News @ M-Media

Tag: India

  • မိုဒီ၏ စစ်သွေးကြွအယူအဆကို တားဆီးရန် ပါကစ္စတန်က ကမ္ဘာကို တိုက်တွန်း

    မိုဒီ၏ စစ်သွေးကြွအယူအဆကို တားဆီးရန် ပါကစ္စတန်က ကမ္ဘာကို တိုက်တွန်း

    ဇန်နဝါရီ ၁၉၊ ၂၀၂၁
    M-Media

    အိန္ဒိယဝန်ကြီးချုပ် မိုဒီ

    -မဲနိုင်ဖို့အတွက် မိမိတို့ကို ကျူးကျော်တိုက်ခိုက်တဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ စစ်သွေးကြအစီအမံကို ဟန့်တားဖို့ ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်းခန်းက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

    အိန္ဒိယက နာမည်ကျော် ရုပ်သံအစီအစဉ်တင်ဆက်သူ ဟိန္ဒူလက်ယာစွန်းရောက် အာရ်နဘ် ဂိုဆွာမီနဲ့ ရုပ်သံအဆင့်သတ်မှတ်ရေး ကုမ္ပဏီ BARC အကြီးအကဲ ပါရ်သို ဒက်စ်ဂွပ်တာတို့ရဲ့ WhatsApp က အပြန်အလှန်ပြောကြားမှုတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အင်မရန်းခန်းရဲ့ ဒီဝေဖန်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ဂိုဆွာမီဟာ ဂွပ်တာနဲ့ပေါင်းပြီး ရုပ်သံအဆင့်သတ်မှတ်ချက်ကို အမြတ်ထုတ်တယ်ဆိုတဲ့ စွဲချက်အတွက် မွမ်ဘိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ဘာလာကော့မြို့ကို အိန္ဒိယအစိုးရက လေကြောင်းကနေ ကျူးကျော်တိုက်ခိုက်ဖို့ စီစဉ်နေတာကို မီဒီယာသမား ဂိုဆွာမီက ၃ ရက်အရင်ကတည်းက ကြိုတင်သိရှိခဲ့ပြီး ဂွပ်တာကို WhatsApp ကနေ အသိပေးခဲ့ပါတယ်။

    ဧပြီလမှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရည်ရွယ်ကာ အိန္ဒိယအစိုးရဟာ ပါကစ္စတန်ကို လကြောင်းကနေတိုက်ခိုက်ဖို့ စီစဉ်ထားပြီး ကက်ရှ်မီးယားပြဿနာအတွက် ကြီးကြီးမားမားအခြေအနေတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဂိုဆွာမီက ဆိုပါတယ်။

    မနေ့က Twitter စာမျက်နှာမှာရေးသားတဲ့ အင်မရခန်းရဲ့ ပို့စ်တွေထဲမှာ အိန္ဒိယအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

    ဖက်ဆစ်အိန္ဒိယအစိုးရဟာ ဘာလာကော့တ်တိုက်ခိုက်မှုကို အသုံးချပြီး ပြည်တွင်းရွေးကောက်ပွဲမှာ မဲရအောင် လုပ်ခဲ့ကြောင်း၊ မီဒီယာနဲ့ အိန္ဒိယအစိုးရပေါင်းကာ ကလိမ်စေ့ငြင်းဆင်ခဲ့ကြောင်း၊ ဒေသတွင်း မတည်မငြိမ်ဖြစ်မယ်ဆိုတာကို ထည့်မတွက်ဘဲ ရွ​ေးကောက်ပွဲအနိုင်ရလိုတဲ့ အန္တရာယ်ရှိတဲ့ စစ်သွေးကြွဝါဒ ရှိနေကြောင်း ​အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။

    အိန္ဒိယကတော့ ဖေဖော်ဝါရီလအစောပိုင်းက သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ ပူလ်ဝါမာမြို့မှာ စစ်သား ၄၀ သေဆုံးခဲ့တဲ့ ဗုံးခွဲမှုကို လက်စားချေတဲ့အနေနဲ့ ဘာလာကော့က သူပုန်လေ့ကျင့်ရေးစခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပူလ်ဝါမာ တိုက်ခိုက်မှုလုပ်တဲ့ သူပုန်တွေကို ပါကစ္စတန်က ထောက်ပံ့ပေးထားတယ်လို့လည်း အိန္ဒိယက စွပ်စွဲခဲ့ပြီး ပါကစ္စတန်က ဒါကို ငြင်းပါတယ်။

    ဘာလာကော့ကို တိုက်ခိုက်ပြီး နောက်တစ်နေ့မှာ လေပိုင်နက်ထဲဝင်လာတဲ့ အိန္ဒိယတိုက်လေယာဉ်ကို ပါကစ္စတန်က ပစ်ချခဲ့ပြီး လေယာဉ်မှူးကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဧပြီလ အိန္ဒိယရဲ့ အထွေထွေရေးကောက်ပွဲမှာ ဘာလာကော့တိုက်ခိုက်မှုက အထောက်အကူဖြစ်စေခဲ့ပြီး အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ ၂၀၁၄ ခု ရွေးကောက်ပွဲကထက် ပိုပြီး မဲရကာ နိုင်ခဲ့ပါတယ်။

    BJP ပြောရေးဆိုခွင့်ရှိသူ ဆယဒ် ဇာဖာရ် အစ္စလာမ်က အင်မရန်းခန်းရဲ့ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး ပါကစ္စတန်သာလျှင် အကြမ်းဖက်တွေ ထုတ်ပေးနေတဲ့ စက်ရုံဖြစ်ကြောင်း၊ ဘာလာကော့ လေကြောင်တိုက်ခိုက်မှုကို ရွေး​ကောက်ပွဲအသာရအောင် မိမိတို့ အသုံးမပြုခဲ့ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေးထိုးမှု စတင်

    အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေးထိုးမှု စတင်

    ဇန်နဝါရီ ၁၇၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို အိန္ဒိယက မနေ့မှာ စတင်လိုက်ပြီး ကမ္ဘာအကြီးဆုံး ကိုဗစ်ကာကွယ်ဆေးထိုးမှုထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ကိုဗစ်တိုက်ဖျက်ရေး ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်နေတဲ့ သူနာပြုတွေ၊ ဆရာဝန်တွေနဲ့ အခြားကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ထိုးသွားမှာပါ။

    ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဒီကာကွယ်ဆေးထိုးမှုဟာ အိန္ဒိယရဲ့လုပ်နိုင်စွမ်းကို ဖော်ပြတဲ့ ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ဆေးရဲ့ အန္တရာယ်ကင်းမှုနဲ့ပတ်သက်တဲ့ ကောလဟာလတွေကို မယုံကြဖို့ အွန်လိုင်းမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကာကွယ်ဆေးထိုးပြီးသွားရင်လည်း နမော်နမဲ့မနေပါနဲ့။ နှားခေါင်းစည်းမချွတ်ပါနဲ့။ ခပ်ခွာခွာနေထိုင်ဖို့လည်း မမေ့ပါနဲ့”

    အိန္ဒိယဟာ ယူကေထုတ် ကိုဗစ်ကာကွယ်ဆေး AstraZeneca နဲ့ ပြည်တွင်းကုမ္ပဏီ Bharat Biotech က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတို့ကို အရေးပေါ်အသုံးပြုခွင့် ပေးထားပြီး နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေကို ပြီးခဲ့တဲ့တစ်ပတ်က အလုံးရေ ၁၆.၅ သန်း ပို့ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယအလယ်ပိုင်းတွင် မွတ်စလင်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု နည်းဆုံး ၃ ခုအထိ ဖြစ်ပွား

    အိန္ဒိယအလယ်ပိုင်းတွင် မွတ်စလင်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု နည်းဆုံး ၃ ခုအထိ ဖြစ်ပွား

    ဇန်နဝါရီ ၂၊ ၂၀၂၁
    M-Media

    အင်ဒိုရီခရိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု မြင်ကွင်း

    -နိုင်ငံအလယ်ပိုင်း မဒ်ယာပရာဒက်ရှ်မြို့မှာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု အနည်းဆုံး ၃ ခု ဖြစ်ပွားခဲ့ပြီးနောက် လူ ၅၀ လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် အယွဒ္ဒယမြို့က ဖျက်ဆီးခံထားရတဲ့ ဘာဘရီဗလီနေရာမှာ ရာမဘုရားကျောင်း ဆောက်လုပ်နိုင်ရေး ဟိန္ဒူလက်ယာစွန်းရောက်အုပ်စုတွေက လူစုပြီး ရန်ပုံငွေကောက်ခံမှုအတွင်း ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

    အင်္ဂါနေ့ အင်ဒိုရီခရိုင်က မွတ်စလင်အများစုနေထိုင်တဲ့ ကျေးရွာတစ်ခုကိုရောက်စဉ် ရန်ပုံငွေ လှည့်လည်ကောက်ခံတဲ့ ဟိန္ဒူလူအုပ်ဟာ ဗလီအရှေ့မှာရပ်ပြီး ဟိန္ဒူဘုရားစာတွေရွတ်တာ၊ အော်ဟစ်ရန်စတာတွေ လုပ်ဆောင်ခဲ့တာပါ။ နောက်ပိုင်းမှာ ဗလီကို လူအုပ်က စီးနင်းကာ တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ခဲ့ပါတယ်။

    အခင်းဖြစ်တဲ့နေရာမှာ ရဲတပ်ဖွဲ့က ရှိနေပေမယ့် လူအုပ်နဲ့ ရဲအင်အား မ​မျှတဲ့အတွက် တားဆီးဟန့်တားနိုင်မှု မရှိခဲ့ဘူးလို့ အိန္ဒိယရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး ယိုဂတ်ရှ် ဒက်ရှ်မွခ်က ပြောကြားခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ရှက်စရာကောင်းပြီး တိုက်ခိုက်သူတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ အဖွဲ့တစ်ခု ဖွဲ့စည်းတာဝန်ပေးထားတယ်လို့လည်း သူက ဆိုပါတယ်။

    ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး လူ ၂၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    မဒ်ယာပရာဒက်ရှ်ပြည်နယ် အူဂျန်ခရိုင်က မွတ်စလင်အများစုရှိတဲ့ ဘေဂွန်ဘဂ် ရပ်ကွက်မှာလည်း ဒီဇင်ဘာ ၂၅ ရက်နေ့က အလားတူဖြစ်ရပ်မျိုး​ ဖြစ်ပွားခဲ့ပါတယ်။

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီရဲ့ လူငယ်အဖွဲ့ BJYM ဟာ ဖျက်ဆီးခံ ဘာဘရီဗလီနေရာမှာ ရာမဘုရားကျောင်းဆောက်လုပ်ဖို့ လူစုပြီး ရန်ပုံငွေကောက်ခံစဉ် ဘေဂွန်ဘဂ်ရွက်ကွက်အတွင်း အကြိမ်ကြိမ်လှည့်လည်ကာ ဆဲဆို စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    အဲဒီနောက် BJYM လူအုပ်နဲ့ ဒေသခံတွေ အပြန်အလှန် ခဲတွေနဲ့ ပစ်ပေါက်တဲ့အထိ ဖြစ်ခဲ့ပြီး ဘေဂွန်ဘဂ်ရပ်ကွက်က ဆိုင်ကယ်တွေ၊ ကားတွေ၊ ဆေးခန်းတစ်ခုနဲ့ အဆောက်အဦးတစ်ချို့ ဖျက်ဆီးခံခဲ့ရပါတယ်။

    မန်ဆူရ်ခရိုင်မှာလည်း အင်္ဂါနေ့က ဟိန္ဒူလူအုပ်ဟာ ဗလီတစ်လုံးရဲ့ မင်နာရတ်မျှော်စင်ကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ပါတယ်။

    ဒီအဖြစ်အပျက်တွေအတွက် ရဲ့တပ်ဖွဲ့က လူ ၁၀၀ ကို အမှုဖွင့်ထားပြီး ၅၀ လောက်ကို ဖမ်းဆီးထားပါတယ်။

    အတိုက်အခံ All India Majlis-e-Ittehadul Muslimeen ပါတီ အကြီးအကဲ အဆာအွတ်ဒင် အိုဝိုက်ဆီက အစိုးရကိုယ်တိုင် လူတွေကို အစွန်းရောက်အောင် လုပ်ဆောင်နေပြီး၊ အကြမ်းဖက်ဖို့ လှုံဆော်နေတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

    ​မဒ်ယာ ပရာဒက်ရှ်ပြည်နယ်ရဲ့ BJP အစိုးရအဖွဲ့က တာဝန်ရှိသူ ရဂျ်နက်ရှ် အဂ်ရာဝါလ်က ရာဇဝတ်မှုကျူးလွန်သူတွေကို လူမျိုးဘာသာ မခွဲခြားဘဲ အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကက်ရှ်မီးယားတွင် အရပ်သားများကိုသတ်ပြီး အကြမ်းဖက်သမားအသွင်ဖြစ်အောင် အိန္ဒိယစစ်တပ်က ဖန်တီး

    ကက်ရှ်မီးယားတွင် အရပ်သားများကိုသတ်ပြီး အကြမ်းဖက်သမားအသွင်ဖြစ်အောင် အိန္ဒိယစစ်တပ်က ဖန်တီး

    ဒီဇင်ဘာ ၂၈၊ ၂၀၂၀
    M-Media

    ကက်ရှ်မီးယားမှ မြင်ကွင်းတစ်ခု

    -ဇူလိုင်လက ကက်ရှ်မီးယားဒေသမှာ အရပ်သား ၃ ဦးကို သတ်ဖြတ်ပြီး အကြမ်းဖက်သမား​တွေအဖြစ် ပုံဖော်ခဲ့တဲ့ ဗိုလ်ကြီးတစ်ဦးနဲ့ အရပ်သားနှစ်ဦးကို တရားစွဲထားတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က မနေ့မှာ ထုတ်ပြန်ပါတယ်။

    ကက်ရှ်မီးယားဒေသ တောင်ပိုင်း အမ်ရှီဖိုရာရွာမှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်သားတွေဟာ အမျိုးသား ၃ ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ပြီး သူတို့ထံမှာ လက်နက်တွေ တွေ့ခဲ့ရတယ်လို့ အိန္ဒိယစစ်တပ်က ကနဦး သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်သားတွေဟာ ဒီလူ ၃ ဦးကို တောထဲမှာ မြန်မြန်ဆန်ဆန်ပဲ မြှုပ်နှံခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ အသတ်ခံရသူတွေဟာ ပန်းသီးခြံမှာ အလုပ်လုပ်ဖို့ အလုပ်လာရှာသူတွေဖြစ်ပြီး စစ်သားတွေက သတ်ဖြတ်ခဲ့ပြီးတဲ့နောက်၊ တရားမဝင်ရထားတဲ့ လက်နက်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေကို အလောင်းပေါ်မှာ တပ်ဆင်ကာ အကြမ်းဖက်သမားတွေအဖြစ် ပုံဖျက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဒီကိစ္စအတွက် ဗိုလ်ကြီး ဘိုပန်ဒရာဆင်းကို လူသတ်မှု၊ လီဆည်မှု၊ အခြားပြစ်မှုတွေနဲ့ တရားစွဲဆိုထားပြီး လက်ရှိမှာ စစ်တပ်က ဆင်းကို ထိန်းသိမ်းထားကြောင်း၊ သူနဲ့အတူ ကျူးလွန်မှုမှာ ပါဝင်တဲ့ အရပ်သား ၂ ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း ကြေငြာချက်က ဆိုပါတယ်။

    ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ အိန္ဒိယအစိုးရက ရုပ်သိမ်းခဲ့ပြီး ဗဟိုအစိုးရရဲ့ အုပ်ချုပ်အောက်ကို ထည့်သွင်းခဲ့ပါတယ်။ လှုပ်ရှားသွားလာခွင့်အပါအဝင် ကက်ရှ်မီးယားပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့်ကို အိန္ဒိယအစိုးရက ပိုမို ချုပ်ချယ်ကန့်သတ်ခဲ့သလို အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေကလည်း ပြည်သူတွေအပေါ် တရားလက်လွတ် ပြုကျင့်မှုတွေ၊ ညှမ်းပမ်းနှိပ်စက်မှုတွေ လုပ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

    လက်နက်ကိုင်တပ်ဖွဲ့ အထူးအာဏာအက်ဥပဒေ (AFSPA) အောက်မှာ မိမိတို့တပ်ဖွဲ့တွေဟာ အင်အားအလွန်အကျွံသုံးတာ၊ အာဏာ အလွဲသုံးစားလုပ်တာတွေ ရှိတယ်လို့ အိန္ဒိယစစ်တပ်က စက်တင်ဘာလမှာ ဝန်ခံခဲ့တယ်။

    ဇူလိုင်လက အခုအဖြစ်အပျက်အတွက် ဗီဒီယိုသက်သေရထားပြီး အရေးယူမှုတွေ လုပ်မယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။ အသတ်ခံလိုက်ရတဲ့ အရပ်သား ၃ ဦးရဲ့အလောင်းကို စက်တင်ဘာလမှာ ပြန်ဖေါ်ကာ မိသားစုထံ ပြန်အပ်ခဲ့ပါတယ်။

    စစ်သားတွေရဲ့ တရားလက်လွတ်ကျူးလွန်မှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာဟာ အိန္ဒိယမှာ ရှားရှားပါးပါး အဖြစ်အပျက်ပါ။

    ကျူးလွန်ခဲ့တဲ့ စစ်သားကို အရပ်ဖက်ခုံရုံမှာ တရားစွဲရမလား၊ စစ်ခုံရုံးကပဲ စီရင်မလားဆိုတာ အဖြေ​ပေးဖို့အတွက် ကက်ရှ်မီးယား တရားရုံးက စစ်တပ်ကို အကြောင်းကြားထားပါတယ်။

    AFSPA အက်ဥပဒေအရ ဒီဥပဒေ ကျင့်သုံးတဲ့ဒေသတွေမှာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အစိုးရက သဘောမတူရင် အရက်ဖက်တရားရုံးက တရားစွဲ အရေးယူလို့ မရပါဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ရဲတပ်ဖွဲ့က ရာဇဝတ်မှုကျူးလွန်တဲ့စစ်သားကို အရေးယူဖို့ တောင်းဆိုမှုတစ်ချို့ ရှိခဲ့ဖူးပေမယ့် ခွင့်ပြုချက် မရခဲ့ပါဘူး။

    Ref: Reuters

  • ရုရှား၏ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင်ထုတ်မည်

    ရုရှား၏ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင်ထုတ်မည်

    ဒီဇင်ဘာ ၁၉၊ ၂၀၂၀
    M-Media

    -ရုရှားက ဖန်တီးထားတဲ့ Sputnik V ကိုဗစ်ကာကွယ်ဆေးကို လာမယ့်နှစ်အတွင်း အိန္ဒိယမှာ အလုံးရေ သန်း ၃၀၀ လောက် ထုတ်လုပ်ဖို့ ရှိနေပါတယ်။

    Sputnik V ဟာ ကမ္ဘာမှာ အစိုးရက တရားဝင်ခွင့်ပြုတဲ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးဖြစ်ပြီး ယူအေအီး၊ ဗင်နီဇွဲလား၊ အိန္ဒိယနဲ့ ဘီလာရုဇ်နိုင်ငံတွေမှာ စမ်းသပ်အသုံးပြုနေကာ ၉၁ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ထားပါတယ်။

    အိန္ဒိယဆေးကုမ္ပဏီ Hetero Biopharma က သူတို့ဟာ Sputnik V အလုံးရေ သန်း ၁၀၀ လောက်ထုတ်လုပ်မယ်လို့ တရားဝင်ပြောကြားထားတာပါ။ နောက်ထပ် သန်း ၂၀၀ လောက်ကို တစ်ခြား ဘယ်ကုမ္ပဏီတွေက ထုတ်ပေးမလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

    နယူးဒေလီမှာရှိတဲ့ ရုရှားသံရုံးကတော့ အိန္ဒိယမှာထုတ်ထားတဲ့ ကာကွယ်ဆေးကို စမ်းသပ်အသုံးပြုနေတယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    ရုရှားအစိုးရ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ RDIF အကြီးအကဲ ကီရီရ် ဒီမီထရီဗ်က အိန္ဒိယကဆေးကုမ္ပဏီကြီး ၄ ခုလောက်နဲ့ စာချုပ်ချုပ်ထားပြီး နောက်နှစ်အတွင်း အလုံးရေ သန်း ၃၀၀ ကျော်လောက် ထုတ်လုပ်ဖို့ရှိတယ်လို့ ရုရှားသတင်းဌာနတစ်ခုကို ပြောပါတယ်။

    အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး အကြီးအကျယ် ထုတ်လုပ်နိုင်ဖို့အတွက်လည်း ပြင်ဆင်ထားပါတယ်။ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက လာမယ့် သီတင်းပတ်​အနည်းငယ်အတွင်း ကိုဗစ်ကာကွယ်ဆေးတစ်ချို့ကို အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုပေးသွားမယ်လို့ ပြောကြားထားပါတယ်။

    လက်ရှိမှာ အောက်စဖို့ဒ်ထုတ် Oxford-AstraZeneca၊ အမေရိကန်ထုတ် Pfizer-BioNTech နဲ့ အိန္ဒိယကုမ္ပဏီ Bharat Biotech ထုတ် ကာကွယ်ဆေးတွေက အရေးပေါ်အသုံးပြုခွင့်ပေးဖို့ လျှောက်ထားပါတယ်။

    Ref: CNA