News @ M-Media

Tag: India

  • အိန္ဒိယတွင် ဇာတ်မြင့်အမျိုးသမီးကိုယူသည့် ဇာတ်နိမ့်အမျိုးသား၏ အမနှင့် ညီမကို မုဒိမ်းကျင့်ရန် ကျေးရွာကောင်စီက အမိန့်ပေး

    အိန္ဒိယတွင် ဇာတ်မြင့်အမျိုးသမီးကိုယူသည့် ဇာတ်နိမ့်အမျိုးသား၏ အမနှင့် ညီမကို မုဒိမ်းကျင့်ရန် ကျေးရွာကောင်စီက အမိန့်ပေး

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံတွင် ဇာတ်နိမ့်အမျိုးသားတစ်ဦးက အိမ်ထောင်ရှိ ဇာတ်မြင့်အမျိုးသမီးတစ်ဦးကို ခိုးပြေးသွားသောကြောင့် ကျေးရွာကောင်စီက ထိုအမျိုးသား၏ အစ်မနှင့် ညီမနှစ်ဦးအား မုဒိမ်းကျင့်ရန်နှင့် ၀တ်လစ်စလစ်ဖြင့် ရွာတစ်ပတ်လျှောက်သွားရန် အမိန့်ချခဲ့သည်ဟု သိရသည်။

    အူတာပရာဒက်ရှ်ပြည်နယ်ရှိ ဘာဂ်ပတ်ရွာတွင် ဇူလိုင် ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွေးကောက် တင်မြှောက်ထားခြင်းမရှိဘဲ အမျိုးသားများသာ ပါဝင်သည့် ကျေးရွာကောင်စီက ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ခိုးပြေးသွားသော အမျိုးသားမှာ ဇာတ်နိမ့် ဒါလစ် မျိုးနွယ်မှဖြစ်ပြီး ထိုကျေးရွာတွင် နေထိုင်သူအများစုမှာ ဂျတ် မျိုးနွယ်များဖြစ်ကာ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများမှာ အသက် ၂၃ နှစ်နှင့်
    အသက် ၁၅ နှစ်အရွယ်သာ ရှိသေးသည်။

    ဒါလစ်ဇာတ်နိမ့်မျိုးနွယ်မှဖြစ်သော အဆိုပါ ညီအမနှစ်ဦးနှင့် ၎င်းတို့၏ မိသားစုများမှာ ထိုအဖြစ်အပျက်ပြီးကတည်းက ရွာမှထွက်ပြေးကာ နယူးဒေလီတွင် ပုန်းအောင်းနေကြသည်။

    ယခုလအစောပိုင်းတွင် ၎င်းတို့ညီအမနှစ်ဦးထဲမှ အကြီးဖြစ်သူမှာ အိန္ဒိယတရားရုံးချုပ်သို့ အသနားခံစာတစ်စောင် တင်သွင်းခဲ့ပြီး နေအိမ်သို့ ပြန်နိုင်ရေးအတွက် ကာကွယ်မှုပေးရန် တောင်းဆိုခဲ့သည်။ အဆိုပါ အသနားခံစာကို စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ဖြေကြားရန်အတွက် သြဂုတ်လ ၁၈ ရက်နေ့တွင် တရားရုံးချုပ်က အူတာပရာဒက်ရှ် အာဏာပိုင်များအား အမိန့်ပေးခဲ့သည်။

    “ကျွန်တော်တို့ တရားရုံးချုပ်ကို တက်ပြီးတဲ့နောက်ပိုင်းမှာ ရွာသားတွေက ပိုပြီး ရန်လိုလာပါတယ်။ ကျေးရွာကောင်စီမှာ ဂျတ် လူမျိုးတွေရဲ့ဆုံးဖြတ်ချက်က အတည်ပါပဲ။ ကျွန်တော်တို့စကားကို သူတို့ နားမထောင်ပါဘူး။ ရဲကလည်း ကျွန်တော်တို့ပြောတာကို လက်မခံပါဘူး။ ဘယ်သူမဆို အခုအချိန်မှာ အသတ် ခံရနိုင်တယ်လို့ ရဲက ပြောခဲ့ပါတယ်” ဟု ထိုအမျိုးသမီးနှစ်ဦး၏ အစ်ကိုဖြစ်သူကAmnesty သို့ ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International အဖွဲ့ကမူ မုဒိမ်းကျင့်ခံရသည့် ညီအမနှစ်ဦး၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသေအချာဆောင်ရွက်ပေးရန် အိန္ဒိယအာဏာပိုင်များသို့ တောင်းဆိုခဲ့သည်။ ထို့ပြင် ထိုကိစ္စအတွက် အရေးယူပေးရန် အစိုးရအား တောင်းဆိုသည့် စာတစ်စောင်ကို ရေးသားခဲ့ပြီး ထိုစာတွင် လက်မှတ်ရေးထိုးသူမှာ ၉ သောင်းကျော် ရှိပြီဖြစ်သည်။

