News @ M-Media

Tag: indonesia

  • တရားမ၀င် နိုင်ငံခြားငါးဖမ်းသင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု အင်ဒိုကြေငြာ

    တရားမ၀င် နိုင်ငံခြားငါးဖမ်းသင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု အင်ဒိုကြေငြာ

    မေ ၅၊ ၂၀၁၉
    M-Media

    -မိမိတို့ရေပိုင်နက်မှာရှိနေတဲ့ တရားမ၀င် ငါးဖမ်းသင်္ဘောတွေကို နှစ်မြှုပ်သွားတော့မယ်လို့ အင်ဒိုနီးရှားနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပြီး တောင်တရုတ်ပင်လယ်အနီးမှာ အင်ဒိုရေတပ်ကို ဗီယက်နမ်ကမ်းခြေစောင့်တပ်ဖွဲ့က နှောက်ယှက်ခဲ့ပြီးတဲ့နောက် ဒီတုန့်ပြန်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ဗီယက်နမ်၊ မလေးရှားနဲ့ တရုတ်နိုင်ငံတွေက အပါအ၀င် တရားမ၀င် နိုင်ငံခြား ငါးဖမ်းသင်္ဘော ၅၁ စီးလောက် ရှိနေပြီး လာမယ့် သီတင်းနှစ်ပတ်အတွင်း နှစ်မြှုပ်သွားမယ်လို့ အင်ဒိုအာဏာပိုင်တွေက ပြောပါတယ်။ စနေနေ့က ကလီမန်တန်ပြည်နယ်မှာ ငါးဖမ်းသင်္ဘော တစ်ဒါဇင်ကျော်ကို နှစ်မြှုပ်ခဲ့ပါတယ်။

    အင်ဒိုနီးရှား ငါးလုပ်ငန်းဝန်ကြီး ဆူဆီ ပူဂျီယက်စ်တူတီက မိမိတို့နိုင်ငံဟာ တရားမ၀င် ငါးဖမ်းလုပ်ငန်းတွေကို ပြတ်ပြတ်သားသား နှိမ်နှင်းတယ်ဆိုတာ အိမ်နီးချင်းနိုင်ငံတွေကို သတိပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့မှာ တစ်ခြားနည်းလမ်းမရှိဘူး။ နှစ်မြှုပ်ပစ်တာက ကျွန်မတို့တိုင်းပြည်အတွင်း အသင့်လျော်ဆုံး နည်းလမ်းပါ။ ဒါပေမယ့် တစ်ခြားနိုင်ငံတွေအတွက်တော့ ကြောက်စရာ ဖြစ်နေမှာပေါ့”

    နိုင်ငံရဲ့ ဥပဒေတွေအားနည်းမှုကြောင့် နိုင်ငံခြားငါးဖမ်းသင်္ဘောတွေဟာ အင်ဒိုနီးရှားရေပိုင်နက်မှာ ၀င်ရောက် ငါးဖမ်းမှုတွေ ရှိနေပြီး တိုင်းပြည်ရဲ့စီးပွားရေး အကြီးအကျယ် ဆုံးရှုံးနေတယ်လို့လည်း ၀န်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် သမ္မတ ဂျိုကို ၀ီဒိုဒို အာဏာရပြီးနောက်ပိုင်း အင်ဒိုနီးရှားဟာ တရားမ၀င် နိုင်ငံခြားငါးဖမ်းသင်္ဘောတွေကို နှစ်မြှုပ်ခဲ့ပြီး တစ်ဝက်ကျော်ကျော်လောက်က ဗီယက်နမ်ငါးဖမ်းသင်္ဘောတွေ ဖြစ်ပါတယ်။

    ဒီလိုနှစ်မြှုပ်မှုကို အင်ဒိုနီးရှားက လနဲ့ချီ ရပ်ဆိုင်းထားခဲ့ပေမယ့် ပြီးခဲ့တဲ့တစ်ပတ်မှာတော့ ဗီယက်နမ်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ အင်ဒိုနီးရှားရေတပ်တို့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှားရေတပ်က တရားမ၀င် ငါးဖမ်းသင်္ဘောတစ်စီးကို ဖမ်းဆီးဖို့ကြိုးစားစဉ်မှာ ဗီယက်နမ် ကမ်းခြေစောင့် မော်တော်ဘုတ်တစ်စင်းက ၀င်ရောက်နှောက်ယှက်ခဲ့တာပါ။

