News @ M-Media
Tag: India
  • အဓမ္မကျင့်ခံရသူ၏ အမည်ကို ဖော်ပြသည့်အတွက် မီဒီယာကုမ္ပဏီ ၁၂ ခုကို အိန္ဒိယဒဏ်ရိုက်
    အဓမ္မကျင့်ခံရသူ၏ အမည်ကို ဖော်ပြသည့်အတွက် မီဒီယာကုမ္ပဏီ ၁၂ ခုကို အိန္ဒိယဒဏ်ရိုက်
    ဧပြီ ၂၀၊ ၂၀၁၈
    M-Media
    မုဒိမ်းကောင်များကို အလျင်အမြန်အရေးယူရေး ဆန္ဒပြမှု
    – ကက်ရှ်မီးယားမှာ အဓမ္မကျင့် အသတ်ခံခဲ့ရတဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ရဲ့အမည်ကို သတင်းမှာ ထည့်သွင်းဖော်ပြခဲ့တဲ့အတွက် မီဒီယာကုမ္ပဏီ ၁၂ ခုကို အိန္ဒိယတရားရုံးက ကန်ဒေါ်လာ ၁၅၀၀၀ စီ ဒဏ်ရိုက်လိုက်ပါတယ်။
    အိန္ဒိယဥပဒေအရ အဓမ္မကျင့်ခံရသူတွေရဲ့ အမည်ကို မီဒီယာမှာ ဖော်ပြခွင့်မရှိဘဲ ဒီပြဌာန်းချက်ကို ကျူးလွန်မယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံဖို့ သတ်မှတ်ထားပါတယ်။
    နယူးဒေလီ တရားရုံးချုပ်က ဒီပြဌာန်းချက်ကို မလိုက်နာတဲ့ မီဒီယာကုမ္ပဏီ ၁၂ ခုကို ရူပီး ၁ သန်းစီ ဗုဒ္ဓဟူးနေ့မှာ ဒဏ်ရိုက်ခဲ့ပြီး တစ်ပတ်အတွင်း ပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။ ဒဏ်ငွေတွေကိုတော့ လိင်အကြမ်းဖက်မှုခံရသူတွေကို ကူညီပေးတဲ့အစီအစဉ်မှာ ထည့်ဝင်သုံးစွဲမယ်လို့ ဆိုပါတယ်။
    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ လူတစ်စုရဲ့ ပြန်ပေးဆွဲ အဓမ္မကျင့်ခံရတဲ့ ကလေးငယ်ရဲ့ အမည်ကို အိန္ဒိယမီဒီယာ တော်တော်များများက ဖော်ပြခဲ့ကြပြီး တရားရုံးအမိန့်ကြောင့် အခုနောက်ပိုင်းမှာ နာမည်ဖော်ပြခြင်း မပြုတော့ပါဘူး။
    မိန်းကလေးငယ်ဟာ နော်မာဒစ် မွတ်စလင်လူ့အဖွဲ့အစည်းကဖြစ်ပြီး ဟိန္ဒူအစွန်းရောက်အုပ်စုတစ်ခုက ဘာသာရေးမုန်းတီးမှု၊ မွတ်စလင်တွေကို ခြောက်လှန့်လိုမှုတွေနဲ့ ဒီလို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ မုဒိမ်းကောင်တွေကို တရားမစွဲရေး ဟိန္ဒူရှေ့နေတွေနဲ့ ဟိန္ဒူအစွန်းရောက်တွေက ချီတက်ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။
    ဒီကိစ္စကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး မုဒိမ်းကောင်တွေကို အလျင်အမြန် အရေးယူရေး၊ ကာကွယ်ပေးသူတွေကို အပြစ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။
    Ref: Alarabiya
  • ကက်ရှ်မီးယားမိန်းကလေးငယ် အဓမ္မကျင့်သတ်ဖြတ်ခံရမှုအတွက် ဖမ်းထားသည့် လူ ၈ ဦးကို ပထမဆုံးကြားနာ
    ကက်ရှ်မီးယားမိန်းကလေးငယ် အဓမ္မကျင့်သတ်ဖြတ်ခံရမှုအတွက် ဖမ်းထားသည့် လူ ၈ ဦးကို ပထမဆုံးကြားနာ
    ဧပြီ ၁၆၊ ၂၀၁၈
    M-Media
    သေဆုံးသွားသည့် မိန်းကလးငယ်အတွက် ဆုတောင်းမှု
    – အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသက် ၈ နှစ်အရွယ် မွတ်စလင် မိန်းကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုအတွက် ဟိန္ဒူအမျိုးသား ၈ ဦးကို ဒီကနေ့ အထူးခုံရုံးက ပထမဆုံး ကြားနာခဲ့ပြီး သူတို့ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
