News @ M-Media

Tag: India

  • ခေါက်ဆွဲခြောက်ထုတ် စံမမီသည့် ကိစ္စအတွက် Nestle ကို အိန္ဒိယအစိုးရ တရားစွဲ

    ခေါက်ဆွဲခြောက်ထုတ် စံမမီသည့် ကိစ္စအတွက် Nestle ကို အိန္ဒိယအစိုးရ တရားစွဲ

    သြဂုတ် ၁၃၊ ၂၀၁၅
    M-Media

    india

    – Nestle မှ ထုတ်လုပ်သော မက်ဂီခေါက်ဆွဲခြောက်တွင် ခဲဓာတ်မှာ အန္တရာယ်ရှိသည့်အဆင့်အထိ ပါဝင်နေမှုအတွက် အဆိုပါ ခေါက်ဆွဲခြောက်များအား အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး အဖွဲ့က ပိတ်ပင်ခဲ့ပြီးနောက် ထိုကိစ္စအတွက် နစ်နာကြေး ကန်ဒေါ်လာ သန်း ၁၀၀ နီးပါးရရှိရန် အိန္ဒိယအစိုးရက Nestle အား တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    တရားစွဲဆိုမှုကို နိုင်ငံ၏ ထိပ်တန်းစားသုံးသူ တရားရုံးဖြစ်သော NCDRC သို့ တင်သွင်းခဲ့သည်ဟု အိန္ဒိယအစိုးရက ယမန်နေ့တွင် ပြောကြားခဲ့ပြီး ဆွစ်ဇာလန် အခြေစိုက် Nestle ကုမ္ပဏီမှ နစ်နာကြေး ရူပီး သန်း ၆၄၀၀ (ကန်ဒေါ်လာ ၉၈.၆ သန်း) ရယူရန်အတွက်ဖြစ်သည်ဟု ဆိုသည်။

    “သူတို့ရဲ့ မျှတမှုမရှိတဲ့ ကုန်သွယ်ရေးကျင့်သုံးမှုတွေကို ကျွန်တော်တို့က တိုင်ကြားတာဖြစ်ပြီး သူတို့ရဲ့ တုံ့ပြန်မှုကိုကြားရဖို့ တရားရုံးက နို့တစ်စာ ထုတ်ပြန်ပါလိမ့်မယ်” ဟု စားသုံးသူရေးရာ ၀န်ကြီးဌာနမှ အတွင်းရေးမှူးဖြစ်သူ ဂျီ ဂါချာရန်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အစိုးရ၏အမိန့်ကြောင့် ပြီးခဲ့သည့်ဧပြီလတွင် ဓာတ်ခွဲခန်းစမ်းသပ်မှုများ ပြုလုပ်ခဲ့ရာတွင် Nestle ၏ မက်ဂီခေါက်ဆွဲခြောက်များတွင် တရားဝင်ခွင့်ပြုထားသည့် ပမာဏထက် ခဲဓာတ်ပိုမြင့်မားနေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် ခေါက်ဆွဲထုတ်လုပ်သည့် ပစ္စည်းများစာရင်းတွင် ဖော်ပြထားခြင်းမရှိသည့် ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သော မိုနိုဆိုဒီယမ် ဂလူတမိတ်လည်း ပါဝင်ကြောင်းကို အဆိုပါစမ်းသပ်မှုတွင် တွေ့ရှိခဲ့သည်။

    Nestle India ၏ ပြောရေးဆိုခွင့်ရှိသူ ဟီမန်ရှူ မန်ဂလစ်ကမူ မိမိတို့ကုမ္ပဏီမှာ NCDRC မှ တိုင်ကြားမှုနှင့်ပတ်သက်၍ တရားဝင်နို့တစ်စာကို မရသေးကြောင်း ပြောကြားခဲ့သည်။ NCDRC တွင် ကုမ္ပဏီများကို ဒဏ်ကြေးချမှတ်နိုင်သည့် အခွင့်အာဏာ ရှိနေသည်။

    “တရားဝင်စာရွက်စာတမ်းတွေရရင်တော့ ကျွန်တော်တို့ဟာ တုံ့ပြန်မှု အသေအချာ ပြုလုပ်သွားမှာပါ” ဟု မန်ဂလက်က ပြောကြားခဲ့သည်။

    သို့သော်လည်း မိမိတို့ကုမ္ပဏီမှာ အိန္ဒိယ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး အာဏာပိုင်အဖွဲ့၏ ဆုံးဖြတ်ချက်အတွက် အသနားခံစာတစ်စောင်ကို ရေးသားကာ မွမ်ဘိုင်း တရားရုံးချုပ်သို့ တင်သွင်းထားကြောင်း၊ မကြာမီ ဆုံးဖြတ်ချက်ရရှိမည်ဟု မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ၂ မိနစ်အတွင်း ပြုတ်၍ စားသုံးနိုင်သည့် Nestle ၏ မက်ဂီခေါက်ဆွဲခြောက်မှာ အိန္ဒိယတွင် လူကြိုက်များသည့် အစားအသောက်ဖြစ်ပြီး နှစ်စဉ် ကန်ဒေါ်လာ သန်း ၂၄၀ ဖိုး ရောင်းချနေရသည်။ ထိုမက်ဂီခေါက်ဆွဲခြောက်များ ရောင်းချခွင့်ကို အစိုးရက ပိတ်ပင်ခဲ့ပြီးနောက် ကန်ဒေါ်လာ သန်း ၅၀ ဖိုးရှိ ခေါက်ဆွဲခြောက်များကို ဖျက်ဆီးပစ်မည်ဟု Nestle စောစောပိုင်းတွင် ကြေညာထားသည်။

    Ref: Aljazeera

  • အိန္ဒိယရှိ တံတားတစ်ခုထဲတွင် ရထားနှစ်စီး လမ်းချော်က မြစ်ထဲကျ

    အိန္ဒိယရှိ တံတားတစ်ခုထဲတွင် ရထားနှစ်စီး လမ်းချော်က မြစ်ထဲကျ

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    train

    – အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ် ပြည်နယ်တွင် ဆန့်ကျင်ဘက်လားရာသို့ သွားရောက်နေသည့် ရထားနှစ်စီးမှာ မြစ်တစ်ခုထဲသို့ လမ်းချော်တိမ်းမှောက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    Kamayani Express ရထားမှာ ဒေသစံတော်ချိန် ယမန်နေ့ည သန်းခေါင်ယံက ဟာရ်ဒါမြို့မှ ကီလိုမီတာ ၂၀ ကွားဝေးသည့် ကူဒါဝါ ဘူတာအနီးရှိ တံတားတစ်ခုတွင် လမ်းချော်ကာ မာချက်မြစ်ထဲသို့ ထိုးဆင်းသွားခဲ့ပြီး၊ မိနစ်အနည်းငယ်အကြာတွင် ဆန့်ကျင်ဘက်ခရီးဖြစ်သော ပတ္တာနမှ မွမ်ဘိုင်းသို့သွားသည့် Janata Express ရထားမှာ ထိုတံတားတွင်ပင် လမ်းချော်ကာ မြစ်ထဲသို့ ထိုးကျသွားခဲ့သည်။

    လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့မူ အလောင်း ၁၉ လောင်းကို ဆယ်ယူရရှိထားသော်လည်း သေဆုံးသူများ မြင့်တက်လာနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။ ကယ်တင်ထားနိုင်သည့် ခရီးသည်အရေအတွက်မှာ အနည်းဆုံး ၃၀၀ ရှိနေပြီး မျက်မြင်သက်သေများကမူ လူအများအပြားမှာ ပျောက်ဆုံးနေသည်ဟု ပြောကြားခဲ့သည်။ ပထမရထား၏ အတွဲ ၇ တွဲနှင့် ဒုတိယ ရထား၏ အတွဲ ၃ တွဲမှာ ရေထဲသို့ ရောက်ရှိကာ နစ်မြှုပ်သွားခဲ့သည်။

    အိန္ဒိယ ရထားပို့ဆောင်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အန်နီလ် ဆာဇီနာကမူ ပြီးခဲ့သည့် သီတင်း ၂ ပတ်အတွင်း မိုးသည်းထန်စွာရာသွန်းခဲ့ကာ မြစ်ရေမှာ မြင့်တက်လာသောကြောင့် တံတား၏ တစ်စိတ်တစ်ပိုင်းမှာ ရေလွှမ်းနေသည်ဟု ပြောကြားခဲ့သည်။

    ရာသီဥတုအခြေအနေနှင့် မတော်တဆဖြစ်ပွားသည့် နေရာမှာ ဝေးကွာလွန်းမှုတို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့များမှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိရန် အခက်အခဲရှိနေသည်။ ရထားပေါ်တွက် လိုက်ပါသွားသည့် ခရီးသည်တစ်ဦးကမူ တံတားအားဖြတ်ချိန်တွင် မြစ်ရေမှာ သံလမ်းအထိ လွှမ်းနေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အပြာဝဘ်ဆိုက် ၈၀၀ ကျော်ကို ပိတ်ပင်ရန် အိန္ဒိယအစိုးရ အမိန့်ပေး

    အပြာဝဘ်ဆိုက် ၈၀၀ ကျော်ကို ပိတ်ပင်ရန် အိန္ဒိယအစိုးရ အမိန့်ပေး

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    india

    – လူ့အဖွဲ့အစည်းအတွင်း ကာယအိနြေ္ဒကို စောင့်ထိန်းနိုင်ရန် နည်းလမ်းအဖြစ် အပြာဝဘ်ဆိုက် ၈၅၀ ကျော်ကို ပိတ်ပစ်ရန် အိန္ဒိယအစိုးရက အင်တာနက်ဝန်ဆောင်မှုပေးနေသော ISP များကို အမိန့်ပေးခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

    အိန္ဒိယ၏ တယ်လီဖုန်းဆက်သွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အန်အန် ကာအူးလ်က တရားရုံးချုပ်၏ ညွှန်ကြားချက် ထွက်ရှိလာပြီးနောက်ပိုင်းတွင် အစိုးရမှာ အပြာဝဘ်ဆိုက်များသို့ လွယ်ကူစွာ ၀င်ရောက်ကြည့်ရှုနိုင်မှုကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    ထို့ပြင် အိန္ဒိယရှိ ISP များမှာ အဆိုပါဝဘ်ဆိုက်များသို့ ၀င်ရောက်ခွင့် ပိတ်ပင်ထားသော်လည်း အသုံးပြုသူများမှာ ကိုယ်ပိုင် ကွန်ယက်များနှင့် proxy ဆာဗာများမှတစ်ဆင့် ၀ဘ်ဆိုက်များကို ၀င်ရောက်ကြည့်ရှုနိုင်ကြသည်ဟု ကာအူးလ်ကဆိုကာ အစိုးရ၏ ထိုဆောင်ရွက်မှုမှာ ကလေးငယ်များကို ကာကွယ်ရန်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ကိုယ်ကျင့်တရားပိုင်းနှင့် ကာအိနြေ္ဒပိုင်းဆိုင်ရာကြောင့် အပြာဝဘ်ဆိုက် ၈၅၇ ခုကို ပိတ်ပင်ရန် အိန္ဒိယအစိုးရက ISP များသို့ ပြီးခဲ့သည့်သောကြာနေ့က လျှို့ဝှက်အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပေါက်ကြားခဲ့သည်။

    အစိုးရကမူ စောစောပိုင်းက ထိုအမိန့်ပေးမှုနှင့်ပတ်သက်၍ ငြင်းဆိုခဲ့ပြီး Times of India သတင်းစာက ထိုကဲ့သို့ ပိတ်ပင်ခြင်းမှာ ယာယီအတွက်သာဖြစ်ပြီး ပုံမှန်ပိတ်ပင်သွားရန်ကို စောင့်ကြည့်နေသည်ဟု အစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

    ယမန်နေ့ နေ့လည်ပိုင်းက ၀င်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားသည့် ၀ဘ်ဆိုက်များစာရင်းကို ထုတ်ပြန်ခဲ့ပြီး နောက်ထပ် ၀ဘ်ဆိုက်များကိုလည်း ထပ်မံပေါင်းထည့်သွားမည်ဟု ကာအူလ်းက ထည့်သွင်းပြောကြားခဲ့သည်။

    ISP များကမူ ထိုဆောင်ရွက်မှုအတွက် မိမိတို့ နားလည်သော်လည်း အဆိုပါ အပြာဝဘ်ဆိုက်များကို အခြားနိုင်ငံများမှ တည်ထောင်ထားခြင်းကြောင့် ပိတ်ပင်ရန် မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။ အိန္ဒိယမှာ ယခင်ကလည်း Facebook နှင့် Twitter တို့ကဲ့သို့ ဆိုရှယ်မီဒီယာများကို ထိန်းချုပ်ရန် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ဖူးသည်။

    Ref: Aljazeera

  • အိန္ဒိယသမ္မတဟောင်းနှင့် ထင်ရှားသည့် သိပ္ပံပညာရှင်ဖြစ်သူ ဒေါက်တာ အဘ်ဒူလ်ကလာမ် ကွယ်လွန်

    အိန္ဒိယသမ္မတဟောင်းနှင့် ထင်ရှားသည့် သိပ္ပံပညာရှင်ဖြစ်သူ ဒေါက်တာ အဘ်ဒူလ်ကလာမ် ကွယ်လွန်

    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံ၏ သမ္မတဟောင်းဖြစ်ပြီး ထင်ရှားသည့် သိပ္ပံပညာရှင်လည်းဖြစ်သူ ဒေါက်တာ အေပီဂျေ အဘ်ဒူလ် ကလာမ်မှာ ဆိုးရွားသော ကျန်းမာရေးအခြေအနေကြောင့် မဂ်ဟာလာယာပြည်နယ် ရှီလောင်းမြို့ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့က ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    အသက် ၈၄ နှစ်အရွယ်ရှိ ဒေါက်တာ ကလာမ်မှာ ရှိလောင်းမြို့ရှိ အိန္ဒိယစီမံခန့်ခွဲရေးဌာန IIM တွင် ဘွဲ့လွန်ကျောင်းသားများအား ယမန်နေ့က သင်ကြားမှုပြုလုပ်နေစဉ် ည ၇ နာရီခန့်က ရုတ်တရက် လဲကျသွားခဲ့ပြီးနောက် ဆေးရုံသို့ တင်ပို့ခဲ့ရခြင်း ဖြစ်သည်။

    အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ အဘ်ဒူလ်ကလာမ်မှာ အိန္ဒိယနိုင်ငံ၏ ၁၁ ယောက်မြောက် သမ္မတဖြစ်ပြီး ၂၀၀၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့အထိ သမ္မတာဝန်ကို ထမ်းဆောင်ခဲ့သည်။

    ထို့ပြင် ဒေါက်တာ ကလာမ်မှာ အိန္ဒိယနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ လေးစားရသည့် ထင်ရှားကျော်ကြားသော သိပ္ပံပညာရှင်ကြီးတစ်ဦးဖြစ်ပြီး အိန္ဒိယ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ DRDO၊ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ ISRO တို့တွင် နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ကာ နိုင်ငံ၏ အာကာသအစီအစဉ်နှင့် မစ်ဆိုင်းဒုံးကျည်
    ထုတ်လုပ်ရေးအစီအစဉ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

    အိန္ဒိယသမ္မတ မိုဒီကမူ ကြီးကျယ်သည့် သိပ္ပံပညာရှင်၊ အံ့သြဖွယ်ကောင်းသည့် သမ္မတနှင့် လေးစားအားကျဖွယ်ကောင်းသူ တစ်ယောက်ကို ဆုံးရှုံးရခြင်းဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    ထို့ပြင် အိန္ဒိယအစိုးရကလည်း ဒေါက်တာ အဘ်ဒူလ်ကလာမ် ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းဖွယ်နေ့ကို ၇ ရက်တိတိပြုလုပ်မည်ဟု ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် အဘ်ဒူလ်ကလာမ်၏ ရုပ်အလောင်းအား ဈာပနအခမ်းအနားကျင်းပရန် နယူးဒေလီသို့ နိုင်ငံတော်အခမ်းအနားဖြင့် ယူဆောင်သွားခဲ့ပြီဖြစ်သည်။

    ဒေါက်တာ အဘ်ဒူလ်ကလာမ်ကို တမီလ်နန်ဒူးပြည်နယ် ရာမက်စ်ဝါရမ်မြို့တွင် ဆင်းရဲသော မွတ်စလင်မိသားစုမှ ၁၉၃၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် မွေးဖားခဲ့သည်။

    မိသားစု စားဝတ်နေရေး မပြေလည်သောကြောင့် အဘ်ဒူလ်ကလာမ်မှာ ငယ်စဉ်ကတည်းကပင် အလုပ်လုပ်ခဲ့ရသူဖြစ်သည်။ အထက်တန်းကျောင်းကို သာမန်အဆင့်ဖြင့်သာ ပြီးခဲ့သော်လည်း ဥာဏ်ကောင်းပြီး ကြိုးစားအားထုတ်မှုရှိသည်ဟု အသိအမှတ်ပြုခြင်းခံရသည့် အဘ်ဒူလ်ကလာမ်မှာ ရူပပေဒ၊ လေကြောင်းနှင့် အာကာသ အင်ဂျင်နီယာ ပညာရပ်တို့တွင် ထူးချွန်ထက်မြက်ခဲ့ပြီး လေးစားလောက်သည့် သိပ္ပံပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

    ထို့နောက် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်လာကာ သမ္မဖြစ်သည်အထိ အောင်မြင်ခဲ့သူဖြစ်ကာ လူချစ်လူခင်လည်း ပေါများခဲ့သည်။

    Ref: Times of India

  • အသိအမှတ်ပြု လက်မှတ်အတွက် စုံစမ်းနေစဉ် အိန္ဒိယရှိ ကျောင်းဆရာ ၁၀၀၀ ကျော် ရာထူးမှ နှုတ်ထွက်

    အသိအမှတ်ပြု လက်မှတ်အတွက် စုံစမ်းနေစဉ် အိန္ဒိယရှိ ကျောင်းဆရာ ၁၀၀၀ ကျော် ရာထူးမှ နှုတ်ထွက်

    ဇူလိုင် ၄၊ ၂၀၁၅
    M-Media

    india

    – အသိအမှတ်ပြုလက်မှတ် အတုများအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေစဉ် ပြီးခဲ့သည့်လများအတွင်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ်တစ်ခုမှ မူလတန်းကျောင်းဆရာ ၁၄၀၀ ခန့်မှာ ရာထူးမှ နှုတ်ထွက်သွားသည်ဟု ပညာရေးတာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဘီဟာရ်ပြည်နယ်ရှိ ကျောင်းဆရာ၊ ဆရာမများအနေဖြင့် ၎င်းတို့၏ ဘွဲ့လက်မှတ်ဆိုင်ရာ မမှန်ကန်မှုအတွက် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းကို ရှောင်ရှားရေး ရာထူးမှ နှုတ်ထွက်သွားကြရန် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားသည့်ကာလ မပြီးဆုံးခင်
    နှုတ်ထွက်ကြခြင်းဖြစ်သည်ဟု ပြည်နယ်ပညာရေးဝန်ကြီးဌာန စည်းကမ်းပိုင်းဆိုင်ရာ အတွင်းရေးမှူး အာရ် ကေ မာဟာဂျန်က ဆိုသည်။

    ပြည်နယ်အတွင်းရှိ မူလတန်းကျောင်းဆရာ၊ ဆရာမ အရေအတွက် ၃၅၀၀၀၀ တွင် ၂၅၀၀၀ ခန့်မှာ အစိုးရထံမှ သင့်လျော်သည့် လေ့ကျင့်ပေးမှု မရရှိဘဲ ၀င်ရောက်စာသင်နေသည်ဟူသော စိုးရိမ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တရားရုံးချုပ်က ပြီးခဲ့သည့် မေလအတွင်း အမိန့်ပေးခဲ့သည်။

    ကျောင်းဆရာများ၏ ကိုယ်ရေးအချက်အလက် ဖောင်များကို တာဝန်ရှိသူများက စစ်ဆေးမှုနှင့်အတူ စုံစမ်းမှု ပြုလုပ်နေစဉ် နှုတ်ထွက်မှု များပြားလာခဲ့ခြင်းဖြစ်ပြီး တရားရုံးက ပြီးခဲ့သည့်လအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ကာလတစ်ခုကို ကြေညာခဲ့ကာ ယခုလ ၉ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

    “လွတ်ငြိမ်းချမ်းသာခွင့်ကို တရားရုံးက အမိန့်မပေးခင် နှုတ်ထွက်မှုဟာ ၁၄၀၀ လောက် ရှိပါတယ်။ ပြစ်ဒဏ်ပေးခြင်းမပြုတဲ့ အခွင့်အရေးကို အရယူခဲ့တဲ့ ကျောင်းဆရာတွေရဲ့ နောက်ဆုံးအရေအတွက်ကို လွတ်ငြိမ်းချမ်းသာခွင့်ကာလ ပြီးဆုံးပြီးတဲ့နောက် သိရမှာပါ” ဟု
    မဟာဂျန်က AFP သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ရာထူးမှနှုတ်ထွက်ကြမည့် နောက်ဆုံးစာရင်းက ပြဿနာဖြစ်မည်ဟု မိမိမထင်ဘဲ ပညာရေးစနစ်တွင် လစ်လပ်မှုရှိမည်မဟုတ်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း အသိအမှပြုလက်မှတ်အတုများ ကိုင်ဆောင်၍ ဆက်လက်ရှိနေသည့် ဆရာများကိုမူ ၎င်းက သတိပေးခဲ့ပြီး ရာဇ၀တ်မှုဖြစ်ကာ ထောင်ဒဏ်နှင့် ရင်ဆိုင်ရနိုင်သည်ဟု ဆိုသည်။

    ပြီးခဲ့သည့်လအတွင်း ဒေလီမြို့၏ ဥပဒေရေးရာဝန်ကြီးတစ်ဦးဖြစ်သူ ဂျီတန်ဒရာ ဆင်း တိုမာရ်မှာ ၎င်း၏ဘွဲ့အတွက် လိမ်လည်မှုကြောင့် အဖမ်းခံရပြီးနောက် ယခုပြဿနာမှာ ရှေ့တန်းရောက်လာခြင်း ဖြစ်သည်။

    အထူးသဖြင့် အိန္ဒိယရှိ ဝေးလံခေါင်ဖျားသော ဒေသများတွင် ပညာရေးစနစ်၏ အရည်အသွေးမှာ အဓိကပြဿနာ ဖြစ်နေသည်။ ဆရာအများစုမှာ အတန်းအား ပုံမှန်တက်ရောက်မှုပင် မရှိကြဘဲ ကောလိပ်များကို ၀န်ထုတ်ဝန်ပိုး ဖြစ်စေသည်။

    ကျေးလက်ဒေသများမှ ကလေးငယ်များ၏ ထက်ဝက်ကျော်မှာ အစိုးရပညာရေးကို ၅ နှစ်တာ သင်ယူခဲ့သော်လည်း ၎င်းတို့ ကိုယ်ပိုင်ဘာသာစကား၏ အခြေခံစာကြောင်းများကိုပင် ဖတ်တတ်ခြင်းမရှိဟု အိန္ဒိယ ပညာရေးနှင့် သုတေသနအဖွဲ့ Pratham က ဆိုသည်။

    Ref: Channelnewsasia