News @ M-Media

Tag: India

  • ကက်ရှ်မီးယားတွင် အပစ်ရပ်ရန် အိန္ဒိယနှင့် ပါကစ္စတန်တို့ သဘောတူ

    ကက်ရှ်မီးယားတွင် အပစ်ရပ်ရန် အိန္ဒိယနှင့် ပါကစ္စတန်တို့ သဘောတူ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁
    M-Media

    -ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ မလုပ်ဖို့အတွက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ ဒီကနေ့မှာ သဘောတူခဲ့ကြပါတယ်။

    ကက်ရှ်မီးယားပိုင်ဆိုင်မှုအတွက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ နှစ်ကြိမ်တိုင်တိုင် စစ်ဖြစ်ဖူးပြီး ဒီဒေသကို နှစ်နိုင်ငံစလုံးက တစ်ခြမ်းစီ ထိန်းချုပ်ထားပါတယ်။

    နယ်ခြားမှာ Line of Control (LOC) သတ်မှတ်ထားကာ ၂၀၀၃ ခုနှစ်ကတည်းက အပစ်ရပ်ရေး လက်မှတ်ထိုးထားပေမယ့် LOC ကျော်ပြီး ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး နှစ်ဖက် စစ်သားတွေ၊ အရပ်သားတွေ သေဆုံးမှုလည်း ရှိခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်​စစ်တပ်က စစ်ဆင်ရေးဆိုင်ရာ အကြီးအကဲတွေရဲ့ ဒီနေ့မနက် ဖုန်းနဲ့ဆွေးနွေးမှုမှာ အပစ်ရပ်ရေးနဲ့ အခြားသဘောတူညီချက်တွေ အားလုံးကို တိတိကျကျ လိုက်နာဖို့အတွက် ထပ်မံသဘောတူညီခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာ ကြာသာပတေးနေ့ည သန်းခေါင်ယံအချိန်မှာ စတင်သက်ရောက်မှာပါ။

    ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ နှစ်ဖက်စစ်တပ်ဟာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး နောက်တစ်ဆင့် ထပ်တက်မည်

    အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး နောက်တစ်ဆင့် ထပ်တက်မည်

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    -နှစ် ၅၀ ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်သုံးသပ်ရေးနဲ့ ဝန်ကြီးချုပ်မိုဒီရဲ့ မတ်လ ဒါကာခရီးစဉ်အတွက် ပြင်ဆင်ရေး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    ပါကစ္စတန်ကနေခွဲထွက်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အိန္ဒိယက အဓိက ကူညီပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိလည်း အနီးကပ် မိတ်ဖက်နိုင်ငံအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

    ဝန်ကြီးနှစ်ဦးဟာ နှစ်ပေါင်း ၅၀ အတွင်း ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေး၊ ကုန်သွယ်ရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ စွမ်းအင်ကဏ္ဍ၊ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွေက တိုးတက်အောင်မြင်မှုတွေကို သုံးသပ်ခဲ့ကြပြီး၊ ကိုဗစ်တိုက်ဖျက်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာဆွဒ် ဘင် မိုမန် အိန္ဒိယကို ၃ ရက်ကြာခရီးစဉ်အဖြစ် ကြာသာပတေးနေ့က ရောက်ရှိနေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ အွန်လိုင်းတွေ့ဆုံဆေွးနွေးမှုအတွင်း မိမိတို့ရဲ့ ‘အိမ်နီးချင်းသာပထမ’ ပေါ်လစီမှာ ဘင်္ဂလားဒေ့ရှ်ဟာ အဓိကဒေါက်တိုင်ဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပါတယ်။

    နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ်ပေါင်း ၅၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ မတ်လမှာ ဘင်္ဂလားဒေ့ရှ်ကို လာရောက်ဖို့ရှိနေပြီး ဒီကိစ္စအတွက် ပြင်ဆင်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးတွေက စီစဉ်ခဲ့ပါတယ်။