    မိန်းကလေးငယ်ရဲ့ အလောင်းကို ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ပြန်တွေ့ခဲ့ပြီး ရရှိထားတဲ့ ဒဏ်ရာတွေဟာ အလွန်ဆိုးရွားလွန်းတာကြောင့် အိန္ဒိယပြည်သူ တော်တော်များများက တုန်လှုပ်ခဲ့ကြပါတယ်။
    အခုတရားစွဲခံထားရတဲ့ လူ ၈ ဦး ဖမ်းဆီးခံရမှုကို မကျေနပ်တဲ့အတွက် ဟိန္ဒူအမျိုးသားရေး အုပ်စုတွေဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ဆန္ဒပြခဲ့ကြပြီး အာဏာရ BJP ပါတီက ပြည်နယ်ဝန်ကြီး ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။
    မုဒိမ်းကောင်တွေအပေါ် ဒီလို ကာကွယ်ပေးတာကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ဆန့်ကျင်မှုတွေ လုပ်တဲ့အတွက် ၀န်ကြီးနှစ်ဦးဟာ နောက်ပိုင်းမှာ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။
    အခု တရားစွဲဆိုခံထားရသူတွေထဲမှာ အစိုးရအရာရှိဟောင်းတစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၄ ဦးနဲ့ အသက်မပြည့်သေးသူတစ်ဦး ပါဝင်ပါတယ်။
    ဒီအမှုအတွက် ဂျာမူးနဲ့ ကက်ရှ်မီးယားအစိုးရဟာ အထူးတရားသူကြီးနှစ်ဦးကို ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။
    Ref: BBC
  • ကလေးများ အဓမ္မကျင့်ခံရမှု၊ မုဒိမ်းကောင်များအား အမျိုးသားရေးသမားများက ကာကွယ်ပေးမှုကို ဆန့်ကျင့်သည့်အနေဖြင့် အိန္ဒိယပြည်သူများ ဆန္ဒပြ
    ကလေးများ အဓမ္မကျင့်ခံရမှု၊ မုဒိမ်းကောင်များအား အမျိုးသားရေးသမားများက ကာကွယ်ပေးမှုကို ဆန့်ကျင့်သည့်အနေဖြင့် အိန္ဒိယပြည်သူများ ဆန္ဒပြ
    ဧပြီ ၁၆၊ ၂၀၁၈
    M-Media
    ဂျာမူးတွင် အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခံရသည့် အသက် ၈ နှစ်အရွယ် သမီးငယ် အာဆီဖာ
    – အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲကာ အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်မှုအပါအ၀င် နိုင်ငံအတွင်း ကလေးငယ်တွေကိုအပေါ် အဓမ္မကျင့်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ အိန္ဒိယပြည်သူတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
    “အပြစ်ရှိသူကို အပြစ်ပေးပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး မြို့တော် နယူးဒေလီ၊ မွမ်ဘိုင်း၊ ဘန်ဂလောနဲ့ အခြားမြို့ကြီးတွေမှာ ဆန္ဒပြခဲ့ကြတာပါ။
    အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားက ဂျာမူးဒေသအနီး ကာသူအာခရိုင်မှာ ဘာကာဝါလ် မွတ်စလင်လူ့အဖွဲ့အစည်းက အသက် ၈ နှစ်အရွယ် အာဆီဖာဘာနိုဟာ ဇန်န၀ါရီလအလယ်မှာ လူတစ်စုရဲ့ ပြန်ပေးဆွဲမှုကို ခံခဲ့ရပါတယ်။ အဲဒီလူတွေက ဒီကလေးငယ်ကို ဟိန္ဒူဘုရားကျောင်းထဲမှာ ချုပ်ထားပြီး မူးယစ်ဆေးတွေ တိုက်ကျွေးကာ ၄ရက်အတွင်း အနည်းဆုံး လူ ၃ ဦးက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြတာပါ။
