News @ M-Media

Tag: India

  • ၂၀၁၅ ခုနှစ်တွင် အိန္ဒိယ၌ အဓမ္မပြုကျင့်မှု ၃ သောင်းကျော် ဖြစ်ပွား

    ၂၀၁၅ ခုနှစ်တွင် အိန္ဒိယ၌ အဓမ္မပြုကျင့်မှု ၃ သောင်းကျော် ဖြစ်ပွား

    စက်တင်ဘာ ၂၊ ၂၀၁၆
    M-Media

    india 5

    – ယမန်နှစ်က အိန္ဒိယတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုပေါင်းမှာ ၃၄၆၅၁ မှုရှိသည်ဟု အိန္ဒိယအမျိုးသာ ရာဇ၀တ်မှုမှတ်တမ်းတင်ရေးဗျူရို (NCRB) က ယခုတစ်ပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    မုဒိန်းမှု၏ သားကောင်ဖြစ်ခံရသည့် အမျိးသမီးများမှာ အသက် ၆ နှစ်ရှိ ကလေးငယ်များမှ အသက် ၆၀ အမျိုးသမီးကြီးများထိ ပါဝင်ပြီး၊ အသက် ၁၈ မှ အသက် ၃၀ အတွင်းအမျိုးသမီးများက အစော်ကားခံရမှု အများဆုံးဖြစ်ကာ စုစုပေါင်း အရေအတွက် ၁၇၀၀၀ နီးပါး ရှိနေသည်ဟု ဗျူရိုက ဆိုသည်။

    စာရင်းရရှိသည့် မုဒိန်းမှုပေါင်း ၃၄၆၅၁ မှုအနက် ၃၃၀၉၈ မှု သို့မဟုတ် ၉၅.၅ ရာခိုင်နှုန်းတွင် ကျူးလွန်သူများကို ကျူးလွန်ခံရသူများက သိရှိပြီး၊ ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် မုဒိန်းမှုပေါင်း ၃၆၇၃၅ မှုနှင့် နှိုင်းယှဉ်လျှင် မနှစ်က နိုင်ငံတစ်ဝှမ်း အဓမ္မပြုကျင့်ခံရမှု အရေအတွက်မှာ ကျဆင်းသွားခဲ့သည်။

    ယမန်နှစ်က မုဒိန်းကျင့်ရန် ကြိုးစားခဲ့သည့် ဖြစ်ရပ်များမှာလည်း ၄၄၃၇ မှုအထိ ရှိခဲ့သည်။

    သို့သော် လူ့အခွင့်အရေးလှုပ်ရှားသူများက အဆိုပါကိန်းဂဏန်းများမှာ အမှန်တကယ်ဖြစ်ပွားခဲ့သည့် အရေအတွက် အတိအကျကို ကိုယ်စားမပြုနိုင်ဘဲ၊ တိုင်ကြားမှုမရှိသည့် ဖြစ်ရပ်အများအပြားလည်း ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အိန္ဒိယ အမျိုးသမီးတိုးတက်ရေးပါတီမှ အတွင်းရေးမှူဖြစ်သူ ကာဗီတာ ခရစ်ရှ်နန်က ဗျူရိုမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များကို သတိဖြင့် ဆန်းစစ်ရမည်ဟု ပြောကြားခဲ့သည်။

    “မတိုင်ကြားတဲ့ မုဒိမ်းမှုတွေ အများကြီးရှိနေပါတယ်” ဟု ၎င်းက ဆိုပြီး ချစ်ကြိုက်သူနှင့် ခိုးရာလိုက်ပြေးမှုကို မုဒိမ်းမှုအဖြစ် မိဘများက တိုင်ကြားသည့် ဖြစ်စဉ်များလည်း ရှိနေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ပြဿနာရဲ့ အဓိကအချက်က ယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ဆုံးဖြတ်ခွင့်ကို ဆက်လက် ကန့်သတ်ထားတာပါပဲ”

    အိန္ဒိယတွင် တရားဥပဒေစိုးမိုးရေး အားနည်းမှုကြောင့် အဓမ္မပြုကျင့်မှုများမှာ အဖြစ်များပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက နယူးဒေလီမြို့ရှိ ဘတ်စ်ကားတစ်စီးပေါ်တွင် အမျိုးသမီးငယ်တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုမှာ ကမ္ဘာတစ်ဝှမ်း အာရုံစိုက်ခံခဲ့ရပြီး အိန္ဒိယအစိုးရအနေဖြင့် ထိုဖြစ်ရပ်များအား ထိထိရောက်ရောက် အရေးယူရန် ဖိအားပေးခြင်း ခံခဲ့ရသည်။