    “ပြည်ထဲရေးဝန်ကြီးအဆင့်၊ ကုန်သွယ်ရေးဝန်ကြီးအဆင့်၊ မြစ်ချောင်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းဝန်အဆင့် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ နှစ်ဖက်သဘောတူခဲ့ကြပါတယ်” လို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Business Standard

  • အငြင်းပွားဒေသတွင် တရုတ်နှင့် အိန္ဒိယတို့ ထိုးကြိတ်မှုထပ်ဖြစ်

    အငြင်းပွားဒေသတွင် တရုတ်နှင့် အိန္ဒိယတို့ ထိုးကြိတ်မှုထပ်ဖြစ်

    ဇန်နဝါရီ ၂၅၊ ၂၀၂၁
    M-Media

    နာကူလာ လမ်းကြောင်း

    -ဟိမ၀န္တာအနောက်ပိုင်း အငြင်းပွားဒေသမှာ တရုတ်နဲ့ အိန္ဒိယ တပ်ဖွဲ့ဝင်တွေ ပြီးခဲ့တစ်ပတ်က ထိုးကြိတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရတာတွေ ရှိတယ်လို့ အိန္ဒိယက ဒီနေ့ ထုတ်ပြန်ပါတယ်။

    အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆစ်ကင်ပြည်နယ်နဲ့ တရုတ်နိုင်ငံ တိဘက်​ဒေသတို့ကို ဆက်ထားတဲ့ နာကူလာလမ်းကြောင်းမှာ ဇန်နဝါရီ ၂၀ ရက်နေ့က ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။

    ဇွန်လကလည်း လာဒက်ခ်ဒေသမှာ အိန္ဒိယနဲ့ တရုတ်စစ်တပ်တို့ နှစ်ဖက်ရိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သား ၂၀ သေဆုံးကာ တရုတ်ဖက်မှာလည်း စစ်သားတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

    အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ နာကူလာက ရန်ပွဲကို အသေးစားထိပ်တိုက်တွေ့မှုအဖြစ် သုံးနှုန်းထားပြီး ‘လုပ်ထုံးလုပ်နည်းတွေအတိုင်း နှစ်ဖက်တပ်မှူးတွေက ပြေလည်အောင် ဖြေရှင်းခဲ့ကြတယ်’ လို့ ဖော်ပြထားပါတယ်။

    တရုတ်ကင်းအဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ဒီအဖြစ်အပျက်မှာ အိန္ဒိယစစ်သား ၄ ဦး ဒဏ်ရာရခဲ့ပြီး တရုတ်စစ်သားတွေလည်း ထိခိုက်မှုရှိတယ်လို့ အိန္ဒိယစစ်တပ်က ပြောပါတယ်။

    နာကူလာလမ်းကြောင်းမှာ ပြီးခဲ့တဲ့နှစ် မေလကလည်း နှစ်ဖက်စစ်သား ၁၅၀ လောက် ရိုက်ပွဲဖြစ်ခဲ့ပြီး တစ်ဖက် စစ်သား ၁၀ ယောက်စီ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ တရုတ်ဖက်ကတော့ ထိခိုက်ဒဏ်ရာရမှု အချက်အလက်ကို မထုတ်ပြန်ပါဘူး။ ၏

    အဲဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက်ပိုင်း အိန္ဒိယက တရုတ်ထုတ် ဖုန်းဆော့ဖ်ဝဲ ၁၅၀ ကျော်လောက်ကို ပိတ်ပင်တာ တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုကို တားမြစ်တာ စတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    နယ်စပ်က နယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာကနေ တရုတ်နဲ့ အိန္ဒိယတို့ ၁၉၆၂ ခုနှစ်က စစ်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသေးတယ်။

    ဇွန်လက လာဒက်ခ်ဒေသ ရိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ တင်းမာမှုလျော့ချရေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: AFP