    နောက်ပိုင်းမှာ အာဆီဖာကို ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး ဟိန္ဒူဘုရားကျောင်းအနီးက တောအုပ်ထဲမှာ အလောင်းကို စွန့်ပစ်ထားခဲ့ပါတယ်။
    ကျူးလွန်သူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်းပါဝင်ပြီး သူတို့အုပ်စုကို တရားစွဲဖို့ ပြည်နယ်အစိုးရက ဆောင်ရွက်မှုကို ဟိန္ဒူရှေ့နေတွေက တားဆီးခဲ့တဲ့နောက်ပိုင်း ပြည်သူလူထုကြားထဲမှာ မကျေနပ်မှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
    ဂျာမူးနဲ့ ကက်ရှ်မီးယားအစိုးရအဖွဲ့က ၀န်ကြီး ၂ ဦးအပါအ၀င် အာဏရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ခေါင်းဆောင်တွေဟာ ကျူးလွန်သူတွေကို ကာကွယ်ပေးတဲ့ ချီတက်မှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သူတွေရဲ့ ဝေဖန်မှု အကြီးအကျယ်ပေါ်ထွက်လာတာကြောင့် အဲဒီဝန်ကြီးနှစ်ဦးဟာ စနေနေ့မှာ နှုတ်ထွက်သွားခဲ့ပါတယ်။
    အာဆီဖာကို ကျူးလွန်သူတွေဟာ ဟိန္ဒူအစွန်းရောက်ဝါဒ လွှမ်းမိုးပြီး ဘာသာရေး မုန်းတီးမှုကို အခြေခံကာ ဒီလို ပြုမူဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တွေကို ကြောက်လန့်စေဖို့၊ ဒေသကနေ ထွက်ခွာသွားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
    BJP အစိုးရ အုပ်စိုးတဲ့ အူတာပရာဒက်ရှ်ပြည်နယ်မှာ BJP ပါတီဝင် လွှတ်တော်အမတ် အသက် ၅၀ အရွယ် ကူလ်ဒီပ် ဆင်း ဆန်ဂါဟာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ အဓမ္မကျင့်ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
    ဆန်ဂါရဲ့ ကိစ္စမှာလည်း ရဲတွေနဲ့ အစိုးရတာဝန်ရှိသူတွေက တစ်နှစ်နီးပါးကြာ ကာကွယ်ပေးခဲ့ကြပြီး ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ရဲ့အဖေဟာ အမှုဖွင့်ဖို့ကြိုးစားရင်း ဖမ်းဆီးခံခဲ့ရကာ ဆန်ဂါရဲ့ညီက အချုပ်ခန်းအတွင်း လာရောက်ရိုက်နှက်မှုကြောင့် ပြီးခဲ့တဲ့တစ်ပတ်မှာ သေဆုံးသွားခဲ့ပါတယ်။
    ကျူးလွန်ခံရတဲ့ မိန်းကလေးငယ်ဟာ လူမြင်ကွင်းမှာ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့တဲ့အတွက် လူတွေက ဒီကိစ္စကို အာရုံစိုက်လာကာ ဆန္ဒပြမှုတွေလုပ်ခဲ့တာကြောင့် နောက်ဆုံးမှာ ဆန်ဂါကို ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
    “မိန်းကလေးငယ်လေးတွေဟာ နေ့စဉ်လိုလို အဓမ္မကျင့်ခံနေရတယ်။ ဒီလိုဖြစ်နေတာကို ထောက်ခံပြီး မုဒိမ်းကောင်တွေကို လမ်းပေါ်ထွက် ကာကွယ်ပေးသူတွေလည်း ရှိနေပါတယ်။ ဒါဟာ ပုံစံအသစ်ဖြစ်ပြီး ကျွန်တော်တို့ ဒီကိစ္စကို သတိပေးဖို့ အချိန်ကျနေပါပြီ” လို့ နယူးဒေလီ ဆန္ဒပြမှုမှာ ပါဝင်ခဲ့သူ ဗဒ် အမ်ရီတာက ပြောကြားခဲ့ပါတယ်။
    နိုင်ငံမြောက်ပိုင်း ချန်ဒီဂါမြို့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ အိန္ဒိယ အဆိုတော်နဲ့ တေးရေးဆရာ ဗီရှာလ် ဒဒ်လာနီက “မုဒိမ်းကောင်တွေကို ကာကွယ်ပေးတဲ့သူတွေ အာဏာရနေသမျှ ဒါတွေက ဆက်ဖြစ်နေအုံးမှာပါ” လို့ ပြောကြားခဲ့ပါတ
    ယ်။