    အင်ဒိုနီးရှား ငါးဖမ်လုပ်ငန်းဝန်ကြီး ဆူဆီ ပူဂျီယက်စ်တူတီက မိမိတို့အနေနဲ့ ပြတ်ပြတ်သားသားအရေးမယူရင် ဒီလို အတင့်ရဲမှုတွေ ပိုမိုဖြစ်လာမှာဖြစ်ပြီး၊ တစ်ချိန်ကျရင် အခုထပ်ဆိုးတဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာမယ့်အတွက် အရေးယူရတာ ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: CNA

  • အလုပ်အလွန်အကျွံလုပ်ရမှုကြောင့် အင်ဒိုနီးရှားရွေးကောက်ပွဲဝန်ထမ်း ၂၀၀ ကျော် သေဆုံး

    အလုပ်အလွန်အကျွံလုပ်ရမှုကြောင့် အင်ဒိုနီးရှားရွေးကောက်ပွဲဝန်ထမ်း ၂၀၀ ကျော် သေဆုံး

    ဧပြီ ၂၈၊ ၂၀၁၉
    M-Media

    – အလုပ်အလွန်အကျွံ လုပ်ရမှုကြောင့် သေဆုံးခဲ့တဲ့ ရွေးကောက်ပွဲဝန်ထမ်းဟာ ၂၇၀ ကျော်ရှိခဲ့တယ်လို့ အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားဟာ ဧပြီလ ၁၇ ရက်နေ့က သမ္မတ၊ ပြည်ထောင်စုလွှတ်တော်အမတ်၊ ပြည်နယ်လွှတ်တော်အမတ် ရွေးကောက်ပွဲတွေကို တစ်ကြိမ်တည်း စုပေါင်းကျင်းပခဲ့တာပါ။ ကုန်ကျငွေ ချွေတာဖို့အတွက် ဒီလို တစ်ပေါင်းတည်း ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံသမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

    လူဦးရေ သန်းပေါင်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်ဟာ ၁၉၃ သန်းရှိပြီး မဲရုံပေါင်း ၈ သိန်းရှိပါတယ်။ ရွေးကောက်ပွဲကာလမှာ ကူညီပေးခဲ့တဲ့ဝန်ထမ်းကတော့ ၇ သန်း ရှိပါတယ်။

    ရွေးကောက်ပွဲ ၀န်ထမ်းတွေဟာ ပူလောင်တဲ့ရာသီဥတုမှာ အလုပ်အလွန်အကျွံ လုပ်ရတာကြောင့် မူးလဲတာတွေ၊ နေထိုင်မကောင်းတာတွေ ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင် KPU ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာရစ်ဖ် ပရီယို ဆူဆန်တိုက နေထိုင်မကောင်းဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲဝန်ထမ်း ၁၈၇၈ ဦးရှိပြီး အဲဒီအထဲမှာ ၂၇၂ ဦး သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားမှာ အစိုးရ၀န်ထမ်းတွေဟာ ပုံမှန်အားဖြင့် တာဝန်မထမ်းဆောင်ခင် ဆေးစစ်ရလေ့ရှိပေမယ့် ရွေးကောက်ပွဲ ၀န်ထမ်းတွေက လုပ်အားပေးသဘောမျိုးသာ ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပြီး ခန့်အပ်တာမျိုး မဟုတ်ပါဘူ။

    ရွေးကောက်ပွဲကော်မရှင်က သေဆုံးသူတစ်ဦးချင်းစီအတွက် ကျန်ရစ်သူမိသားစုကို ရူပြား ၃၆ သန်း (ကန်ဒေါ်လာ ၂၅၀၀) နစ်နာကြေးပေးဖို့ စီစဉ်နေပါတယ်။ ဒီပမာဏဟာ တစ်နှစ်စာ လုပ်အားခနဲ့ ညီမျှပါတယ်။

    ဒါပေမယ့် အစိုးရဟာ ရွေးကောက်ပွဲလုပ်အားပေး ၀န်ထမ်းတွေကို အလွန်အကျွံခိုင်းစေမှုကြောင့် ဒီလို သေဆုံးမှုတွေ ဖြစ်ရတာဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

    လက်ရှိသမ္မတ ဂျိကိုဝီဒိုဒိုဟာ ပြိုင်ဘက် ပရာဘိုဝိုကို မဲအရေအတွက် ၁၀ ရာခိုင်နှုန်းအသာနဲ့ အနိုင်ရတယ်လို့ တရားဝင်မဟုတ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြနေကြပါတယ်။ သမ္မတရွေးကောက်ပွဲရလဒ်နဲ့ ပြည်ထောင်စုလွှတ်တော်အမတ် ရွေးကောက်ပွဲ ရလဒ်တွေကို KPU က မေလ ၂၂ ရက်နေ့မှာ ကြေငြာမှာ ဖြစ်ပါတယ်။

    Ref: BBC

  • 737 Max အမျိုးအစားလေယာဉ်၏ ချို့ယွင်းမှုကို ဖြေရှင်းပြီးဟု ဘိုးအင်းထုတ်ပြန်

    737 Max အမျိုးအစားလေယာဉ်၏ ချို့ယွင်းမှုကို ဖြေရှင်းပြီးဟု ဘိုးအင်းထုတ်ပြန်

    မတ် ၂၈၊ ၂၀၁၉
    M-Media

    ဘိုးအင်း 737 Max လေယာဉ်

    – ၅ လအတွင်း 737 Max လေယာဉ် ၂ စီး ပျက်ကျမှုမှာ သံသယဖြစ်စရာရှိနေတဲ့ အငြင်းပွားဖွယ် ထိန်းချုပ်ရေးစနစ်ကို ပြင်ဆင်ပြီးပြီလို့ ဘိုးအင်းကုမ္ပဏီက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ၂၀၁၈ ခုနှစ် အောက်တိုဘာလက အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air နဲ့ အခုလအစောပိုင်း Ethiopian လေကြောင်းလိုင်းတို့က ဘိုးအင်း 737 Max လေယာဉ်နှစ်စီးဟာ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။

    ပျက်ကျမှုနှစ်ခုစလုံးဟာ MCAS လို့ခေါ်တဲ့ အလိုအလျောက် လေယာဉ်ထိန်းချုပ်မှုစနစ် ချို့ယွင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပေမယ့် စုံစမ်းစစ်ဆေးမှု တရားဝင်ကောက်ချက်တော့ ထွက်မလာသေးပါဘူး။

    မနေ့က ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ဘိုးအင်းက MCAS စနစ်အပါအ၀င် 737 Max ရဲ့ ထိန်းချုပ်မှုဆော့ဖ်ဝဲတွေကို အဆင့်မြှင့်တင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဆင့်မြှင့်တင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် သတိပေးချက်စနစ်တစ်ခုကိုလည်း ဘိုးအင်းက 737 Max လေယာဉ်တွေမှာ တပ်ဆင်ပေးမှာဖြစ်ပါတယ်။ အရင်က အဲဒီသတိပေးချက်စနစ်ကို ၀ယ်ယူတဲ့ လေကြောင်းလိုင်းရဲ့ ဆန္ဒအတိုင်း မတပ်လည်းရပေမယ့် အခုအချိန်မှာတော့ 737 Max လေယာဉ်အားလုံးကို တပ်ပေးသွားမှာဖြစ်ကြောင်း ဒီအတွက် အပိုငွေ မယူကြောင်း ဘိုးအင်းက ပြောကြားခဲ့ပါတယ်။

    ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၈၉ ဦးစလုံး သေဆုံးခဲ့တဲ့ Lion Air လေကြောင်းလိုင်းက လေယာဉ်ပျက်ကျမှုဟာ MCAS စနစ် ချို့ယွင်းမှုကြောင့်ဖြစ်ပြီး လေယာဉ်ဟာ အကြိမ် ၂၀ ကျော်လောက် ခေါင်းထိုးစိုက်ဆင်းခဲ့ကာ နောက်ဆုံးအကြိမ်မှာတော့ ပင်လယ်ထဲ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန် လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ FAA က Ethiopian လေကြောင်းလိုင်းကလေယာဉ် ပျက်ကျမှုမှာ ဒီလိုတူညီမှုတွေ ရှိနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ဘိုးအင်းက ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှုကြောင့် ဆင်ဆာတွေက အချက်အလက်ဖတ်ရှုမှု မတူညီတာမျိုးဖြစ်လာရင် MCAS စနစ်က အလိုအလျောက် ပိတ်သွားမှာဖြစ်ပါတယ်။

    Ethiopian လေကြောင်းလိုင်းက လေယာဉ် ပျက်ကျပြီးနောက်ပိုင်း ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းတွေဟာ 737 Max အမျိုးအစားအားလုံးကို ပျံသန်းမှု ရပ်ဆိုင်းခဲ့ပါတယ်။ ဘိုးအင်းက ပြင်ဆင်မှုလုပ်ပေမယ့် ရပ်ဆိုင်းထားတဲ့လေယာဉ်တွေ ဘယ်တော့လောက်မှ အသုံးပြုမလဲဆိုတာကို မသိရသေးပါဘူး။

    Ref: BBC

  • အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး မြေအောက်ရထားလိုင်း ဖွင့်လှစ်

    အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး မြေအောက်ရထားလိုင်း ဖွင့်လှစ်

    မတ် ၂၄၊ ၂၀၁၉
    M-Media

    ရထားလိုင်းဖွင့်ပွဲတွင် တွေ့ရသည့် အင်ဒိုသမ္မတ ဂျိုကို ၀ီဒိုဒို

    – အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံး မြေအောက်ရထားလိုင်းကို မြို့တော် ဂျကာတာမှာ ဒီကနေ့ ဖွင့်လှစ်ခဲ့ပြီး ဆိုးဆိုးဝါးဝါး ယာဉ်ကျောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအဖြစ် မျှော်လင့်နေကြပါတယ်။

    မြေအောက်ဘူတာ ၆ ခု၊ မိုးပျံဘူတာ ၇ ခု ပါဝင်မယ့် အဲဒီရထားလိုင်းဟာ ၁၆ ကီလိုမီတာ ရှည်လျားပြီး ဂျကာတာမြို့ တောင်ဘက်ကနေ မြို့တွင်းကို ပြေးဆွဲမှာ ဖြစ်ပါတယ်။ ရထားလိုင်းကို သမ္မတ ဂျိုကို ၀ီဒိုဒိုက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

    “ဂျကာတာ အမြန်ရထားလိုင်းရဲ့ ပထမအဆင့်ကို ဒီကနေ့ ဖွင့်လှစ်လိုက်တာဟာ ခေတ်သစ်တစ်ခုကို စတင်တာလည်း ဖြစ်ပါတယ်” လို့ ၀ီဒိုဒိုက ပြောကြားခဲ့ပါတယ်။

    ဒုတိယအဆင့်အဖြစ် ဂျကတာမြို့ မြောက်ဖက်ကို ဆက်သွယ်မယ့် လိုင်းကို ထပ်မံ တည်ဆောက်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။ စီမံကိန်းနှစ်ခုပေါင်း ကန်ဒေါ်လာ ၂.၆ ဘီလီယံ ကုန်ကျမှာပါ။

    ဂျိုကိုဝီဒိုဒိုက ဂျာကာတာမြို့ အရှေ့ကနေ အနောက်ကို ဆက်သွယ်ပြီး ၈၇ ကီလိုမီတာရှည်မယ့် ရထားလိုင်းတစ်ခုကို တည်ဆောက်ဖို့ မြို့တော်ဝန် အန်နီစ် ဘက်စ၀ီဒန်ကို ညွှန်ကြားထားတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီကနေ့ဖွင့်လှစ်တဲ့ ရထားလိုင်းဟာ လက်မှတ်ခ ကန်ဒေါ်လာ ပြား ၇၀ ကနေ ၁ ဒေါ်လာသာ ကျသင့်မှာဖြစ်ပြီး အခုလကုန်အထိ ပြည်သူတွေ အခမဲ့ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

    ဂျကာတာမှာ လူပေါင်း ၁၀ သန်းလောက် နေထိုင်တယ်လို့ တရားဝင်စာရင်းဇယားတွေမှာ ဖော်ပြထားပေမယ့် အမှန်တကယ်မှာ သန်း ၃၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    ဂျကာတာ မြေအောက်ရထားလိုင်း စီမံကိန်းကို ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ၁၉၈၀ ပြည့်နှစ်တွေကတည်းက စတင်ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကြိုးနီးစနစ်တွေနဲ့ ငွေကြေးဆိုင်ရာ သဘောတူညီချက် ပြဿနာတွေကြောင့် နှောင့်နှေးခဲ့ပြီး သမ္မတ ၀ီဒိုဒိုလက်ထက် ၂၀၁၃ ခုနှစ် အောက်တိုဘာလရောက်မှ စတင်နိုင်ခဲ့ပါတယ်။

    Ref: Aljazeera

  • Boeing 737 Max 8 လေယာဉ် ပျံသန်းမှုပိတ်သည့် နိုင်ငံပေါင်း ၄၀ ကျော်လာ

    Boeing 737 Max 8 လေယာဉ် ပျံသန်းမှုပိတ်သည့် နိုင်ငံပေါင်း ၄၀ ကျော်လာ

    မတ် ၁၃၊ ၂၀၁၉
    M-Media

    Boeing 737 Max 8 လောယာဉ်

    – တနင်္ဂနွေနေ့က အီသီယိုးပီးယားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ Boeing 737 Max 8 အမျိုးအစားလေယာဉ်ကို ပိတ်ပင်တဲ့နိုင်ငံဟာ လက်ရှိအချိန်မှာ ၄၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    Ethiopian လေကြောင်းလိုင်းက အဲဒီလေယာဉ်ဟာ ကင်ညာကနေ အီသီယိုးပီးယားကိုအသွား ပျံတက်ပြီး ၆ မိနစ်အကြာမှာ ပျက်ကျသွားခဲပြီး လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၅၇ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။ ဒါဟာ ၅ လအတွင်း Boeing 737 Max အမျိုးအစားလေယာဉ် ဒုတိယမြောက် ပျက်ကျမှုဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က အမျိုးအစားတူ လေယာဉ်တစ်စင်း ပျက်ကျခဲ့ဖူးပါတယ်။

    အီသီယိုးပီးယားကလေယာဉ် ပျက်ကျပြီးတဲ့နောက် Boeing 737 Max လေယာဉ်ရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုတွေအပေါ် သံသယတွေ မြင့်တက်လာတာကြောင့် ကမ္ဘာ့နိုင်ငံတွေက ဒီလေယာဉ် အသုံးပြုမှုကို ရပ်ဆိုင်းတာတွေ ပြုလုပ်လာပါတယ်။

    ဥရောပသမဂ္ဂက သူတို့အနေနဲ့ Boeing 737 Max လေယာဉ်ပျံသန်းမှုကို ရပ်ဆိုင်းထားမယ်လို့ မနေ့က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေငြာချက်ထွက်မလာခင်ကတည်းက သြစတြီးယား၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ အိုက်စလက်၊ အိုင်ယာလန်၊ ယူကေ၊ နယ်သာလန်တို့လို အဖွဲ့ဝင်နိုင်ငံတွေ၊ သြစတေးလျ၊ မလေးရှား၊ စင်ကာပူ၊ အိုမန်၊ တူရကီနိုင်ငံတို့က သူတို့နိုင်ငံ အခြေစိုက် လေကြောင်းလိုင်းတွေမှာ ဒီလေယာဉ် မပျံသန်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

    တစ်ချို့နိုင်ငံတွေက Max 8 အမျိုးအစားကိုသာ ပျံသန်းခွင့်ပိတ်ပေမယ့်၊ နိုင်ငံတစ်ချို့က 737 Max မော်ဒယ်အောက်က အမျိုးအစား အားလုံးကို ပျံသန်းခွင့် ပိတ်ထားပါတယ်။

    Boeing 737 Max လေယာဉ်ပျံသန်းမှု ရပ်ဆိုင်းတဲ့ နိုင်ငံတွေထဲမှာ တရုတ်က အစောဆုံးဖြစ်ပြီး အီသီယိုးပီးယားအဖြစ်အပျက် ဖြစ်ပွားပြီး နောက်တစ်ရက်အကြာမှာပဲ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ Boeing 737 Max 8 လေယာဉ်တွေကို အများဆုံးအသုံးပြုတဲ့နိုင်ငံတွေထဲမှာ တရုတ်လည်းပါဝင်ပြီး ၉၇ စင်း ရှိနေပါတယ်။

    နိုင်ငံကြီးတွေထဲမှာ ကနေဒါနဲ့ အမေရိကန်တို့ကသာ Boeing 737 Max လေယာဉ်တွေကို ဆက်လက်အသုံးပြုနေတာ ဖြစ်ပါတယ်။

    အီသီယိုးပီးယားနဲ့ အင်ဒိုနီးရှားက Boeing 737 Max 8 လေယာဉ် ပျက်ကျမှုတွေဟာ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားမျိုး မရှိပေမယ့် လေယာဉ်အမျိုးအစားတူညီမှု၊ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျမှု စတဲ့ တူညီနေတဲ့ အချက်တွေကြောင့် စိုးရိမ်မှုတွေ ရှိလာခဲ့ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို ပျံသန်းခွင့် ယာယီရပ်ဆိုင်းရတာ ဖြစ်ပါတယ်။

    အမေရိကန်အာဏာပိုင်တွေကတော့ Boeing 737 Max 8 လေယာဉ်တွေကို ပြန်လည်စစ်ဆေးဖို့ ဘိုးအင်းကုမ္ပဏီကို အမိန့်ပေးထားပါတယ်။

    လက်ရှိ Boeing 737 Max 8 လေယာဉ်ကို ပျံသန်းမှု ပိတ်ပင်ထားတဲ့ နိုင်ငံတွေထဲက တစ်ချို့ကတော့ သြစတေးလျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိုက်စလန်၊ အိုင်ယာလန်၊ အီတလီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နယူးဇီလန်၊ နယ်သာလန်၊ အိုမန်၊ ပိုလန်၊ စင်ကာပူ၊ တူရကီ၊ ယူအေအီးနဲ့ ယူကေတို့ ဖြစ်ပါတယ်။

    Ref: CNN