News @ M-Media

Tag: Indian Muslims

  • အိန္ဒိယရှိ ဗလီတစ်လုံး ကိုဗစ်လူနာများကို ကူညီစောင့်ရှောက်ပေး

    အိန္ဒိယရှိ ဗလီတစ်လုံး ကိုဗစ်လူနာများကို ကူညီစောင့်ရှောက်ပေး

    ဇွန် ၂၆၊ ၂၀၂၀
    M-Media

    မဟာရက်ရှ်ထရာပြည်နယ်မှ ဗလီဝတ်ကျောင်းတော်တစ်လုံး

    -Covid-19 ကူးစက်မှုမြင့်တက်လာတဲ့ အိန္ဒိယနိုင်ငံမှာ ဆေးရုံ၊ ဆေးပေးခန်းတွေ မလုံလောက်မှု ဖြစ်ပွားနေပြီး နိုင်ငံမြောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်က ဗလီဝတ်ကျောင်းတော်တစ်လုံးကတော့ ဒီကွက်လပ်ကို ဖြည့်ဆည်းပေးနေပါတယ်။

    ဘီဝမ်ဒီမြို့က ‘မက္ကာဟ်မတ်စ်ဂျစ်ဒ်’ ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး အိန္ဒိယ အစ္စလာမ့်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ‘ဂျမာအသ် အလ် အစ္စလာမီ ဟင်ဒ်’ (JIH) အဖွဲ့က စီမံခန့်ခွဲတာပါ။

    လက်ရှိ ဗလီဝတ်ကျောင်းတော်မှာ လူနာ ၅ ဦးစာအတွက် ကုတင်နဲ့ အောက်စီဂျင်ဘူးတွေကို စီစဉ်ကာ ကုသပေးထားပါတယ်။ နောက်ထပ် လူနာတွေကို လက်ခံနိုင်အောင် ဗလီပရဝုဏ်အတွင်း အနေရာထိုင်ခင်း ပြင်ဆင်ပေးထားပြီး အပြင်က ကိုဗစ်လူနာတွေအတွက် လိုအပ်ရင် အောက်ဆီဂျင်ဘူးတွေကို အခမဲ့ လိုက်လံပို့ဆောင် ကူညီပေးနေပါတယ်။

    ဘီဝမ်ဒီမြို့မှာ ကိုဗစ်ကူးစက်သူအရေအတွက် ၁၃၃၂ ဦးရှိပြီး သေဆုံးသူက ၈၈ ဦး ရှိနေပါတယ်။

    ဘီဝမ်ဒီ JIH ဥက္ကဌ အောက်ဆက်ဖ် အဟ်မဒ် ဖာလာဟီက မြို့အတွင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့အတွက် အခုလို ကူညီဆောင်ရွက်ပေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မက္ကာဟ်မတ်စ်ဂျစ်ဒ် ဗလီဝတ်ကျောင်းတော်ဟာ ဆရာဝန် ၂ ယောက်ထားရှိပေးထားပြီး လက်ရှိအချိန်အထိ ကိုဗစ်လူနာ ၇၀ လောက်ကို ကုသပေးထားပါတယ်။ အောက်ဆီဂျင်ဘူး စုစုပေါင်း ၁၅ ဘူးထားရှိပြီး ကိုဗစ်လူနာ ၈ ဦးကို အိမ်အထိ လိုက်လံကာ အောက်ဆီဂျင်ထောက်ပံ့ပေးထားပါတယ်။

    “ရွေ့လျားသွားလာမှု ကန့်သတ်ချက်ကြောင့် ဗလီဝတ်ကျောင်းတော်မှာ ဝတ်ပြုခွင့်ပိတ်ထားပါတယ်။ ဒါ့ကြောင့် ကုသမှုကောင်းကောင်းမရတဲ့သူတွေကို ကူညီပေးနိုင်ဖို့အတွက် ဗလီကိုအသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုက်ဆာ မီရ်ဇာက ပြောကြားခဲ့ပါတယ်။

    Ref: New Indian Express

  • တရုတ်ပစ္စည်းများကို သပိတ်မှောက်ရန် အိန္ဒိယအစ္စလာမ်အဖွဲ့က မွတ်စလင်များကို တိုက်တွန်း