  • ရေအရင်းအမြစ်ဖြင့် အိန္ဒိယကို  တရုတ်က အကြပ်ကိုင်နိုင်သည်ဟု ပညာရှင်များ သုံးသပ်

    ရေအရင်းအမြစ်ဖြင့် အိန္ဒိယကို တရုတ်က အကြပ်ကိုင်နိုင်သည်ဟု ပညာရှင်များ သုံးသပ်

    ဇန်နဝါရီ ၂၄၊ ၂၀၂၁
    M-Media

    -တိဘက်ဒေမှာ မြစ်ဖြားခံကာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို စီးဆင်းတဲ့ Yarlung Zangbo မြစ်မှာ ဧရာမ ဆည်ကြီးတစ်ခုတည်ဆောက်ဖို့ တရုတ်နိုင်ငံက စီစဉ်နေပြီး မဲခေါင်မှာလို မြစ်အောက်ပိုင်းနိုင်ငံတွေကို အကြပ်ကိုင်ဖို့ လက်နက်သဖွယ် သုံးလာနိုင်တယ်စိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။

    အဲဒီဧရာမဆည်ကြီးဟာ ယန်ဇီမြစ်ပေါ်က ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ်ပေးတဲ့ Three Gorges ဆည်ထက် ၃ ဆကျော်လောက် ဓာတ်အား ထုတ်ပေးနိုင်မှာပါ။ စီမံကိန်းအသေးစိတ်ကို တရုတ်နိုင်ငံက ထုတ်မပြောသေးဘဲ မြစ်အောက်ပိုင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ရေမျှဝေရေးသဘောတူညီချက်အတွက် ဆွေးနွေးတာလည်း မရှိသေးပါဘူး။ ။

    တိဘက်ဒေသရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ Yarlung Zangbo မြစ်ဟာ အိန္ဒိယမှာ ဘရာမာပူထရာမြစ်အဖြစ် စီးဆင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖြတ်ကာ ဘင်္ဂလားပင်လယ်အော်ထဲ စီးဝင်တာဖြစ်ပါတယ်။

    အိန္ဒိယနဲ့ တရုတ်ဟာ ဟိမ၀န္တာအနောက်ပိုင်းက လာဒက်ခ်ဒေသမှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေပြီး ၂၀၁၇ ခုနှစ်နှစ် မနှစ်က ဇွန်လတို့မှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

    ဘရာမာပူထရာမြစ်ရှိတဲ့ အရူနာချာလ် ပရာဒက်ရှ်ပြည်နယ်က နယ်မြေတစ်ချို့ဟာ ‘တိဘက်တောင်ပိုင်း’ ဖြစ်ပြီး သူတို့ပိုင်တယ်လို့လည်း တရုတ်က ပြောကြားထားပါတယ်။၁၉၆၂ ခုနှစ်က အဲဒီဒေသမှာ နှစ်နိုင်ငံ စစ်ပွဲတစ်ခု ဖြစ်ခဲ့သလို အခုလို ဧရာမဆည်ကြီးတစ်ခု ဆောက်ဖို့ တရုတ်က စီစဉ်လာတာဟာ နှစ်နိုင်ငံ တင်းမာမှုတွေကို ပိုမိုဆိုးရွားလာစေနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိလာပါတယ်။

    Yarlung Zangbo မြစ်ပေါ်က တရုတ် ဆည်စီမံကိန်းဟာ မြစ်အောက်ပိုင်းက လူ့အဖွဲ့အစည်းတွေအပေါ် ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်လို့ အိန္ဒိယ ပြည်တွင်းမီဒီယာတွေ၊ နယူးဒေလီအခြေစိုက် Center for Policy Research လို တတ်သိပညာရှင်များအဖွဲ့တွေက ထောက်ပြသတိပေးတာမျိုး လုပ်နေပါတယ်။