    Ref : Aljazeera

  • အိန္ဒိယဆယ်ကျော်သက် အမျိုးသမီးတစ်ဦး ၎င်း၏လျှာကို ဖြတ်၍ ကာလီမယ်တော်အား ပူဇော်

    အိန္ဒိယဆယ်ကျော်သက် အမျိုးသမီးတစ်ဦး ၎င်း၏လျှာကို ဖြတ်၍ ကာလီမယ်တော်အား ပူဇော်

    သြဂုတ် ၁၇၊ ၂၀၁၆
    M-Media

    india 3

    – အိန္ဒိယမှ အသက် ၁၉ နှစ်အရွယ် ကောလိပ်ကျောင်းသူတစ်ဦးမှာ ဟိန္ဒူနတ်ဘုရားမ ကာလီမယ်တော်ကို လှူဒါန်းပူဇော်သည့်အနေဖြင့် ၎င်း၏လျှာကို ဓားဖြင့်ဖြတ်ပစ်ခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုသမီးငယ်မှာ မဒ်ယာပရာဒက်ရှ်ပြည်နယ် TRS ကောလိပ်၌ တက်ရောက်နေသည့် အာတီဒူဘေးဆိုသူဖြစ်သည်။

    သူမကမူ ကာလီမယ်တော်က သူမဖြစ်ချင်သည့် ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးမည်ဖြစ်သောကြောင့် အလဲအလှယ်အနေဖြင့် သူမ၏လျှာကို တောင်းဆိုခဲ့သည်ဟု အိပ်မက်မြင်မက်ပြီး နောက်တစ်ရက်တွင် ယခုလို ပူဇော်ခဲ့ခြင်း ဖြစ်သည်ဟု သူမက ပြောကြားခဲ့သည်။

    သူမအကိုဖြစ်သူ ဆာချင်ဒူဘေးက ညီမဖြစ်သူမှာ ထိုအစီအစဉ်အား မိမိကို ပြောခဲ့သော်လည်း မိမိအနေဖြင့် ဟာသလုပ်သည်ဟုသာ မှတ်ယူခဲ့သည်ဟု ဆိုသည်။

    ထိုကဲ့သို့ဖြစ်ရပ်များမှာ အိန္ဒိယရှိ ပညာမတတ်သော အသိုင်းအ၀ိုင်းများတွင်သာ ဖြစ်ပေါ်လေ့ရှိပြီး ယခုအဖြစ်အပျက်အတွက် အာတီ၏ မိသားစုက တုန်လှုပ်ခြောက်ခြားနေသည်။

    “ဘုရားရှင်ကျေနပ်ဖို့ ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပေးလှူတယ်ဆိုတဲ့ စာမတတ်၊ အယူသည်းသမားတွေရဲ့ ဖြစ်ရပ်ကို ကျနော် ကြားဖူးပါတယ်၊ ဒါပေမယ့် ကျနော့်ရဲ့ ကောလိပ်ကျောင်းတက်နေတဲ့ ညီမကိုယ်တိုင်က ဒီလောက်အယူသည်းလိမ့်မယ်ဆိုတာကိုတော့ ဘယ်တုန်းကမှ မတွေးမိပါဘူး” ဟု ဆာချင်က ပြောကြားခဲ့သည်။

    အာတီဒူဘေးမှာ ရီဗာမြို့ရှိ ကာလီမယ်တော်ဘုရားကျောင်းတွင် သူမ၏ လျှာအား ဖြတ်ကာ လှူဒါန်းပူးဇော်ပြီးနောက် သတိလစ်ကာ လဲကျသွားခဲ့သည်။ သို့သော်လည်း ဟိန္ဒူဘုန်းကြီးတစ်ဦးနှင့် ဘုရားဖူးလာရောက်ကြသူများမှာ ဆရာဝန်ခေါ်ခြင်းမရှိဘဲ အာတီ၏ကိုယ်အား အ၀တ်ဖြင့်ထုတ်ကာ သူ့အတွက် ဆုတောင်းခဲ့ကြသည်။

    သူမမှာ ၅ နာရီကြာ သတိလစ်ခဲ့ပြီးနောက် ပြန်လည်သတိရလာသည့်အခါ ထိုကဲ့သို့ သတိလစ်ခြင်းမှာ ကာလီမယ်တော်က ကောင်းချီးပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    နောက်ပိုင်းတွင် ဆရာဝန်များနှင့် ရဲများ အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာကာ အာတီ၏ အခြေအနေကို စစ်ဆေးခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ်ကလည်း ခရစ်ကတ်ပရိတ်သတ်တစ်ဦးမှာ ခရစ်ကတ်ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ်တွင် အိန္ဒိယအသင်းက သြစတေးလျအသင်းအား အနိုင်ရရှိစေရန် ရည်စူး၏ ၎င်း၏လျှာကို ဖြတ်ကာ နတ်ဘုရားများအား လှူဒါန်းခဲ့သော်လည်း အိန္ဒိယမှာ ရှုံးနိမ့်သွားခဲ့သည်။

    Ref : RT

  • အိန္ဒိယ၏ သံမဏိအမျိုးသမီး ၁၆ နှစ်ကြာ အစာငတ်ခံဆန္ဒပြမှုကို အဆုံးသတ်

    အိန္ဒိယ၏ သံမဏိအမျိုးသမီး ၁၆ နှစ်ကြာ အစာငတ်ခံဆန္ဒပြမှုကို အဆုံးသတ်

    သြဂုတ် ၁၁၊ ၂၀၁၆
    M-Media

    india

    – အိန္ဒိယ၏ လူ့အခွင့်အရေး ဗိသုကာများအနက်မှ ကျော်ကြားသူတစ်ဦးဖြစ်သော အိုင်းရွန်း ရှာမီလာမှာ ၁၆ နှစ်ကြာ အစာငတ်ခံ ဆန္ဒပြခြင်းကို အင်္ဂါနေ့က အဆုံးသတ်ခဲ့သည်ဟု သိရသည်။

    အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များကို အာဏာအလွဲသုံးစား ပြုလုပ်ခွင့်ရှိစေမည့် အငြင်းပွားဖွယ်ရာ ‘လက်နက်ကိုင်တပ်ဖွဲ့များ အထူးအာဏာဆိုင်ရာအက်ဥပဒေ’ (AFSPA) ပြဌာန်းခဲ့မှုအပေါ် သူမက ဆန့်ကျင်ကာ ၂၀၀၀ ခုနှစ်ကတည်းက အစာငတ်ခံဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ပလက်စတစ်ပြွန်တစ်ခုဖြင့်သာ အစာကျွေးခဲ့ရသည်။

    ‘မဏိပူရ၏ သံမဏိအမျိုးသမီး’ ဟု ထင်ရှားသည့် ရှာမီလာမှာ သူမ၏ ဇာတိမြို့ အင်ဖာတွင် အင်္ဂါနေ့က သတင်းထောက်များရှေ့၌ ပျားရည်သောက်သုံးပြခြင်းဖြင့် ဆန္ဒပြမှုကို အဆုံးသတ်ခဲ့သည်။

    “အဲ့ဒါကို ပြောင်းလဲနိုင်တဲ့ စွမ်းအား ကျွန်မ လိုချင်ပါတယ်၊ ကျွန်မ မဏိပူရပြည်နယ် ၀န်ကြီးချုပ် ဖြစ်ချင်ပါတယ်” ဟု အသက် ၄၄ နှစ်အရွယ် ရှိပြီဖြစ်သည့် ရှာမီလာက သတင်းထောက်များအား ပြောကြားခဲ့ပြီး သူမ၏ဆန္ဒပြည့်ဝရန် ၂၀၁၇ အစောပိုင်းတွင် ပြုလုပ်ရန်ရှိနေသည့် ပြည်နယ်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုသည်။

    AFSPA အက်ဥပဒေမှာ နိုင်ငံအရှေ့မြောက်ပိုင်း ဒေသကဲ့သို့သော မတည်မငြိမ်ဖြစ်နေသည့် သေတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အထူးလုပ်ပိုင်ခွင့်များပေးထားသည့် ဥပဒေဖြစ်ပြီး ရှာမီလာကမူ ထိုဥပဒေကို တိုက်ဖျက်ရန်အတွက် သူမ၏ အစာငတ်ခံ ဆန္ဒပြမှုက အရာရောက်မည်ဟု မယုံကြည်တော့ ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကလည်း ထိုဥပဒေရုပ်သိမ်းရန်အတွက် အိန္ဒိယအစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှု စတင်သင့်သည်ဟုလည်း အကြံပြုခဲ့ကြသည်။

    Ref : IINA

  • အိန္ဒိယရှိ အာသံပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်၊ လူ ၁၂ ဦး သေဆုံး

    အိန္ဒိယရှိ အာသံပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်၊ လူ ၁၂ ဦး သေဆုံး

    သြဂုတ် ၅၊ ၂၀၁၆
    M-Media

    assam

    – အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ မြို့တစ်ခုမှ လူစည်ကားရာဈေးအတွင်း လက်နက်ကိုင်အမျိုးသားတစ်စုက ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ကိုကရာဂျာမြို့တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမားတစ်ဦးမှာ သေဆုံးခဲ့သည်ဟု ဆိုသည်။ ဒေသတွင်းမီဒီယာများကမူ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၂၀ ဦးရှိကာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း သေဆုံးသူအရေအတွက်မှာ တိုးလာနိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

    ပြည်နယ်လုံခြုံရေးတာဝန်ရှိသူများကမူ သေနတ်သမားမှာ ၃ ဦး သို့မဟုတ် ၄ ဦး ရှိသည်ဟု ဆိုသည်။ အာသံပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရလိုသည့် သို့မဟုတ် ခွဲထွက်လိုသည့် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ယခင်ကလည်း ထိုကဲ့သို့ သွေးထွက်သံယိုမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။

    ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမှ တာဝန်မယူသေးဘဲ၊ လွန်ခဲ့သည့် ၃ ရက်ကမူ ရဲတပ်ဖွဲ့မှာ ထိုမြို့တွင် NDBF လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့အဖွဲ့က တိုက်ခိုက်မှု၏နောက်ကွယ်တွင် ရှိသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

    NDFB မှာ အာသံပြည်နယ်ရှိ ဘိုဒိုလူမျိုးများအတွက် သီးခြားပြည်နယ်တစ်ခု ရရှိရန် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

    Ref: Aljazeera

  • အိန္ဒိယစစ်တပ်မှ လေယာဉ်တစ်စင်း ဘင်္ဂလားပင်လယ်အော်တွင် ပျောက်ဆုံး

    အိန္ဒိယစစ်တပ်မှ လေယာဉ်တစ်စင်း ဘင်္ဂလားပင်လယ်အော်တွင် ပျောက်ဆုံး

    ဇူလိုင် ၂၂၊ ၂၀၁၆
    M-Media

    india 2

    – ခရီးသည် ၂၉ ဦးကို တင်ဆောင်လာသည့် မိမိတို့ လေယာဉ်တစ်စင်းမှာ ဘင်္ဂလားပင်လယ်အော်အပေါ်တွင် ယနေ့မနက်ပိုင်းက ပျောက်ဆုံးသွားခဲ့ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု အိန္ဒိယစစ်တပ်က ပြောကြားလိုက်သည်။

    AN-32 သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်ပြီး နိုင်ငံတောင်ပိုင်း ချန်နိုင်းမြို့မှ ကမ်းရိုးတမ်းမြို့ ပေါ့ဘလဲသို့ ပျံသန်းစဉ် အဆက်သွယ်ပြတ်တောက်သွားခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက Twitter မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

    စစ်သား ၂၃ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါသွားသော အဆိုပါလေယာဉ်အား နောက်ဆုံးအဆက်အသွယ် ရရှိမှုမှာ ဒေသစံတော်ချိန် ၈ နာရီခွဲ ချန်နိုင်းလေဆိပ်မှ ပျံတက်ပြီးနောက် ၁၅ မိနစ်အကြာတွင်ဖြစ်သည်။ လက်ရှိတွင် မည်သည့်သဲလွတ်စမှ မရသေးဘဲ အိန္ဒိယမီဒီယာကမူ အဆိုပါ လေယာဉ်အမျိုးအစားမှာ ဆီမဖြည့်ဘဲ ၄ နာရီကြာ ပျံသန်းနိုင်သည်ဟု ဖော်ပြခဲ့ကြသည်။

    အိန္ဒိယလေတပ်မှာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အားနည်းပြီး ၁၉၉၉ ခုနှစ်က နယူးဒေလီလေဆိပ်အနီးတွင် လူ ၂၀ လိုက်ပါသွားသော လေယာစဉ်တစ်စင်းပျက်ကျကာ မြေပြင်ရှိ အရပ်သား ၃ ဦးပါ မီးလောင်သေဆုံးမှုမှာ နိုင်ငံအတွင်း အဆိုးဝါးဆုံး လေယာဉ်ပျက်ကျမှုမှ တစ်ခုဖြစ်သည်။

    ၂၀၁၃ ခုနှစ်ကလည်း နိုင်ငံမြောက်ပိုင်းတွင် စစ်တပ်မှ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ လူ ၂၀ လုံး သေဆုံးခဲ့သည်။

    Ref: Press TV