    တရုတ်ပစ္စည်းများကို သပိတ်မှောက်ရန် အိန္ဒိယအစ္စလာမ်အဖွဲ့က မွတ်စလင်များကို တိုက်တွန်း

    ဇွန် ၂၁၊ ၂၀၂၀
    M-Media

    -မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်တင်းမာမှုမှာ အစိုးရနဲ့ စစ်တပ်ဖက်က ရပ်တည်ပြီး တရုတ်ထုတ်ကုပစ္စည်းတွေကို သပိတ်မှောက်ကြဖို့အတွက် အိန္ဒိယအစ္စလာမ်ဘာသာ​ရေးအဖွဲ့ Tanzeem Ulama-e-Islam က ဘာသာဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။

    အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမ၀န္တာတောင်တန်းက လာဒက်ခ်ဒေသမှာ အိန္ဒိယနဲ့ တရုတ်တို့အကြား ပိုင်နက်အငြင်းပွားမှုဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်ချီကတည်း ရှိခဲ့ပြီး ပြီးခဲ့တဲ့မေလကစလို့ တင်းမာမှုတွေ ပြန်လည်မြင့်တက်လာတာပါ။ ပြီးခဲ့တဲ့တစ်ပတ်မှာတော့ နှစ်ဖက်စစ်သားတွေ ရန်ဖြစ် သတ်ပုတ်ခဲ့တာကြောင့် အိန္ဒိစစ်သား အနည်းဆုံး ၂၀ သေဆုံးခဲ့ပါတယ်။

    နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံမှာ တရုတ်နိုင်ငံကို သပိတ်မှောက်ရေးလှုပ်ရှားမှု မြင့်တက်လာခဲ့ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Tanzeem Ulama-e-Islam က ပြည်သူလူထုအနေနဲ့ အစိုးရ၊ စစ်တပ်တို့နဲ့ ရပ်တည်ရမယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ ​ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “တရုတ်ထုတ်ပစ္စည်းတွေကို သပိတ်မှောက်ကြဖို့ ကြေငြာချက်မှာ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ အိန္ဒိယနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီး ကျွန်တော်တို့ရဲ့ ရဲရင့်တဲ့စစ်သားတွေကို သတ်ဖြတ်တဲ့လုပ်ရပ်ကို အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ရှုတ်ချပါတယ်” လို့ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး မောင်လာနာ ရှာဘူဒင် ရစ်ဇ်ဗီက ပြောကြားခဲ့ပါတယ်။

    Ref: New India Express

  • ကိုရိုနာဗိုင်းရပ်စ်နှင့်အတူ အတင့်ရဲလာသည့် အိန္ဒိယမှ ဘာသာရေးအစွန်းရောက်များ

    ကိုရိုနာဗိုင်းရပ်စ်နှင့်အတူ အတင့်ရဲလာသည့် အိန္ဒိယမှ ဘာသာရေးအစွန်းရောက်များ

    ဧပြီ ၃၀၊ ၂၀၂၀
    M-Media

    -အိန္ဒိယမှာ Covid-19 ပြန့်နှံ့မှုကြောင့် နိုင်ငံကို တံခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်ထားတဲ့အချိန်မှာ နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်တွေအပေါ် အမုန်းဝါဒဖြန့်တာ၊ တိုက်ခိုက်​နှောက်ယှက်တာ၊ သပိတ်မှောက်ဖို့ တိုက်တွန်း ဆော်ဩတာတွေ မြင့်တက်လာလာပါတယ်။

    ဒီလိုလုပ်ဆောင်မှုတွေထဲမှာ ဟိန္ဒူ ဘာသာရေးအစွန်ရောက်တွေအပြင် အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က ခေါင်းဆောင်တွေလည်း ပါဝင်လာပါတယ်။

    နိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ဒီအိုရီယာမြို့က BJP ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဆူရက်ရှ် တီဝါရီဟာ မွတ်စလင်တွေရောင်းတဲ့ ဟင်းသီးဟင်းရွက်ဆိုင်တွေမှာ မဝယ်ဖို့ တိုက်တွန်းတဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့အင်္ဂါနေ့က ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပါတယ်။

    “စိတ်ထဲမှာ မှတ်ထားပါ။ ငါ လူတိုင်းကို ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ မွတ်စလင်တွေရောင်းတဲ့ ဟင်းသီးဟင်းရွက်ဆိုင်တွေမှာ ဝယ်စရာ မလိုဘူး”

    ဒီဗီဒီယိုကြောင့် ဝေဖန်မှုတွေမြင့်တက်လာခဲ့ပြီးတဲ့နောက် BJP ပါတီဟာ တီဝါရီကို သတိပေးခဲ့ပါတယ်။

    တီဝါရီက ဧပြီလ ၁၈ ရက်နေ့ ဒီအိုရီယာမြို့မှာ နှာခေါင်းစည်းတွေ ဝေတဲ့အချိန် ဒေသခံတွေက မွတ်စလင်တွေဟာ သူတို့တံတွေးတွေကို သစ်သီး၀လံတွေမှာ သုတ်လိမ်းကာ ကိုရိုနာဗိုင်းရပ်စ် ဖြန့်နေကြတယ်လို့ ပြောကြားခဲ့တဲ့အတွက် လူတွေ ဗိုင်းရပ်စ်မကူးအောင် ပြောကြားရခြင်းဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

    လူနေထူထပ်တဲ့ အူတာပရာဒက်ရှ်ပြည်နယ်မှာ မွတ်စလင်သစ်သီးဆိုင်တွေကို သပိတ်မှောက်ဖို့ ပြောဆိုတိုက်တွန်းမှုဟာ တီဝါရီက ပထမဆုံး မဟုတ်ပါဘူး။

    ဟိန္ဒူအစွန်းရောက်အုပ်စုတွေဟာ ဟိန္ဒူတွေရောင်းတဲ့ သစ်သီးဆိုင်တွေထံ သွားရောက်ကာသင်္ကန်းရောင် ဟိန္ဒူအလံကို အဓမ္မလွှင့်ထူခိုင်းပြီး မွတ်စလင်ဆိုင်တွေမှာ မဝယ်အောင် ကြိုးပမ်းမှုတွေလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဖြစ်ပေါ်ခဲ့ပါတယ်။

    မြို့တော် နယူးဒေလီ၊ ကာရ်နာတာကာ၊ တီလန်ဂါနာနဲ့ မဒ်ယာ ပရာဒက်ရှ်တို့အပါအဝင် တစ်ချို့ပြည်နယ်တွေမှာ မွတ်စလင်မဝင်ရ ဆိုင်းဘုတ်တွေ တပ်ဆင်မှုတွေလည်း ရှိနေပါတယ်။

    မွတ်စလင်တွေက Covid-19 ဖြန့်နေတယ်

    ကမ္ဘာတစ်ဝှမ်း ကိုဗစ်ရောဂါ ပြန့်နှံ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ မွတ်စလင်တွေဟာ ဒီရောဂါကို ဖြန့်နေတယ်ဆိုတဲ့ ဝါဒဖြန့်မှုမျိုးတွေ ပေါ်ပေါက်လာပါတယ်။

    အစ္စလာမ် နယ်လှည့် သာသနာပြုအဖွဲ့ တဘ်လီဂ်ဂျမာအသ်က မတ်လအတွင်း ဒေလီမြို့ ဆင်ခြေဖုံးမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုကို တက်ရောက်သူ တော်တော်များများမှာ ကိုဗစ်ကူးစက်မှု တွေ့ခဲ့ရပြီးတဲ့နောက် ဒီလို ဝါဒဖြန့်မှုတွေ ဖြစ်လာတာပါ။

    မွတ်စလင်တွေဟာ ‘ကိုရိုနာ အကြမ်းဖက်မှု’ လုပ်ဆောင်နေတယ်လို့လည်း အိန္ဒိယနိုင်ငံရေးသမားအချို့နဲ့ ဂျာနယ်လစ်တွေက ဝါဒဖြန့်ခဲ့ကြပါတယ်။ အိန္ဒိယက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီလိုဝါဖြန့်မှုတွေဟာ အောက်ခြေက ဆေးစစ်မှု အချက်အလက်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ပြောကြားထားပါတယ်။

    မွတ်စလင်ခေါင်းဆောင်တွေကတော့ ဗိုင်းရပ်စ်စပြန့်လာတဲ့ မတ်လနဲ့ ဧပြီလအစောပိုင်းတွေမှာ နိုင်ငံရေး၊ ဘာသာရေး အသင်းအဖွဲ့တွေဟာ လူစုလူဝေး အများအပြား လုပ်ဆောင်ကြပေမယ့် မွတ်စလင်တွေသာ ပစ်မှတ်ထား တိုက်ခိုက်ခံရနေရတယ်လို့ ထောက်ပြခဲ့ကြပါတယ်။

    အာဇန်နှိုးဆော်သံကို ပိတ်ပင်ရန် ကြိုးစားမှု

    ဟိန္ဒူအစွန်းရောက်တွေဟာ ဗလီတွေကို တိုက်ခိုက်တာ၊ အာဇန် ဝတ်​ပြုဖို့ နှိုးဆော်သံကို ပိတ်ပင်တာတွေလည်း လုပ်ဆောင်လာကြပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် ဂိုရက်ခ်ပူးရ်ဒေသမှာ အင်္ဂါနေ့က ဗလီဝတ်ကျောင်းတစ်လုံး တိုက်ခိုက်ခံရပြီး၊ အဲဒီဗလီက မော်ဇင် (နိဗ္ဗာ​န်ဆော်သူ) လည်း ရိုက်နှက်ခံခဲ့ရပါတယ်။ အစွန်းရောက်တွေဟာ အာဇန်နှိုးဆော်မှု မပြုလုပ်ဖို့ ဖိအားပေးခဲ့ပြီးတဲ့နောက် ဒီလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုကြောင့် အသေးစားဒဏ်ရာတွေ ရခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် မော်ဇင် အဘ်ဒူလ် ရဟ်မန်က ဗလီဟာ အစိုးရက ချမှတ်ထားတဲ့ ရွေ့လျားသွားလာမှု ကန့်သတ်ချက်တွေကို အတိအကျ လိုက်နာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • Covid-19 ပြန့်နှံ့မှုနှင့်ဆက်စပ်၍ သဘ်လီဂ် ဂျမာအသ်ခေါင်းဆောင်ကို အိန္ဒိယက တရားစွဲ

    Covid-19 ပြန့်နှံ့မှုနှင့်ဆက်စပ်၍ သဘ်လီဂ် ဂျမာအသ်ခေါင်းဆောင်ကို အိန္ဒိယက တရားစွဲ

    ဧပြီ ၁၇၊ ၂၀၂၀
    M-Media

    -အိန္ဒိယက အစ္စလာမ်သာသနာပြု ‘သဘ်လီဂ် ဂျမာအသ်’ အဖွဲ့ရဲ့ ခေါင်းဆောင် မိုဟာမက် ဆအဒ် ခန်ဒလ်ဝီကို Covid-19 ပြန်နှံ့မှုနဲ့ဆက်စက်ပြီး အစိုးရက ‘ကြိုတင်ကြံရွယ်မှုရှိသည့် လူသတ်မှုပုဒ်မ’ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

    ဒေလီမြို့ဆင်ခြေဖုံး နေဇာမွဒ်ဒင်အရပ်က ဗလီတစ်လုံးအတွင်း မတ်လစောပိုင်းက ပြုလုပ်ခဲ့တဲ့ သဘ်လီဂ်အဖွဲ့ရဲ့ အခမ်းအနားတစ်ခုမှာ နိုင်ငံခြားသားတွေအပါအဝင် လူပေါင်း ၈ ထောင်ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း အိန္ဒိယနိုင်ငံက ပြည်နယ် ၁၇ ခုမှာ ဒီပွဲကို တက်ရောက်သူတွေ၊ သူတို့နဲ့ ထိတွေ့သူ စုစုပေါင်း ၁၀၂၃ ဦးလောက် Covid-19 ကူးစက်နေတာကို တွေ့ခဲ့ရပါတယ်။

    အခမ်းအနားကို ရပ်ဆိုင်းဖို့ ၂ ကြိမ်တိုင်တိုင် သတိပေးခဲ့ပေမယ့် ခေါင်းဆောင် မိုဟာမက် ဆအဒ် ခန်ဒလ်ဝီဟာ မလိုက်နာခဲ့ကြောင်း၊ မတ်လ ၃ ရက်နေ့က စတင်တဲ့​ အဲဒီအခမ်းအနားဟာ တိုင်းပြည်ကို တံခါးပိတ်ချိန် မတ်လ ၂၄ ရက်နေ့အထိ မပြီးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    သဘ်လီဂ် ဂျမာအသ် အဖွဲ့ကတော့ ဒီပြောကြားမှုကို ငြင်းပါတယ်။ တစ်ရက်တာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ ဝန်ကြီးချုပ်မိုဒီ မတ်လ ၂၂ ရက်နေ့က ​ကြေငြာပြီးပြီးချင်းမှာပဲ အခမ်းအနားကို ရပ်နားခဲ့ပြီး တက်ရောက်လာသူတွေကို ချက်ခြင်းပြန်ခိုင်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီရက်မှာ လူတော်တော်များများ ပြန်သွားနိုင်ခဲ့ကြပြီး နောက်ရက်မှာ ပြည်နယ် နယ်စပ်တွေကို ပိတ်ပစ်လိုက်တဲ့အတွက် တစ်ချို့လူတွေ သောင်တင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ညမထွက်ရအမိန့် ထုတ်ပြန်ပြီး ၂ ရက်အကြာမှာ အိန္ဒိယက တိုင်းပြည်ကို တံခါးပိတ်ပြီး ရွေ့လျားသွားလာမှု ကန့်သတ်လိုက်တာပါ။

    သဘ်လီဂ်အခမ်းအနား ပြုလုပ်ခဲ့မှု အကြောင်းစုံကို ဒေသခံရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့ပြီး ကျင်းပရာ ဗလီဝတ်ကျောင်းတော်နဲ့ အိပ်ဆောင်တွေကို ကျန်းမာရေးဝန်ထမ်းတွေက စစ်ဆေးမှုမှာလည်း ပူးပေါင်းပါဝင်နေတယ်လို့ အခမ်းအနားကျင်းပခဲ့သူတွေက ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • Covid-19 နောက်ဆက်တွဲ အိန္ဒိယတွင် မွတ်စလင်များ အကြမ်းဖက်တိုက်ခိုက်ခံရ

    Covid-19 နောက်ဆက်တွဲ အိန္ဒိယတွင် မွတ်စလင်များ အကြမ်းဖက်တိုက်ခိုက်ခံရ

    ဧပြီ ၁၅၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို ဦးတည်ပြီး အိန္ဒိယနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။

    အိန္ဒိယနိုင်ငံမှာ ဧပြီလ ၁၅ ရက်နေ့ အထိ Covid-19 ကူးစက်ခံရသူ ၁၁၉၃၃ ဦး ရှိပြီး သေဆုံးသူက ၃၉၆ ဦး ရှိနေပါတယ်။ နိုင်ငံကို အစိုးရဟာ နိုင်ငံကို အခုလအစောပိုင်းကတည်းက တံခါးပိတ်ထားပြီး ရွေ့လျားသွားလာမှု ကန့်သတ်မိန့်လည်း ထုတ်ပြန်ထားပါတယ်။

    ဟိန္ဒူအမျိုးသားရေးဝါဒီတွေဟာ ဗိုင်းရပ်စ်ကို မွတ်စလင်တွေက ဖြန့်နေတယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေ ပြုလုပ်နေပြီး လူနည်းစု မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေလည်း နိုင်ငံတစ်ဝှမ်းမှာ မြင့်တက်လာပါတယ်။

    မတ်လအလယ်ပိုင်းက ဒေလီမြို့ ဆင်ခြေဖုံး နေရာမူဒင်အရပ်မှာ ပြုလုပ်ခဲ့တဲ့ အစ္စလာမ်သာသနာပြု သဘ်လီဂ်အဖွဲ့ရဲ့ အခမ်းအနားတစ်ခုကို ရည်ညွှန်းပြီး ဝါဒဖြန့်နေကြတာပါ။

    အဲဒီအခမ်းအနားကို နိုင်ငံခြားသားတွေအပါအဝင် လူပေါင်း ၈၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်။ တက်ရောက်ခဲ့သူတစ်ချို့မှာ နောက်ပိုင်း Covid-19 ရောဂါ တွေ့ခဲ့ရတာကြောင့် နိုင်ငံတစ်ဝှမ်း ပြည်နယ် ၁၅ ခုလောက်မှာ ဒီအခမ်းအနားကို တက်ရောက်ခဲ့သူတွေ၊ သူတို့နဲ့ ဆက်နွယ်ပတ်သက်သူ စုစုပေါင်း ၂၇၀၀၀ လောက် အစိုးရက သီးခြားခွဲထား စောင့်ကြည့်နေပါတယ်။

    Covid-19 တားဆီးတိုက်ဖျက်ရေးအဖွဲ့ Response to Covid-19 က ပညာရှင်တွေက နိုင်ငံအတွင်း ဗိုင်းရပ်စ်ပြန့်နှံမှုဟာ သဘ်လီဂ်း သာသနာပြုအဖွဲ့ကြောင့် ဖြစ်တယ်ဆိုတဲ့ ပြစ်တင်ပြောဆိုမှုတွေ မမှန်ကန်ဘူးဆိုတာ စစ်ဆေးထားတဲ့ အချက်အလက်တွေက ပြသနေတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေကတော့ သဘ်လီဂ်အဖွဲ့ဟာ ပြည်သူသန်းပေါင်းများစွာကို ရောဂါကူးစက်အောင် တမင်လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ မွတ်စလင်တွေဟာ ‘ကိုရိုနာအကြမ်းဖက်ဝါဒ’ ကို ပုံဖော်နေတာဖြစ်ကြောင်း၊ တဘ်လီဂ်အဖွဲ့ ခေါင်းဆောင်တွေကို ကြိုးပေးသတ်တာ၊ သေနတ်နဲ့ ပစ်သတ်တာတို့ လုပ်ရမှာဖြစ်ကြောင်းလှုံ့ဆော်တာတွေလည်း ရှိလာပါတယ်။

    အိ္န္ဒိယ ဆိုရှယ်မီဒီယာတွေမှာလည်း #coronaJihad #CoronaTerrorism #CoronaBombsTablighi ခေါင်းစဉ်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးရေးဝါဒဖြန့်တာတွေ လုပ်ဆောင်လာကြပါတယ်။

    ပုံချခံရ

    ဒေလီ လူနည်းစုရေးရာ ကော်မရှင်က ဥက္ကဌဖြစ်သူ ဒေါက်တာ ဒါဖာရွလ် အစ္စလာမ်ခန်းက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကန့်သတ်မှုတွေကို ချိုးဖောက်ကာ အစိုးရအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အခြား ဘာသာရေးအဖွဲ့အစည်းတွေက လူစုလူဝေး အကြီးအကျယ် လုပ်ခဲ့ပေမယ့် မွတ်စလင်တွေရဲ့ တဘ်လီဂ်အဖွဲ့သာ ပစ်မှတ်ထား ခံနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်တွေကိုပဲ အားလုံးက ပစ်မှတ်ထားပြီး ရန်လုပ်နေကြတာပါ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကဆိုရင် နိုင်ငံတစ်ဝှမ်းမှာ မွတ်စလင်တွေအပေါ် တိုက်ခိုက်မှုတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ကြားရတယ်။ မွတ်စလင်တွေကို သပိတမှောက်ဖို့ ဆော်ဩတာတွေ ရှိလာတယ်။ (ဟိန္ဒူအစွန်းရောက်) Hindutva အဖွဲ့တွေက မွတ်စလင်တွေကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် လုပ်လာတယ်။ ရဲတွေလည်း အတူတူပါပဲ”

    BJP အမတ်တစ်ယောက်က တဘ်လီဂ်းအဖွဲ့ကို အစွန်းရောက်အဖွဲ့လို့ လူသိရှင်ကြားပြောကြားခဲ့တဲ့ ကာရ်နာတာကာပြည်နယ်မှာ ဧပြီလအစောပိုင်းက မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကြောင့် ​အတိဒုက္ခရောက်နေတဲ့ သူတွေကို ကူညီနေသူ စေတနာ့ဝန်ထမ်း မွတ်စလင်၇ ဦးဟာ ဧပြီလ ၄ ရက်နဲ့ ၆ ရက်နေ့တွေမှာ လူအယောက် ၂၀ လောက်ပါတဲ့ ဟိန္ဒူအစွန်းရောက်အုပ်စုရဲ့ တိုက်ခိုက်မှုကို ၂ကြိမ်တိုင်တိုင် ခံခဲ့ရပါတယ်။

    ဒီကိစ္စမှာ ရဲတပ်ဖွဲ့က လူ ၂ ဦးကိုသာ ဖမ်းထားပါတယ်။

    Covid-19 ကာလမှာ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ NGO အဖွဲ့ Swaraj Abhiyan က အဖွဲ့ဝင် မာနိုဟာရ် အီလာဗာသီကလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သူတို့အဖွဲ့က မွတ်စလင် စေတနာ့ဝန်ထမ်းတွေ အကြိမ်ရေအများအပြား တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြည်နယ်မြို့တော် မန်ဂလောမှာ အခုတစ်ပတ်အတွင်း မွတ်စလင်တွေကို မောင်းထုတ်ရေး၊ မွတ်စလင်တွေနဲ့ အဆက်အဆံမလုပ်ရေး လှုံဆော်မှုတွေ ပေါ်ပေါက်လာပါတယ်။

    မြို့တော်ဒေလီက ဆင်ခြေဖုံးတစ်ခုမှာတော့ မွတ်စလင်တွေဟာ တိုက်ခိုက်ခံရတဲ့အပြင် ဘာသာရေး အကြမ်းဖက်သိမ်းသွင်းမှုတွေပါ ခံနေရပါတယ်။

    ဧပြီလ ၅ ရက်နေ့က တိုက်ခိုက်ခံခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် အလီက တိုက်ခိုက်သူတွေဟာ သူ့ကို ကိုရိုနာဗိုင်းရပ်စ် ဖြန့်ဝေသူအဖြစ် စွပ်စွဲခဲ့ပြီး ‘ဘယ်သူဖြန့်ခိုင်းတာလဲ’ လို့ပါ မေးမြန်းခဲ့လို့ ဆိုပါတယ်။ အလီကို ရိုက်နှက်ပြီးတဲ့နောက် တိုက်ခိုက်သူတွေဟာ ဟိန္ဒူဘုရားကျောင်းထဲ တရွတ်တိုက်ခေါ်သွားကာ နတ်ဘုရားတွေကို အဓမ္မ ကန်တော့ခိုင်းခဲ့ပြီး အစ္စလာမ်သာသနာကို စွန့်လွှတ်ခိုင်းခဲ့ပါတယ်။

    မိသားစုက နောက်ထပ် တိုက်ခိုက်မှုတွေဖြစ်မှာ ကြောက်ရွံ့နေပြီး ရဲကိုလည်း မတိုင်ရဲဘူးလို့ ဆိုပါတယ်။

    “ရဲသွားတိုင်လိုက်ရင် ဟိန္ဒူတွေက ကျွန်တော်တို့ကို ဒီရပ်ကွက်ထဲမှာ မနေနိုင်အောင် ဒုက္ခပေးတော့မှာ” လို့ အမည်မဖော်လိုသူ မိသားစုဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ဒေလီမြို့ ဆင်ဖြေဖုံးက မွတ်စလင်ရပ်ကွက်တွေကို ဟိန္ဒူလူအုပ်က တိုက်ခိုက်ကာ ဗလီတွေ၊ နေအိမ်တွေနဲ့ မွတ်စလင်ပိုင် စီးပွားရေးလုပ်ငန်းတွေကို မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။

    Ref: The Guardian