    Hindustan Times သတင်းစာကမူ ခိုးပြေးသွားသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသားနှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတို့မှာ လွန်ခဲ့သည့် ၃ နှစ်ကတည်းက ချစ်ကြိုက်နေကြခြင်း ဖြစ်သော်လည်း အမျိုးသမီး၏ မိဘများက ၎င်း၏ ဆန္ဒကို လွန်ဆန်ကာ ဂျတ်မျိုးနွယ်မှ အမျိုးသားတစ်ဦးနှင့် လက်ထပ်ပေးခဲ့သည်။

    လက်ထပ်ပြီး ၁ လခန့်အကြာတွင် ထိုအမျိုးသမီးမှာ ရည်းစားဟောင်းဖြစ်သော ဇာတ်နိမ့်အမျိုးသားနှင့် ခိုးရာလိုက်ခဲ့ပြီး မိသားစုများ နှိပ်စက်ခံရမှုကြောင့် ပြန်လည်အပ်နှံခဲ့ရသည်။ ထို့နောက် ထိုအမျိုးသားကို ဆေးမှုဖြင့် စွပ်စွဲကာ ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ပြီး ယခုအချိန်အထိ အချုပ်ထဲတွင် ရှိနေသည်။

    မုဒိမ်းကျင့်ခံခဲ့ရသည့် အမျိုးသမီး ၂ ဦး၏ ဖခင်ဖြစ်သူကလည်း အမျိုးသားလူ့အခွင့်အရေးကောင်စီနှင့် ဇာနိမ့်များရေးရာ အမျိုးသားကော်မရှင်သို့ ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ တိုင်ကြားမှု ပြုလုပ်ထားပြီး ရဲတပ်ဖွဲ့နှင့် လူများစု ဂျတ် ဇာတ်မြင့်များမှာ မိမိတို့အား အရှက်တကွဲအကျိုးနည်းအောင် ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။

    အိန္ဒိယပြည်နယ်များရှိ ရွာအများအပြားတွက် ခက်ပ် ပန်ချာယက်စ်ဟုခေါ်သည့် ကျေးရွာကောင်စီမှာ နာမည်ဆိုးဖြင့် ကျော်ကြားပြီး တရားဝင် ပြစ်ဒဏ်ချမှတ်ခွင့်မရှိသော်လည်း လူမှုရေးရာကိစ္စရပ်များအတွက် ၎င်းတို့က စီရင်ဆုံးဖြတ်နေကြသည်။

    ထို့ပြင် ထိုကောင်စီများက သတ်မှတ်ထားသည့် ဇာတ်နှင့် ယဉ်ကျေးမှုကန့်သတ်ချက်များအား ဖောက်ဖျက်မှုအတွက် “မြင့်မြတ်သော သတ်ဖြတ်ခြင်း” ဟု ဆိုကာ အမျိုးသားငယ်များနှင့် အမျိုးသမီးငယ်များအား သတ်ဖြတ်လျက်ရှိကြသည်။

    Ref: Aljazeera

  • အိန္ဒိယဇာတ်နိမ့်များ၏ ဆန္ဒပြမှု လူသေဆုံးမှုရှိလာ

    အိန္ဒိယဇာတ်နိမ့်များ၏ ဆန္ဒပြမှု လူသေဆုံးမှုရှိလာ

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    india

    – ဂူဂျာရတ်ပြည်နယ်တွင် ဇာတ်နိမ့်များအား ခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး လူသေဆုံးမှုများ ရှိလာပြီးနောက် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အိန္ဒိအစိုးရက စစ်သား ထောင်နှင့်ချီ၍ ချထားလိုက်သည်ဟု သိရသည်။

    အင်္ဂါနေ့က ပြည်နယ်မြို့တော် အဟ်မဒ်ဒါဘတ်တွင် စတင်ခဲ့သည့် ပါတဲလ်ဇာတ်နိမ့်များ၏ အဆိုပါဆန္ဒပြမှုမှာ အသက် ၂၂ နှစ်အရွယ် ၎င်းတို့၏ခေါင်းဆောင်ကို အစိုးရက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာခဲ့ပြီး ကားများနှင့် ရဲစခန်းများ မီးရှို့သည်အထိ ဖြစ်လာခဲ့သည်။

    ရဲ့တပ်ဖွဲ့အကြီးအကဲ ပီပီပန်ဒီကမူ လူပေါင်း ၅ သိန်းခန့် ဆန္ဒပြရာ အဓိကမြို့ဖြစ်သည့် အဟ်မဒ်ဒါဘတ်တွင် လူ ၃ ဦးသေဆုံးခဲ့သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဆန္ဒပြသူများ၏ တိုက်ခိုက်မှုများမှာ ပြည်နယ်အတွင်းရှိ အခြားမြို့များတွင်ပါ ဖြစ်ပွားလာခဲ့ပြီး ဘာနက်စ်ကန်သာခရိုင်တွင် ယမန်နေ့မနက်ပိုင်းက ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ပစ်ခတ်ရာတွင် လူ ၂ ဦးသေဆုံးခဲ့ကာ၊ မဲဟ်ဆာနာ ခရိုင်တွင် တစ်ဦး သေဆုံးခဲ့သည်။