    တရုတ်နဲ့ဆက်ဆံရေးကောင်းတဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း ဒီဆည်စီမံကိန်းကို ဆန့်ကျင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ် သဘာပတ်ဝန်းကျင် တားဆီးကာကွယ်ရေးအဖွဲ့ Riverine People ရဲ့ အထွေထွေအတွင်းရေးမှူး ရှိခ်ရိုကွန်က Yarlung Zangbo မြစ်ပေါ်မှာ တရုတ်က ဆည်မဆောက်ခင် ဒီမြစ်နဲ့သက်ဆိုင်တဲ့ နိုင်ငံတွေအကြား ဆွေးနွေးမှုတွေ သေသေချာချာ လုပ်ဆောင်ဖို့လိုကြောင်း၊ ဒီကိစ္စကို မြစ်အောက်ပိုင်းနိုင်ငံတွေက စိုးရိမ်ပိုင်ခွင့်ရှိကြောင်း၊ ဆည်တွေကြောင့် ရေစီးကြောင်း ထိခိုက်နိုင်တဲ့ အခြေအနေရှိကြောင်း ပြီးခဲ့တဲ့လမှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မဲခေါင်မြစ်ညာကို ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံဟာ သူပိုင်တဲ့အခြမ်းမှာ ဆည်တွေအများအပြားဆောက်လုပ်ထားပြီး ရေထိန်းတာ၊ ရေလွှတ်တာတွေကို မြစ်အောက်ပိုင်းက အရှေ့တောင်အာရှနိုင်ငံတွေကို အသိမပေးဘဲ လုပ်တာကြောင့် ရေခန်းတာ၊ ရေကြီးတာတွေ မကြာခဏ ဖြစ်ပေါ်လာပါတယ်။ ဒါ့အပြင် တရုတ်အစိုးရဟာ ဒီဆည်တွေကို လက်နက်သဖွယ်အသုံးပြီး လိုချင်တာရဖို့ နိုင်ငံငယ်တွေကို နောက်ပိုင်းမှာ အကြပ်ကိုင်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

    Ref: Asia Times

  • မိုဒီ၏ စစ်သွေးကြွအယူအဆကို တားဆီးရန် ပါကစ္စတန်က ကမ္ဘာကို တိုက်တွန်း

    မိုဒီ၏ စစ်သွေးကြွအယူအဆကို တားဆီးရန် ပါကစ္စတန်က ကမ္ဘာကို တိုက်တွန်း

    ဇန်နဝါရီ ၁၉၊ ၂၀၂၁
    M-Media

    အိန္ဒိယဝန်ကြီးချုပ် မိုဒီ

    -မဲနိုင်ဖို့အတွက် မိမိတို့ကို ကျူးကျော်တိုက်ခိုက်တဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ စစ်သွေးကြအစီအမံကို ဟန့်တားဖို့ ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်းခန်းက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

    အိန္ဒိယက နာမည်ကျော် ရုပ်သံအစီအစဉ်တင်ဆက်သူ ဟိန္ဒူလက်ယာစွန်းရောက် အာရ်နဘ် ဂိုဆွာမီနဲ့ ရုပ်သံအဆင့်သတ်မှတ်ရေး ကုမ္ပဏီ BARC အကြီးအကဲ ပါရ်သို ဒက်စ်ဂွပ်တာတို့ရဲ့ WhatsApp က အပြန်အလှန်ပြောကြားမှုတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အင်မရန်းခန်းရဲ့ ဒီဝေဖန်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ဂိုဆွာမီဟာ ဂွပ်တာနဲ့ပေါင်းပြီး ရုပ်သံအဆင့်သတ်မှတ်ချက်ကို အမြတ်ထုတ်တယ်ဆိုတဲ့ စွဲချက်အတွက် မွမ်ဘိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ဘာလာကော့မြို့ကို အိန္ဒိယအစိုးရက လေကြောင်းကနေ ကျူးကျော်တိုက်ခိုက်ဖို့ စီစဉ်နေတာကို မီဒီယာသမား ဂိုဆွာမီက ၃ ရက်အရင်ကတည်းက ကြိုတင်သိရှိခဲ့ပြီး ဂွပ်တာကို WhatsApp ကနေ အသိပေးခဲ့ပါတယ်။

    ဧပြီလမှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရည်ရွယ်ကာ အိန္ဒိယအစိုးရဟာ ပါကစ္စတန်ကို လကြောင်းကနေတိုက်ခိုက်ဖို့ စီစဉ်ထားပြီး ကက်ရှ်မီးယားပြဿနာအတွက် ကြီးကြီးမားမားအခြေအနေတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဂိုဆွာမီက ဆိုပါတယ်။

    မနေ့က Twitter စာမျက်နှာမှာရေးသားတဲ့ အင်မရခန်းရဲ့ ပို့စ်တွေထဲမှာ အိန္ဒိယအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

    ဖက်ဆစ်အိန္ဒိယအစိုးရဟာ ဘာလာကော့တ်တိုက်ခိုက်မှုကို အသုံးချပြီး ပြည်တွင်းရွေးကောက်ပွဲမှာ မဲရအောင် လုပ်ခဲ့ကြောင်း၊ မီဒီယာနဲ့ အိန္ဒိယအစိုးရပေါင်းကာ ကလိမ်စေ့ငြင်းဆင်ခဲ့ကြောင်း၊ ဒေသတွင်း မတည်မငြိမ်ဖြစ်မယ်ဆိုတာကို ထည့်မတွက်ဘဲ ရွ​ေးကောက်ပွဲအနိုင်ရလိုတဲ့ အန္တရာယ်ရှိတဲ့ စစ်သွေးကြွဝါဒ ရှိနေကြောင်း ​အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။

    အိန္ဒိယကတော့ ဖေဖော်ဝါရီလအစောပိုင်းက သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ ပူလ်ဝါမာမြို့မှာ စစ်သား ၄၀ သေဆုံးခဲ့တဲ့ ဗုံးခွဲမှုကို လက်စားချေတဲ့အနေနဲ့ ဘာလာကော့က သူပုန်လေ့ကျင့်ရေးစခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပူလ်ဝါမာ တိုက်ခိုက်မှုလုပ်တဲ့ သူပုန်တွေကို ပါကစ္စတန်က ထောက်ပံ့ပေးထားတယ်လို့လည်း အိန္ဒိယက စွပ်စွဲခဲ့ပြီး ပါကစ္စတန်က ဒါကို ငြင်းပါတယ်။

    ဘာလာကော့ကို တိုက်ခိုက်ပြီး နောက်တစ်နေ့မှာ လေပိုင်နက်ထဲဝင်လာတဲ့ အိန္ဒိယတိုက်လေယာဉ်ကို ပါကစ္စတန်က ပစ်ချခဲ့ပြီး လေယာဉ်မှူးကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဧပြီလ အိန္ဒိယရဲ့ အထွေထွေရေးကောက်ပွဲမှာ ဘာလာကော့တိုက်ခိုက်မှုက အထောက်အကူဖြစ်စေခဲ့ပြီး အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ ၂၀၁၄ ခု ရွေးကောက်ပွဲကထက် ပိုပြီး မဲရကာ နိုင်ခဲ့ပါတယ်။

    BJP ပြောရေးဆိုခွင့်ရှိသူ ဆယဒ် ဇာဖာရ် အစ္စလာမ်က အင်မရန်းခန်းရဲ့ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး ပါကစ္စတန်သာလျှင် အကြမ်းဖက်တွေ ထုတ်ပေးနေတဲ့ စက်ရုံဖြစ်ကြောင်း၊ ဘာလာကော့ လေကြောင်တိုက်ခိုက်မှုကို ရွေး​ကောက်ပွဲအသာရအောင် မိမိတို့ အသုံးမပြုခဲ့ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera