို မြန်မာနိုင်ငံက သူ့ဩဇာခံ အဖွဲ့တွေကနေတစ်ဆင့်အိန္ဒိယ အရှေ့မြောက်ပိုင်းက သူပုန်တွေကို လက်နက်ထောက်ပံ့တာ၊ ပုန်းခိုစရာပေး​တာလို့ ဆိုပါတယ်။

    အိန္ဒိယအစိုးရက အလိုအရှိဆုံး သူပုန်ခေါင်းဆောင် အနည်းဆုံး ၄ ဦးကို တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းမြို့မှာ နေထိုင်ခွင့်ပေးထားပြီး အောက်တိုဘာလအတွင်းမှာပဲ လက်နက်ထောက်ပံ့တာ၊ လေ့ကျင့်သင်ကြားပေးတာတွေ ရှိခဲ့တယ်လို့ လုံခြုံရေးအဖွဲ့တွေက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီကို မကြာခင်က သတိပေးခဲ့ပါတယ်။

    ခွဲထွက်ကာ သီးခြားနိုင်ငံထူထောင်လိုတဲ့ နာဂအဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေ ပါဝင်တဲ့ ဒီအဖွဲ့ကို တရုတ်စစ်တပ်က လက်ရှိအရာရှိတွေ၊ အရာရှိဟောင်းတွေ၊ ကြားပွဲစားတွေက တွေ့ဆုံဆွေးနွေးတာတွေ ရှိတယ်လို့လည်း အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက Bloomberg ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မြန်မာ-အိန္ဒိယ နယ်စပ်မှာ ခိုအောင်းနေတဲ့ အိန္ဒိယသူပုန်တွေဟာ အိန္ဒိယအစိုးရတပ်ဖွဲ့တွေကို မကြာခဏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်လေ့ရှိပြီး အောက်တိုဘာ ၂၁ ရက်နေ့ စစ်သားတစ်ယောက်သေဆုံးခဲ့တဲ့ ခြုံခိုတိုက်ခိုက်မှုအပြီးမှာတော့ အိန္ဒိယအစိုးရဟာ စစ်သားတစ်ထောင်လောက်ကို မြန်မာနယ်စပ်ဆီ ရွေ့ပြောင်းခဲ့ပါတယ်။

    သက်ဆိုင်သူတွေ ငြင်းဆို

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယရဲ့ ဒီပြောကြားမှုကို ငြင်းဆိုခဲ့ပြီး တစ်ခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေးမူကို ထိန်းသိမ်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အချုပ်အခြာပိုင် နိုင်ငံတွေနဲ့ပဲ ကျွန်တော်တို့ စစ်ဖက်ကုန်သွယ်မှု လုပ်ပါတယ်။ အစိုးရမဟုတ်တဲ့ အခြားအဖွဲ့တွေကို လက်နက်မရောင်းပါဘူး”

    မြန်မာနိုင်ငံရဲ့ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ၀,တပ်ဖွဲ့ (UWSA) ကလည်း တရုတ်ကိုယ်စား အိန္ဒိယသူပုန်တွေကို ကူညီပေးနေမှု မရှိဘူးလို့ ပြောကြားခဲ့ပြီး၊ သူတို့ဌာနချုပ်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်တို့ မိုင်ပေါင်း ၅၀၀ လောက်ဝေးတာကို ထောက်ပြပါတယ်။

    “အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ ကျွန်တော်တို့ ဘာမှ မပတ်သက်ပါဘူး။ အိန္ဒိယကိုလည်း ထိခိုက်အောင် ကျွန်တော်တို့ မလုပ်ဘူး။ ဒီလိုစွပ်စွဲချက်တွေအတွက် ဖြေရှင်းချက်ပေးစရာ မလိုဘူးလို့ ကျွန်တော်တို့ ထင်ပါတယ်” လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ​ေ ပြောကြားခဲ့ပြီး တရုတ်ဩဇာခံအဖြစ် ဆောင်ရွက်နေတယ်ဆိုတဲ့ ပြောကြားချက်တွေကလည်း ‘အခြေအမြစ်မရှိဘူး’ လို့ ဆိုပါတယ်။

    စက်တင်ဘာ ၂၈ ရက်နေ့မှာ အိန္ဒိယ နယ်ခြားစောင့်တပ်ဟာ အိန္ဒိယသူပုန်တွေဆီ ပေးပို့မယ့် လက်နက်အမြောက်အများနဲ့ သံသယရှိသူ ၃ ဦးကို အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖမ်းမိခဲ့ပါတယ်။

    ဒီလက်နက်တွေကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ပေးပို့တာဖြစ်ပြီး၊ စစ်တွေဆိပ်ကမ်းကနေ ကူမင်းမြို့အထိ ရှည်လျားရဲ့ စီးပွားရေးစင်္ကြန်တစ်လျှောက်က ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ လမ်းတွေလို တရုတ်အကျိုးစီးပွားကို ကာကွယ်ပေးတဲ့အတွက်AA က တရုတ်ထံကနေ လက်နက်တွေ ရရှိတာလို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်က အိန္ဒိယသူပုန်တွေကို လက်နက်ထောက်ပံ့တာ၊ နေစရာပေးတာတွေ ရှိတယ်လို့လည်း အဲဒီတုန်းက ထည့်သွင်းပြောကြားဖူးပါတယ်။

    အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၊ ခေါင်းဆောင်တွေ ကူမင်းမှာ ရှိနေတယ်လို့ ယူဆရတဲ့ နာဂပြည်အမျိုးသားဆိုရှယ်လစ်ကောင်စီရဲ့ အကြီးတန်းတာဝန်ရှိသူတွေ၊ မြန်မာစစ်တပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဒီကိစ္စအတွက် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်မဖြေဘူးလို့ Bloomberg က ဖော်ပြပါတယ်။

    အိန္ဒိယသူပုန်များ

    အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ ခွဲထွက်ရေးလိုလားတဲ့ လူမျိုးစုလက်နက်ကိုင် အများအပြား ရှိနေပြီး တစ်ချို့တွေဟာ မြန်မာနိုင်ငံဖက်မှာ အခြေစိုက်ကာ အိန္ဒိယအစိုးရကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    ၁၉၅၀ ကျော်လောက်ကတည်းက အိန္ဒိယသူပုန်တွေ ပေါ်ပေါက်လာတာဖြစ်ပြီး ပထမပိုင်းမှာ အိန္ဒိယရဲ့ရန်ဖက် ပါကစ္စတန်က ဒီသူပုန်တွေကို ထောက်ပံ့ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တရုတ်က ဒိုင်ခံထောက်ပံ့တာ၊ လေ့ကျင့်သင်ကြားပေးတာတွေ လုပ်လာတယ်လို့ အာရှဒေသအရေး ကျွမ်းကျင်သူ ဆွီဒင်ဂျာနယ်လစ် ဘာတေး လစ်တနာက ၂၀၁၂ ခုနှစ်က ထုတ်ဝေတဲ့ စာအုပ်တစ်အုပ်မှာ ရေးသားခဲ့ဖူးပါတယ်။ တရုတ်အစိုးရဟာ လူသိရှင်ကြား ထောက်ပံ့တာမျိုး မဟုတ်ဘဲ လက်နက်မှောင်ခိုစျေးကွက်ကနေတစ်ဆင့် ထောက်ပံ့တာလို့ ဘာတေးလစ်တနာက ဆိုပါတယ်။

    တရုတ်နဲ့ ​အိန္ဒိယ နှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံမှာ မဟာဗျူဟာမြောက် အကျိုးစီးပွားကိုယ်စီ ရှိနေတာ ဖြစ်ပါတယ်။

    Ref: Bloomberg

  • အိန္ဒိစစ်တပ်အကြီးအကဲ ဆော်ဒီအာရေဗျသို့ သမိုင်းဝင်ခရီး သွားမည်

    အိန္ဒိစစ်တပ်အကြီးအကဲ ဆော်ဒီအာရေဗျသို့ သမိုင်းဝင်ခရီး သွားမည်

    ဒီဇင်ဘာ ၆၊ ၂၀၂၀
    M-Media

    အိန္ဒိယစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် မာနွဂျ် မူကွန်ဒ် နာရာဗာနီ

    -အိန္ဒိယစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် မာနွဂျ် မူကွန်ဒ် နာရာဗာနီဟာ ဒီကနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်သွားရှိနေပြီး ဒါဟာ အိန္ဒိယ စစ်တပ်အကြီးအကဲတစ်ဦးရဲ့ ပထမဆုံး သမိုင်းဝင် ခရီးစဉ် ဖြစ်ပါတယ်။

    ရန်ဘက် ပါကစ္စတန်နိုင်ငံနဲ့ ဆော်ဒီအာရေဗျတို့အကြား ဆက်ဆံရေး အနိမ့်ဆုံးအဆင့် ရောက်နေတဲ့အချိန်မှာ ဒီခရီးစဉ် ပေါ်ပေါက်လာတာပါ။

    ၄ ရက်တာကြာမြင့်မယ့် ဗိုလ်ချုပ် နာရာဗာနီရဲ့ ခရီးစဉ်မှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

    ဆော်ဒီခရီးစဉ်အတွင်း ဆော်ဒီစစ်တပ်အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ရှိသလို၊ ဆော်ဒီအမျိုးသား ကာကွယ်ရေးကောလိပ်မှာ မိန့်ခွန်းပြောကြားမှာပါ။

    အိန္ဒိယဟာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ ဆော်ဒီကို ဝေဖန်ခဲ့ပါတယ်။ ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းခဲ့မှုကို ပယ်ဖျက်ရေး တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဆော်ဒီဦးဆောင်တဲ့ OIC အဖွဲ့က ထုတ်ပြန်ခဲ့လို့ ဖြစ်ပါတယ်။

    G20 အဖွဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခြင်းအထိမ်းအမှတ်အနေနဲ့ ထုတ်တဲ့ ငွေစက္ကူမှာ ကက်ရှ်မီးယားကို လွတ်လပ်တဲ့ ဒေသတစ်ခုအဖြစ် ဆော်ဒီက ဖော်ပြထားမှုအတွက်လည်း အိန္ဒိယက ပြီးခဲ့တဲ့လမှာ ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။

    ဆော်ဒီ၊ ယူအေအီးနဲ့ အိန္ဒိယတို့ရဲ့ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ တိုးတက်လာခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် အောက်တိုဘာလက ဝန်ကြီးချုပ် နရန်ဒရာမိုဒီရဲ့ ဆော်ဒီခရီးစဉ်အတွင်း ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သလို၊ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။

    Ref: The Hindu, Middel East Eye

  • အသံထက် ၂.၈ ဆမြန်သည့် BrahMos ဒုံးကျည်ကို အိန္ဒိယက စမ်းသပ်အောင်မြင်

    အသံထက် ၂.၈ ဆမြန်သည့် BrahMos ဒုံးကျည်ကို အိန္ဒိယက စမ်းသပ်အောင်မြင်

    နိုဝင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    -အသံထက်မြန်တဲ့ BrahMos ဒုံးကျည်ကို အိန္ဒိယက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းအားကို နောက်ထပ်တစ်ဆင့်​ မြှင့်တင်လိုက်တာလည်း ဖြစ်ပါတယ်။

    မြေပြင်က မြေပြင်​ပစ် အဲဒီဒုံးကျည်ကို နိုဝင်ဘာ ၂၄ ရက်နေ့က နိုင်ငံအရှေ့ပိုင်း အိန္ဒိယသမုဒ္ဒရာမှာရှိတဲ့ ကျွန်းမှာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့တယ်လို့ ကာကွယ်ရေးသတင်းဝက်ဆိုက် DefPost က ဖော်ပြပါတယ်။

    BrahMos ဟာ ဝေဟင်အမြင့်ဆုံးကိုတက်ပြီး ပစ်မှတ်ထိပ်ကို ထိုးဆင်းပစ်ခတ်မှု (top-attack) နဲ့ ဝေဟင်အနိမ့်ပိုင်းကသွားကာ ပစ်မှတ်ကို တိုက်ရိုက်ပစ်ခတ်မှု ( direct attack) ပုံစံနှစ်ခုစလုံး အသုံးပြုလို့ရတယ်လို့ Indian Express က ဆိုပါတယ်။

    ပြည်တွင်းဖြစ် တိုက်သင်္ဘောကနေ ပစ်နိုင်တဲ့ ရေတပ်သုံး BrahMos ဒုံးကျည်ကိုလည်း အိန္ဒိယက ပြီးခဲ့တဲ့လမှာ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာ အိန္ဒိယဟာ မဟာဗျူဟာကျတဲ့ နောက်ထပ် ခရုဇ်ဒုံးကျည် ၃ မျိုးကို ထုတ်ပြဖို့ ရှိနေပါတယ်။

    အသံထက်မြန်တဲ့ BrahMos ဒုံးကျည်ဟာ အိန္ဒိယ-ရုရှား ပူးပေါင်းထုတ်လုပ်တဲ့ Ramjet ပါဝါတပ် ဒုံးကျည်ဖြစ်ပြီး ရုရှားရဲ့ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးကျည် P-800 Oniks ကို ပုံစံယူတည်ဆောက်ထားတာ ဖြစ်ပါတယ်။