    သတ္တမမြောက်သေဆုံးသူမှာ ရဲတပ်သားတစ်ဦးဖြစ်ပြီး လူအုပ်ကြီး၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကာ ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါဆန္ဒပြမှုကြောင့် ယမန်နေ့တွင် ပြည်နယ်အစိုးရက ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ပြီး၊ ယနေ့တွင် စစ်သားထောင်ပေါင်းများစွာကို ချထားခဲ့ခြင်းဖြစ်သည်။

    သမ္မတမိုဒီကမူ အကြမ်းဖက်မှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့သည်။

    “အကြမ်းဖက်တာဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး ပြဿနာတွေအားလုံးကို ဆွေးနွေးမှုတွေကနေ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပါတယ်” ဟု မိုဒီက ပြောကြားခဲ့သည်။

    အိန္ဒိယမှာ ဒါလစ်ဟုခေါ်သည့် ထိတွေ့ကိုင်တွယ်ခွင့်မရှိသော မျိုးနွယ်များနှင့် အခြားသော ဇာတ်နိမ့်မျိုးနွယ်များအတွက် အစိုးရအလုပ်အကိုင်နှင့် တက္ကသိုလ်ဝင်ခွင့်များကို အချိုးတစ်ခုဖြင့်သာ သတ်မှတ်ပေးထားသည်။

    ဂူဂျာရတ်ပြည်နယ်ရှိ ၆၃ သန်းသော လူဦးရေတွင် ပါတဲလ်လူမျိုးများမှာ ၂၀ ရာခိုင်နှုန်း ရှိပြီး၊ ၎င်းတို့ကမူ အခြားဇာတ်မြင့်များနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ယှဉ်ပြိုင်ရန် ရုန်းကန်နေရသည်ဟု ပြောကြားခဲ့သည်။

    ပါတဲလ်များ၏ အဆိုပါဆန္ဒပြမှုမှာ ဇူလိုင် ၆ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး တစ်ဖြည်းဖြည်းဖြင့် ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ခွဲခြားခံရမှုအတွက် ဟိန္ဒူဇာတ်နိမ့်များ ဆန္ဒပြသော ဂူဂျာရတ်တွင် ကာဖျူးအမိန့်ထုတ်

    ခွဲခြားခံရမှုအတွက် ဟိန္ဒူဇာတ်နိမ့်များ ဆန္ဒပြသော ဂူဂျာရတ်တွင် ကာဖျူးအမိန့်ထုတ်

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    inida

    – ဟိန္ဒူဇာတ်နိမ့်များအား အစိုးရအလုပ်အကိုင်များနှင့် တက္ကသိုလ်ကောလိပ်များတွင် ခွဲခြားမှုကို မကျေနပ်၍ ဂူဂျာရတ်ပြည်နယ်တွင် ပါတဲလ် ဇာတ်နိမ့်များ ဆန္ဒပြမှုအတွင်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပြီးနောက် အိန္ဒိယအစိုးရက စစ်တပ်များချထားလိုက်ကာ ကာဖျူးအမိန့် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    သိန်းနှင့်ချီသော ပါတဲလ် ဇာတ်နိမ့်များမှာ ပြည်နယ်မြို့တော် အဟ်မဒ်ဒါဘတ်တွင် အင်္ဂါနေ့ကတည်းက ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့ခေါင်းဆောင် ဟာဒစ်ပါတဲလ်ကို အိန္ဒိယအစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ကားများ၊ ဘတ်စ်များနှင့် ရဲစခန်းများအား မီးရှို့ခဲ့ကြသည်။

    ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲဖြင့် တိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ဒါဇင်အနည်းငယ် ဒဏ်ရာရရှိခဲ့ဟု ဂူဂျာရတ် ရဲတပ်ဖွဲ့အကြီးအကဲ ပီစီ သာကူရ်က ပြောကြားခဲ့သည်။ ထို့ကြောင့် အဟ်မဒ်ဒါဘတ်မြို့နှင့် ပြည်နယ်အနောက်ပိုင်းရှိ အခြား မြို့ ၄ မြို့တွင် စစ်တပ်များကို ယမန်နေ့က ချထားလိုက်ကာ ကာဖျူးအမိန့် ထုတ်ပြန်လိုက်သည်။

    “အင်္ဂါနေ့နှောင်းပိုင်းကစလို့ ပြည်နယ်ရဲ့ မြို့တွေမှာ ပါတီဒါရ် (ပါတဲလ်) လူမျိုးတွေက မီးရှို့မှုကြီးတွေ၊ အဓိကရုန်းတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ကာဖျူးအမိန့်ကို ထုတ်ပြန်လိုက်တာပါ။ ရဲကားတွေကို ကျောက်ခဲတွေနဲ့ထုတာတွေ၊ အွန်ဂျာဟ်နဲ့ ကာလိုမြို့နယ်တွေမှာ ရဲစခန်းတွေကို မီးရှို့တာတွေလည်း ရှိခဲ့ပါတယ်” ဟု သာကူရ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ပါတဲလ်လူမျိုးများ၏ ခေါင်းဆောင် ဟာဒစ်က်ပါတဲလ်မှာ အင်္ဂါနေ့တွင်ပင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာပြီး နောက်လိုက်များအား တည်တည်ငြိမ်ငြိမ်ရှိကြရန် ပြောကြားခဲ့သော်လည်း ဗုဒ္ဓဟူးနေ့တွင် ထပ်မံ၍ ဆန္ဒပြရန် တိုက်တွန်းခဲ့သည်။

    မြို့ ၅ မြို့၌ ပါတဲလ်များ၏ ဆန္ဒပြမှုအတွင်း ဘတ်စ်ကားအစီးရေ ၁၀၀ ခန့်မှာ မီးရှို့ဖျက်ဆီးခံရပြီး တိုက်ခိုက်မှုများကြောင့် အဆောက်အဦး ပျက်ဆီးမှုများလည်း ရှိခဲ့သည်။

    ဆန္ဒပြပွဲသို့ ပါတဲလ်ဇာတ်နိမ့် ၅ သိန်းခန့် တက်ရောက်ခဲ့ကြပြီး ၎င်းတို့အား မျှမျှတတ ဆက်ဆံရန် တိုက်တွန်းခဲ့ကြသည်။ ဂူဂျာရတ် ၀န်ကြီးချုပ် အမျိုးသမီး အနန်ဒီဘန် ပါတဲလ်ကမူ ၎င်း၏ လူ့အဖွဲ့အစည်းအား ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့သည်။

    အိန္ဒိယမှာ ဒါလစ်ဟုခေါ်သည့် ထိတွေ့ကိုင်တွယ်ခွင့်မရှိသော မျိုးနွယ်များနှင့် အခြားသော ဇာတ်နိမ့်မျိုးနွယ်များအတွက် အစိုးရအလုပ်အကိုင်နှင့် တက္ကသိုလ်ဝင်ခွင့်များကို အချိုးတစ်ခုဖြင့်သာ သတ်မှတ်ပေးထားသည်။

    အနန်ဒီဘဲလ်ကမူ ပြည်နယ်အစိုးရမှာ ဇာတ်နိမ့်များအတွက် အစိုးရအလုပ်အကိုင် ၅၀ ရာခိုင်နှုန်းနှင့် ကျောင်းဝင်ခွင့် ၅၀ ရာခိုင်နှုန်းသာ ခန့်ထားရန် အိန္ဒိယတရားရုံးချုပ်က သတ်မှတ်ပေးထားသောကြောင့် ပါတဲလ်ဇာတ်နိမ့်များ၏ တောင်းဆိုမှုကို လိုက်လျောရန်မှာ မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

    ဂူဂျာရတ်ပြည်နယ်ရှိ ၆၃ သန်းသော လူဦးရေတွင် ပါတဲလ်လူမျိုးများမှာ ၂၀ ရာခိုင်နှုန်း ရှိပြီး၊ ၎င်းတို့ကမူ အခြားဇာတ်မြင့်များနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ယှဉ်ပြိုင်ရန် ရုန်းကန်နေရသည်ဟု ပြောကြားခဲ့သည်။

    ပါတဲလ်များ၏ အဆိုပါဆန္ဒပြမှုမှာ ဇူလိုင် ၆ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး တစ်ဖြည်းဖြည်းဖြင့် ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဟိန္ဒူ  အမျိုးသားရေးဝါဒက အိန္ဒိယရှိ လူနည်းစုများ အတွက် အန္တရာယ်ဖြစ်လာပြီလား?

    ဟိန္ဒူ အမျိုးသားရေးဝါဒက အိန္ဒိယရှိ လူနည်းစုများ အတွက် အန္တရာယ်ဖြစ်လာပြီလား?

    သြဂုတ် ၁၈ ၊ ၂၀၁၅
    M-Media
    _83814485_father-anthony-976
    – အိန္ဒိယတွင် နရန်ဒရာမိုဒီ၏ လက်ယာယိမ်း ဟိန္ဒူအမျိုးသားရေးပါတီ BJP က အာဏာရယူပြီးနောက် တစ်နှစ်ကျော်ခန့်အကြာတွင် ဘာသာရေးအရ လှုံ့ဆော်သည့် အကြမ်းဖက်မှု မြင့်တက်လာနိုင်သည်ဆိုသော ကြောက်ရွံ့မှုများလည်း ရှိလာခဲ့သည်။ BJP က လူနည်းစုများအပေါ် သည်းမခံသည့် ယဉ်ကျေးမှုကို ပေါက်ဖွားစေခဲ့သည်ဟု အချို့က ဆိုကြသည်။ ဟိန္ဒူများပင်လျှင် ပွင့်ပွင့်လင်းလင်းပြောကြားရန်အတွက် ကြောက်ရွံ့လာကြသည်။

    ခရစ္စမတ်မတိုင်ခင်လေးကပင် ဒေလီရှိ စိန့်စီဘက်စတီယန် ခရစ်ယာန်ဘုရားကျောင်းမှာ မီးရှို့ခံခဲ့ရသည်။ ထိုဘုရားကျောင်းမှာ ပြီးခဲ့သည့်နှစ်က မြို့တော်ဒေလီအတွင်း တိုက်ခိုက်ခံခဲ့ရသည့် ခရစ်ယာန်ဘုရားကျောင်း ၅ ခုမှ တစ်ခုလည်းဖြစ်လေသည်။

    ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဖာသာ အန်တိုနီ ဖရန်စစ်က မီးလောင်မှုမှာ လျှပ်စစ်ရှော့ဖြစ်ခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ဆိုသော ရဲတပ်ဖွဲ့၏ အဆိုကို ယုံကြည်ခြင်းမရှိခဲ့။ ပျက်ဆီးနေသော ဘုရားကျောင်းအတွင်းရှိ ရေအိုင်လေးများတွင် ဆီဝေ့ဝေ့ကို ဖာသာက ပြနိုင်မှ ရဲတပ်ဖွဲ့က မီးရှို့မှုဖြင့် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့သည်။

    သို့သော် ထိုကိစ္စအတွက်သော်လည်းကောင်း အခြား ဘုရားကျောင်း ၄ ခုနှင့် ဆက်စပ်၍သော်လည်းကောင်း မည်သူတစ်ဦးတစ်ယောက်ကိုမှ မဖမ်းဆီးနိုင်ခဲ့။

    စိန့်စီဘက်စတီယန်ဘုရားကျောင်းမှ ၀တ်ပြုသူများကတော့ အနီးအနားရှိ မပြီးဆုံးသေးသော ဇရပ်တွင် ပလက်စတစ်မိုးကာ ၀တ်ပြုဆုတောင်းနေကြရသည်။

    အိန္ဒိယရှိ မွတ်စလင်လူနည်းစုများမှာလည်း ဖိအားများအောက်ကို ရောက်ရှိနေသည်။

    ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲနီးလာသည့်လများတွင် ဒေလီမြို့မြောက်ဘက် ၆၂ မိုင်အကွာရှိ မူဇာဖာနဂါမြို့လေးတွင် မွတ်စလင်နှင့် ဟိန္ဒိုများအကြား အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး လူ ၆၀ ကျော် သေဆုံးခဲ့လေသည်။

    ထိုအချိန်မှစ၍ ထိုကဲ့သို့ကြီးမားသော ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း ပဋိပက္ခအငယ်စားများကတော့ ပုံမှန်လိုလိုဖြစ်နေသည်။

    “အဲဒီ ပဋိပက္ခတွေလိုပါပဲ။ အခုအချိန်မှာ ရွာတွေထဲက ဟိန္ဒူတွေဟာ မွတ်စလင်တွေကို ရွာပြင်မောင်းထုတ်ဖို့ ကြိုးစားနေကြတယ်။ တိုက်ခိုက်မှုတွေ ထပ်ခါထပ်ခါလုပ်ပြီး ကြောက်ရွံ့မှုဝန်းကျင်ကို ဖန်တီးခဲ့ကြတယ်” ဟု မိုဟာမက် ဂျမ်ရှက်ဒ်က ပြောကြားခဲ့သည်။ ၎င်း၏ ယောက်ဖဖြစ်သူ ဒီန်းမိုဟာမက်မှာ မူဇာဖာနဂါမြို့နှင့် သိပ်မဝေးသည့် တိတ်ဆိတ်ငြိမ်သက်သော ကိုင်ရာနာမြို့လေးတွင် ပြီးခဲ့သည့်မေလက ကိုယ်တစ်ပိုင်းသေခဲ့သည်။

    မွတ်စလင်များပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေး ရဲတပ်ဖွဲ့က ဆောင်ရွက်ရန် တောင်းဆိုသည့် ဆန္ဒပြမှုကို ပြုလုပ်စဉ် ခါးသီးဖွယ်ကောင်းသည့် ထိုအလှည့်အပြောင်းက ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော် ရပ်ကြည့်ခဲ့ပြီး ရဲကားထဲကပစ်လိုက်တဲ့ ကျည်ဆံတစ်တောင့် မှန်ခဲ့ပါတယ်။ ကျွန်တော် ထုံထိုင်းသွားပြီး လမ်းအနည်းငယ်လျှောက်ပြီးတဲ့နောက် ပစ်လဲကျသွားပါတယ်။ အဲဒီနောက်မှာတော့ သွေးအန်တော့တာပါပဲ” ဟု အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒီန်းမိုဟာမက်က ပြောကြားခဲ့သည်။

    ဘယ်သောအခါမှ လမ်းပြန်မလျှောက်နိုင်မည်ကိုလည်း သူက စိုးရိမ်နေသည်။

    ရဲတပ်ဖွဲ့ကတော့ မိုဟာမက်၏ ကိုယ်ထဲမှရရှိသည့် ကျည်ဆံမှာ ၎င်းတို့သုံးသည့် အမျိုးအစားမဟုတ်ဟု ပြောသည်။ သို့သော်လည်း ရဲတပ်ဖွဲ့ဝင်များမှာ ထိုနေ့က အင်အားအလွန်အကျွံသုံးခဲ့သည်ဆိုသော တိုင်ကြားချက်များကိုတော့ စုံစမ်းစစ်ဆေးနေလေသည်။

    ပြီးခဲ့သည့်လကလည်း အနီးအနားရှိ ရှမ်လီရွာမှ မွတ်စလင်အလုပ်သမားတစ်ဦးမှာ ဒေလီမှ ရထားဖြင့် အိမ်ပြန်လာစဉ် ဟိန္ဒိုအမျိုးသား ၁၀ ဦးအဖွဲ့က တုတ်များဖြင့် ညို့သကျည်းကို ရိုက်နှက်ခဲ့ပြီး ငွေများကိုလုကာ မုတ်ဆိတ်ကိုလည်း ဆွဲနှုတ်ပစ်ခဲ့သည်။

    “ရဲကတော့ တိုင်ချက်လက်ခံတာကလွဲလို့ ဘာမှကိုမလုပ်ပါဘူး။ အခုဆို ကျွန်တော်တို့အပြင်ထွက်ရင် ဒါမျိုး ထပ်ဖြစ်မလားဆိုပြီး ကြောက်နေရပါတယ်“ ဟု အသက် ၂၆ နှစ်အရွယ်ရှိပြီး ဖိုင်ဇန်ဟုသာ အမည်ပြောသည့် ၎င်းက ဆိုသည်။

    ထိုကဲ့သို့သောဇာတ်လမ်းများကို များသောအားဖြင့် မီဒီယာများက ဂရုမစိုက်ကြ။ လူနည်းစုများနှင့်ပတ်သက်၍ BJP နိုင်ငံရေးသမား များစွာ၏ နှိမ့်ချခွဲခြားသော မှတ်ချက်များနှင့် ယှဉ်တွဲမြင်လာရသောအခါ ၎င်းတို့က ပို၍ သောကရောက်လာလေသည်။

    “ဟိန္ဒူတွေရဲ့လွှမ်းမိုးနေမှုကို ဆက်လက်တည်တံ့ဖို့ ဟိန္ဒူအမျိုးသမီးတစ်ယောက်ဟာ ကလေးလေးယောက်အမေ ဖြစ်သင့်တယ်” ဟု လွှတ်တော်အမတ်ဖြစ်တစ်ဦးဖြစ်သူ ဆက်ရှိ မဟာရာဂ်ျက ပြောကြားခဲ့သည်။

    အစားသောက် စီစစ်ရေးဝန်ကြီး နီရန်ဂျန် ယိုတီက “နိုင်ငံဟာ (ဟိန္ဒူနတ်ဘုရား) ရမ်ရဲ့သားတွေ ဦးဆောင်တဲ့ နိုင်ငံဖြစ်သင့်လား ဒါမှမဟုတ် မျိုးမစစ်တွေရဲ့သားတွေ ဦးဆောင်တဲ့နိုင်ငံ ဖြစ်သင့်လား” ဟု ဟိန္ဒူမဟုတ်သူများကို မျိုးမစစ်များဟု သမုတ်ကာ ထိုကဲ့သို့ မေးခွန်းထုတ်ခဲ့ပြန်သည်။

    အခြားလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဂီရီရာဂ်ျဆင်းကတော့ “မိုဒီကိုဆန့်ကျင်သူတွေဟာ ပါကစ္စတန်ကိုသွားရမယ်” ဟု ပြောသည်။ နောက်ပိုင်းတွင် ၎င်းက အသေးစား၊ အလတ်စားနှင့် အကြီးစား စီးပွားရေးဆိုင်ရာဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

    သို့သော်လည်း လူနည်းစုရေးရာဝန်ကြီး မွခ်တာရ် အဘတ်စ် နက်ဗီကတော့ “သီးခြားစီဖြစ်ပွားတဲ့ အကြမ်းဖက်ဖြစ်ရပ်တွေ ဒါမှတ်မဟုတ် ၀န်ကြီးအချို့ရဲ့ သီးခြားစီထုတ်ပြန်တဲ့ ကြေညာမှုတွေကြောင့် ခင်ဗျားဟာ အစိုးရကို ဆုံးဖြတ်လို့မရပါဘူး” ဟု ပြောကြားခဲ့သည်။

    နာရန်ဒရာမိုဒီကိုယ်တိုင်က ၀န်ကြီးချုပ်ဖြစ်ပြီးနောက်တွင် အလယ်အလတ် ဟိန္ဒူအမျိုးသားရေးဝါဒ သဘောထားကို ပြသခဲ့သည်။

    “လူများစုဘာသာက အုပ်စုပဲဖြစ်ဖြစ်၊ လူနည်းစုဘာသာက အုပ်စုပဲဖြစ်ဖြစ် ပေါ်ပေါ်ထင်ထင်ဖြစ်စေ၊ လျှို့ဝှက်ပြီးဖြစ်စေ အခြားသူတွေအပေါ် အမုန်းတရားဖြစ်အောင်လှုံ့ဆော်တာမျိုးကို ကျွန်တော်တို့အစိုးရက ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဖြစ်လာသော ဖိအားများကို တုန့်ပြန်သည့်အနေဖြင့် ဖေဖော်ဝါရီလတွင် မိုဒီက ပြောကြားခဲ့သည်။

    သို့သော်လည်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ၂၀၁၅ ခု နှစ်ဝက် လူမျိုးရေး အကြမ်းဖက်မှု စာရင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများမှာ ပြီးခဲ့သည့် ၂၀၁၄ နှစ်ဝက်ထက် ၃၀ ရာခိုင်နှုန်း ပိုလာခဲ့သည်ဟု ပြသနေသည်။ တိုက်ခိုက်မှုပေါင်း ၃၃၀ ရှိခဲ့ပြီး ၅၁ ခုမှာ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့သည်။ ၂၀၁၄ ခု နှစ်ဝက်တွင်မူ တိုက်ခိုက်မှုပေါင်း ၂၅၂ ခု ဖြစ်ပွားခဲ့ပြီး ၃၃ ခုမှာ ဆိုးဝါးခဲ့သည်။

    သို့သော်လည်း မူဇာဖာနာဂါတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကထက် ၂၀၁၃ ခုနှစ် ကိန်းဂဏန်းများမှာ ပိုမိုဆိုးဝါးနေသည်။

    ၂၀၀၂ ခုနှစ်က နရန်ဒရာမိုဒီ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရှိနေချိန် ဂူဂျာရတ်မြို့၌ ဖြစ်ပွားခဲ့သော မွတ်စလင်ဆန့်ကျင်ရေး ပဋိပက္ခများနှင့် နိုက်ယှဉ်ပါကလည်း မူဇာဖါနာဂါတွင် ဖြစ်ပွားခဲ့မှုများက မပြောပလောက်။ ထိုစဉ်က ရထားတွဲမီးလောင်ပြီး ဟိန္ဒူဘုရားဖူး ၆၀ ခန့် သေဆုံးခဲ့ပြီးနောက် ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ မွတ်စလင်များဖြစ်ကြသည်။

    အခြားသော ပုံစံမျိုးဖြင့် ခွဲခြားဆက်ဆံမှုများ၊ အတိမ်အနက်ကို တိုင်းတာရန် ခက်ခဲသည့် ချက်ချင်းလက်ငင်းဖြစ်သော အကြမ်းဖက်မှုများလည်း ရှိနေသေးသည်။

    “မွတ်စလင်တွေကို သွားပြီးသတ်မလား၊ သူတို့ကို မောင်းထုတ်မလားဆိုတာတင် မဟုတ်တော့ဘူး။ တစ်ခြားသူတွေရဲ့ အိမ်ကို မီးရှို့ရုံတင် မဟုတ်တော့ဘူး။ အလုပ်အကိုင်တွေမှာ မပေးတာ၊ နေစရာနေရာမပေးတာ၊ ကြောက်စရာဘ၀မျိုးမှာ နေစေတာမျိုးတွေအထိ ဖြစ်နေတာပါ” ဟု Booker ဆုရ စာရေးဆရာမ အေရန်ဟာတီ ရွိုင်က ပြောကြားခဲ့သည်။

    “မိုဒီက နိုင်ငံ့ခေါင်းတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး အခြားဒေသတွေကို သွားနေတဲ့အချိန်မှာ မတူကွဲပြားစွာ ညီညွတ်မှုဆိုတဲ့ စကားလုံးကို ပြောဖို့ ဖိအားပေးရပါတယ်။ ကြေးစားတွေကလည်း အောက်ခြေမှာ ရှိလာပါပြီ”

    သူမကဲ့သို့ မြို့နေ အလယ်အလတ်လူတန်းစား အိန္ဒိယနိုင်ငံသားများကပင် ယခုအချိန်၌ ဟိန္ဒူအမျိုးသားရေးဝါဒကို သတိထားပြီး ဝေဖန်နေရသည်ဟု သူမက ဆိုသည်။

    “မွတ်စလင်မှ၊ ခရစ်ယာန်မှ မဟုတ်ပါဘူး။ သူတို့အမုန်းဆုံးသူတွေက ကမ္ဘာကြီးကိုကြည့်ပြီး သူတို့နဲ့မတူညီတဲ့ လမ်းကြောင်းကနေ ရပ်တည်တဲ့သူတွေပါပဲ။ ဒါ့ကြောင်ပဲ ပါးစပ်ပိတ်နေရတာပါ”

    ဖာသာ အန်တိုနီကတော့ သူ၏ ဘုရားကျောင်းအား မီးရှို့လိုက်ခြင်းမှာ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပေးထားသော အိန္ဒိယ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား မီးရှို့လိုက်ခြင်းပင်ဖြစ်သည်ဟု ပြောခဲ့သည်။

    “တကယ်လို့များ တိုင်းပြည်ဟာ ဟိန္ဒူတိုင်းပြည်ဖြစ်လာမယ်ဆိုရင် ပါကစ္စတန်လမ်းကြောင်အတိုင်း ဖြစ်လာမှာကို ကျွန်တော် ကြောက်ပါတယ်။ ဘာသာရေးစော်ကားမှုဥပဒေကို လူနည်းစုတွေကို ပစ်မှတ်ထားပြီး အသုံးပြုလာမယ်။ ကျွန်တော်တို့တိုင်းပြည်က ဘယ်လိုတိုင်းပြည်မျိုး ဖြစ်လာမလဲ?” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

    “တကယ်ကို တရားမဲ့သွားမှာပါ။ ကောင်းချီးမင်္ဂလာတော့ ဖြစ်မှာမဟုတ်ပါဘူး။ တိုင်းပြည်အတွက် ကျိန်စာပဲ ဖြစ်ပါလိမ့်မယ်”

    ref:BBC
    ဘာသာပြန်-မိုးဝေ

  • မြန်မာနိုင်ငံဖြတ်ကျော်စစ်ဆင်ရေးတွင် ပါဝင်သည့် ကွန်မန်ဒိုများကို အိန္ဒိယက သူရဘွဲ့များ ချီးမြှင့်

    မြန်မာနိုင်ငံဖြတ်ကျော်စစ်ဆင်ရေးတွင် ပါဝင်သည့် ကွန်မန်ဒိုများကို အိန္ဒိယက သူရဘွဲ့များ ချီးမြှင့်

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    india
    ဒုတိယဗိုလ်မှူးကြီး နက်တာ ဆန်ဂျန်ဘန်

    – ဇွန်လ ၉ ရက်နေ့က မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ သူပုန်များအား ချေမှုန်းခဲ့သည့် ကွန်မန်ဒိုများကို ၆၉ နှစ်မြောက် လွတ်လပ်ရေးအကြိုနေ့တွင် အိန္ဒိယက သူရဘွဲ့များနှင့် ဂုဏ်ထူးဆောင်ဘွဲ့ ၇ ခု ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    အဆိုပါ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီး နက်တာ ဆန်ဂျန်ဘန်မှာ ငြိမ်းချမ်းသည့်အချိန်တွင် ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုဆုများထဲမှ ဒုတိယအမြင့်ဆုံးဖြစ်သော Kirti Chakra ဆုကို ရရှိခဲ့ပြီး၊ ဟာဗီလ်ဒါ တန်ကာ ကူးမားရ် လင်ဘူမှာလည်း တတိယအမြင့်ဆုံးဖြစ်သော Shaurya Chakra ဘွဲ့ကို ရရှိခဲ့သည်။ လေထီးတပ်မှ ကွန်မန်ဒို ၅ ဦးမှာ Sena Medal ဆုတံဆိပ်များကို ရရှိခဲ့သည်။

    မနီပူးရ်ရှိ ချန်ဒဲလ် ခရိုင်တွင် ဇွန်လ ၄ ရက်နေ့က သူပုန်များ၏ တိုက်ခိုက်မှုများကြောင့် စစ်သား ၁၈ ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယ လေထီးတပ်သားများမှာ မနီပူးရ်နှင့် နာဂလန်းပြည်နယ်များကို ဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ကာ သူပုန်စခန်းနှစ်ခုကို စီးနင်းချေမှုန်းခဲ့သည်။ သူပုန်များ၏ ထိုတိုက်ခိုက်မှုမှာ နှစ်ပေါင်း ၂၀ အတွင်း အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့များအပေါ် အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။

    ၎င်းတို့အပြင် နိုင်ငံအတွက် စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်ခဲ့ကြသော ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ တပ်သားများကိုလည်း အိန္ဒိယက သူရဘွဲ့နှင့် အခြားသော ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခဲ့သည်။

    Ref: hindustantimes