    အဓမ္မကျင့်မှုနဲ့ပတ်သက်ပြီး မြန်မြန်ဆန်ဆန် စစ်ဆေးပေးမယ့် တရားရုံးတွေ ဖွဲ့စည်းပေးဖို့လည်း သူက ဆော်သြခဲ့ပါတယ်။
    ဧပြီလ ၉ ရက်နေ့က ဂူဂျာရတ်ပြည်နယ် ဆူရတ်မြို့မှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သေဆုံးသူမှာ ဒဏ်ရာပေါင်း ၈၆ ချက်ကို တွေ့ရပြီး
    ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မဖော်ထုတ်နိုင်သေးဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။
    အိန္ဒိယမှာ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ အဓမ္မကျင့် သတ်ဖြတ်ခံရမှုဟာ ပုံမှန်လိုလိုဖြစ်နေပြီး အစိုးရက ပြုပြောင်းလဲမှုတစ်ချို့ ပြုလုပ်ထားပေမယ့် ဒီအဖြစ်အပျက်တွေ လျှော့ကျသွားတာမျိုး မရှိသေးပါဘူး။
    Ref: Aljazeera
  • ကလေးငယ်တစ်ဦးကို အဓမ္မကျင့်မှုဖြင့် ဟိန္ဒူအမျိုးသားရေး လွှတ်တော်အမတ်ကို အိန္ဒိယဖမ်းဆီး
    ကလေးငယ်တစ်ဦးကို အဓမ္မကျင့်မှုဖြင့် ဟိန္ဒူအမျိုးသားရေး လွှတ်တော်အမတ်ကို အိန္ဒိယဖမ်းဆီး
    ဧပြီ ၁၅၊ ၂၀၁၈
    M-Media
    အဓမ္မကျင့်သည်ဟု စွပ်စွဲခံရသည့် လွှတ်တော်အမတ် ဆန်ဂါ
    – လွန်ခဲသည့်တစ်နှစ်က ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲမှု၊ အဓမ္မကျင့်မှုတို့ဖြင့် အာဏာရပါတီ BJP မှ အမတ်တစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်ကြေငြာခဲ့သည်။
    အူတာပရာဒက်ရှ်ပြည်နယ် လွှတ်တော်အမတ် အသက် ၅၀ အရွယ် ကူလ် ဒီပ် ဆင်း ဆန်ဂါဆိုသူဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇွန်လတွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ၎င်းကမူ ထိုကိစ္စကို ငြင်းဆိုခဲ့ကာ နိုင်ငံရေးတိုက်ခိုက်မှုဖြစ်သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။
    ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ အိုပီ ဆင်းက ဆန်ဂါကို သောကြာနေ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းမှု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
    အဓမ္မကျင့်ခံရသည်ဆိုသည့် အမျိုးသမီးငယ်မှာ ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက အမှုဖွင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဖခင်ဖြစ်သူမှာ ဖမ်းဆီးခံခဲ့ရကာ ဆန်ဂါ၏ ညီဖြစ်သူက အချုပ်ထဲတွင် လာရောက်ရိုက်နှက်သောကြောင့် တနင်္လာနေ့တွင် သေဆုံးခဲ့သည်။
    မိန်းကလေးငယ်မှာ အမှုဖွင့်၍ မရသောကြောင့် ဧပြီလ ၈ ရက်နေ့တွင် လူမြင်ကွင်း၌ သေကြောင်းကြံစည်ခဲ့ပြီးသည့်နောက် ပြည်သူများမှာ ထိုကိစ္စအပေါ် အာရုံစိုက်လာကြပြီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
    ထို့နောက်တွင်မှ ရဲတပ်ဖွဲ့မှာ ဆန်ဂါအပေါ် အမှုဖွင့်ခဲ့ပြီး အဓမ္မကျင့်ခံရသည့် မိန်းကလေးငယ်၏ ပြောကြားချက်များမှာ ရှေ့နောက်မညီသောကြောင့် စောစောပိုင်းတွင် အမှုမဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ပြောကြားခဲ့သည်။
    လက်ရှိတွင် ထိုကိစ္စကို အိန္ဒိယ၏ ထိပ်တန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်သည့် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက ကိုင်တွယ်နေသည်။
    Ref : Aljazeera
  • ဟိန္ဒူအမျိုးသားရေးပါတီမှ အမတ်တစ်ဦး အဓမ္မကျင့်မှုကို ရဲက ကာကွယ်ေပးမှုအတွက် အိန္ဒိယပြည်သူများ ဆန္ဒပြ
    ဟိန္ဒူအမျိုးသားရေးပါတီမှ အမတ်တစ်ဦး အဓမ္မကျင့်မှုကို ရဲက ကာကွယ်ေပးမှုအတွက် အိန္ဒိယပြည်သူများ ဆန္ဒပြ
    ဧပြီ ၁၂၊ ၂၀၁၈
    M-Media
    အဓမ္မကျင့်သည်ဟု စွပ်စွဲခံရသည့် လွှတ်တော်အမတ်
    – အာဏာရ ဟိန္ဒူလက်ယာပါတီ BJP က လွှတ်တော်အမတ်တစ်ဦး အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မကျင့်တဲ့ကိစ္စမှာ အရေးယူမခံရဘဲ လွတ်မြောက်နေမှုအတွက် အိန္ဒိယပြည်သူလူထုက အကြီးအကျယ် ဆန္ဒပြခဲ့ပြီးတဲ့နောက် နိုင်ငံရဲ့ ထိပ်တန်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီကိစ္စကို ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။
    အူတာပရာဒက်ရှ်ပြည်နယ်က အသက် ၅၀ အရွယ် ကူဒီပ် ဆင်း ဆန်ဂါဆိုတဲ့ အဲဒီလွှတ်တော်အမတ်ရဲ့ ပြဿနာဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကဖြစ်ပြီး လူမသိစေဖို့အတွက် ရဲတပ်ဖွဲ့နဲ့ အစိုးရအဖွဲ့တွေက ဖုံးဖိခဲ့ကြတယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။
    အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်က ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ဒီကိစ္စ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ မိန်းကလေးရဲ့ အသက် ၅၅ နှစ်အရွယ် ဖခင်ဖြစ်သူဟာ အမှန်တရား ဖော်ထုတ်နိုင်ရေး ကြိုးပမ်းခဲ့ပေမယ့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး တနင်္လာနေ့က သေဆုံးသွားခဲ့ပါတယ်။
    ဒီကိစ္စမှာ ရဲတွေဟာ သံသယရှိသူ လွှတ်တော်အမတ်ကို ကာကွယ်ပေးခဲ့တယ်ဆိုတာ တွေ့မြင်ခဲ့ရပြီးတဲ့နောက် ပြည်သူလူထုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။
    လက်ရှိမှာ ဆင်းကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှ ကလေးငယ်များအား ကာကွယ်ပေးရေး အက်ဥပဒေအပါအ၀င် ပုဒ်မတော်တော်များများနဲ့ အမှုဖွင့်ထားပြီး အိန္ဒိယရဲ့ ထိပ်တန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်တဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
    ဆင်းဆန်ဂါကတော့ သူ့အပေါ် တရားစွဲဆိုမှုဟာ ဇာတ်နိမ့်တွေရဲ့ ပူးပေါင်းကြံစည်မှုဖြစ်တယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးငယ်ရဲ့ဖခင် သေဆုံးမှုဟာ ဆင်းဆန်ဂါရဲ့ ညီဖြစ်သူ အာတူလ်ဆင်း အချုပ်ထဲ လာရောက်ရိုက်နှက်မှုကြောင့် ဖြစ်တယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။
    မုဒိမ်းကောင်ကို ကာကွယ်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ရာထူးကနေ ရပ်ဆိုင်းခဲ့ပါတယ်။
    Ref: Aljazeera