    အသံထက် ၂.၈ ဆ မြန်မြန်သွားနိုင်ပြီး ရေငုပ်သင်္ဘော၊ တိုက်​ရေယာဉ်၊ လေယာဉ်နဲ့ မြေပြင်ပစ်ဆိုပြီး အမျိုးအစားတွေ ခွဲထားပါတယ်။ ​လက်ရှိမှာ အသံထက် ၅ ဆမြန်တဲ့ BrahMos ဒုံးကျည်ကိုလည်း အိန္ဒိယက ထုတ်လုပ်နေပါတယ်။

    Ref: Asia Times

  • အိန္ဒိယတွင် မွတ်စလင်အမျိုးသမီးတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

    အိန္ဒိယတွင် မွတ်စလင်အမျိုးသမီးတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

    နိုဝင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီရ်ဟာရ်ပြည်နယ်မှာ မွတ်စလင်အမျိုးသမီးငယ်ကို ဟိန္ဒူအမျိုးသားတစ်ဦးက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး ဒီကိစ္စမှာ တရားမျှတမှု ဆောင်ကျဉ်းပေးရေးအတွက် အိန္ဒိယပြည်သူတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးသမားတွေက တောင်းဆိုနေကြပါတယ်။

    အသက် ၂၀ အရွယ် ဂူလ်နက်ဇ်ခါတွန်ဆိုတဲ့ အမျိုးသမီးဟာ အောက်တိုဘာ ၃၀ ရက်နေ့က ရေနံဆီလောင်း မီးရှိုးခံခဲ့ရတာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ၇၅ ရာခိုင်နှုန်း မီးလောင်ခဲ့တဲ့သူမဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ရရှိတဲ့ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

    ဟိန္ဒူအမျိုးသား ဆာတစ်ရှ် ကူးမားရ် ရိုင်နဲ့ သူငယ်ချင်း ၂ ယောက်ဟာ မိမိကို လမ်းမှာ တားဆီးဟာ လိင်ပိုင်းဆိုင်ရာ အရှက်ရအောင်လုပ်ခဲ့ကြောင်း၊ အခြားအမျိုးသားတစ်ဦးနဲ့ လက်ထပ်ဖို့ စီစဉ်ထားတာကို ဖျက်သိမ်းပြီး မိမိနဲ့လက်ထပ်ဖို့ ကူးမားရ်က တောင်းဆိုခဲ့သလို သူမဖက်က ငြင်းဆိုခဲ့အခါမှာတော့ ရေနံဆီလောင်းပြီး မီးရှို့ခဲ့ကြောင်း ဂူလ်နက်ဇ်ခါတွန်က မကွယ်လွန်ခင်ပြုလုပ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းမှာ ပြောကြားခဲ့ပါတယ်။

    ဂူလ်နက်ဇ်ခါတွန်ရဲ့ မိဘတေတွက ကူးမားရ်ဟာ လွန်ခဲ့တဲ့ ၃၊ ၄ လလောက်ကတည်းက သမီးဖြစ်သူကို လိုက်လံနှောက်ယှက်ခဲ့ပြီး မိဘတွေကိုသွားပြောပေမယ့် ​ဘာမှလုပ်ဆောင်ပေးတာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ကျူးလွန်သူတွေဟာ လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးဖို့အတွက် အဖွဲ့ ၃ ခု ဖွဲ့စည်းထားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ကျူးလွန်သူကို ဖမ်းဆီးဖို့ အားထုတ်လုပ်ဆောင်တာမရှိဘူးလို့ သေဆုံးသူရဲ့ မိဘတွေက စွပ်စွဲထားပါတယ်။ အခင်းဖြစ်ပွားရာဒေသရဲ့ ရဲတပ်ဖွဲ့အကြီးအကဲဟာ ဒီကိစ္စကို လစ်လျူရှုမှုအတွက် ရာထူးကနေ ရပ်စဲခံထားရပါတယ်။

    ဂူလ်နက်ဇ်ခါတွန် ကွယ်လွန်သွားပြီးတဲ့နောက် မိသားစုဟာ အစိုးရရုံးရှေ့မှာ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အခင်းဖြစ်ပွားမှုကို အသေးစိတ်ပြောပြထားတဲ့ ဂူလ်နက်ခါတွန်ရဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံသွားပြီးတဲ့နောက် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေက ဒီကိစ္စ အဖြစ်မှန်ပေါ်လာအောင် ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera