News @ M-Media

Tag: indonesia

  • နိုင်ငံတော်အဆင့် ဟိန္ဒူတက္ကသိုလ်တစ်ခုကို အင်ဒိုနီးရှား ဖွဲ့စည်း

    နိုင်ငံတော်အဆင့် ဟိန္ဒူတက္ကသိုလ်တစ်ခုကို အင်ဒိုနီးရှား ဖွဲ့စည်း

    ဖေဖော်ဝါရီ ၄၊ ၂၀၂၀
    M-Media

    -ဘာလီမြို့မှာရှိတဲ့ ဟိန္ဒူဓမ္မတက္ကသိုလ် Hindu Dharma State Institute (IHDN) ကို နိုင်ငံရဲ့ ပထမဆုံး ဟိန္ဒူတက္ကသိုလ်အဖြစ် သတ်မှတ်တဲ့ အမိန့်တစ်ရပ်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

    I Gusti Bagus Sugriwa State Hindu University (UHN) လို့ အမည်ပေးမယ့် အဲဒီတက္ကသိုလ်ဟာ ဟိန္ဒူလူ့အဖွဲ့အစည်း အဆင့်မြင့်ပညာ ရရှိရေးကို ရည်ရွယ်ပြီး ဟိန္ဒူဓမ္မအပါအဝင်၊ နိုင်ငံရဲ့ အဆင့်မြင့်ပညာရပ်အားလုံးကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ လက်ရှိ IHDN ကျောင်းသားတွေဟာ UHN ကျောင်းသားတွေအဖြစ် တက္ကသိုလ်မှာ ဆက်လက်တက်ရောက်နိုင်မှာပါ။

    IHDN ရဲ့ ပါမောက္ခချုပ် I Gusti Ngurah Sudiana က အစိုးရက ဒီလိုအသိအမှတ်ပြုလိုက်တဲ့အတွက် အလွန် ဝမ်းမြောက် ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ ဓမ္မတက္ကသိုလ်ကို ၁၉၉၃ ခုနှစ်မှာ ဟိန္ဒူဘာသာရေးဆရာများ အကယ်ဒမီအဖြစ် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ၁၉၉၉ ခုနှစ်မှာ ဟိန္ဒူဓမ္မကောလိပ်၊ ၂၀၀၄ ခုနှစ်မှာ ဟိန္ဒူဓမ္မတက္ကသိုလ်အဖြစ် အဆင့်ဆင့်ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။

    သမ္မတဝီဒိုဒိုရဲ့ အခုအမိန့်ဟာ နိုင်ငံအတွင်းမှာရှိနေတဲ့ ဟိန္ဒူလူ့အဖွဲ့အစည်းအတွက် သမိုင်းဝင်ကာလတစ်ခု ဖြစ်တယ်လို့လည်း Sudiana က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေဖို့အတွက် ဘာလီက ဟိန္ဒူပညာရေးအသင်းအဖွဲ့အပေါ် သမ္မတ ဝီဒိုဒိုက အထူးအလေးထားတယ်ဆိုတာ ပြသလိုက်တာပါ။ ဒီအခြေအနေကို အသုံးပြုပြီး အနာဂတ် ဘာလီရဲ့ လူ့စွမ်းအားအရင်းအမြစ် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာ‌ ဖြစ်ပါတယ်”

    Ref: The Star

  • အင်ဒို-တရုတ် ရေပိုင်နက်အငြင်းပွားမှု ထိပ်တိုက်တွေ့သည့်အဆင့် ရောက်လာ

    အင်ဒို-တရုတ် ရေပိုင်နက်အငြင်းပွားမှု ထိပ်တိုက်တွေ့သည့်အဆင့် ရောက်လာ

    ဇန်နဝါရီ ၇၊ ၂၀၂၀
    M-Media

    အင်ဒိုနီးရှား ရေတပ် တပ်ဖွဲ့ဝင်များ

    -တောင်တရုတ်ပင်လယ်အတွင်းက နာတူနာကျွန်းအနီး တရုတ်နဲ့ အင်ဒိုနီးရှားတို့ရဲ့ ရေပိုင်နက် အငြင်းပွားမှုဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ထိပ်တိုက်တွေ့တဲ့အဆင့်ကို ရောက်လာပါတယ်။

    အင်ဒိုနီးရှားဟာ မနေ့က အငြင်းပွားရေပိုင်နက်အနီး စစ်သင်္ဘော ၄ စင်း စေလွှတ်ခဲ့ပြီး စုစုပေါင်း ၈ စင်းအထိ ရှိလာမှာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှား အထူးစီးပွားရေးဇုန်မှာ ပါဝင်နေတဲ့ ရေပိုင်နက်အတွင်းကို ပြီးခဲ့တဲ့လက တရုတ်ငါးဖမ်းသင်္ဘော ဒါဇင်နဲ့ချီ ဝင်ရောက်လာခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားနဲ့ တရုတ်တို့အကြား ရေပိုင်နက်အငြင်းပွားမှုအခြေအနေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    တရုတ်ကတော့ နာတူနာကျွန်းအနီး ရေပိုင်နက်ဟာ တရုတ်ငါးဖမ်းသမားတွေ မျိုးရိုးစဉ်ဆက် ငါးဖမ်းရာနေရာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    အင်ဒိုနီးရှား အမှတ် (၁) ရေတပ် တပ်မှူး ဖာဂျာရ် ထရီ ရိုဟာဒီက စစ်သင်္ဘောတွေနဲ့အတူ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ချထားကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းလုံခြုံရေးဘုတ်အဖွဲ့ကလည်း ကင်းလှည်စောင့်ကြပ်မှုတွေ ပြုလုပ်နေကြောင်း မနေ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    “ငါးဖမ်းသင်္ဘောတွေ ထွက်သွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ သူတို့တွေဟာ တရားမဝင် ငါးဖမ်းနေကြတာဖြစ်ပါတယ်။ သူတို့ မထွက်သွားဘူးဆိုရင် အင်ဒိုနီးရှားရဲ့ အချုပ်အခြာ၊ အင်ဒိုနီးရှားရဲ့ဥပဒေ ဘာလဲဆိုတာ ဖမ်းပြီး ပြသရလိမ့်မယ်”

    တစ်နေရာကို အနည်းဆုံး ၂ စီးနှုန်းနဲ့ နာတူနာကျွန်းတစ်၀ိုက်က နေရာ ၃၀ လောက်မှာ တရုတ် ငါးဖမ်းသင်္ဘောတွေ တည်ရှိပြီး၊ တရုတ်ကမ်းခြေစောင့်သင်္ဘော ၃ စီးလည်း ရှိနေတယ်လို့ ရိုဟာဒီက ဆိုပါတယ်။

    အင်ဒိုနီးရှားရဲ့ ဥပဒေဟာ နိုင်ငံတကာစံချိန်မီဖြစ်တာ‌ကြောင့် နိုင်ငံတကာ ဥပဒေကို လိုက်နာလိုသူတွေအနေနဲ့ အင်ဒိုနီရှားရေပိုင်နက် ဘယ်ဟာလဲဆိုတာကို သိရှိမှာဖြစ်ကြောင်းလည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တရုတ်ငါးဖမ်းသင်္ဘောတွေကို တန်ပြန်ဖို့အတွက် ပြည်တွင်းက ငါးဖမ်းသင်္ဘောတွေကို နာတူနာကျွန်းတစ်၀ိုက် စေလွှတ်ဖို့လည်း အင်ဒိုနီးရှားအစိုးရက စီစဉ်ထားပါတယ်။

    ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတော်တော်များများဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားမှုတွေ ရှိနေတာပါ။

    အင်ဒိုနီးရှားဟာ အရင်က ပိုင်နက်အငြင်းပွားတာမျိုး မရှိပေမယ့် နာတူနာကျွန်းတစ်၀ိုက်မှာ ငါးဖမ်းခွင့်နဲ့ပတ်သက်ပြီး တရုတ်နဲ့ အခြေအတင် ဖြစ်နေတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဒီပြဿနာ ပေါ်ပေါက်လာပြီးနောက်ပိုင်း အင်ဒိုနီးရှားဟာ တရုတ်ငါးဖမ်းသင်္ဘောတွေကို ဖမ်းဆီးခဲ့ပြီး ကျွန်းအနီးမှာ စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခဲ့ပါတယ်။

    အခု ကျူးကျော်မှုအတွက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ကာ ရှုတ်ချခဲ့ပါတယ်။

    Ref: CNA

  • ရေကြီးမှုကြောင့် အင်ဒိုနီးရှားက မိုးနည်းအောင် နည်းပညာသုံးဆောင်ရွက်

    ရေကြီးမှုကြောင့် အင်ဒိုနီးရှားက မိုးနည်းအောင် နည်းပညာသုံးဆောင်ရွက်

    ဇန်နဝါရီ ၄၊ ၂၀၂၀
    M-Media

    -မြို့တော် ဂျကာတာမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံနေတာကို တားမြစ်ဖို့အတွက် အင်ဒိုနီးရှားဟာ မိုးနည်းအောင် နည်းပညာအသုံးပြု ဆောင်ရွက်လာပါတယ်။

    နှစ်သစ်ကူးကစလို့ မုန်တိုင်းငယ်တစ်ခုကြောင့် ဂျကာတာနဲ့ ပတ်ဝန်းကျင်ဒေသမှာ မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတာပါ။ ရေကြီးမှုကြောင့် အနည်းဆုံး ၄၃ ဦးသေဆုံးကာ ၁၉၂၀၀၀ ဦး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပါတယ်။

    လာမယ့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းဖို့ ရှိနေတာကြောင့် အာဏာပိုင်တွေဟာ မိုးသားတိမ်တိုက်တွေထဲ ဓာတုပစ္စည်းတွေသွင်းကာ မိုးရွာသွန်းမှုလျော့ကျအောင် လုပ်ဆောင်နေပါတယ်။

    မနေ့က လေယာဉ် ၂ စီးဟာ ဂျကာတာကိုရောက်မယ့် မိုးသားတွေကို ဓာတုပစ္စည်းထည့်သွင်း ဖြိုခွဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    နှစ်စဉ် ဒီလိုအချိန် ဂျာကာတာမှာ မိုးကြီးရေလျှံမှု ပုံမှန်ဖြစ်ပွားလေ့ရှိပြီး လက်ရှိ ကြုံတွေ့နေရတာဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အဆိုးဆုံးအခြေအနေ ဖြစ်ပါတယ်။

    လူပေါင်းသန်းချီနေထိုင်တဲ့ ဂျကာတာမြို့ဟာ ကမ္ဘာပေါ်မှာ အမြန်ဆန်ဆုံး ရေထဲနစ်ဝင်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး ၂၀၅၀ ခုနှစ်ရောက်ရင် လုံး၀ ရေမြုပ်သွားမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

    မြို့တော်ကို ဘောနီယိုကျွန်းအရှေ့ပိုင်းကို ရွှေ့မယ့် သမ္မတဝီဒိုဒို အစီအစဉ်ရဲ့ အကြောင်းအရင်းတွေထဲမှာ ဒီအချက်လည်း ပါဝင်ပါတယ်။

    Ref: BBC

  • နှစ်ပေါင်း ၄ သောင်းကျော်သက်တမ်းရှိ နံရံပန်းချီတစ်ခုကို အင်ဒိုနီးရှားတွင် တွေ့ရှိ

    နှစ်ပေါင်း ၄ သောင်းကျော်သက်တမ်းရှိ နံရံပန်းချီတစ်ခုကို အင်ဒိုနီးရှားတွင် တွေ့ရှိ

    ဒီဇင်ဘာ ၁၂၊ ၂၀၁၉
    M-Media

    နှစ်ပေါင်း ၄၄၀၀၀ သက်တမ်းရှိ နံရံပန်းချီ

    -အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီဒေသက ဂူတစ်ခုမှာ နှစ်ပေါင်း ၄၄၀၀၀ သက်တမ်းရှိတဲ့ အနုပညာလက်ရာတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။

    ကျွဲပုံသဏ္ဍာန် သတ္တဝါကြီးတစ်ကောင်ကို လူလို၊ သတ္တဝါလို ပုံရိပ်တွေက ကြိုးတွေ၊ လှံတွေနဲ့ ဖမ်းဆီးနေပုံကို ဖော်ကျူးထားတာပါ။ သုတေသနပညာရှင်တွေကတော့ ဒီပုံရိပ်ဟာ ကမ္ဘာပေါ်က မှတ်တမ်းတင်ထားသမျှတွေထဲမှာ သက်တမ်းအရင့်ဆုံး မှတ်တမ်းတင်ထားမှုဖြစ်မယ်လို့ ယူဆနေကြပါတယ်။

    ဩစတေးလျနိုင်ငံ Griffith တက္ကသိုလ်က ရှေးဟောင်းသုတေသနပညာရှင် အဒမ် ဘရမ်က ဒီလက်ရာကို လွန်ခဲ့တဲ့ ၂ နှစ်အရင်က တွေ့ရှိခဲ့တာဖြစ်ပြီး သုတေသနပြုမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် Nature ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

    အင်ဒိုနီးရှားက ဒီနံရံပန်းချီဟာ ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံးပန်းချီတော့ မဟုတ်ပါဘူး။ တောင်အာဖရိက ကျောက်တုံးအပိုင်းအစမှာ တွေ့ရတဲ့ ပန်းချီလက်ရာတစ်ခုဟာ နှစ်ပေါင်း ၇၃၀၀၀ သက်တမ်းရှိတယ်လို့ ပြီးခဲ့တဲ့နှစ်မှာ သိပ္ပံပညာရှင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

    Ref: BBC

  • ဆိုရှယ်မီဒီယာကုမ္ပဏီများကို ဒဏ်ရိုက်ရန် အင်ဒိုနီးရှားစီစဉ်နေ

    ဆိုရှယ်မီဒီယာကုမ္ပဏီများကို ဒဏ်ရိုက်ရန် အင်ဒိုနီးရှားစီစဉ်နေ

    နိုဝင်ဘာ ၇၊ ၂၀၁၉
    M-Media

    -ညစ်ညမ်းရုပ်ရှင်တွေ၊ အကြမ်းဖက်မှုတွေလို အဖျက်သဘောဆောင်တဲ့ အရာတွေကို အချိန်မီ မဖျက်ပေးရင် ဒဏ်ငွေရိုက်မယ့်ကိစ္စအတွက် အင်ဒိုနီးရှားဟာ ဆိုရှယ်မီဒီယာကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

    အင်ဒိုပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဆမ်မြူယဲလ် အဘ်ရီဂျာနီ ပန်ဂျီရာပန်က သူတို့အစိုးရဟာ ဟိရိဩတ္တပတရားကင်းမဲ့ပြီး၊ လူထုအတွင်း ဆိုးကျိုးသက်ရောက်စေမယ့် ကိစ္စတွေကို ပိုမိုအလေးထား စောင့်ကြည့်ဖယ်ရှားရေး ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ပြောကြားခဲပါတယ်။

    ဖျက်သင့်တာတွေကို မဖျက်ရင် ဒဏ်ရိုက်မယ့် ဥပဒေတစ်ခုကို ‌ဆိုရှယ်မီဒီယာကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ရေးဆွဲအတည်ပြုမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ စတင်ကျင့်သုံးနိုင်အောင် အင်ဒိုနီးရှားအစိုးရက စီစဉ်ထားပါတယ်။

    လူထုအတွင်း ဆိုးကျိုးဖြစ်စေမယ့် အကြောင်းအရာတွေထဲမှာ ညစ်ညမ်းရုပ်ရှင်တွေ၊ အစွန်းရောက်အောင် ဝါဒဖြန့်မှုတွေ ပါဝင်ပြီး ဒဏ်ငွေကတော့ အင်ဒိုရူပြား သန်း ၁၀၀ (၇၁၆၀ ဒေါ်လာ) ကနေ ရူပြား သန်း ၅၀၀ (၃၅၈၀၃ ဒေါ်လာ) ကြား ရှိမှာဖြစ်ပါတယ်။

    အရှေ့တောင်အာရှက အစိုးရတွေဟာ ဆိုရှယ်မီဒီယာက အကြောင်းအရာတွေ ထိန်းချုပ်ရေး၊ အခွန်အကောက်တွေ ပိုမိုကောက်ခံနိုင်ရေး စတာတွေအတွက် ကြိုးပမ်းလာနေကြပါတယ်။ အရှေ့တောင်အာရှ ဒေသမှာ ဆိုရှယ်မီဒီယာအသုံးပြုသူ ၆၄၁ သန်း ရှိနေပြီး ဆိုရှယ်မီဒီယာကုမ္ပဏီတွေရဲ့ အဓိကစျေးကွက်ကြီး ဖြစ်နေပါတယ်။

    Facebook နဲ့ Twitter အတွက် အင်ဒိုနီးရှားဟာ ကမ္ဘာ့ ပဉ္စမမြောက် အကြီးဆုံးစျေးကွက်ဖြစ်နေတာပါ။ အကြောင်းအရာတစ်ခုကို ဖျက်ပစ်ဖို့ အာဏာပိုင်တွေရဲ့ ၃ ကြိမ်တိတိ မေတ္တာရပ်ခံမှုကို မလိုက်နာတဲ့ ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်မယ့်စနစ် ကျင့်သုံးနေတယ်လို့ အင်ဒိုအာဏာပိုင်တွေက ဩဂုတ်လမှာ ပြောကြားခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်အတွင်း အင်ဒိုနီးရှားမှာ ညစ်ညမ်းဝဘ်ဆိုက်တွေနဲ့ အစွန်းရောက်ဝဘ်ဆိုက် ၇ သောင်းကျော်ကို ပိတ်ပစ်ခဲ့ပြီး ဒါတွေကို ရှာဖွေရင် အလိုအလျောက် သတိပေးတဲ့စနစ်ကိုလည်း ဖန်တီးထားပါတယ်။

    Ref: Reuters